← Chapters

ရှေးဟောင်းသစ်ပင် (၄)

Vol. 1 Ch. 35

ရှေးဟောင်းသစ်ပင် (၄)

Vol. 1 Ch. 35

မော်လီခေါ်သွားတဲ့နေရာကိုရောက်တော့ ကျွန်မ ပါးစပ်ကိုတောင် မပိတ်နိုင်တော့ဘူး။ ဒီနေရာကို ကျွန်မ သေချာပေါက်သိတယ်။ ခန်းမကျယ်ကြီးသဖွယ် ထင်ရတဲ့ ဂူနေရာကျယ်ကြီးဖြစ်ပြီး အဆုံးသတ်မှာ ဆိတ်ခြေထောက်တွေနဲ့လူတစ်ယောက်ရဲ့စကျင် ရုပ်ထုကို မြင်နိုင်တယ်။ ခန်းမတစ်ခုလုံးကို သစ်နွယ်ပင်တွေက ဖုံးအုပ်ထားပြီးတော့ လေထုက စိုထိုင်းထိုင်းဖြစ်နေတယ်။

ကျောက်သားစားပွဲခုံ အများအပြားလည်း ဒီနေရာမှာရှိနေပြီးတော့ အိုဟောင်းနေတဲ့ အခမ်းအနားသုံး ပစ္စည်းမျိုးစုံကိုလည်း တွေ့နိုင်ပါတယ်။

“ဒီနေရာက...”

“သစ်တောကျောင်းတော်ရဲ့စုဝေးပွဲခန်းမ ဖြစ်ခဲ့တဲ့ပုံပဲ။” မော်လီက ပြောလိုက်တယ်။ ဒါပေမဲ့ ကျွန်မရဲ့အံ့ဩမှုတွေက ဒီနေရာမှာ အဆုံးသတ်မသွားခဲ့ဘူး။ အကြောင်းကတော့ ရုပ်ထုရဲ့နောက်မှာ ပုန်းနေတဲ့ တစ်စုံတစ်ယောက်ကို မြင်ခဲ့ရလို့ပါ။

“ထွက်လာခဲ့... သူတို့က ငါ့မိတ်ဆွေတွေပါ။” နက်ဆန်က ပြောလိုက်တော့ ရုပ်ထုနောက်ကနေ ကျူးနစ်ဂါဝန်ဖြူကို ဝတ်ဆင်ထားတဲ့ ဆယ့်လေးနှစ်လောက်ပဲ ရှိဦးမယ့် ကလေးမလေး ထွက်လာတယ်။ ပြီးတော့ သူ့ကို ကျွန်မ သေချာပေါက် ရင်းနှီးနေတယ်။

‘ဒီကလေးမလေးက ငါ့အိပ်မက်ထဲကပဲ။’ သဘာဝအတိုင်း အရိုင်းဆန်စွာ ပြန့်ကျဲကျနေတဲ့ သစ်ခေါက်ရောင်ဆံပင်တွေကို ကျွန်မ မှတ်မိနေသေးတယ်။ ဒါပေမဲ့ သူ့ရဲ့သစ်ခေါက်ရောင် ဆံပင်တွေက ထင်ထားတာထက် ရှည်နေပြီးတော့... ဟော အဆုံးမရှိဘူး။ အဲဒီဆံပင်တွေက ဂူထဲမှာရှိနေတဲ့ နွယ်တွေနဲ့ခွဲထုတ်လို့မရအောင်ကို ပူးတွဲနေတယ်။ နွယ်တွေကလည်း သူ့ဆံပင်တွေပဲ၊ သူ့ဆံပင်တွေကလည်း နွယ်တွေပဲလို့ပြောရမလား။ အဓိပ္ပါယ်ရှိရှိပြောရရင် သူကိုယ်တိုင်က ဂူထဲက သစ်ပင်တွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတာ။

“ဒီကောင်မလေးက....” ကျွန်မမေးလိုက်တော့ နက်ဆန်က ခေါင်းခါပြတယ်။

“ငါလည်းမသိဘူး... သူ့ကြည့်ရတာ ဘာမှသိပုံမပေါ်သလို စကားလည်းပြောနိုင်တဲ့ပုံမပေါ်ဘူး။ လူစိမ်းတွေကိုလည်း ကြောက်တတ်တဲ့ပုံပဲ။”

နက်ဆန်က ပြောလိုက်တယ်။ ကျွန်မက ကောင်မလေးကို သေချာကြည့်လိုက်ပေမဲ့ ကောင်မလေးက လန့်သွားဟန်နဲ့ နက်ဆန်ရဲ့နောက်မှာ ဝင်ပုန်းနေတယ်။ ရှက်တတ်တဲ့ ညီမငယ်လေးတစ်ယောက်က အစ်ကိုကို တအားတွယ်ကပ်နေသလိုဖြစ်နေလို့ ရုတ်တရက် ရိုက်ချင်မိသွားတယ်။

ရိုစယ်လီယာကတော့ လက်ကိုပိုက်လိုက်ပြီး “ ဒီနေရာမှာ ရှိနေပုံထောက်တော့ လူသားစင်စစ်မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက မိစ္ဆာသစ်ပင်ရဲ့တစ်စိတ်တစ်ပိုင်းများလား။”

ရိုစယ်လီယာက ကလေးမလေးနဲ့နွယ်တွေဖြစ်နေတဲ့ ဆံပင်တွေကို ကြည့်လိုက်ပြီးပြောတယ်။ အပြင်ဘက်က မိစ္ဆာသစ်ပင်ရဲ့လှုပ်ရှားသံတွေကို ကျွန်မကြားနေရပေမဲ့ မိစ္ဆာသစ်ပင်က ဒီဂူခန်းမထဲကို ဝင်မလာဘဲ အပြင်မှာပဲ ကျွန်မတို့ကို လျှောက်ရှာနေပုံပဲ။

မော်လီကတော့ “ဒါကလည်း ဖြစ်နိုင်ခြေတစ်ခုဆိုပေမဲ့ ငါသတိထားမိသလောက်တော့ အပြင်က အနက်ရောင် သစ်ပင်ကြီးက ဒီထဲကို ဝင်မလာဘူး။ ဒီကလေးမကို ကြောက်နေသလိုပဲ။”

ဒီတော့ နောက်ထပ် ဆန်းကြယ်မှုတစ်ခုပေါ့။ ကျွန်မ နားမလည်နိုင်တော့ဘူး။ ပြီးတော့ တစ်ညလုံး ပြေးလွှား နေခဲ့ရတာမလို့ သိပ်ကိုပင်ပန်းနေပြီ။ နက်ဆန်က ကျွန်မကို ခေါင်းညိတ်ပြလိုက်တယ်။

“ငါကတော့ ဒီနေရာကို စူးစမ်းလိုက်ဦးမယ်။ မင်းအိပ်ချင်ရင် အိပ်တော့လေ။”

...

နောက်တစ်ကြိမ်အိပ်ပျော်တော့လည်း ထူးဆန်းတဲ့ အိပ်မက်ကို မက်ပြန်ပြီ။ ဒီတစ်ခါလည်း ဂူထဲမှာပဲ ဖြစ်ပေမဲ့ ခန်းမထဲမှာ လူတွေမရှိတော့ဘူး။ ခန္ဓာကိုယ်က ဟိုကောင်မလေးအတိုင်းပဲ။ လှုပ်ရှားကြည့်ဖို့ ကြိုးစားပေမဲ့ လှုပ်ရှားလို့မရဘူး။ ခန္ဓာကိုယ်ကို ငုံကြည့်တော့ ကျွန်မရဲ့ခြေတွေလက်တွေကို နွယ်ကြိုးတွေနဲ့ချည်ထားတယ်။ နွယ်ကြိုးရဲ့ဆူးတွေက ကျွန်မခန္ဓာကိုယ်ထဲကို နစ်ဝင်နေပြီး စူးရှတဲ့နာကျင်မှုကို ခံစားနေရတယ်။ တဖြည်းဖြည်းနဲ့အဲဒီနာကျင်မှုက အသွေးထဲအသားထဲစိမ့်ဝင်လာပြီး အရိုးထဲအထိ ရောက်လာသလိုပဲ။ တစ်စုံတစ်ခုက အရေပြားအောက်ကို ထိုးဖောက်ဝင်နေသလိုမျိုး။

ဂူအမိုးက အပေါက်ကနေတစ်ဆင့် ကောင်းကင်ကြီးကို မြင်နေရပြီး နေ့နဲ့ညပြောင်းလဲသွားတာကို ခံစားမိတယ်။ နွယ်တွေက ပိုကြီးထွားလာတယ်။ အချိန်ကြာလာတာနဲ့အမျှ အချိန်စီးဆင်းမှုကို စတင်ပြီးမေ့လျော့လာတယ်။ ဒဏ်ရာတွေက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပြီး နောက်ဆုံးမှာ သွေးမထွက်တော့ဘူး။ အဲဒီအစားရောင်ကိုင်းနေပြီး ပြည်တည်နာတွေအဖြစ်ကို ပြောင်းလဲသွားတယ်။ အင်မတန် နာကျင်ခိုက်ခဲမှုကို ခံစားနေရပေမဲ့ ကျွန်မ အသက်ရှင်နေဆဲပဲ။ ဆာလောင်ငတ်မှုကို ခံစားနေရပေမဲ့ လူက မလှုပ်ရှားနိုင်သလို အော်ဟစ်အကူအညီတောင်းနိုင်စွမ်းလည်း ရှိမနေပြန်ဘူး။

နောက်တော့ တဖြည်းဖြည်းနဲ့အတွေးတွေက ဝေဝါးလာပြီး ရောက်တတ်ရာရာအကြောင်းတွေကို စတွေးလာတယ်။

“ဒီစတေးမှုက မျိုးနွယ်စုရဲ့ကောင်းကျိုးအတွက်ပဲ။ ငါ့လို အအမ ဒီအရွယ်ထိစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ရမယ်။”

“ဗိုက်ဆာလိုက်တာ... ငါ့ကိုဒီနေရာမှာ ပစ်ထားခဲ့တဲ့ သူတွေကို မုန်းတယ်။”

“အမေပြောတာတော့ ပန်သာ ပြန်ပြီးနေကောင်းလာခဲ့ရင် သီးနှံတွေဖွံဖြိုးလာပြီး တစ်ရွာလုံး ချမ်းချမ်းသာသာနေရမှာတဲ့။ အရင်လို ဆာဆာလောင်လောင်နဲ့ အလုပ်လုပ်နေစရာ မလိုတော့ဘူး။”

“ဗိုက်ဆာလိုက်တာ ငါ့ကိုဒီနေရာမှာ ထားခဲ့တဲ့သူတွေကို လုံးဝမကျေနပ်ဘူး။ ဘာလို့စတေးခံက ငါမဟုတ်ဘဲ တခြားတစ်ယောက်မဖြစ်ခဲ့တာလဲ။”

“ငါသေပြီးတဲ့နောက် အရာအားလုံးအဆင်ပြေသွားရင် အမေနဲ့ညီမလေးတွေ ပျော်ရွှင်နိုင်မှာ...”

“အမေကရော ဘာဖြစ်လို့ ဒီကိစ္စကိုခွင့်ပြုခဲ့တာလဲ။ အနည်းဆုံးတော့ ငါ့ကိုအသက်ရှင်ခွင့်ပေးဖို့ တောင်းပန်သင့်တယ်မဟုတ်လား။”

“မုန်းတယ်... မုန်းတယ်... ပိုကောင်းတဲ့အရာတွေအတွက် စတေးခံရမယ်... ဒီလူတွေအားလုံးကိုမုန်းတယ်.... ပိုကောင်းတဲ့အရာတွေအတွက်... စတေးခံ... မုန်းတယ်... မှောင်လွန်းတယ်... ငါဒီမှာရှိနေမှဖြစ်မယ်... အထီးကျန်လိုက်တာ.... ငါမလုပ်ရင် ငါ့ညီမလေးတွေကို သူတို့စတေးလိမ့်မယ်... ငါလည်းစတေးခံမဖြစ်ချင်ဘူးလေ... ပန်သာနေကောင်းလာရင်... ဘာလို့ငါက သူ့အတွက် သေပေးရမှာလဲ။”

တဖြည်းဖြည်းနဲ့မိန်းကလေးရဲ့စိတ်တွေက နှစ်ခွဖြစ်လာတယ်။ အသိစိတ်ပျောက်ခါနီး အချိန်မှာတော့ လုံးဝကို နှစ်ပိုင်းကွဲထွက်သွားတော့တယ်။

...

“နားလည်ပြီလို့ ထင်တာပဲ။”

ကျွန်မနိုးလာတော့ ဂူအမိုးအပေါက်က ကျဆင်းနေတဲ့ နေရောင်က ပါးပြင်ကို လာထိုးနေပြီ။ အရင်ဆုံး မြင်လိုက်ရတဲ့မြင်ကွင်းက နက်ဆန်တစ်ယောက် သူ့ကိုမှီပြီးအိပ်နေတဲ့ ကောင်မလေးရဲ့ဆံနွယ်တွေကို ထိကြည့်ပြီး တစ်စုံတစ်ခုကို ရေရွတ်နေတာပါ။

ကလေးမလေးကို အသားယူနေတယ်လို့ထင်ပြီး ထရိုက်ချင်လာပေမဲ့ သူက ကျွန်မနိုးလာတာမြင်ပြီး ကျွန်မဘက်ကိုကြည့်လိုက်တော့ ဒေါသကို ပြန်မျိုသိပ်ထားလိုက်ရတယ်။ ဒီအမှောင်နတ်မင်းကို ကျွန်မက ဘယ်လိုလုပ်ရိုက်နိုင်မှာပဲ။ ရိုစယ်လီယာလည်း နိုးနေပြီး အိပ်ပြီးတာလား မအိပ်ရသေးတာလားတော့ မသိပါဘူး။

“ဒီတော့ အမှောင်ကျောင်းတော်ရဲ့မင်းသားက ဘယ်လိုအကြောင်းအရာကိုများ ရွှေဉာဏ်တော် စူးရောက်သွားတာပါလဲ။”

ရိုစယ်လီယာက ခနဲ့တဲ့တဲ့လေသံနဲ့ မေးလိုက်တယ်။ နက်ဆန်ကတော့

“ဒီသစ်ပင်ရဲ့မျိုးက အက်ခလိပီးယာ့ခ်ရဲ့သစ်ပင်ပဲ။”

ကျွန်မ အဲဒီနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးတယ်။ တကယ်တော့ ဆေးလောကက ဆရာဝန်တွေနဲ့သူနာပြုတွေ အားလုံးသိကြတဲ့ လူတစ်ယောက်ရဲ့နာမည်ပါ။ သူ့အကြောင်းဒဏ္ဍာရီတွေကိုလည်း ကျွန်မကြားဖူးတယ်။

“ဆရာဝန်တွေသစ္စာဆိုတဲ့အခါ တိုင်တည်တဲ့နတ်ဘုရား တစ်ပါးရဲ့နာမည်ပါလား။” ကျွန်မ လျှာဝင်ရှည်လိုက်တယ်။ ရိုစယ်လီယာကတော့ ထုံးစံအတိုင်း လက်ပိုက်ပြီး ကျွန်မကိုပြောတယ်။

“ကြည့်ရတာ ဘာမှအသုံးမဝင်တဲ့ အမှိုက်ထုပ်မကလည်း သိတဲ့ကိစ္စလေးနည်းနည်းပါးပါး ရှိသေးတယ်ပေါ့။”

“ဟစ်ပိုကရေးတစ်သစ္စာစကားကိုတော့ ကျွန်မသေချာပေါက်သိတာပေါ့။ ဆေးလောကကလူတိုင်း သစ္စာဆိုကြတာပဲဥစ္စာ။ ဆေးနတ်ဘုရားဆေးနတ်ဘုရားအပိုလိုနှင့်နတ်ဆေးအက်ခိလိပီးယာ့ခ်တို့အပါအဝင် နတ်ဘုရားအပေါင်း၊ သမားဟူးရားအပေါင်းတို့ကို သက်သေထား၍ ကျွန်ုပ်သည် ဤအဓိဋ္ဌာန်ပြု ကတိသစ္စာကို ရွတ်ဆိုသစ္စာပြုပါအံ့

၁။ ကျွန်ုပ်သည် လူသားအားလုံးတို့၏ ကိုယ်၏ ကျန်းမာရေး၊ စိတ်၏ချမ်းသာရေးကို ကျွန်ုပ်၏ အရေးကဲ့သို့ ယူဆပါအံ့။

၂။ ကျွန်ုပ်သည် ဆေးပညာသင်ကြားပေးသော ဆရာသမားများအား မိဘသဖွယ်ရိုသေ လေးစားပါအံ့။

၃။ ကျွန်ုပ်သည် လုပ်ဖော်ကိုင်ဖက်ဆေးပညာရှင်များကို ညီရင်းအစ်ကိုမောင်ရင်းနှမကဲ့သို့ လေးစားစွာ ဆက်ဆံပါအံ့။

၄။ ကျွန်ုပ်သည် သမားကောင်းတစ်ဦး၏ ကိုယ်ကျင့်တရားနှင့် မွန်မြတ်သည့် ဂုဏ်သိက္ခါ အစဉ်အလာကို ထိန်းသိမ်းပါအံ့။

၅။ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက်ထားသောဆေးပညာဖြင့် ဂီလာနပုဂ္ဂိုလ်များ၏ ကျန်းမာရေးကို စေတနာမေတ္တာရှေ့ထား၍ လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပါအံ့။

၆။ ကျွန်ုပ်သည် ဂီလာနပုဂ္ဂိုလ်တို့အား ကုသစဉ် တွေ့မြင်ကြားသိရသည့် လျို့ဝှက်အပ်သော အတွင်းရေးကိစ္စများကို ဖွင့်ဆိုအပ်သည်တို့မှ လွဲ၍ မည်သည့်အခါတွင်မဆို ဖွင့်ဟခြင်းမှ ရှောင်ကြဉ်ပါအံ့။

၇။ ကျွန်ုပ်သည် လူသားတို့အား ဘေးဥပဒ် ဖြစ်စေမည့်ဆေး၊ သေစေတတ်သည့် ဆေးများကို ကိုယ်တိုင်ပေးခြင်းမှ သော်လည်းကောင်း၊ သူတစ်ပါးအား ပေးစေခြင်းမှ သော်လည်းကောင်း အခါခပ်သိမ်း ရှောင်ကြဉ်ပါအံ့။

၈။ ကျွန်ုပ်သည် တရားမဝင်သော ကုသခြင်းတို့မှ အမြဲတစေ ရှောင်ကြဉ်ပါအံ့။

၉။ ကျွန်ုပ်သည် ဆည်းပူးတတ်မြောက် ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့။”

သမိုင်းကြောင်းကိုပြောရရင်တော့ ဒီဟစ်ပိုကရေးတစ် သစ္စာရဲ့သမိုင်းက ဘီစီလေးရာလောက်ကတည်းက စတာ။ မူလဗားရှင်းတွေမှာ နတ်ဘုရားတွေကိုတိုင်တည်တာ ပါတယ်ဆိုပေမဲ့ အော်သိုဒေါက် ခရစ်ယာန်ဘာသာကိုကိုးကွယ်တဲ့ ဘေဇန်တိုင်း အရှေ့ရောမတွေရဲ့၁၂ရာစု စာမူတွေမှာတော့ နတ်ဘုရားတွေရဲ့နာမည်ကို ဖြုတ်ထားခဲ့ပြီ။ ယနေ့ခေတ်သစ္စာဆိုစကားကလည်း အများကြီးပိုရိုးရှင်းသွားပြီး ဆေးရုံအများစုမှာက သမားဟူးရားအပေါင်းတို့ကိုပဲ တိုင်တည်တော့တာ။ ဒါပေမဲ့ နဂိုကတော့ အဲဒီနတ်ဘုရားနှစ်ပါးရဲ့နာမည်အပြင် ဟိုက်ဂျင်းနဲ့ပန်နာဆီယာဆိုတဲ့ နတ်ဘုရားမနှစ်ပါးပါ ပါသေးတယ်။ ကံကောင်းစွာနဲ့ ဖွန်တီနာဆေးရုံက သစ္စာစကားအဟောင်းကို သုံးနေဆဲပဲ။

“ဒါဆိုရင် နင်ပြောတဲ့ အဲဒီနတ်ဘုရားတွေအကြောင်းကိုရော သေချာသိရဲ့လား။”

ရိုစယ်လီယာက ထပ်မေးလိုက်တော့ ကျွန်မ ခေါင်းကုပ်လိုက်တယ်။ ကြားဖူးနားဝရှိပေမဲ့ သေချာကြီးတော့ သိတာမဟုတ်။

“အက်ခလိပီးယာ့ခ်က လူသေတွေကို အသက်သွင်းနိုင်တဲ့အထိ ဆေးစွမ်းထက်လွန်းလို့ ဇုစ်နတ်မင်းကြီးက မိုးကြိုးပစ်ချပြီး အပြစ်ပေးခဲ့တာ မဟုတ်လား။ ဒါပေမဲ့ ဖခင်ဖြစ်သူ အပိုလိုနတ်ဘုရားက တောင်းပန်လို့ ဆေးနတ်ဘုရားအဖြစ် ပြန်ရှင်သန်ခွင့် ရခဲ့တာလေ။”

ဒါကတော့ ကျွန်မသိသလောက်ပဲ။ ရိုစယ်လီယာကတော့ ခေါင်းညိတ်လိုက်ပြီး ထပ်ဆင့်မေးခွန်းကို ထပ်မေးပြန်ပါတယ်။

“ဒါဆိုရင် သူလူသေတွေကို ဘယ်လိုအသက်သွင်းလဲရော နင်သိလား။”

ကျွန်မ ခေါင်းခါပြလိုက်တယ်။ ဂရိဒဏ္ဍာရီတွေကို ကျွန်မဘယ်တုန်းကမှ သေချာမဖတ်ရှုခဲ့ဖူးဘူး။ ရိုစယ်လီယာကတော့ သူ့အလှည့်ရောက်လာပြီ ဆိုတဲ့လေသံနဲ့ လည်ချောင်းရှင်းရင်း...

“အက်ခလိပီးယာ့ခ်က လူသေတွေကို ပြန်ရှင်စေဖို့ သက်စောင့်နတ်ဆေးကိုအသုံးပြုတယ်။ အဲဒီဆေးရဲ့ပါဝင်ပစ္စည်းတစ်မျိုးက အက်သီနားက သူ့ကိုပေးခဲ့တဲ့ ဂေါ်ရွန်ရဲ့ညာဘက်သွေးပဲ။ ဒါပေမဲ့ တခြားအမယ်တစ်ခုလည်းပါသေးတယ်။ အဲဒါက ဟေးဒီစ်ဆီကနေ သူခိုးလာတဲ့ သစ်နွယ်ပင်။”

“မြေအောက်သစ်နွယ်ပင်....”

“ဇုစ်က အက်ခလိပီးယာ့ခ်ကို အပြစ်ပေးတာ လူသေတွေကို အသက်သွင်းရုံတစ်ခုတည်းအတွက် မဟုတ်ဘူး။ ဟေးဒီစ်ဆီကနေ ပြဿနာဖြစ်စေနိုင်တဲ့ ပစ္စည်းတချို့ကို အလစ်သုတ်ခဲ့လို့ပဲ။ အဲဒီထဲက တစ်ခုကတော့ စတစ်မြစ်နားမှာပေါက်နေတဲ့ မြေအောက်သစ်နွယ်ပင်ပေါ့။ လူသေတွေရဲ့ဝိညာဥ်ကို စုပ်ယူကြီးထွားတဲ့ သစ်ပင်လေ။ ဂေါ်ရွန်ရဲ့သွေးက လူသေရဲ့ရုပ်ခန္ဓာကို တည်ဆောက်ပြီးတော့ မြေအောက်နွယ်ပင်က ဝိညာဥ်ကိုခန္ဓာကိုယ်နဲ့ပြန်တွဲကပ်စေတယ်။ ဒီလိုနဲ့ သက်စောင့်နတ်ဆေးက အလုပ်လုပ်တာ။”

ရိုစယ်လီယာပြောတဲ့ အသေးစိတ်ဒဏ္ဍာရီကို ကျွန်မ ဘယ်တုန်းကမှ မကြားဖူးဘူး။ ကျွန်မပဲ လေ့လာအား နည်းတာလား၊ မှော်ကျောင်းခြောက်ကျောင်းပဲ သိတဲ့ ကိစ္စလား။

“နင်လည်း သူ့ရဲ့ဆေးတောင်ဝှေးကို သိမှာပါ။ မြွေတစ်ကောင်ရစ်ထားတဲ့တောင်ဝှေးကြီးလေ။ ကဒူးစီးယပ်မဟုတ်ဘူး။ အဲဒီတောင်ဝှေးရဲ့သစ်သားက မြေအောက်သစ်နွယ်ပင်ပဲ။ ဒါကြောင့် ကိုယ့်အမြီးကိုယ် ပြန်မျိုတဲ့မြွေ အိုရိုဘိုရို့စ်ကို တောင်ဝှေးက ဆွဲဆောင်နိုင်တာ။”

ဒီကိစ္စက အခုရှေးဟောင်းသစ်ပင်ကြီးနဲ့ ဘယ်လိုဆက်စပ်နေလဲ ကျွန်မသေချာနားမလည်သေးပေမဲ့ ခပ်ရေးရေးတော့ သဘောပေါက်လာပြီ။ အထူးသဖြင့် အိပ်မက်ထဲက ကိစ္စတွေကြောင့်ပေါ့။

“စကားမစပ် ပန်က တကယ်နေမကောင်းဖြစ်နေတာလားဟင်။”

ကျွန်မက ခန်းမထဲက စကျင်ရုပ်ထုကြီးကို ကြည့်ရင်း မေးလိုက်တယ်။ ပန်က သစ်တောကျောင်းတော်ရဲ့ ကိုးကွယ်ရာနတ်ဘုရားဆိုတော့ ဒီကိစ္စတွေက ပန် နေမကောင်းတာနဲ့ ဆက်စပ်နေမလားပဲ။

“သူက နေမကောင်းတာ မဟုတ်ဘူး။ တကယ် သေသွားတာ။” နောက်ဆုံးတော့ တိတ်ဆိတ်နေခဲ့တဲ့ နက်ဆန်က ဝင်ပြောလိုက်တယ်။ သူ့ကိုမှီပြီးအိပ်နေတဲ့ ကလေးမလေးကလည်း နိုးလာပြီး သူ့ကိုကြည့်ပါတယ်။ ပန်ဆိုတဲ့ နာမည်ကြောင့်လားမသိ။

“ရောမဧကရာဇ် တိုက်ဘေးရီးယစ်လက်ထက်မှာ ပါရှီကျွန်းကိုသွားနေတဲ့ သင်္ဘောသားတစ်ယောက်က နတ်ဘုရားအချင်းချင်း ပြောနေတဲ့ စကားသံကိုကြားခဲ့ရတယ်တဲ့။ ‘တားမက်စ်၊ မင်း ပါလိုဒက်အရပ်ကိုရောက်ရင် ပန်သေပြီဆိုတဲ့ သတင်းကို လူတိုင်းသိအောင် ကြေညာမောင်းခတ်လိုက်ပါ။’တဲ့။”

“မဟုတ်မှလွဲရော...” ကျွန်မ ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာပြီး ပန်ရုပ်ထုကြီးကို ကြည့်လိုက်တယ်။ ပြီးတဲ့ နောက် ကလေးမလေးကို ကြည့်လိုက်တယ်။ အဲဒီနောက်မှာတော့ ကျွန်မအကြည့်က နက်ဆန့်အရိပ်ထဲက မော်လီဆီ ရောက်သွားတယ်။

“သက်စောင့်နတ်ဆေးက မြေအောက်ကမ္ဘာသစ်နွယ်နဲ့ ဖော်စပ်ရတဲ့အရာ။ အမှောင်ကျောင်းတော်ရဲ့မှော်ဂါထာတွေက လူသေတွေကို ဖုတ်ကောင်အဖြစ်ပြောင်းနိုင်တယ်။ ပန်က သေပြီ... သစ်တောကျောင်းက ပန်ကို ပြန်ပြီး အသက်သွင်းချင်ခဲ့တာလား...”

ကျွန်မအထင်သာမှန်ရင် ဒီကိစ္စက တကယ့်ကို ကြောက်ဖို့ကောင်းတဲ့အရာပဲ။ သေပြီးတဲ့ နတ်ဘုရားတစ်ပါးကို ပြန်အသက်သွင်းဖို့ ကြိုးစားတယ်။ ဘယ်လောက်တောင် ရူးသွပ်ဖို့ကောင်းတဲ့အကြံလဲ။ ရိုစယ်လီယာကတော့ လေပူတွေမှုတ်ထုတ်လိုက်ပြီး

“အမှိုက်ထုပ်မပြောတာ ဖြစ်နိုင်တယ်လို့ ငါထင်တယ်။ သူတို့ရဲ့နောက်ဆုံးရာစုနှစ်တွေမှာ သစ်တောကျောင်းက ကျောင်းခုနစ်ကျောင်းထဲမှာ အားအနည်းဆုံးဖြစ်လာပြီး အဲလ်ဒါအဆင့်တစ်ယောက်မှ ထွက်မလာတော့ဘူး။ နောက်ဆုံးနတ်ဘုရားကောင်းချီးပေးခံရတဲ့ နတ်တစ်ပိုင်းလည်း ဘာဖြစ်သွားမှန်းသိရတာမဟုတ်ဘူး။”

“အဲဒီနတ်တစ်ပိုင်းက ဒီမိန်းကလေးများဖြစ်နေမလား။ နတ်ဘုရားကိုအသက်သွင်းမယ့်ကိစ္စက ဆိုးဆိုးဝါးဝါး ကျဆုံးသွားတာ ဖြစ်နိုင်မလား။” ကျွန်မထပ်ပြီး အတွေးနယ်ချဲ့လိုက်တယ်။

“မအောင်မြင်တာတော့ သေချာတယ်။ သစ်တောကျောင်းတော်က ခုခေတ်မှာမရှိတော့ဘူး။ ပြီးတော့ အမှောင်ကျောင်းရဲ့ မှော်ဂါထာတွေကို သူတို့မှာမရှိတဲ့ ဂေါ်ရွန်သွေးအစားသုံးဖို့ ကြိုးစားခဲ့ပုံပဲ။ အမှောင်မှော်ဂါထာတွေက ဘယ်လိုကပ်ဘေးမျိုးကို ယူဆောင်လာမလဲ မသိနိုင်တဲ့အရာမျိုးလေ။”

ရိုစယ်လီယာက နက်ဆန်ကို လမ်းလျှောက်နေတဲ့ ကပ်ဘေးကြီးလို ကြည့်လိုက်ရင်း စကားကို အဆုံးသတ်လိုက်တယ်။

All Chapters