ပင်လယ်မိစ္ဆာ (ဇာတ်သိမ်းခန်း)
Vol. 1 Ch. 31
“ငါ့မှာနောက်ဆုံးကျန်ခဲ့တဲ့ သူ့ရဲ့အမှတ်တရလေးကို ဖျက်ဆီးသွားတဲ့ ဒီကောင်တွေကို လုံးဝမကျေနပ်နိုင်ဘူး။ အားလုံးကိုသတ်ပစ်ပြီး သူတို့ဝိညာဥ်တွေကို ထာဝရနှိပ်စက်ပစ်မယ်။”
အကြောင်းစုံကို ကျွန်မတို့မေးပြီးတဲ့နောက်တော့ ဟစ်ပီ ဆိုတဲ့ ဆိုင်ယန်သရဲက ဒေါသတကြီးနဲ့ထအော်ပြန်တယ်။ သူ့မျက်လုံးတွေက အနီရောင်ပြောင်းသွားပြီး အသားအရေက အက်ကွဲလာတယ်။ သံကြိုးတွေကနေ ရုန်းထွက်ဖို့ကြိုးစားပေမဲ့ မော်လီက ဟစ်ပီရဲ့ကျောကို ခြေထောက်တင်ပြီး နင်းချလိုက်တယ်။
“သခင့်ရှေ့မှာ အစွယ်ထောင်မပြနဲ့။ တစ်ခါတည်းနင့်ကို တစ်စစီဖြစ်သွားအောင် လုပ်လိုက်ရမလား။ ကောင်းကောင်း ခစားစမ်း။”
ဟစ်ပီက မော်လီရဲ့အေးစက်စက်လေသံကို ကြားရပြီး တစ်ကိုယ်လုံးတုန်တက်သွားတယ်။ အဲဲဒီနောက်တော့ သူ့ကို အလားတူပဲအေးစက်စက်ကြည့်နေတဲ့ နက်ဆန်ကို ကြည့်လိုက်ပြီး ငြိမ်ကျသွားတယ်။ အဲဒီနောက်တော့ တောင်းပန်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
“ဒီစက်ရထားလုံးပေါ် ညသခင်လေးလိုက်ပါလာမှန်း မသိလို့ ရဲတင်းမိပါတယ်။ ဒါပေမဲ့ ကျွန်မသူတို့ကို လက်စားမချေဘဲ မနေနိုင်တာတော့ အမှန်ပါ။”
နက်ဆန်က သက်ပြင်းချလိုက်တယ်။ အဲဒီနောက်တော့ ရှေ့ကိုတက်လာပြီး ဆိုင်ယန်သရဲနဲ့မျက်လုံးချင်း စုံမိအောင် ကြည့်လိုက်ပါတယ်။
“ငါ့မျက်လုံးတွေထဲက မင်းရဲ့ပုံရိပ်ကိုမင်း ပြန်ကြည့်စမ်း။ နှစ်ရာကျော် သာမန်အစွဲအလမ်းကြီးတဲ့ သရဲအနေနဲ့မင်းနေခဲ့ပေမဲ့ အခုတစ်ညအတွင်းမှာတင် မင်းက တစ္ဆေနီတစ်ကောင်ဖြစ်လာနေပြီ။ သူတို့ကို ကလဲ့စားချေပြီးတာနဲ့ အနီးအနားကအရာအားလုံးကို ဆွဲချသွားမယ့် တစ္ဆေနီအပြည့် ဖြစ်သွားမှာပဲ။ ဒါဆိုရင် ငါလည်း မင်းကို ငရဲကိုပို့ဖို့အပြင် တခြားရွေးစရာ မရှိတော့ဘူး။”
“ဒါဆိုရင် ကျွန်မဘာလုပ်ရမလဲ... သူပြန်မလာခင် အချိန်အထိ အဲဒီရုပ်ထုလေးဘေးမှာပဲ စောင့်နေခဲ့တာ။ တစ်နေ့ကျရင် သူကျွန်မကို ထပ်သတိရလာပြီး ပြန်လာဦးမှာပါ။”
နက်ဆန်က ခေါင်းကိုခါယမ်းလိုက်ပြီး ဟစ်ပီကို ဆက်မကြည့်ရက်တော့ဟန်နဲ့ ကျောခိုင်းသွားတယ်။ ကျွန်မလည်း သူ့ကိုသနားလွန်းလို့ ဘာပြောရမှန်း မသိတော့ဘူး။
“ဟစ်ပီရယ်... အဲဒါက နှစ်ရာနဲ့ချီကြာခဲ့တဲ့ ကိစ္စတစ်ခုလေ။ သူ့ရောဂါကြောင့် အသက်မသေခဲ့ရင်တောင် အခုလောက်ဆိုရင် အချိန်ကာလရဲ့တိုက်စားမှုကြောင့် အရိုးဆွေးနေလောက်ရောပေါ့။”
ကျွန်မဒီလိုပြောလိုက်မိပေမဲ့ အဲဒီစကားကို ချက်ချင်းပဲ နောင်တရမိသွားတယ်။ အကြောင်းကတော့ ဟစ်ပီက နောက်တစ်ကြိမ် ငိုကျွေးနေခဲ့လို့ပါ။
“ဟုတ်သားပဲ... ကျွန်မက တစ်ချိန်လုံး မဖြစ်နိုင်တာတွေကို မျှော်လင့်နေခဲ့တာပဲ။ သူက... ကျွန်မကို မုန်းတီးသွားပြီး ထာဝရပစ်ထားခဲ့တာ။”
သူ့မျက်လုံးတွေက မျှော်လင့်ချက် ကင်းမဲ့မှုတွေကြောင့် အရောင်မှိန်သွားတယ်။ ဒါပေမဲ့ လူငယ်အုပ်စုထဲက ဟန်နီက ရှေ့ကိုထွက်လာပြီး ဟစ်ပီရှေ့မှာထိုင်ချကာ တောင်းပန်လိုက်တယ်။
“ကျွန်မသူငယ်ချင်းတွေကြောင့် ရှင့်ရဲ့အဖိုးတန် ပစ္စည်းတစ်ခု ပျက်စီးသွားခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ သူက ရှင့်ကိုမုန်းတီးသွားတာမျိုး မဟုတ်ပါဘူး။”
ဟန်နီရဲ့စကားကြောင့် ဟစ်ပီက နောက်ဆုံးကျန်တဲ့ မျှော်လင့်ချက်တွေနဲ့ ပြန်ပြီးကြည့်လိုက်တယ်။ ဟန်နီက သူ့ဖုန်းကိုထုတ်လိုက်ပြီး ဓာတ်ပုံတချို့ကို ထုတ်ပြလိုက်ပါတယ်။ ပုံထဲမှာ ရှေးကျတဲ့ တစ်ထပ်အုတ်အိမ်တစ်လုံးနဲ့ဥယျာဥ်ငယ်တစ်ခု ရှိနေပြီး ဥယျာဥ်ထဲမှာတော့ ဆိုင်ယန်ပုံရုပ်ထုတွေများစွာ ရှိလို့နေပါတယ်။
“ကျွန်မ ရှင်ပြောတဲ့မြို့လေးကို ကျွန်မအဖေနဲ့အတူ ရောက်ခဲ့ဖူးတယ်။ အဲဒီမြို့လေးမှာ ဆိုင်ယန်ရုပ်ထုတွေနဲ့ ပြည့်နှက်နေတဲ့ ရှေးအိမ်ခြံဝင်းလေးတစ်ခုရှိပြီး မြို့သားတွေက သူတို့မြို့ရဲ့အမွေအနှစ်အဖြစ် ထိန်းသိမ်းထားခဲ့တာတဲ့။ သူတို့ကိုထုလုပ်ခဲ့တဲ့သူက အမျိုးသမီးပညာရှင် တစ်ယောက်တဲ့။”
ဟစ်ပီက အဲဒီပုံတွေကိုကြည့်ရင်း တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာတယ်။ “ဒီလက်ရာတွေကို ငါရင်းနှီးတယ်။ သူ့ရဲ့လက်ရာအစစ်တွေပဲ။ သူ့ရောဂါကို ကျော်ဖြတ်နိုင်ခဲ့တာလား။”
ဒါပေမဲ့ ဟန်နီကတော့ ခေါင်းခါခဲ့ပါတယ်။ “အဲဒီပညာရှင်က နေ့ရောညရော ဒီရုပ်ထုတွေကို ထုနေခဲ့ပြီး သိပ်မကြာခင်မှာပဲ ကွယ်လွန်သွားတယ်လို့ နယ်ခံတွေရဲ့ပါးစပ်ရာဇဝင်က ပြောပါတယ်။ ဟစ်ပီ၊ နင်က သူတောအုပ်ထဲကနေ ထွက်သွားပြီးတဲ့နောက် သူ့နောက်ကို ဆက်မလိုက်ခဲ့လို့ ဒါတွေကို မသိခဲ့တာနေမှာပါ။”
“သူက ငါ့ကို သေတဲ့အထိ တွေ့ချင်နေခဲ့တာပဲ...” ဟစ်ပီက ထပ်ပြီးညှိုးငယ်သွားပြန်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူက စိတ်သက်သာရာရသွားဟန်နဲ့ ပြုံးလိုက်ပြန်တယ်...
“အနည်းဆုံးတော့ သူငါ့ကို မမုန်းသွားခဲ့ဘူး။ ဒါပေမဲ့ ငါ့ကို သေတဲ့အထိ စောင့်ဆိုင်းနေခဲ့တာပဲ။ သူ့အနားမှာ ရှိမနေနိုင်တော့တဲ့ ငါ့ကို။”
“ပြောခါမှ... ဟန်နီ... ရှင်က ဟစ်ပီကို ရိပ်ခနဲ မြင်လိုက်တယ်နော်။ ဒါပေမဲ့ တခြားသဘာဝလွန်အရာတွေကိုကျ မြင်နိုင်တဲ့ပုံမပေါ်ဘူး။”
ကျွန်မလည်း ရုတ်တရက်တွေးမိသွားပြီး ဟန်နီကို ကြည့်လိုက်တယ်။ သူ့ပုံစံက သာမန်ပဲ။ သဘာဝလွန် စွမ်းအားလည်း ရှိတဲ့ပုံမပေါ်ဘူး။ ကျောင်းခြောက်ကျောင်းနဲ့လည်း မသက်ဆိုင်ဘူး။
“ဒီလိုရှားပါးတဲ့ဖြစ်ရပ်မျိုးက ရေစက်ဆုံနေတဲ့ လူတွေနဲ့ သဘာဝလွန်အရာတွေမှာပဲ ဖြစ်တတ်တာ။ ကောင်မလေး၊ မင်းနဲ့အဲဒီပန်းပုပညာရှင်နဲ့ ဆက်စပ်မှုများရှိသလား။”
မော်လီက မေးလိုက်တော့ ဟန်နီက သိပ်မသေချာတဲ့ပုံနဲ့ ပြန်ဖြေပါတယ်။ “အဖေပြောတာတော့ အဲဒါက ကျွန်မတို့ ဘိုးဘေးတွေပိုင်ခဲ့တဲ့ခြံတဲ့။ ကျွန်မအဖိုးရဲ့အဖိုးရဲ့အဖိုးက ရီနေးဆန့်ခေတ်နှောင်းပိုင်းမှာ နာမည်ကျော်ပန်းပုပညာရှင်ဖြစ်ခဲ့တာတဲ့လေ။”
“ဟန်နီက အဲဒီကောင်မလေးရဲ့အစ်ကိုဘက်ကနေ အမျိုးတော်တာ ဖြစ်နိုင်တယ်လို့ထင်လား။”
ကျွန်မက နက်ဆန်ကို မေးလိုက်တော့ နက်ဆန်က ခေါင်းညိတ်ပြပြီး ဖြစ်နိုင်တယ်လို့ အတည်ပြုတယ်။ ဒါက ဟစ်ပီအတွက် သူ့ရဲ့မိတ်ဆွေကို နောက်တစ်ကြိမ်ထပ်ပြီး တစ်မျိုးတစ်ဖုံမြင်ခွင့်ရတာလို့ ပြောလို့ရနိုင်မလား။
“ကောင်လေးတွေ၊ နင်တို့ဘာကြည့်နေတာလဲ။ ပြန်ပြီး တောင်းပန်လိုက်လေ။”
ကျွန်မလည်း ရှေးဟောင်းအမွေအနှစ်အရုပ်ကို ရှုရှုးပန်းပြီး ရိုက်ခွဲခဲ့တဲ့ ဆန်ကုန်မြေလေးနှစ်ကောင်ကို သတိရသွားတဲ့အတွက် လှည့်ကြည့်လိုက်တယ်။ လူဝီက ကျွန်မအကြည့်ကြောင့် လန့်သွားပုံပေါ်ပြီး ကားပေါ်မှာ ကျန်နေရစ်တဲ့ ရာဖဲလ်ကို သွားခေါ်တယ်။ အဲဒီနောက်တော့ လူဝီက ဟစ်ပီကိုပြပြီး ခေါင်းကိုလက်နဲ့ အတင်းငုံခိုင်းကာ တောင်းပန်တော့တာပဲ။
ဥရောပသားတွေထဲမှာ ကျွန်မတို့ပြင်သစ်လူမျိုးတွေက တောင်းပန်စကားကို သိပ်မပြောတတ်တဲ့သူတွေအဖြစ် နာမည်ကြီးကြတယ်။ များသောအားဖြင့် ကိစ္စကြီး မဟုတ်မချင်း၊ သူတစ်ပါးကို ကြီးကြီးမားမားမထိခိုက်မိစေမချင်း တောင်းပန်တဲ့ လူထဲမပါကြဘူး။ ဒီလိုသိပ်ပြီးမတောင်းပန်တတ်တာကလည်း သွေးကြီးလို့၊ စိတ်မကောင်းမဖြစ်တတ်လို့ မဟုတ်ပါဘူး။ တောင်းပန်စကားကို ရေပေါ့မသွားစေချင်ကြလို့ပါ။ တစ်ခုခုအမှားလုပ်ပြီးတိုင်း ‘တောင်းပန်ပါတယ်’ လို့ပြောတိုင်းပြီးသွားပြီလို့ ကျွန်မတို့တွေက မမှတ်ယူကြဘူး။ နောက်ထပ် အမှားမဖြစ်အောင် အစစအရာရာဆင်ခြင်ကြတဲ့လူမျိုးပါ။
ဒါပေမဲ့... ဒီလိုစကားလေးတစ်ခွန်းနဲ့တင် ချစ်သက်လက်ဆောင် ဖျက်ဆီးခံလိုက်ရတဲ့ ဟစ်ပီက ကျေနပ်ပါ့မလား။ ဒါပေမဲ့ ကျွန်မစိုးရိမ်နေတာက အပိုပဲ။ ဟစ်ပီက နောက်ဆုံးတစ်ကြိမ် ငိုကြွေးလိုက်ပြီးနောက် ပြန်ပြုံးလာတယ်။
“ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ရှင်တို့တွေကြောင့် ကျွန်မသိသင့်တဲ့အရာတစ်ခုကို သိလိုက်ရပြီ။ ဟစ်ပီ တောအုပ်လေးထဲမှာ မနေတော့ဘူး။ အဲဒီအစား သူ့ရဲ့နောက်ဆုံးနားခိုရာဆီသွားရှာတော့မယ်။ သူ့ရဲ့ဝိညာဥ်ကို အဲဒီမှာကျွန်မ တွေ့ရင်တွေ့မှာပါ။ မတွေ့ရဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အဲဒီလိုဆိုရင် တမလွန်ကိုသွားဖို့အချိန်တန်ပြီထင်တာပဲ။”
အဲဒီနောက်တော့ မော်လီက ဟစ်ပီကိုချည်ထားတဲ့ သံကြိူးတွေကို ဖြေပေးလိုက်ပါတယ်။ ဟစ်ပီက လူငယ်အုပ်စုကို ရန်မလိုတော့ဘဲ ဆန့်ကျင်ဘက် တစ်နေရာကိုသာ ပျံသန်းထွက်ခွာသွားပါတော့တယ်။
“ကြည့်ရတာ ကိစ္စတွေ အေးအေးချမ်းချမ်းနဲ့ ပြီးသွားပုံပဲ။”
ကျွန်မဒီလိုပြောလိုက်ပြီး တခြားသူတွေနဲ့အတူ ကားပေါ် ပြန်တက်ဖို့လုပ်ပေမဲ့ နက်ဆန်က ကျွန်မပခုံးပေါ်ကို လက်တင်ပြီး ခေါင်းခါပြလိုက်တယ်။ ကျွန်မ ချက်ချင်း နားမလည်ခဲ့ပေမဲ့ အရိပ်ထဲ ပြန်ရောက်နေပြီဖြစ်တဲ့ မော်လီက ပြောလိုက်တယ်။
“ကားပေါ်က တခြားလူတွေက ဖြစ်ပျက်ခဲ့တာတွေကို မသိပေမဲ့ ဒီလူငယ်အုပ်စုကတော့ သိပြီးနေကြပြီ။ လူငယ်ဆိုတဲ့အတိုင်း ဒီအတိုင်းနေမှာမဟုတ်ဘဲ သဘာဝလွန်ဖြစ်ရပ်နဲ့ကြုံခဲ့တဲ့အကြောင်း ဆိုရှယ်မီဒီယာတွေမှာတင်မှာပဲ။ သာမန်လူတွေက ယုံမှာမဟုတ်ပေမဲ့ ငါတို့နောက်လိုက်နေတဲ့ အုပ်စုကြီးက ငါတို့အနံကိုရသွားလိမ့်မယ်။ ဒီကားနဲ့ဆက်သွားရင် ငါတို့ကို မိသွားလိမ့်မယ်။”
“ဒီလိုဆိုရင် ကျွန်မတို့က နောက်ကားတစ်စီးကို ဆက်စောင့်ရတော့မှာလား။”
“မလိုဘူး...” နက်ဆန်က အဖြေကိုတိုက်ရိုက်မပေးဘဲ ကျွန်မပခုံးကို တင်းတင်းဆုပ်ကိုင်လိုက်တယ်။ အဲဒီနောက် ကျွန်မခြေထောက်က မြေကြီးနဲ့ထိမနေတော့ဘူး။
....
“အခုတော့ ဘယ်လိုလဲ၊ နယ်စားကြီးတွေ။ ရှင်နဲ့ရှင့်လူတွေ ကျွန်မကိုစိန်ခေါ်နိုင်သေးရဲ့လား။ နောက်တစ်ခါ ကျွန်မကို အာခံလို့ကတော့ ရှင်တို့အကုန်လုံးကို ခွေးစာကျွေးပစ်မယ်။”
ဆာဗွေနယ်စားအိမ်တော်ရဲ့ကြမ်းပြင်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် နယ်စားတွေအဖြစ်ကြေညာထားတဲ့ ဖာရီရန်ဇိုညီအစ်ကိုတွေက နဖူးနဲ့ကြမ်းပြင်ကိုထိပြီး ခုံအမြင့်မှာထိုင်နေတဲ့ မိန်းကလေးကို ဘုရင်မတစ်ယောက်လို ခစားလို့။ သူတို့နောက်မှာတော့ အိမ်တော်ထိန်းတွေနဲ့ အိမ်စေတွေရဲ့အလောင်းတွေ ပြန့်ကျဲနေပြီး သူတို့လက်ထဲမှာ လက်နက်မျိုးစုံနဲ့ပါ။ ဒီနေရာမှာတိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီး ညီအစ်ကိုနှစ်ယောက်ရဲ့နောက်လိုက်တွေ ရှင်းလင်းခံခဲ့ရတယ်။
အဲဒီမိန်းကလေး (ဝါ) ရိုဆယ်လီယာ ဖာရီရန်ဇိုက ရွှေရောင်ဆံပင်မှာ အနီအနားသပ်ပါတဲ့ဆံပင်တွေကို မြင်းမြီးလိုစုချည်ထားပြီး သူ့အကြည့်တွေက ရဲတင်းလွန်းတယ်။ အနက်ရောင်ဆိုင်ကယ်စီးဂျာကင်နဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး တခြားလူတွေကို လောင်ကျွမ်းသွားစေနိုင်တဲ့ အလှမျိုးကို ထုတ်ဖော် ပြသထားတယ်။ သူ့နောက်မှာတော့ ပုံစံတူ ဆိုင်ကယ် လူမိုက်ဂိုဏ်းသားတွေလို ဝတ်ဆင်ထားတဲ့ လူတစ်ဒါဇင်လောက် ရပ်နေတယ်။ ဒီလူတွေက အိမ်တော်သခင်မလေးရဲ့နောက်လိုက် မီးလျှံကျောင်းတော်တပည့်တွေပါ။
“ဒီအိမ်မှာ အသက်ရှင်နေသေးတဲ့ လူမှန်သမျှ နားထောင်ကြ။ ဒီနေ့ကစပြီး ငါ... ဗစ်စတာရဲ့ကလဲ့စား၊ မီးလျှံသမီးပျိုက ဆာဗွေအိမ်တော်နယ်စားအဖြစ်ကိုရော မီးလျှံအဲလ်ဒါအဖြစ်ကိုရော ခံယူမယ်။ ဆန့်ကျင်ချင်တဲ့သူ ရှိရင်ထွက်လာခဲ့။”
ရိုဆယ်လီယာက သူ့ရဲ့ဂုဏ်ပုဒ်နှစ်ခုကိုရော ရာထူး နှစ်ခုကိုပါ တစ်ပြိုင်နက်တည်း ကြေညာလိုက်တယ်။ နယ်စားအတုကြီးနှစ်ယောက်ကတော့ ပြားပြားကိုဝပ်လို့။
ခဏနေတော့ ဆိုင်ကယ်စီးလူမိုက်တစ်ယောက်က ခန်းမထဲဝင်လာပြီး ရိုစယ်လီယာကို ဦးညွှတ်လိုက်တယ်။
“အရှင်မ၊ ထွက်ပြေးသွားတဲ့လူတွေရဲ့သတင်းရပါပြီ။ သူတို့က ဘက်စ်ကားတစ်စီးနဲ့လမ်းကြုံလိုက်ပြီး နိစ့်မြို့ကို ဦးတည်သွားနေပါတယ်။ မကြာခင်မှာ ရိုမြူလက်ချက်ကျောင်းက သိမ်းပိုက်ထားတဲ့ သစ်တောကျောင်းတော်ရဲ့အပျက်အစီးနယ်မြေဆီ ရောက်ပါတော့မယ်။”
“ကောင်းပြီလေ၊ သူတို့အဲဲဒီနေရာဆီမရောက်ခင် လမ်းမှာအမိဖမ်းကြတာပေါ့။ ဆိုင်ကယ်တွေကို အသင့်ပြင်ထားလိုက်။”
....
နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်တော့ ကျွန်မတို့တွေ တခြားမြို့တစ်မြို့ရဲ့အဝင်မှာ ပေါ်လာပြီ။ မော်လီကတော့ ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး
“ထင်ထားတာထက် နင်က ပိုပြီးခံနိုင်ရည်ရှိတာပဲ ကောင်မလေး။”
သူက ကျွန်မကို စနောက်လိုက်တယ်။ ပတ်ဝန်းကျင်ကို သတိထားကြည့်တော့ နိစ်မြို့မှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်ကို သွားတွေ့တာပဲ။ အချိန်ကတော့ နေစထွက်ကာစအချိန်ဖြစ်ပြီး ကျွန်မတစ်ကိုယ်လုံးက ခွန်အားတွေကုန်ဆုံးပြီး အချိန်မရွေးလဲကျတော့မလို ဖြစ်နေတာကို ခံစားမိတယ်။
“ဘယ်လိုလုပ်ပြီး ဒီနေရာကို ချက်ချင်းရောက်လာတာလဲ။ ရှင်က... တယ်လီပို့လုပ်နိုင်တာလား...”
“အဲဒါက တယ်လီပို့လုပ်တာမဟုတ်ဘူး။ သခင်ခရီးသွားနေတုန်း စွမ်းအားဒဏ်ကို မခံနိုင်လို့ နင်သတိလစ်နေခဲ့ရုံပဲ။ သခင်က အရိပ်တွေထဲမှာ ခရီးသွားနိုင်တယ်။ ညဘက်ပဲ သုံးလို့ရပြီး အမြန်နှုန်းကလည်း လောလောဆယ်မှာ ထင်သလောက်မဟုတ်ဘူး။ အဆိုးဆုံးက တခြားလူတစ်ယောက်ပါလာရင် ဝေးဝေးလံလံ သွားလို့မရတော့တာပဲ။”
ဒါပေမဲ့ ကျွန်မက နာရီကိုငုံကြည့်လိုက်ပြီး ခေါင်းခါလိုက်တယ်။
“မိုင်ငါးဆယ်ကျော်သွားရဦးမယ့် နိစ့်မြို့ကို လေးနာရီအတွင်း ရောက်ချလာတာ မြန်တယ်လို့ပြောရမှာပဲ။ ကားနဲ့ယှဥ်ရင် နှေးပေမဲ့ပေါ့။”
“နင်မပါရင် သခင်က အဲဒီခရီးကို တစ်နာရီတည်းနဲ့သွားနိုင်တယ်။ အရင်က အဲဒီနည်းလမ်းနဲ့ တစ်ကမ္ဘာလုံးက သဘာဝလွန်အရာတွေကို လိုက်လံရှာဖွေနှိမ်နင်းခဲ့ဖူးတယ်။”
ပြောရရင် ကျွန်မရှေ့က ဒီအူကြောင်ကြား တေမိလူက ထင်ထားတာထက် ပိုပြီးစွမ်းအားကြီးတာပဲ။ ဒါပေမဲ့ ဘာလို့မီးလျှံကျောင်းတော်ကို ပြန်မတိုက်ဘဲ ထွက်ပြေးနေတာလဲ။
“သခင်က နင့်ကိုကယ်ဖို့သက်သက်နဲ့ မာဂါရီတာကို သတ်ခဲ့ရတာ။ မီးလျှံကျောင်းတော်နဲ့စစ်ပွဲစဖို့ အစီအစဥ်မရှိဘူး။ သခင်သာ မီးလျှံကျောင်းတော်ကို တကယ်တိုက်ချင်ရင် မာဂါရီတာတောင်မှ ပြန်ခုခံဖို့ ခဲယဥ်းလိမ့်မယ်။ အခုလည်း ရန်ငြိုးတွေကို ပိုမတိုးလာစေချင်လို့ ထွက်ပြေးနေရုံပဲ။”
ပြောရရင် တစ်ချိန်လုံး ကျွန်မက သူ့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေခဲ့တာပေါ့။