ပင်လယ်မိစ္ဆာ (တတိယပိုင်း)
Vol. 1 Ch. 30
“အားလုံးပဲ အဲဒီမိစ္ဆာမကို မလွတ်စေနဲ့။”
“လိုက်ကြဟေ့... လိုက်ကြ။”
အဲဒီနေ့က ကျွန်မမှတ်မိခဲ့တာဆိုလို့ ရာနဲ့ချီတဲ့ ဝတ်ရုံဖြူနဲ့ လူသားတွေက ကျွန်မနောက်ကို လိုက်နေခဲ့တာပါပဲ။ သူတို့လက်ထဲမှာ သဘာဝလွန်တည်ရှိမှုတွေကို ထိခိုက်စေနိုင်တဲ့ လက်ဝါးကပ်တိုင်တွေ၊ ရေမန်းတွေနဲ့ အမျိုးမျိုးသော မှော်လက်နက်တွေ ကိုင်ဆောင်ထားပြီး ကျွန်မကိုသတ်ဖြတ်ဖို့အတွက် ရက်ပေါင်းများစွာ မနားမနေ လိုက်နေခဲ့ကြတာ။
နဂိုကတော့ ကျွန်မဟာ တခြားဆိုင်ယန်တွေလိုပဲ စကော်ပူလီကျွန်းမှာ နေထိုင်ခဲ့တာ။ သင်္ဘောသားတချို့က ကျွန်မသီချင်းဆိုတာကို ထမင်းမေ့ဟင်းမေ့ နားဆင်ပြီး သေဆုံးသွားကြဖူးတာကလွဲရင် တမင်သက်သက် လူသားတွေကို အမဲလိုက်ခဲ့တာမျိုး မရှိပါဘူး။
မရည်ရွယ်ဘဲ လူသေစေမှုလို့ ပြောရမလား။ ဆိုင်ယန် တစ်ယောက်အတွက် တေးသီတယ်ဆိုတာ သဘာဝပဲ ကျွန်မတို့ မလုပ်ဘဲနေလို့ရတဲ့အရာမဟုတ်ဘူး။ ဒါပေမဲ့ ဒီအဖြူဝတ်တွေကတော့ ဒါကိုမှုခင်းတစ်ခုလို့ မြင်ခဲ့ပုံပါပဲ။ ကျွန်မတို့ရဲ့သဘာဝကသာ ရာဇဝတ်မှု တစ်ခုဆိုရင် လူသားတွေရဲ့ဓလေ့စရိုက်ဖြစ်တဲ့ အသိပညာတွေကို လေ့လာသင်ကြားတာကရော ရာဇဝတ်မှုတစ်ခု ဖြစ်မသွားပေဘူးလား။
ဒါပေမဲ့ ဆိုင်ယန်တစ်ကောင်အတွက်တော့ ဘာမှ အထွန့်တက်စရာမရှိဘဲ ထွက်ပြေးဖို့သာ တတ်နိုင်ခဲ့တယ်။
နောက်ဆုံးတော့ ထူထပ်တဲ့ တောအုပ်လေးတစ်အုပ်ကို ရှာတွေ့ခဲ့ပြီး အဲဒီထဲက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်မ ပုန်းနေနိုင်ခဲ့တယ်။ ဝတ်ရုံဖြူတွေလည်း ကျွန်မကို ဆက်ပြီး လိုက်မရှာကြတော့ဘူး။ နောက်ပိုင်းတော့ တောထဲမှာပဲနေပြီး အစာရေဆာ ရှာဖွေစားသောက် နေခဲ့ရတာပေါ့။
တစ်နေ့တော့... သီချင်းမဆိုခဲ့တာလည်းကြာပြီ။ ကျွန်မကို လာရှာနေတဲ့သူတွေလည်း မရှိတော့ဘူးလို့ တွေးမိတဲ့အတွက် ပထမဆုံးအကြိမ်အဖြစ် တေးသီဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီတေးသံသာ အထီးကျန်ပြီး ဝမ်းနည်းစရာကောင်းတဲ့ အဓိပ္ပါယ်ကို သယ်ဆောင်လို့။
.....
“နားထောင်လို့ကောင်းလိုက်တာ... နင့်အသံလေးက ချစ်စရာလေး။ နတ်သမီးလေးတစ်ပါးအတိုင်းပဲ။”
ရုတ်တရက် မိန်းကလေးတစ်ယောက်အသံကို ကြားလိုက်ရတဲ့အတွက် ကျွန်မ တေးသီနေတာကို ရပ်လိုက်တယ်။ ကျွန်မလှည့်ကြည့်လိုက်တော့ အညိုရောင် ဆံပင်ဂုတ်ဝဲနဲ့အမျိုးသမီးလေးတစ်ယောက် ရှိနေပြီး သူမ ခပ်နွမ်းနွမ်းချည်သားဝတ်စုံဖြူဟာ ဖုန်မှုန့်နဲ့ တခြားအမှိုက်သရိုက်တွေကြောင့် အညိုရောင်ပေါက်နေပြီ။
‘လူသားတစ်ယောက်က ဆိုင်ယန်တေးသံကို နားထောင်ပြီးတာတောင် သတိရှိနေသေးတာလဲ။ ဘာကြောင့် တခြားလူသားတွေလို မိန်းမောပြီး ငတ်မွတ်တဲ့အထိ ရပ်မနေခဲ့တာလဲ။’ ကျွန်မ နားမလည်ခဲ့ဘူး။ အဲဒီအစား ချက်ချင်းတွေးမိတာက ထွက်ပြေးဖို့ပါ။
“ဟဲ့ နေဦးလေ... ငါနင့်ကို အန္တရာယ်မပေးပါဘူး။”
အဲဒီကလေးမ ပြောတာတွေကို ကျွန်မနားမယောင်ဘဲ ထွက်ပြေးပြီး တခြားနေရာတစ်ခုမှာ ပုန်းနေခဲ့တယ်။ ကလေးမကတော့ ကျွန်မကို အတော်ကြာတဲ့အထိ လိုက်ရှာခဲ့ပြီး မတွေ့တဲ့နောက်ဆုံးမှာ လက်လျှော့ပြီး ပြန်သွားခဲ့တယ်။
ပြဿနာပြီးလောက်ပြီလို့ ကျွန်မယူဆပြီး နေ့စဥ်ဘဝက ပုံမှန်အတိုင်းပြန်လည်ပတ်ခဲ့တယ်။ ဒါပေမဲ့ ရက်နည်းနည်းကြာတော့ အဲဒီဆယ်ကျော်သက် ကောင်မလေးက တောအုပ်ထဲ ပြန်ရောက်လာပြန်ရော။ ကျွန်မလည်း သစ်ပင်တစ်ပင်ပေါ်တက်ပုန်းပြီး သူ့ကို ချောင်းကြည့်နေခဲ့တာပေါ့။
ကောင်မလေးရဲ့ခါးမှာ ဆောက်နဲ့သပ်ကို ချိတ်ထားပြီး စကျင်ကျောက်တုံးငယ်တစ်တုံးကို သစ်ငုတ်တိုတစ်ခုပေါ် တင်လိုက်တယ်။ အဲဒီနောက် ကိရိယာတန်ဆာပလာတွေ အသုံးပြုပြီးတော့ ကျောက်တုံးငယ်ကို စထွင်းတယ်။ အစကတော့ ဘာပုံမှပေါ်မလာပေမဲ့ နောက်တော့ တဖြည်းဖြည်းနဲ့ကျောက်တုံးပေါ်မှာ ကောက်ကြောင်းတွေ ပေါ်လာတယ်။ နေ့တစ်ဝက်လောက် ကုန်ဆုံးသွားပြီး နေဝင်ခါနီး အချိန်မှာတော့ ရုပ်ထုက အပြီးသတ်သွားပြီး ကျွဲကြီးတစ်ကောင်ရဲ့ပုံပေါ်လာတယ်။
“ ချောင်းကြည့်လို့ဝပြီလား... အနီးကပ်လာကြည့်ပြီး ဟောဒီက မမလေးကို ချီးကျူးပေးလို့လည်း ရတယ်နော်။”
ကောင်မလေးက အခုလိုပြောလိုက်တော့ ကျွန်မလန့်ပြီး ထပ်ထွက်ပြေးခဲ့မိပြန်တယ်။ ကလေးမ သက်ပြင်းချပြီး တောအုပ်ထဲက ထွက်သွားလေရဲ့။ သူထွင်းထုခဲ့တဲ့ အရုပ်လေးကိုလည်း ယူပြီးပြန်သွားခဲ့တယ်။
သူထပ်မလာလောက်တော့ဘူးလို့ ထင်ထားခဲ့ပေမဲ့ နောက်တစ်ရက်မှာ တခြားစကျင်ကျောက်တုံးငယ် တစ်တုံးကိုယူလာပြီး တောထဲပြန်ရောက်လာပြန်တယ်။ ကျွန်မလည်း ခါတိုင်းလိုပဲ သူလုပ်သမျှကို စိုက်ကြည့်နေခဲ့မိတာပေါ့။ ဒီတစ်ခါတော့ ငါးရုပ်ကလေး။ အသက်ဝင်လွန်းလို့ ရေထဲကိုထည့်လိုက်ရင် ရေကူးတော့မယ့်အတိုင်းပဲ။
“အနီးကပ်လာကြည့်လို့ရတယ်နော်...” ကလေးမက ကျွန်မရှိနေတဲ့နေရာကို လက်ပြပြီး ပြုံးပြပြန်တယ်။ ထပ်ပြီး ထွက်ပြေးရပြန်တာပေါ့။
နေတိုင်း... နေ့တိုင်း... နေ့တိုင်း... အဲဒီကလေးမက တောထဲကိုလာပြီး ရုပ်ထုထုခဲ့တယ်။ ကျွန်မက ဆိုင်ယန် ဖြစ်တယ်ဆိုတာကို သူသိနေတာတောင်မှ ကြောက်လန့် မသွားဘဲ အမြဲလိုလိုလာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်မရဲ့နေ့စဥ်ဘဝကလည်း သူရုပ်ထုထုတာကို ချောင်းကြည့်ဖို့ ဖြစ်လာပြီးတဲ့နောက် တစ်နေ့မှာ ကျွန်မရှေ့ကိုထွက်လာမိတော့တာပဲ။
“အိုး... ငါက နင့်ကို အမြဲအိမ်တွင်းပုန်းနေတဲ့ ကောင်မလေးလို့ ထင်ထားခဲ့တာ။” သူက ကျွန်မကို စနောက်ခဲ့တယ်။
နောက်ပိုင်းရက်တွေမှာတော့ သူရုပ်ထုထုတာကို ကျွန်မ အနီးကပ်သွားကြည့်ဖြစ်ခဲ့တယ်။ သူက တကယ့်ကို ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပြီး ပြောရမယ်ဆိုရင် မြူ့စ်နတ်သမီးတွေ ကောင်းချီးပေးတာ ခံထားရတဲ့ အတိုင်းပါပဲ။ အဲဲဒီနတ်သမီးတွေက ကျွန်မအတွက် ရန်သူဆိုပေမဲ့ပေါ့။
နောက်ထပ်ထူးခြားတာက ကျွန်မလိုဆိုင်ယန်ကို မကြောက်မရွံခဲ့တာပါပဲ။ သူက ကျွန်မရဲ့အမွှေးအတောင် တွေလို ရွံရှာပုံမပြဘဲ အဲဲဒီအစားတန်ဖိုးတောင် ထားခဲ့သေးတယ်။
“ဟစ်ပီ... နင့်အမွှေးအတောင်တွေက ညစ်ပတ်နေပြီ။ ရေချိုးပြီးသေချာလေး ထိန်းသိမ်းသင့်တာ။” သူက ကျွန်မကို အပြစ်တင်ပြီး သူနဲ့အတူယူလာတဲ့ ဘီးလေးနဲ့ အမွှေးအတောင်တွေကို သန့်ပြန့်သေသပ်နေအောင် ဖြီးသင်ပေးတတ်တယ်။
“ငါက လက်မှုပညာသည်မိသားစုကနေ လာတာလေ။ အဖေက အစ်ကိုကိုလုပ်ငန်းဆက်ခံဖို့အတွက် ရွေးချယ်ပြီး ရုပ်ထုထုတဲ့ပညာတွေအားလုံးကို သင်ပေးခဲ့ပေမဲ့ ငါ့ကိုတော့ သင်မပေးခဲ့ဘူး။ ငါက အကုန်လုံးကို ခိုးသင်ခဲ့တာ။”
တစ်နေ့တော့ သူက သူ့ဘဝအကြောင်းကို ထုတ်ပြော လာပါတယ်။ လူသားတွေက သမီးမိန်းကလေးမွေးရင် သိပ်တန်ဖိုးမထားတတ်ကြတာ ဟိုးရှေးရှေးကတည်းက။ ဘုရင်တွေကစလို့ အခုလို အောက်ခြေလူတန်းစားအထိပေါ့။
“ဟစ်ပီ... နင်ဘာလို့ အဲဒီတုန်းကလို သီချင်းမဆိုတော့တာလဲ။” တစ်နေ့တော့ သူက ကျွန်မကို သီချင်းဆိုဖို့ တောင်းဆိုလာခဲ့တယ်။ သူက ကျွန်မကို ဒီလိုပြောခဲ့တယ်။
“ငါက အနုပညာတစ်ခုကိုပဲ တတ်မြောက်ပေမဲ့ ကျန်တဲ့ အနုပညာတွေအားလုံးကိုလည်း သဘောကျတယ်။ ကိုယ်တိုင် မတတ်မြောက်ရင်တောင်မှ အနီးကပ်ကြည့်ပြီး ခံစားချင်သေးတာ။ နင့်အတွက်လည်း အတူတူပဲ မဟုတ်ဘူးလား။”
ဒီလိုနဲ့ ကျွန်မသီချင်းပြန်ဆိုဖို့ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းအတွက်ပါပဲ။ ကျွန်မက သူရုပ်ထု ထုတာကို ကြည့်သလို၊ သူကလည်း ကျွန်မတေးသီတာကို နားထောင်ပေးတယ်။ နေ့တိုင်း ကျွန်မအတွက် စားစရာ ယူလာပေးတတ်ပြီး တဖြည်းဖြည်း ကျွန်မတို့ရဲ့ သံယောဇဥ်တွေက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာခဲ့တယ်။
“ဟစ်ပီ... နင်သာပေါ်မလာခဲ့ရင် ငါဘာဆက်လုပ်ရမလဲ သိတော့မှာမဟုတ်ဘူး။ အဖေက ငါ့ကိုရုပ်ထုတွေ ဆက်မထုစေချင်တော့ဘူး။ သမီးမိန်းကလေးက လက်တွေကို ဂရုစိုက်ရမယ်တဲ့။ ကြမ်းတမ်းလာစေလို့ မရဘူးတဲ့။”
ကောင်မလေးက သူ့ရဲ့အသားမာတွေနဲ့ ပြည့်နှက်နေတဲ့ လက်ကို ဖြန့်ပြရင်း ပြောလိုက်တယ်။ သူက ကျွန်မကိုယ်ကို မှီထားတယ်။
‘ဒီတော့ ဒီဝါသနာကို သူက တောထဲလာပြီး ခိုးလုပ်နေတာပေါ့။’ ဒီလိုတွေးမိခဲ့တာပဲ။
“အဲဲဒီနေ့က ငါခိုးလုပ်နေတာကို ရပ်လိုက်တော့မလို့ပဲ။ ဒါပေမဲ့ နင်တောထဲမှာ တေးသီနေတဲ့အသံကို ကြားပြီး ငါအတွေးပြောင်းသွားခဲ့တာ။ နောက်ဆုံးတော့ ငါတစ်ယောက်တည်း ဒီလိုကိစ္စတွေကို ခိုးလုပ်နေတာ မဟုတ်ဘူးလေ။ ငါ့မှာအဖော်ရှိနေပြီ။”
အဲဒီနေ့ သူပြန်သွားတော့ ကျွန်မခေါင်းထဲမှာ အတွေးတွေအများကြီး ကျန်နေရစ်တယ်။
ဒါပေမဲ့ နောက်နေ့တော့ သူပေါ်မလာခဲ့ဘူး။ အစကတော့ စိတ်မပူခဲ့ပေမဲ့ နေ့ဆက်ရက်ဆက် ပြန်မလာတဲ့အတွက် စိတ်ပူစပြုလာပြီး သူနေတဲ့မြို့လေးဆီ သွားရှာဖို့ကျွန်မ ဆုံးဖြတ်ခဲ့တယ်။
ညတစ်ညမှာ ကျွန်မတောအုပ်ထဲကနေထွက်ပြီး အမှောင်ထုအားကိုးနဲ့ သူ(မ)ရဲ့အနံကိုခံကာ လိုက်ရှာခဲ့တယ်။
ဟော.. နောက်ဆုံးတော့တွေ့ပြီ။
လက်မှုပညာသည်တစ်ယောက်ရဲ့အိမ်က သီးသန့် အခန်းတစ်ခန်းဆီမှာ ကျွန်မသူ့ကို တွေ့ခဲ့တယ်။ သူ့တစ်ကိုယ်လုံးဖြူရော်နေပြီး ချောင်းအဆက်မပြတ် ဆိုးနေခဲ့တယ်။
“ဟစ်ပီ... နင်ရောက်လာတာလား။” သူက အိမ်ထုပ်တန်း ပေါ်တက်ပြီးပုန်းနေတဲ့ ကျွန်မကို ယဲ့ယဲ့လေးပြုံးပြခဲ့တယ်။
“အဖေက ငါ့ကို မိန်းကလေးဖြစ်နေလို့ သက်သက်နဲ့ ရုပ်ထုမထုစေချင်တာမဟုတ်ဘူးတဲ့။ ငါက ငယ်ငယ်ကတည်းက အဆုတ်အားနည်းတဲ့သူ မလို့တဲ့လေ။”
သူက မျက်ရည်တွေနဲ့ပြောလိုက်တယ်။ ဒီအတိုင်းသာဆို သူရုပ်ထုထုတဲ့ အလုပ်ကို ဆက်မလုပ်နိုင်တော့ဘူး။ ဆိုင်ယန်တစ်ကောင် အသံအိုးပျောက်ဆုံးသွားရင် ဘယ်လိုလုပ်မလဲဆိုပြီး ကျွန်မတွေးခဲ့ဖူးတယ်။ တကယ့်ကို မတွေးဝံ့စရာပဲ။
“ဒါပေမဲ့ မပူပါနဲ့... ငါနေကောင်းလာတဲ့အခါ တောအုပ်လေးဆီကို ပြန်လာဦးမှာပါ။” သူက သူ့ရဲ့လက်တွေနဲ့ ကျွန်မတောင်ပံကို ထိကိုင်လိုက်ရင်း ပြုံးပြလိုက်တယ်။ တကယ့်ကို သန်မာတဲ့အပြုံးပေါ့။
သူကြည့်ရတာ အဆင်ပြေပုံမရပေမဲ့ ပြန်လာဦးမယ်ဆိုတာ သိရတော့ ကျွန်မစိတ်ချလက်ချနဲ့ ပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အပြန်လမ်းမှာ ဝတ်ရုံဖြူတချို့ ကျွန်မလမ်းကို ပိတ်တားခဲ့တယ်။
“နောက်ဆုံးတော့တွေ့ပြီပေါ့... မိစ္ဆာမ...”
“ဘုရားသခင်ရဲ့ဂုဏ်ယောင်ကို ကျဆင်းစေတဲ့ အသင့်ကို ခွင့်မလွှတ်နိုင်ဘူး။” ဝတ်ရုံဖြူဘုန်းတော်ကြီးတွေကိုင်ထားတဲ့ လက်ဝါးကပ်တိုင်တွေက သူတို့လက်ထဲကနေ ပျံထွက်လာပြီး ကျွန်မကိုလာထိမှန်တယ်။ လက်ဝါးကပ်တိုင်တွေက သံမှိုတွေလိုမျိုး ကျွန်မကို လမ်းနဲ့တွဲကပ်ထားလိုက်တယ်။ သူတို့ထဲက ခေါင်းဆောင် ဖြစ်ပုံရတဲ့သူကတော့ ငွေဓားမြှောင် တစ်ချောင်းကိုကိုင်ပြီး ရှေ့ထွက်လာခဲ့တယ်။
“မင်းဒီထက်ပိုပြီး သက်ဆိုးမရှည်နိုင်တော့ပါဘူး မိစ္ဆာမ...”
နောက်တော့... ကျွန်မသိလိုက်ရတာက ကျွန်မ သေဆုံးသွားခဲ့ပြီ ဆိုတာပါပဲ။
...
နောက်တစ်ကြိမ် မျက်လုံးပွင့်လာတော့ ကျွန်မက တောအုပ်ထဲမှာ။ တိတိကျကျပြောရမယ်ဆိုရင်တော့ နှစ်ယောက်အတူရှိနေကျ နေရာလေးမှာ။ ဒါပေမဲ့ ကျွန်မခန္ဓာကိုယ်က ထူးဆန်းနေတာကို သတိထားမိလိုက်တယ်။ အရာဝတ္ထုတွေကို ကျွန်မ ထိတွေ့လို့မရတော့ဘူး။
“ငါက... သေပြီးသရဲဖြစ်နေတာလား။” ကျွန်မ ခုလို ချက်ချင်းတွေးမိပေမဲ့ လက်ခံဖို့မဖြစ်နိုင်ခဲ့ဘူး။
“ဟစ်ပီရေ၊ ထွက်လာတော့လေ။ မနက်စာစားဖို့ အချိန်ရောက်ပြီ။”
ကောင်မလေးက လက်ထဲမှာ ခြင်းတောင်းကို ကိုင်ထားပြီး တောအုပ်ထဲက ဆုံနေကျနေရာကို ရောက်လာတယ်။ သူ့ရှေ့မှာ ကျွန်မရှိနေပေမဲ့ သူက ကျွန်မကို မြင်ပုံမပေါ်ဘူး။ သူက ခြင်းတောင်းကို သစ်ငုတ်တိုပေါ်တင်လိုက်ပြီး ဖွင့်လိုက်တော့ အထဲကနေ ယူလာနေကျ ပေါင်မုန့်ကြမ်းတချို့ထွက်လာပါတယ်။ ခါတိုင်းယူလာနေကျ စားစရာပါပဲ။ ပေါင်မုန့်ကြမ်းဆိုပေမဲ့ လတ်လတ်ဆတ်ဆတ် မုန့်ဖိုက ထွက်လာတာမလို့ စားလို့ကောင်းမှန်း ကျွန်မသိနေတယ်။ နှစ်ယောက်လုံး ဝေမျှစားနေကျပဲလေ။ ဒါပေမဲ့ အခုတော့...
“ဟစ်ပီရေ... နင်ဘာလို့ဆက်ပုန်းနေတာလဲ။” ကောင်မလေးက ကျွန်မသူ့နားမှာရှိနေတာကို မသိဘဲ ကျွန်မကို လိုက်ရှာနေတယ်။ ပြီးတော့ သူ့ပုံစံက မောဟိုက်နေသလိုပဲ။ သူနေကောင်းကောင်း မကောင်းသေးဘူး။ ဒါပေမဲ့ သူက ကတိအတိုင်း ကျွန်မဆီကို လာခဲ့တာ။
နေမွန်းလွဲတဲ့အထိ သူကျွန်မကို ရှာနေခဲ့တယ်...
“ဟစ်ပီရေ... နင်ဘယ်မှာလဲ။” သူ့အသံက တဖြည်းဖြည်း တိမ်ဝင်လာပြီး မျက်ရည်တွေက ပါးပြင်ပေါ်မှာ။
“ငါဒီမှာလေ...”လို့ ကျွန်မအကြိမ်ကြိမ် အော်ဟစ်နေခဲ့ပေမဲ့ သူမကြားခဲ့ရဘူး။ ကျွန်မကို သူ မမြင်နိုင်သလို ကြားလည်းမကြားနိုင်ဘူး။ နောက်တော့ သူလက်လျှော့လိုက်ပြီး စကျင်ကျောက်တုံးလေးကို သစ်ငုတ်တိုပေါ်တင်လိုက်တယ်။ သူက ဖွဖွလေးပြုံးရင်း...
“နင့်ကိုငါလာမတွေ့တာကြာလို့ စိတ်ကောက်နေတယ်ပေါ့လေ။ ရတယ်... ရတယ်... အဲဒီခြုံပုတ်ထဲကနေပဲ ခိုးကြည့်နေလိုက်တော့... ပြီးမှ ထွက်လာပြီး မချီးကျူးနဲ့နော်။”
အဲဒီနောက်တော့ သူက စပြီးရုပ်ထုထုတယ်။ ခါတိုင်းလိုပဲ ရုပ်ထုက သိပ်မကြီးဘူး။ တစ်ပေလောက်ပဲမြင့်တာ။ သူက မိန်းကလေးတစ်ယောက်မလို့ ကျောက်တုံးကြီးတွေကို မကိုင်တွယ်နိုင်တာနဲ့ ကျောက်တုံးငယ်လေးတွေကိုပဲ ထွင်းထုခဲ့တာ။ ဆောက်သွားတစ်ချက် ကျောက်သားထဲကို နစ်ဝင်သွားတိုင်း ဖုန်မှုန့်တွေက သူ့အသက်ရှုလမ်းကြောင်းထဲကိုဝင်တယ်။ ဒီလိုကနေ သူ့ကျန်းမာရေးက ဆိုးသည်ထက်ဆိုးလာခဲ့တာ။ ပြောရရင် ရုပ်ထုတိုင်းက သူ့အသက်ကိုစတေးပြီး ပြုလုပ်ခဲ့ရတာ။
တဖြည်းဖြည်းနဲ့ရုပ်ထုက ကျွန်မရဲ့ပုံပေါ်လာတယ်။ ရုပ်ထု ပြီးသွားတဲ့အထိ သူက တောအုပ်ထဲကနေ ထွက်မသွားသေးဘဲ စောင့်နေခဲ့တယ်။ နောက်ဆုံး နေဝင်သွားပြီး လုံးလုံးမှောင်သွားတော့မှ ပြန်သွားခဲ့တယ်။ အနီးကပ်သွားကြည့်တော့ ဒီရုပ်ထုက သူလုပ်ဖူးသမျှအရာတွေအားလုံးထဲမှာ အလှဆုံးပဲ။
သူကျွန်မကို မုန်းသွားပြီး ပြန်မလာတော့ရင် ကောင်းမယ်လို့ ကျွန်မတွေးခဲ့ပေမဲ့ ကျွန်မရဲ့မျှော်လင့်ချက်တွေက တကယ်ဖြစ်မလာခဲ့ဘူး။ သူက နေ့တိုင်းတောထဲကို ရောက်လာခဲ့ပြီး ကျွန်မကို ရှာတယ်။ အမြဲလိုလို ကျွန်မစားဖို့အတွက် ပေါင်မုန့်ကြမ်း တစ်ခုကိုထားခဲ့လေ့ရှိတယ်။ ကျွန်မ မစားလို့ မှိုတက်ပုပ်သိုးလာတဲ့ ပေါင်မုန့်ကြမ်းတွေ နေရာမှာစုပြုံနေတာတောင် အဲဒီအလေ့အကျင့်ကို မရပ်တန့်ခဲ့ဘူး။
တစ်နေ့တော့...
အဟွက်... အဟွက်...
သစ်ငုတ်တိုနားမှာရှိနေတဲ့ ကောင်မလေးက ချောင်းဆိုးလိုက်ပြီး သူ့ပါးစပ်ကို လက်ဝါးနဲ့အုပ်လိုက်တယ်။ သူ့လက်ချောင်းကြားက သွေးစတချို့လွတ်ထွက်လာတာကို ကျွန်မမြင်လိုက်ရတယ်။
“ဟစ်ပီ... မဟုတ်မှလွဲရော... ဒီတောအုပ်ထဲမှာ နင်မရှိတော့တာလား။ ငါက နင့်ကို နောက်ဆုံးအဖြစ် တစ်ခါလောက်တွေ့ချင်ရုံလေးပါ။”
သူ့ပုံစံက လုံးဝကိုစိတ်ဓာတ်ကျနေပြီး ပင်ပန်းနေသလိုပဲ။ ကျွန်မသူ့ကို ထိတွေ့ပြီးနှစ်သိမ့် ပေးချင်ပေမဲ့ ကျွန်မလက်တွေက သူ့ခန္ဓာကိုယ်ကို ဖောက်ဝင်သွားတယ်။
သူက ပေါင်မုန့်ကို သစ်ငုတ်တိုပေါ် တင်ထားခဲ့ပြီး ရှိသမျှအားနဲ့ အော်ဟစ်ပြီးကျွန်မကို ခေါ်လိုက်တယ်။
“ဟစ်ပီရေ... နင်ထွက်မလာရင် ငါဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူးနော်။”
ဒါပေမဲ့ အတော်ကြာတဲ့အထိ တုံ့ပြန်သံကို သူမကြားခဲ့ဘူး။ သူလဲပြိုကျသွားခဲ့တယ်။ သစ်ငုတ်တိုကို မှီထားရင်း ကျွန်မကိုဆက်စောင့်နေခဲ့ပေမဲ့ သူ့အနားမှာ ရှိနေပြီး သူ့ကိုအော်ခေါ်နေခဲ့တဲ့ကျွန်မကို သူသတိမထား ခဲ့မိဘူး။
“ငါဒီမှာလေ... ငါနင်နဲ့အတူရှိနေပါတယ်ဟ။ ကျေးဇူးပြုပြီးတော့ ငါ့ကိုသတိပြုမိပါတော့။”
ဒါပေမဲ့ နေဝင်ချိန်အထိ သူကျွန်မကို မတွေ့ရတဲ့နောက် တောထဲကနေ ဒယိမ်းဒယိုင်နဲ့ ထွက်သွားခဲ့တယ်။ အဲဒီနေ့ကစပြီး သူ့ကိုကျွန်မ မတွေ့ရတော့ဘူး။ တောအုပ်ထဲမှာတော့ သူ့ရဲ့အကောင်းဆုံးလက်ရာ ကျွန်မပုံရုပ်ထုလေးက ဒီအတိုင်းကျန်ရစ်ခဲ့တာပေါ့။