← Chapters

ရေတွင်းပျက်ထဲက ရှေးဟောင်းသစ်ပင်

Vol. 1 Ch. 32

ရေတွင်းပျက်ထဲက ရှေးဟောင်းသစ်ပင်

Vol. 1 Ch. 32

“ငါဘယ်ကိုရောက်နေတာလဲ...” ကျွန်မ မျက်လုံးဖွင့်လိုက်တော့ အဖြူရောင်မျက်နှာကျက်ကို ပထမဆုံးမြင်လိုက်ရတယ်။ ပတ်ဝန်းကျင်ကို ကြည့်တော့ သေသပ်တဲ့ အခန်းငယ်လေးတစ်ခုထဲမှာ ရောက်နေတာ ဖြစ်မှန်း သိလိုက်ရပြီ။ ငွေအနားသပ်ပါတဲ့ အဖြူရောင်လိုက်ကာစကြားကနေ နေအလင်းရောင် ကျဆင်းနေပြီး စားပွဲခုံပေါ်က စားပွဲတင်နာရီကို ကြည့်လိုက်တော့ ၉ နာရီထိုးနေပြီ။

မွှေးပျံတဲ့ အိပ်ရာခင်းရဲ့ရနံနဲ့ဇိမ်ကျတဲ့ မွေ့ရာကြောင့် ကျွန်မအိပ်ရာထဲကနေတောင် မထွက်ချင်တော့ဘူး။ ဒါပေမဲ့ ညကမက်ခဲ့တဲ့ အိပ်မက်တချို့ကြောင့် ကျွန်မ ရှက်သွေးဖြာပြီး အိပ်ရာထဲကနေ ခုန်ထွက်လိုက်မိတယ်။

“ဘာလို့ အဲဒီလိုအိပ်မက်မျိုးကိုမှ မက်ရတာလဲ။” ကျွန်မ ထပြီးအော်မိလုနီးပါးပဲ။

အိပ်မက်ထဲမှာ နက်ဆန်က ကျွန်မကို အခန်းထောင့်မှာ ပိတ်လှောင် နံရံမှာလက်ထောက်ပြီး ရည်းစားစကား ပြောနေတာတဲ့။ အပြင်မှာသာဖြစ်ခဲ့ရင် တကယ့်ကို ကြောက်ဖို့ကောင်းမယ့်ကိစ္စမျိုး။ ဒီလူက အမြဲအေးတိ အေးစက်လေ။

“ပြောခါမှ၊ သူညက ငါကိုချီပြီးခေါ်လာရတာပဲ။” အရိပ်နဲ့ခရီးသွားနေစဥ်တစ်လျှောက်လုံး ကျွန်မ သတိမေ့နေခဲ့သလို သတိရလာပြီးနောက်ပိုင်းမှာလည်း လမ်းမလျှောက်နိုင်လောက်အောင် အားနည်းသွားတယ်။ ဒါကြောင့် သူက ကျွန်မကို ချီခေါ်လာရပြီး သူ့ကိုယ်ပေါ်မှ အိပ်ပျော်သွားခဲ့တာလေ။

“နိုးနေပြီလား၊ အပိုတွေတွေးနေတာရပ်ပြီး မနက်စာစားဖို့လုပ်တော့။”

ရုတ်တရက် ကျွန်မအရိပ်ထဲကနေပြီး မော်လီရဲ့အသံ ထွက်လာလို့ ကျွန်မလန့်သွားတယ်။ ငုံကြည့်လိုက်တော့ မော်လီရဲ့ခေါင်းက ကျွန်မအရိပ်ထဲကနေ ထွက်နေပြီး မျက်ထောက်နီကြီးနဲ့ကြည့်နေတယ်။ စိတ်ရူးပေါက်ပြီး ခုန်ဆွခုန်ဆွလုပ်နေတဲ့ကျွန်မကို သည်းမခံနိုင်တော့ပုံပဲ။

“သခင်က နင့်ကိုစိတ်မချဘဲ စောင့်ကြည့်ခိုင်းလို့သာ နင့်အရိပ်ထဲမှာရှိနေတာ။ ငါ့ဘာသာဆိုရင်တော့ ဒီလို ဟိုတယ်မျိုးခေါ်လာဖို့မပြောနဲ့။ လမ်းပေါ်မှာ သေသေဆိုပြီး ပစ်ထားခဲ့မှာ။ ဒီလိုအသုံးမကျတဲ့ မိန်းကလေးမျိုးကိုမှ သခင်က အလုပ်ခန့်ရတယ်လို့။”

ကျွန်မ မျက်နှာသစ်ရေမိုးချိုးနေတုန်း မော်လီကတော့ ဆက်တိုက်ကို ပေါက်ပေါက်ဖောက်နေတော့တာ။ အဝတ်လဲဖို့အတွက် အဝတ်အိတ်ထဲကို ကြည့်လိုက်တော့ သူနာပြုယူနီဖောင်းကလွဲလို့ ဘာမှမရှိတော့ဘူး။ အစက ရှန်ဘယ်ရီမြို့ကိုသွားတဲ့ ခရီးတိုလေးအတွက်ပဲ ပြင်ဆင်ထားတာဖြစ်လို့ အဝတ်တွေအများကြီး မပါခဲ့ဘူး။ မတတ်နိုင်တာနဲ့ အဲဒီယူနီဖောင်းကိုပဲ ဝတ်လိုက်ရတယ်။ နောက်တော့ အဖြူရောင်သစ်သား ဝရံတာတံခါးကို ဖွင့်လိုက်ပြီး ဝရံတာအပြင်ကိုထွက် ပြင်ပလောကကြီးရဲ့ရှုခင်းတွေကို ကြည့်လိုက်တယ်။

“မိုက်လိုက်တာ...”

ဖွန်တီနာကမ်းခြေမြို့လေးကလည်း သာယာတယ်ဆိုပေမဲ့ ဒီနေရာက တကယ့်ကို အပန်းဖြေကမ်းခြေတစ်ခုရဲ့အငွေ့အသက်တွေ အပြည့်ပဲ။

ကမ်းခြေနဲ့ကျွန်မရှိနေတဲ့ဟိုတယ်က သိပ်မကွာဘူး။ ကမ်းခြေပေါ်က စားသောက်ဆိုင်တွေ၊ ရေကစားနေတဲ့ လူတွေကို ဒီအတိုင်းမြင်နေရတယ်။ ဟိုတယ်ရှေ့မှာ နှစ်လမ်းသွားလမ်းမလေးရှိပြီး ၁၀၆လမ်းမလို့ လမ်းညွန် ဆိုင်းဘုတ်တွေက ရေးထားတယ်။

ကားလမ်းမဆိုပေမဲ့ ကားသွားကားလာသိပ်မရှုပ်ဘဲ စက်ဘီးတွေနဲ့သွားလာနေတဲ့ မြို့ခံနဲ့ခရီးသွားတချို့ကိုလည်း တွေ့ရသေးတယ်။ အထူးခြားဆုံးကတော့ လမ်းမဘေးမှာ အုန်းပင်တွေကို စီစီရီရီစိုက်ထားတာ။

ကမ်းခြေဘက်ကလေပြေကြောင့် ကျွန်မဆံပင်တွေ မျောလွင့်ပြီးသွားတဲ့ အခိုက်အတန့်မှာတော့ ကျွန်မ မနေနိုင်ဘဲ အော်ဟစ်လိုက်မိတော့တာပဲ။

“ငါတကယ်ကြီး ကမ်းခြေရောက်နေတာပဲ၊ ရေး။”

...

ကျွန်မဟိုတယ်အောက်ထပ်ကို ဆင်းလာတော့ ဟိုတယ်က သိပ်မကြီးမှန်း သိလိုက်ရတယ်။ ဒေသခံတွေ ဖွင့်ထားတဲ့ ဟိုတယ်သေးသေးလေးဖြစ်ပြီး လေးထပ်ပဲ မြင့်ပါတယ်။ ဒါပေမဲ့ အခန်းတိုင်းက သပ်ရပ်သန့်ရှင်းပြီး လာရောက်တည်းခိုသူတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ပါတယ်။

“ဒီဟိုတယ်က နိစ့်မြို့ရဲ့ရှေးအကျဆုံး ဟိုတယ်ထဲမှာ ပါတယ်။ သခင်က ဒီနေရာကို သက်သက်ရွေးလိုက်တာ။ တကယ့်အကောင်းစားဟိုတယ်တွေကိုသွားရင် တခြားသူတွေ သတိထားမိသွားနိုင်ခြေရှိတယ်။”

မော်လီက ကျွန်မကို စိတ်ချင်းဆက်သွယ်ပြီး ပြောတယ်။ လမ်းမှာ အပေါက်ဖောက်ထားတဲ့အုန်းသီးကိုကိုင်ပြီး အားရပါးရအုန်းရည်သောက်နေတဲ့ အဖိုးတစ်ယောက်ကို တွေ့တာနဲ့ နှုတ်ဆက်ခဲ့သေးတယ်။

“ဘွန်ဂျူး၊ ကောင်းသောနေ့လေးဖြစ်ပါစေ။”

“.....” အဖိုးကြီးက ကျွန်မကိုကြည့်နေရင်းကနေ လက်ထဲက အုန်းသီးကိုမေ့ပြီး ပစ်ချမိပါလေရော ။ နောက်တော့ ရှက်ကိုးရှက်ကန်းနဲ့ ကျွန်မအနားကနေ ထွက်ပြေးသွားတယ်။

“အမ်... အန်ကယ်ကြီး ဘယ်လိုဖြစ်သွားတာလဲ။”

“နင်က ဟိုတယ်ထဲမှာ သူနာပြုဝတ်စုံဝတ်ပြီး လျှောက်သွားနေတော့ တခြားသူတွေ ထူးထူးဆန်းဆန်း တွေးကုန်မှာပေါ့ဟ။”

မော်လီက ဆုံးမသံပါပါပြောလိုက်ပေမဲ့ ကျွန်မတော့ နားမလည်။ ခေါင်းလေးစောင်းပြီး

“သူနာပြုဝတ်စုံဝတ်တာက ဆိုးလို့လား။” လို့မေးလိုက်တော့ သက်ပြင်းချသံရှည်ကြီးထွက်လာပြီး ပြန်မဖြေတော့ဘူး။

အောက်ထပ်ရောက်တော့ ဟိုတယ်က ဖွင့်ထားတဲ့ စားသောက်ဆိုင် ပိစိကွေးသေးလေးကို မြင်လိုက်ရတယ်။ ပင်မစားသောက်ဆောင်ထဲမှာ ခုံဝိုင်းခြောက်ဝိုင်း၊ လမ်းမဘေးမှာက ခုံဝိုင်းလေးဝိုင်း။ ဒီဟိုတယ်က ကုမ္ပဏီတစ်ခုခုကပိုင်တာမဟုတ်ဘဲ နယ်ခံ မိသားစုတစ်ခုကပိုင်မှန်းသိသာတယ်။ ပြီးတော့ အဲဒီ စားပွဲတွေထဲကတစ်ခုမှာ နက်ဆန်ကထိုင်နေပြီး မနက်စာစားနေတယ်။

“အာ... ရှင်နိုးနေပြီလား။ ကျွန်မက ရှင်အိပ်နေတုန်းပဲလို့ ထင်နေတာ။” ကျွန်မက သူ့ကိုနှုတ်ဆက်လိုက်ပြီး သူ့စားပွဲမှာ ဝင်ထိုင်လိုက်တယ်။

ဘေးစားပွဲဝိုင်းကလူတွေက ကျွန်မတို့ကို တကြည့်တကြည့်နဲ့ ပြုံးစိပြုံးစိလုပ်နေကြပေမဲ့ သူတို့အချင်းချင်း ဘာမှတော့မပြော။ ဒါပေမဲ့ နေရခက်လာပြီ။

“ငါ မအိပ်ရသေးတာ။” သူက ဘေးလူတွေကို လစ်လျူရှုရင်း တုံးတိပြန်ဖြေတယ်။ ကျွန်မကတော့ သူ့မနက်စာကို ကြည့်လိုက်ရင်း အနံပါရလာတဲ့အတွက် ဗိုက်ဆာလာရော။

“အိုး... ခေါ့ခ် မဒမ်မာလား။ ကျွန်မလည်း အဲဒါမှာလိုက်မယ်။”

မှာယူပြီးမကြာခင်မှာပဲ ကျွန်မရှေ့ကို နက်ဆန်နဲ့ပုံစံတူ မနက်စာရောက်လာတယ်။ သိပ် ထူးဆန်းရှုပ်ထွေးတဲ့ စားစရာတော့မဟုတ်။ ပေါင်မုန့်ကြမ်းအညိုကြားထဲ ဝက်ပေါင်ခြောက်ညှပ်ပြီး ချေ့စ်နဲ့ကင်ထားတာ။ ပြီးတော့ အနားသပ်မာအောင်ကြော်ထားတဲ့ ကြက်ဥ ဟက်ပွိုင်လေးတစ်လုံး တင်ပေးထားတယ်။ ပြင်သစ် ပေါင်မုန့်ကြော်ရဲ့နောက်ထပ် စတိုင်တစ်မျိုးပဲဆိုပါတော့။

“ငါသွားအိပ်တော့မယ်....” သူက မနက်စာစားပြီးတာနဲ့ ကိုယ့်အခန်းကိုယ်ပြန်ပြေးဖို့ ကြိုးစားပေမဲ့ ကျွန်မက သူ့အင်္ကျီလက်ကို ဖမ်းဆွဲထားလိုက်တယ်။

“ရှင်ဒီအတိုင်းထွက်ပြေးလို့ရမယ်ထင်နေလား။ နေ့နဲ့ညနဲ့လွဲနေတာကို ပြင်ပေးဖို့အချိန်တန်ပြီထင်တာပဲ။ ဒီမယ် ကိုယ်လူချော၊ ကျွန်မမှာဝတ်စရာ အဝတ်အစား မရှိတော့ဘူး။ ဒီတော့ စျေးဝယ်ထွက်ဖို့ ရှင်လဲလိုက်ခဲ့ရမယ်။”

“ငါက အလုပ်ရှင်လား၊ နင်က အလုပ်ရှင်လား။” နက်ဆန်က အထွန့်တက်လိုက်ပေမဲ့ ကျွန်မအတင်းဆွဲခေါ်တဲ့နောက် လိုက်ပါလာတယ်။ ဆိုင်ထဲကမထွက်ခင် အာရှတိုက်သားခရီးသွားတချို့က ကျွန်မတို့ကိုကြည့်ပြီး သူတို့အချင်းချင်းတီးတိုးပြောနေတာ ကြားလိုက်ရသေးတယ်။

“ချစ်စရာကောင်းတဲ့ စုံတွဲလေးပဲနော်။” တဲ့။ ကျွန်မလည်း ဘာပြောရမှန်းမသိတော့ဘူး။

...

နေ့လယ် ဆယ့်နှစ်နာရီထိုးတော့ ကျွန်မတို့နှစ်ယောက် လက်ထဲမှာ အထုပ်အပိုးတွေအပြည့်နဲ့ ဖြစ်နေပါပြီ။ အများစုက အဝတ်အစားတွေ။ ဟိုဟိုဒီဒီ မလိုအပ်တာ တချို့လည်း ဝယ်လိုက်မိသေးတယ်။ တစ်လမ်းလုံး ကျွန်မအလုပ်ရှင်က အထုပ်တွေသယ်လာရတာဖြစ်ပြီး ကမ်းခြေဘေးမှာ ကားရပ်ပြီးရောင်းနေတဲ့ ရေခဲမုန့်သည်ကို မတွေ့ခင်အထိ သူ့ကို နားခွင့်မပေးခဲ့ဘူး။

“ဗင်နီလာအရသာ နှစ်ခွက်ပေးပါ။” ကျွန်မ ရေခဲမုန့်မှာနေတုန်း နက်ဆန်ကတော့ ကမ်းခြေပတ် လမ်းမဘေးက ခုံတန်းမှာ ခြေပစ်လက်ပစ်ထိုင်ပြီး ကောင်းကင်ကြီးကို ဒီအတိုင်းမော့ကြည့်နေတယ်။

“မော်လီ... ငါမောလည်းမောတယ်... ရေလည်းဆာနေပြီ။” ဟော၊ မော်လီကိုတောင် တိုင်ပြောနေလိုက်သေးတယ်။ တကယ့်ကို အမြင်ကပ်စရာ ကောင်းတဲ့ကောင်။

ဒါပေမဲ့ ကျွန်မလည်း သူ့ကိုသနားတာနဲ့ ရေခဲမုန့်ခွက်တစ်ခွက်ကို သူ့ဆီကမ်းပေးလိုက်ပြီး သူ့ဘေးမှာ အတူထိုင်စားတယ်။ သူကတော့

“ဘာလို့ဗင်နီလာလဲ...”လို့မေးပါတယ်။ ကျွန်မကလည်း

“တခြားအရသာတွေထက်စာရင် ဆိုးဆေးပါနိုင်ခြေ နည်းလို့လေ။”လို့ ပြန်ဖြေလိုက်တယ်။ နောက်တော့ နှစ်ယောက်လုံး တိတ်တဆိတ်နဲ့ ကမ်းခြေရှုခင်းတွေကိုပဲ ကြည့်နေဖြစ်ခဲ့တယ်။ ရန်သူတွေ နောက်ကလိုက်လာတဲ့ ကိစ္စကိုတောင် ကျွန်မ ခပ်မေ့မေ့ပဲ။ ရုတ်တရက် နက်ဆန် ထိုင်နေရာကနေ ထမရပ်ခင်အထိပေါ့။

“ဘာဖြစ်တာလဲ။” ကျွန်မတို့ရှိနေတဲ့နေရာကို ဆိုင်ကယ်စီးလူမိုက်ဆန်ဆန် လူတစ်စုက ဝိုင်းထားတဲ့ အတွက်ကြောင့် ကျွန်မထိတ်လန့်သွားတယ်။ နက်ဆန်က တိုက်ခိုက်ဖို့အသင့်ပြင်ထားပေမဲ့ သာမန်လူတွေ အများကြီး ရှိနေတဲ့အတွက်ကြောင့် အရင်စမတိုက်သေးဘူး။ တစ်ဖက်ကလည်း ကျွန်မတို့ကို ဝိုင်းရုံပဲ ဝိုင်းထားတာဖြစ်ပြီး အရင်လာမတိုက်ပါဘူး။ အဲဒီအစား အနီရောင်ကာဝါဆာကီတံဆိပ် ဆိုင်ကယ် တစ်စင်း ထိုးရပ်လာတဲ့အထိ သူတို့စောင့်နေကြတယ်။ ဆိုင်ကယ်ပေါ်ကလူရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ကြည့်ရုံနဲ့တင် မိန်းကလေးမှန်းသိနိုင်ပါတယ်။ အဲဒီမိန်းကလေးက ဆိုင်ကယ်စီးဦးထုပ်ကို လက်နှစ်ဖက်နဲ့ ကိုင်ချွတ်လိုက်ပြီးတဲ့နောက် ရွှေရောင်မှာ အနီရောင်အနားသပ်ပါတဲ့ဆံပင်တွေ ဖွားခနဲကျလာတာ မြင်လိုက်ရတယ်။

“ရိုစယ်လီယာလား....” အခုရိုစယ်လီယာက ကျွန်မ အရင်ကမြင်ခဲ့တဲ့ တက်ကြွတဲ့ မိန်းကလေးနဲ့မတူတော့ဘူး။ အဲဒီအစား သူ့မျက်လုံးတွေက အမုန်းတရားတွေနဲ့ ပြည့်နှက်နေတယ်။

“ရှင်တို့ ရိုမြူလက်ချက်ကျောင်းပိုက်နက်ထဲ ဝင်သွားတိုင်း ကျွန်မတို့ လိုက်မလာရဲဘူး ထင်နေတာလား။ ဒီနေ့ သူတို့ရဲ့ရဟန်းမင်းကိုယ်တိုင် ထွက်လာပြီးတားရင်တောင် ရှင့်ကိုရအောင်သတ်မယ်။”

ခါတိုင်းလိုပဲ ကျွန်မက သူတို့ပြောတာတွေ ဘာမှနားမလည်။ မော်လီကတော့ ထုံးစံအတိုင်း ထောက်ပြပေးရှာပါတယ်။

“နိစ့်မြို့ကို ဟိုးအရင်တုန်းက သစ်တောကျောင်းတော် ဆိုတဲ့ ဆေတာနတ်ဘုရားပန်ကို ကိုးကွယ်တဲ့ဂိုဏ်းက ပိုင်တာ။ ဒါပေမဲ့ အဲဒီဂိုဏ်းက ပြီးခဲ့တဲ့ ရာစုနှစ်အနည်းငယ် ကတည်းက ပျက်စီးသွားနှင့်ပြီ။ နောက်ပိုင်းတော့ ရိုမြူလက်ချက်ကျောင်းက သူတို့ရဲ့ပြင်သစ်ပြည်ဌာနခွဲအဖြစ်သုံးတယ်။”

ပြောရရင် ကျွန်မတို့နှစ်ဖွဲ့လုံးက တတိယအင်အားစု တစ်ခုရဲ့နယ်မြေထဲကိုရောက်နေကြတာ။ ရိုမြူလက် ချက်ကျောင်းအပေါ် ကျွန်မရဲ့အမြင်ကို ပြောရမယ် ဆိုရင်တော့ သိပ်မကောင်းဘူးဆိုရမှာပဲ။ သူတို့က ဟစ်ပီလို သဘာဝလွန်သတ္တဝါတွေကို ညှာတာမှုမရှိ သတ်ဖြတ်နေတာလေ။ ပြီးတော့ ဆောင့်ကြွား ဆောင့်ကြွားက နိုင်သေးတယ်။ ဟိုတဲရော့ကတ်ကောင်ကို တွေးကြည့်ရုံနဲ့တင် အန်ချင်လာရော။

“ဒီနေရာက လူများတယ်၊ တခြားနေရာ သွားရအောင်။” နက်ဆန်က သူတို့ကို အကြံပေးလိုက်တယ်။ သူတို့ လက်မခံလောက်ဘူးထင်ခဲ့ပေမဲ့ ရိုစယ်လီယာက ခေါင်းညိတ်လိုက်တယ်။

“ကောင်းပြီလေ။”

အဲဒီနောက်တော့ သူတို့တွေက ကျွန်မတို့တွေကို မြို့ရဲ့မြောက်ပိုင်းဆီ ခေါ်သွားတယ်။ နိစ့်မြို့ရဲ့ မြောက်ပိုင်းကိုရောက်တာနဲ့အမျှ ကမ်းခြေနဲ့လူနေအိမ်တွေ နောက်မှာကျန်နေခဲ့ပြီး ဘေးပတ်ဝန်းကျင်က သစ်တောဟာ ပိုပြီးထူထပ်လာတယ်။ သစ်တောစပ်နံဘေးက ကားသွားကားလာရှင်းနဲ့လမ်းမကြီးဘေးကို ရောက်ချိန်မှာတော့ ဆိုင်ကယ်ဂိုဏ်းက ရပ်လိုက်တယ်။

“ဒီလမ်းဟောင်းကို လူတွေမသုံးတာကြာပြီ။ တစ်နေကုန်နေလို့ ကားတစ်စီးတောင်သွားတာမဟုတ်ဘူး။ ဒီနေရာက တိုက်ပွဲနေရာကောင်းလို့မထင်ဘူးလား ညသခင်လေး။”

ရိုစယ်လီယာက ညသခင်လေးဆိုတဲ့စကားကို ဖိပြောတယ်။ ကျွန်မလည်း စိုးရိမ်လာမိတယ်။ အခုက နေ့လယ်ခေါင်ဖြစ်လို့ နက်ဆန်က သူ့လက်အောက်ခံတွေကို သုံးလို့မရဘူး။ သူကိုယ်တိုင်လည်း အားနည်းနေတယ်။

“အခုက နေ့ခင်းဘက်ပဲ။ သူ့စွမ်းအားတွေမရှိဘူး။ တိုက်ပွဲကိုမရှည်စေဘဲ မြန်မြန်ပွဲဖြတ်ကြ။”

“ဟုတ်...” ရိုစယ်လီယာက အမိန့်ပေးလိုက်တယ်။ လူမိုက်တွေက လက်နက်မျိုးစုံကိုကိုင်ပြီး ပြေးတက် လာကြတယ်။ အများစုက သာမန်လက်နက်တွေဖြစ်တဲ့ ဘေ့စ်ဘောရိုက်တံတို့ ဓားရှည်တို့ဖြစ်ပေမဲ့ တချို့က မှော်လက်နက်တွေသယ်လာတယ်။ အသုံးများတဲ့ မှော်လက်နက်က ကျိုင်းတုတ်လိုအရာမျိုး။ ကျိုင်းတုတ်ရဲ့ထိပ်မှာ ထိုင်ခုံပေါ် အိုးလေးတင်ထားသလို အမှတ်အသားပါပြီး သူတို့ဂါထာရွတ်ဆိုလိုက်တဲ့အခါ မီးတောက်တချို့ထွက်လာတယ်။

နက်ဆန်ကတော့ လက်အောက်ခံတွေကို မသုံးနိုင်ပေမဲ့ လက်သီးနှစ်ဖက်ကိုဆုပ်လိုက်ပြီး အလျင်အမြန်ပဲ လှုပ်ရှားတယ်။ သူက ပထမဆုံးဝင်လာတဲ့ တစ်ယောက်ရဲ့ဓားချက်ကို ရှောင်လိုက်ပြီး ဝမ်းဗိုက်ကို လက်သီးနဲ့ထိုးတယ်။ အဲဒီနောက် ပခုံးကနေဆွဲ ကိုင်ပေါက်ပြီး ထပ်ဝင်လာတဲ့တစ်ယောက်ကို ခြေနဲ့ကန်တယ်။

လက်နက်အပြည့်နဲ့ ရန်သူတစ်ဒါဇင်လောက်ကို တစ်ယောက်တည်း လက်နက်မဲ့ချတာ သာမန်ကျွမ်းကျင်မှုတစ်ခုမဟုတ်မှန်း သိနိုင်တယ်။ ဒါပေမဲ့ ဒီလူက တိုက်ပွဲအတွေ့အကြုံမြင့်မြင့်မားမား ရှိထားပြီးသား။ သဘာဝလွန်စွမ်းအားတွေမရှိရင်တောင် သာမန်လူတွေက သူ့ကိုနိုင်ဖို့မဖြစ်နိုင်ဘူး။

“အမှိုက်တွေပဲ... နောက်ဆုတ်ကြ။” ရိုစယ်လီယာက စိတ်မရှည်တော့ဘဲ သူ့လူတွေကို နောက်ဆုတ်ခိုင်းတယ်။ သူကိုယ်တိုင်ကတော့ ဆိုင်ကယ်ကြားညှပ်ထားတဲ့ ကျိုင်းတုတ်လက်နက်ကို ဆွဲထုတ်လိုက်ပြီး နက်ဆန်ရှေ့မှာ ရပ်လိုက်တယ်။

“နင်က ငါ့ရန်သူပဲ။ ဒီတော့ နင်နေ့ဘက် စွမ်းအားသုံးနိုင်တာ မသုံးနိုင်တာ။ တိုက်ပွဲက မျှတတာ မမျှတတာတွေ ငါစဥ်းစားမှာမဟုတ်ဘူး။ ဒီလက်နက်ကို သုံးလို့ ငါ့ကိုအပြစ်မတင်နဲ့။”

ရိုစယ်လီယာရဲ့လက်ထဲက ကျိုင်းတုတ်က မီးလျှံတွေနဲ့ တောက်ပလာတယ်။

“ဟစ်စတီယာရဲ့အစွယ်သွား...” နက်ဆန်က နှုတ်ခမ်းကို ဖိကိုက်လိုက်ရင်းပြောတယ်။ ကြည့်ရတာ အတော်အားကောင်းတဲ့ လက်နက်ဖြစ်ပုံပဲ။

“ဟုတ်တယ်... အဲလ်ဒါတွေသာ ကိုင်ခွင့်ရတဲ့လက်နက်။ အဲလ်ဒါတစ်ယောက်ဖြစ်တဲ့ ဗစ်စတာရဲ့ကလဲ့စားဆီမှာ အသတ်ခံရမှာဖြစ်လို့ သေထိုက်တယ်လို့ ယူဆလို့ရတယ် နက်ဆန်။”

အခြေအနေမကောင်းရင်း နက်ဆန်ကို ရရာနည်းနဲ့ ဝင်ကူဖို့ ကျွန်မစဥ်းစားမိပေမဲ့ ကိုယ်တော်ချောက ရိုစယ်လီယာကို ယှဥ်မတိုက်တော့ဘဲ နောက်ကိုလှည့်ကြည့်တယ်။ ကုန်လှောင်ရုံတစ်ခုကို မြင်တာနဲ့ လှည့်ပြေးတော့တာပဲ။

“ပြေးလို့ရမယ်ထင်နေလား။” ရိုစယ်လီယာက ကျိုင်းတုတ်နဲ့ နက်ဆန်ကိုချိန်လိုက်တယ်။ မီးတောက်တွေက ကျိုင်းတုတ်ကနေ အမြောက်ဆန်လို ပေါက်ကွဲထွက်လာပြီး နက်ဆန်ရှိရာကိုပြေးဝင်သွားတယ်။ ဒါပေမဲ့ နက်ဆန်က အလျင်အမြန်ရှောင်လိုက်ပြီး ကတ္တရာလမ်းမဟောင်းကိုသာ ထိမှန်သွားတယ်။ လမ်းကတော့ အရည်ပျော်နေပြီ။ ရိုစယ်လီယာလည်း နောက်ကနေ လိုက်သွားတယ်။ ကျွန်မလည်း ပြေးလိုက်ရတာပေါ့။ တိုက်ပွဲအခြေအနေကို သိရမှဖြစ်မယ်။

နက်ဆန်က ကုန်လှောင်ရုံတံခါးကို တွန်းဖွင့်ပြီး ပြေးဝင်တယ်။ ကုန်လှောင်ရုံထဲမှာက အလင်းရောင် မရှိဘဲ မှောင်နေတယ်။ ရိုစယ်လီယာက နက်ဆန် ဘာကြံနေလဲ သိဟန်နဲ့ တံခါးရှေ့မှာရပ်လိုက်ပြီး လိုက်မဝင်ဘူး။

“ကလေးကွက်နဲ့များ...” အဲဒီအစား သူက ကုန်လှောင်ရုံကို မီးတိုက်ပစ်ဖို့ကြံတယ်။ ပြဿနာက နက်ဆန်ကလည်း ကြိုတွေးမိပြီးသား...

“နောက်ကျသွားပြီ...” မော်လီရဲ့အေးစက်စက် အသံ ထွက်လာပြီး သံကြိုးတပ်တံစဥ်က ရိုစယ်လီယာကို ရစ်ပတ်ကာ အမှောင်ထုထဲဆွဲသွင်းလိုက်တယ်။ နောက်မှ ကျွန်မမြင်လိုက်ရတာက ကုန်လှောင်ရုံထဲက အမှောင်ထု တစ်ခုလုံးဟာ ပုံမှန်မဟုတ်ဘဲ ပိန်းပိန်းပိတ်နက်မှောင်နေတယ် ဆိုတာပါပဲ။ ဟစ်စတီယာရဲ့အစွယ်သွားက မီးတောက်ကတောင် အလင်းမပေးနိုင်ဘူး။ ဒါကို ကျွန်မမြင်ဖူးတယ်။ နက်ဆန်ရဲ့နတ်ဘုရားပုံစံပဲ။

“နင်တစ်ယောက်တည်း အဲဒါကိုသုံးနိုင်တယ် ထင်နေတာလား။”

ရိုစယ်လီယာကလည်း အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးကနေ မီးတောက်တွေစတင် တောက်လောင်ကာ ဆယ့်နှစ်ပေလောက်မြင့်တဲ့ မီးနတ်သမီးရဲ့ပုံရိပ်ကြီးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်တယ်။ ဒါက ရိုစယ်လီယာရဲ့နတ်ဘုရားပုံစံပေါ့။

ဒါပေမဲ့ နတ်ဘုရားပုံစံကို ထုတ်သုံးပြီးတာတောင်မှ ရိုစယ်လီယာက နက်ဆန်ရဲ့အမှောင်ထုကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။

“မင်းရဲ့ခွန်အားက အစစ်အမှန်အယ်ဒါတစ်ယောက်ရဲ့ သုံးပုံပုံ တစ်ပုံတောင်မရှိသေးဘူး။ အဲဒီအန္တရာယ်များတဲ့ လက်နက်ကို ငါသိမ်းထားလိုက်မယ်။”

နက်ဆန်က ကျိုင်းတုတ်ကို ယူဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူမလုပ်နိုင်သေးခင်မှာပဲ ကောင်းကင်ကနေ အဖြူရောင် လှံတစ်စင်းကျဆင်းလာပြီး သိုလှောင်ရုံ ခေါင်မိုးကို ဖောက်ခွဲပစ်လိုက်တယ်။

“ရိုမြူလက်ချက်ကျောင်းရဲ့ပိုင်နက်အတွင်းမှာ တခြားလူတွေကို လှုပ်ရှားခွင့်ပေးထားလို့လားကွ။”

အသက်ငယ်ငယ် ကောင်လေးတစ်ယောက်ရဲ့မောက်မာတဲ့ စကားသံကို ကျွန်မကြားလိုက်ရတယ်။

ခေါင်မိုးပွင့်သွားပြီ ဖြစ်တဲ့အတွက်ကြောင့် အမှောင်ထု အကာအကွယ်မရှိတော့တဲ့ နက်ဆန်ရဲ့နတ်ဘုရားခန္ဓာကိုယ်က ချက်ချင်းကျုံ့ဝင်သွားပြီး သူကိုယ်တိုင်လည်း ဒူးထောက်ကျသွားတယ်။ ပါးစပ်ထောင့်မှာတော့ သွေးတွေ။

ရိုစယ်လီယာလည်း အခြေအနေမကောင်းဘူး။ သူ့အရေပြားတွေ လောင်ကျွမ်းထားတယ်။ သူတို့လို နတ်တစ်ပိုင်းတွေ နတ်ဘုရားပုံစံထုတ်သုံးရင် ခုလိုဆိုးကျိုးမျိုးကို ခံစားရပုံပဲ။

သိုလှောင်ရုံထဲမှာ တတိယလူတစ်ယောက်လည်း ရှိနေပြီ။ လှံတံပေါ်မှာ ခြေဖျားထောက်ရပ်နေတဲ့ ကိုးနှစ်သားအရွယ်ကောင်လေးတစ်ယောက်ပါ။

ရိုစယ်လီယာကတော့ အဲဒီကောင်လေးကို ကြည့်လိုက်ပြီး... “သူတော်စင်စစ်သည် လေးယောက်ထဲက စိန့်နီကိုလက်ပဲ။” လို့ပြောလိုက်တယ်။

All Chapters