← Chapters

ရေတွင်းပျက်ထဲက မိစ္ဆာသစ်ပင်

Vol. 1 Ch. 34

ရေတွင်းပျက်ထဲက မိစ္ဆာသစ်ပင်

Vol. 1 Ch. 34

အဲဒီညက ကျွန်မထူးဆန်းတဲ့အိပ်မက်တစ်ခုကို မက်ခဲ့တယ်။ တကယ့်ကို ထူးဆန်းတဲ့ အိပ်မက်တချို့။ ကျွန်မကို အမျိုးသမီးကြီးတချို့က အလှပြင်ပေးနေပြီး မှန်ထဲက ကျွန်မရုပ်ရည်ဟာ ကျွန်မမှတ်မိတဲ့ ရုပ်ရည် ဖြစ်မနေဘူး။ နူးညံ့ဖြောင့်စင်းတဲ့ သစ်ခေါက်ရောင် ဆံပင်တွေက ကျွန်မရဲ့ခါးအထိပြန့်ဆင်းကျနေပြီး အမျိုးသမီးကြီးတွေက သံလွင်ဆီနဲ့ လိမ်းကျံကာ ဖြီးသင်ပေးနေကြတယ်။

နောက်တော့ သူတို့တွေက ကျွန်မခေါင်းပေါ်မှာ သံလွင်ခတ်သရဖူကို စောင်းပေးခဲ့ပြီး တစ်နေရာဆီ ခေါ်သွားကြတယ်။ ဂူကြီးတစ်ခုထဲကို ဝင်ပြီးတဲ့နောက် စူးရှတဲ့အလင်းရောင်ကြောင့် ကျွန်မမျက်လုံးတွေ ကျိန်းသွားတယ်။ ဂူရဲ့အမိုးမှာ အပေါက်တစ်ခုရှိနေပြီး အဲဒီအပေါက်ကနေ နေအလင်းရောင်ဝင်နေတာ။ အဲဒီအလင်းရောင်ကနေတစ်ဆင့် ဂူထဲကို ရှင်းရှင်းလင်းလင်း မြင်နေရပြီးတော့ ဂူထဲမှာ လူတွေအများကြီးရှိနေတာ သတိထားမိလိုက်တယ်။

သူတို့တွေထဲကတချို့က ပုလွေမှုတ်နေကြပြီး တချို့က သိုးထိန်းတွေလိုဝတ်ဆင်ထားတယ်။ သူတို့အားလုံးက ပျော်ရွှင်နေကြပြီး ကျွန်မကိုမြင်တော့ နာမည်တစ်ခုကို စတင်အော်သစ်တယ်။

“ပန်... ပန်... ပန်...”

နောက်တော့ ကျွန်မကိုခေါ်လာတဲ့သူတွေက ရုပ်ထုတစ်ခု ရှေ့မှာ ရပ်လိုက်ကြပါတယ်။ ရုပ်ထုက ယောက်ျားကြီး တစ်ယောက်ရဲ့ရုပ်ထုဖြစ်ပြီး ခြေထောက်တွေကတော့ ဆိတ်တစ်ကောင်ရဲ့ခြေထောက်တွေလိုဖြစ်နေတယ်။ အဲဒီရုပ်ထုကြီးရှေ့မှာတော့ ယဇ်ပလ္လင်တစ်ခုရှိနေပြီး ကျွန်မကိုမိန်းမကြီးတွေက စတင်ချုပ်ကိုင်လိုက်ကြတယ်။ နောက်တော့ ကျွန်မ အမြင်အာရုံက အမှောင်ကျသွားပြီး အော်သံတစ်ခုကို စူးစူးရှရှ ကြားလိုက်ရတယ်။

....

“ဘာဖြစ်တာလဲ....” အော်သံက တကယ့်အော်သံမှန်း သတိပြုမိလာတဲ့အခါ ကျွန်မ မျက်လုံးကိုဖွင့်ပြီး ထထိုင် လိုက်ပါတယ်။ အပြင်ဘက်မှာ တစ်ခုခုရုန်းရင်းဆန်ခတ် ဖြစ်နေသလိုပဲ။ ကျွန်မလည်း ချက်ချထားတဲ့ တံခါးကို ဖွင့်လိုက်ပြီး အတွင်းကနေ အသာချောင်းကြည့်တယ်။

“ဘုရားရေ၊ ဘာတွေဖြစ်နေတာလဲ။”

ကျွန်မတကယ်ပဲ နားမလည်နိုင်တော့ဘူး။ အခန်းရဲ့ အပြင်ဘက် စင်္ကြန်လမ်းပေါ်မှာ သွေးစသွေးနတွေ ရှိနေပြီးတော့ ပြတင်းပေါက်က မှန်တစ်ချပ်လည်း ကွဲပြီး ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတယ်။

“ကယ်ကြပါ....” ငယ်ရွယ်တဲ့ သီလရှင်ဆရာမလေးတစ်ယောက်က စင်္ကြန်လမ်းပေါ်က ကော်ဇောကိုအတင်းဆွဲထားရင်း အော်ဟစ်နေတယ်။ သူ့ခါးကိုတော့ အစိမ်းရောင်ကြိုး... မဟုတ်ဘူး... နွယ်ပင်တစ်ပင်က ရစ်ပတ်ထားပြီး အတင်းဆွဲယူနေတယ်။

“ဘာကြီးလဲ... နွယ်ပင်က လှုပ်ရှားနေတာလား။ နွယ်ရှင်လား....”

ကျွန်မလည်း ခေါင်းထဲမှာမေးခွန်းမျိုးစုံ ပေါ်လာပေမဲ့ မကူညီလို့မဖြစ်တာကို သတိရတဲ့အတွက် အခန်းထဲကနေ ပြေးထွက်လာပြီး သီလရှင်ဆရာမလေးကို ကူဆွဲရတာပဲ။ ဒါပေမဲ့ ပြတင်းပေါက်အပြင်ဘက်ကနေ နောက်ထပ် နွယ်ပင်တစ်ပွင်ဝင်လာပြီး ကျွန်မရဲ့လက်မောင်းတွေကို ရစ်ပတ်လိုက်တယ်။

ရွှတ်....

ချက်ချင်းဆိုသလို ကျွန်မအရေပြားပေါက်ပြဲသွားတဲ့ ခံစားချက်ကို ခံစားလိုက်ရပြီး နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်တက်လာတယ်။ ကျွန်မကိုယ်ကနေ သွေးတွေစီးထွက်နေတာကို ခံစားရပေမဲ့ ကြမ်းပေါ်ကို သွေးတစ်စက်မှကျမလာဘူး။ အဲဒီအစား နွယ်လက်တံက ပိုကြီးပြီးပိုသန်မာလာတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ ခန္ဓာကိုယ်ထဲက အားအင်တွေ ပျောက်ဆုံးလာပြီးတော့ သတိမေ့တော့မယ်လို့ ခံစားရတဲ့အချိန်မှာမှ အလင်းတန်းတစ်ခု ကျွန်မဘေးကနေဖြတ်သွားပြီး နွယ်လက်တံကို ပိုင်းဖြတ်ပစ်လိုက်တယ်။

“ဆယ်ဗီ....” တစ်စုံတစ်ယောက်က ကျွန်မကို ပွေ့ဖက် ထားလိုက်တယ်။ ဒါပေမဲ့ ကျွန်မအသိစိတ်က ဝေဝါးနေလို့ ဘယ်သူမှန်းချက်ချင်း သတိမထားမိလိုက်ဘူး။

“မော်လီ... တစ္ဆေမီးအိမ်ကို ထုတ်လိုက်။” အပြာရောင် မီးရောင်က ကျွန်မမျက်နှာကို လာဟပ်မှပဲ သတိက ဖြည်းဖြည်းချင်းပြန်ဝင်လာတယ်။ ကျွန်မက အခု နက်ဆန်ရဲ့လက်မောင်းထဲမှာ ရှိနေတာပဲ။

“ဘာတွေဖြစ်နေတာလဲ...” ကျွန်မ မေးလိုက်တော့ သူက တီးတိုးပဲ ပြန်ဖြေလိုက်တယ်။

“ဒီသီလရှင်ကျောင်းထဲက လူတွေပျောက်နေတဲ့ တရားခံကို ရှာတွေ့ပြီနဲ့တူတယ်။”

ကျွန်မလက်ကနေ သွေးတွေထွက်နေတုန်းပဲ။ လက်မှာ အပေါက်တွေအများကြီးရှိနေပြီး သွေးတွေစိမ့်ထွက်နေတာ။ အစောပိုင်းက တိုက်ခိုက်ခံခဲ့ရတဲ့ သီလရှင်မိန်းကလေးကတော့ ကျွန်မထက် အခြေအနေဆိုးပြီး သတိလစ်သွားပြီ။

“သခင်၊ ကျွန်မအပြင်ထွက်ပြီး အခြေအနေကြည့်လိုက်ဦးမယ်။” မော်လီကတော့ မီးအိမ်ကိုကိုင်ထားရင်းနဲ့ပဲ ပြောလိုက်ပြီးတော့ ပြတင်းပေါက်တစ်ခုကိုဖွင့်ကာ သစ်တောတွေဘက်ကို ခုန်ကူးသွားတယ်။

ခဏလောက်နေတော့ တခြားသူတွေလည်း ရောက်လာပြီ။ ရိုစယ်လီယာကတော့ ထူးမခြားနား ပြုမူနေပေမဲ့ စိန့်စစ်သည်သီရာက ကျွန်မဒဏ်ရာကို မြင်တာနဲ့ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသလိုပဲ။

“မြန်မြန်၊ ဆေးပစ္စည်းတွေနဲ့ရေမန်းယူလာခဲ့။” သူက ဟိုကောင်လေးနီကိုလက်ကို ခိုင်းလိုက်တယ်။ နီကိုလက်က ခုမှအိပ်ရာထလာတဲ့ပုံစံနဲ့ စိတ်မကြည် ဖြစ်နေပေမဲ့ သီရာပြောတာကိုတော့ မငြင်းနိုင်ဘူး။ သူက ဆေးပစ္စည်းတွေနဲ့ ရေမန်းယူလာပြီး ကျွန်မလက်ပေါ်ကို ရေမန်းစဖြန်းတယ်။

“အား...” ရေက ကျွန်မဒဏ်ရာကိုလာထိရာကနေ ဖြစ်လာတဲ့ စူးရှတဲ့အထိအတွေ့ကြောင့် အော်ဟစ်မိလိုက်တယ်။ သူနာပြုတစ်ယောက်အနေနဲ့ ရေမန်းမှာ မှော်ဆန်တဲ့သက်ရောက်မှုမျိုးရှိမယ် မထင်ပေမဲ့ ဒဏ်ရာကိုပိုးမဝင်အောင်ဆေးကျောတာက ပုံမှန်ပဲမလို့ ခွင့်ပြုခဲ့မိတာ။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မ ဒဏ်ရာကနေ အခိုးအငွေ့တွေထွက်လာတဲ့အတွက် အံ့ဩမိသွားတယ်။

“ထင်ထားတဲ့အတိုင်းပဲ ကျိန်စာရှိနေတာပဲ။ ညသခင်လေး၊ ကျွန်မတို့တွေ အဲဒီသစ်ပင်ကို လိုက်မရှာနိုင်ရင် ဒီမိန်းကလေးနှစ်ယောက်လုံး နေ့မွန်းမတည်ခင် သေကြလိမ့်မယ်။”

သီရာက ကျွန်မကိုရော သီလရှင်ကိုပါ ကြည့်လိုက်ပြီး ပြောလိုက်တယ်။ ‘နောက်ထပ်ကျိန်စာ မိပြန်ပြီလား’လို့ ကျွန်မဘာသာတွေးရင်း စိတ်ထဲမှာ အားပျော့လာတယ်။

“ဒါပေမဲ့ အစ်မသီရာ၊ ကျွန်တော်တို့မှ တည်နေရာကို မသိရတာ။ အမြဲတမ်းသစ်ပင်က တောထဲကနေထွက်လာပြီး အလစ်တိုက်တယ်။ ပြီးရင် ပျောက်သွားရော။ ကြည့်ရတာ သူတို့သေကံပါတယ်နဲ့တူတယ်။ သီလရှင်ကျောင်းကိုပဲ ပိတ်ပြီးတခြားနေရာ ရွှေ့ပေးရအောင်။”

နီကိုလက်က ကျွန်မတို့ကို စွန့်ပစ်ဖို့ အကြံပေးလိုက်ပေမဲ့ မကြာခင်မှာပဲ မော်လီက ပြတင်းပေါက်ဘောင်ပေါ်ကို ခုန်တက်လာပြီး ပြောလိုက်တယ်။

“သစ်ပင်ရဲ့တည်နေရာဆိုရင်တော့ စိတ်ပူနေရာ မလိုတော့ဘူး။ ငါရှာတွေ့ခဲ့ပြီ။” သူက သူ့လက်ထဲက မီးအိမ်ကို ပြန်သိမ်းလိုက်တယ်။ ဒါပေမဲ့ နီကိုလက်က အဲဒီမီးအိမ်ကို မြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။

“ အမှောင်ကျောင်းတော်ရဲ့အမွေအနှစ်တစ္ဆေမီးအိမ်လား။”

မော်လီကတော့ နီကိုလက်ကို လစ်လျူရှုထားလိုက်ပြီး “သီလရှင်ကျောင်းရဲ့မြောက်ဘက် တောအုပ်ထဲမှာ ရေတွင်းပျက်တစ်ခုရှိတယ်။ အဲဒီထဲကနေ နွယ်လက်တံတွေ ထွက်လာတာပဲ။”

...

အဲဒီနောက်တော့ သူတို့အဖွဲ့က ရန်သူနောက်ကို အရင် ဆက်မလိုက်ဘဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါတယ်။ သီရာက ကျွန်မကို လာနှစ်သိမ့်ရင်း ကျိန်စာအကြောင်း ရှင်းပြတယ်။

မိစ္ဆာသစ်ပင်ရဲ့ကျိန်စာကလည်း ဒူလာဟမ်ရဲ့ကျိန်စာလိုပဲ ကြောက်ဖို့ကောင်းတယ်။ မိစ္ဆာသစ်ပင်က လူသားတွေရဲ့ သွေးတင်မကဘဲ ဝိညာဥ်ကိုပါစားသုံးတယ်။ နွယ်လက်တံနဲ့ရစ်ပတ်ခံလိုက်ရတာနဲ့ အဲဒီလူရဲ့ဝိညာဥ်က မိစ္ဆာရဲ့ချုပ်နှောင်ခြင်းကိုခံလိုက်ရပြီး သွေးစုပ်ယူခံရလို့ သေဆုံးသွားတဲ့အခါ ဝိညာဥ်ကိုအပါပြန်ခေါ်သွားတယ်။ ဒါပေမဲ့ သွေးစုပ်ခံရပြီးမသေခဲ့ရင်လည်း ထူးမခြားနားပါပဲ။ နေမွန်းတည့်ချိန် သစ်ပင်က အစားခြေတဲ့အခါ ချုပ်နှောင်ခံထားရတဲ့ ကျွန်မဝိညာဥ်ကိုပါ အစာခြေပစ်မှာမလို့ လူက ဝိညာဥ်မရှိတော့တဲ့ အခွံချည်းသက်သက်ပဲကျန်ရစ်တော့မှာတဲ့။ အသက်ရှင်နေပေမဲ့ မလှုပ်ရှားနိုင်၊ မတွေးတောနိုင်၊ ခံစားချက်တွေ မရှိနိုင်တော့တဲ့ အရာအဖြစ်ကို ပြောင်းလဲသွားမှာ။

ကျွန်မနဲ့တော့လေ... ဘယ်လိုလုပ်ပြီး အခေါက်တိုင်းကျိန်စာ မိနိုင်တာပါလိမ့်။

...

ကျွန်မတို့အုပ်စု ရေတွင်းပျက်ဆီကို အခြေအနေကြည့်ဖို့ ရောက်လာကြတယ်။ ရေတွင်းထဲကို ငုံကြည့်လိုက်တော့ အောက်ခြေကို မမြင်ရဘူး။ ရေတွင်းကို ဆောက်တာ ကြာခဲ့ပြီဖြစ်ပုံပေါ်ပြီး အေးမြတဲ့အနက်ရောင် ကျောင်သားကြောင့် ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့တယ်လို့ ပြောရင်မမှားပါဘူး။ မော်လီက မီးအိမ်ကို မြှောက်လိုက်တော့ ရေတွင်းအောက်မှာ ဧရာမဂူကြီးတစ်ခုရှိနေတာကို တွေ့လိုက်ရတယ်။ ဂူရဲ့နံရံမှာတော့ သစ်နွယ်ပင်တွေက ကပ်ပေါက်လို့။ တကယ့်ကို အေးစိမ့်စိမ့်နဲ့ကျောချမ်းစရာ မြင်ကွင်းပါ။

“ဒီနေရာက ဟိုးအရင်က ရေတွေနဲ့ပြည့်နေခဲ့တဲ့ ထုံးကျောက်ဂူဖြစ်ပုံပဲ။ နှစ်တွေချီပြီးကြာလာတော့ ရေလမ်းကြောင်းပြောင်းသွားပြီး ရေတွင်းကို သုံးမရတော့တာထင်တယ်။ အခုတော့ ရေရှိခဲ့တဲ့ ဂူလမ်းကြောင်းက မိစ္ဆာသစ်ပင်ကြီး ခိုအောင်းတဲ့နေရာ ဖြစ်သွားပြီ။”

သီရာက ပြောလိုက်တယ်။ ဘာကြောင့်မှန်းမသိ သူက ဒီရေတွင်းအကြောင်းကို ထင်ထားတာထက် ပိုသိနေတယ်လို့ ခံစားရတာပါလိမ့်။

“မိစ္ဆာသစ်ပင်ကို သတ်ဖို့ဆိုရင် ဒီတွင်းထဲကို ဝင်ရမယ့်ပုံပဲ။ ကျားဂူထဲဝင်သလို အန္တရာယ်များလိမ့်မယ်။ ပြီးတော့...”

ရိုစယ်လီယာက သူတော်စင်နှစ်ယောက်ကို မယုံကြည်စွာနဲ့ ကြည့်လိုက်ပါတယ်။ လောလောဆယ် သူတို့တွေက ပူးပေါင်းထားတယ်ဆိုပေမဲ့ မှော်ကျောင်းတွေနဲ့ ရိုမြုလက်ချက်ကျောင်းက ကမ္ဘာ့ရန်တွေပါ။

“သူငယ်ချင်းတစ်ယောက်ကို ကယ်ဖို့အတွက်ဆိုရင် ဘာမဆိုစတေးရမှာပဲ။” နက်ဆန်က ပြောလိုက်တယ်။ အဲဒီနောက် သူက ကျွန်မကို မပြုံးတတ်ပြုံးတတ်နဲ့ အတင်းပြုံးပြလိုက်ပြီး

“မင်းက ဒီမှာပဲစောင့်နေလိုက်။” ဒီစကားနဲ့အတူ မော်လီကိုခေါ်ပြီး ရေတွင်းပျက်ထဲ ခုန်ချသွားတယ်။ အဲဒီနောက်တော့ သူတို့ကို မမြင်ရတော့ဘူး။ ရိုစယ်လီယာနဲ့ကျွန်မက အပေါ်မှာ စိန့်သူတော်စင် နှစ်ယောက်နဲ့ကျန်ခဲ့တယ်ဆိုပေမဲ့ စိန့်သူတော်စင်တွေက မလှုပ်ရှားကြသေးဘူး။ သူတို့ပစ်မှတ်ကလည်း မိစ္ဆာသစ်ပင် မဟုတ်လို့လား။

နီကိုလပ်က ပုံမှန်အတိုင်းရှိနေပေမဲ့ သီရာကတော့ အပြစ်ရှိတာတစ်ခုခု လုပ်မိထားတဲ့ပုံစံမျိုးနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ တစ်ကိုယ်လုံး ဖြူဖျော့နေတာပဲ။

“မိစ္ဆာသစ်ပင်က ဘယ်လောက်အားကောင်းတယ်ဆိုတာ မသိဘဲ ခုန်ချသွားတာပဲ။ တော်တော်ရူးတဲ့သူ။ ငါကတော့ သူရူးတိုင်း လိုက်မရူးနိုင်တော့ဘူး။”

ရိုစယ်လီယာက ရေတွင်းကနေ ခွာဖို့ပြင်ပေမဲ့ နီကိုလပ်က လှံကို ကန့်လန့်ဖြတ်ကိုင်ပြီး တားလိုက်တယ်။

“ငါက နင့်ကို ဒီအတိုင်းထွက်သွားခွင့်ပေးမယ် ထင်နေတာလား။ မင်းတို့ကံကြမ္မာက ဒီရောက်လာကတည်းက ဆုံးဖြတ်ထားပြီးသား။”

“တောင်းပန်ပါတယ်... တကယ့်ကို တောင်းပန်ပါတယ်။ မိစ္ဆာသစ်ပင်ကြီး ပြန်ငြိမ်သက်သွားဖို့ဆိုရင် နှစ်တစ်ရာတိုင်း နတ်တစ်ပိုင်းတွေရဲ့သွေးနဲ့ ပူဇော်မှ ဖြစ်မှာမလို့ပါ။” သီရာက ငိုကျွေးနေရင်းနဲ့ တောင်းပန်လိုက်တယ်။

နောက်တော့ နီကိုလပ်က သူ့လှံကို ဝေ့ယမ်းလိုက်ပြီး ကျွန်မတို့နှစ်ယောက်ကို တိုက်ခိုက်လိုက်တယ်။ ရိုစယ်လီယာက ခုခံဖို့ကြိုးစားပေမဲ့ ခွန်အားကွာခြားချက်က သိပ်ကိုကြီးမားလွန်းတာကြောင့် အရာမရောက်ခဲ့ဘူး။

ကျွန်မသတိထားမိချိန်မှာတော့ နှစ်ယောက်လုံး ရေတွင်းပျက်ထဲ ပြုတ်ကျနေကြပါပြီ။

“တောင်းပန်ပါတယ်.... ရဟန်းမင်းကြီးအမိန့်ကြောင့်သာ မဟုတ်ရင် ကျွန်မရှင်တို့ကို ဒီလိုလှည့်စားမိမှာမဟုတ်ဘူး။”

ဒါကတော့ ကျွန်မအသိစိတ်တွေ အမှောင်ကျမသွားခင် နောက်ဆုံးကြားလိုက်ရတဲ့စကားပေါ့။

...

“ဟဲ့အရူးမ၊ ထစမ်း။ ထစမ်းလို့....”

တစ်စုံတစ်ယောက်က ကျွန်မကို လှုပ်နှိုးနေတဲ့အတွက် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ရိုစယ်လီယာရဲ့မျက်နှာကို မြင်လိုက်ရပါတယ်။ ပတ်ဝန်းကျင်က မှောင်မိုက်နေသေးပေမဲ့ ရိုစယ်လီယာ နားမှာ မီးလုံးလေးတစ်လုံးက ပတ်ပျံသန်းနေပြီး ကျွန်မတို့အနီးအနားကို လင်းထိန်နေစေဖို့ ကူညီပေးပါတယ်။

အပေါ်ကိုကြည့်လိုက်တော့ ကျွန်မတို့ပြုတ်ကျလာတဲ့ တွင်းပေါက်ကို မမြင်ရတော့ဘူး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဂူကို ရင်းနှီးနေသလို ခံစားမိတယ်။

“ဒီဂူက အိပ်မက်ထဲက ဂူကြီးနဲ့တူလိုက်တာ။” ကျွန်မက ပြောလိုက်ပေမဲ့ ရိုစယ်လီယာကတော့ ကျွန်မကို ဂရုမစိုက် အားပါဘူး။ အဲဒီအစား အမှောင်ထုရဲ့ထောင့်တစ်ခုကို သတိနဲ့စိုက်ကြည့်လိုက်ပြီး သူ့ကျိုင်းတုတ်နဲ့ရွယ်လိုက်တယ်။

ဧရာမမီးလုံးကြီးတစ်လုံးက ကျိုင်းတုတ်ထိပ်ကနေ ပျံသန်းထွက်သွားပြီး ဂူလမ်းကြောင်းတစ်လျှောက် အလင်းရောင်ကိုပေးတယ်။ တစ်ချိန်တည်းမှာပဲ ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို ကျွန်မ မြင်လိုက်ရတယ်။ အနက်ရောင်ပုံရိပ်ကြီးတစ်ခုက ကျွန်မတို့ဆီ လျှောက်လာနေပြီး နွယ်လက်တံတွေက အဲဒီပုံရိပ်ကြီးဆီက ထွက်ပေါ်လာနေတာပါ။ မီးရောင်က ပုံရိပ်ကိုထင်ဟပ်တော့ နက်မှောင်တဲ့ သစ်ခေါက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသမီးပုံစံ သဘာဝလွန်အရာတစ်ခု ဖြစ်နေတာကို သတိထားမိလိုက်ပြီး တခြားအသွင်အပြင်ကတော့ ဖော်ပြရခက်ခဲပါတယ်။

“ဒါက မိစ္ဆာသစ်ပင်လား...”

“ဟုတ်တယ်... နင့်မှာ စွမ်းအားတစ်ခုခုရှိရင် အခုထဲက ထုတ်သုံးပေတော့။ မဟုတ်ရင် မြေပေါ်က အရိုးတွေလို ဖြစ်သွားလိမ့်မယ်။”

ရိုစယ်လီယာပြောလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခေတ်အဆက်ဆက်က လူတွေရဲ့အရိုးစုတွေကို ကျွန်မ မြင်လိုက်ရတယ်။ ချပ်ဝတ်ထူကြီးတွေဝတ်ထားတဲ့ အလယ်ခေတ်စစ်သည်တွေရဲ့ရုပ်အလောင်းတွေ၊ နပိုလီယံခေတ်က မက်စကပ်သေနတ်ကိုင် တပ်သားတွေ၊ နာဇီဂျာမဏီစစ်သားဦးထုပ်နဲ့သူတွေ အများကြီး ရေတွင်းပျက်အောက်ခြေမှာ သေဆုံးနေကြတယ်။

“စွမ်းအား... ကျွန်မမှာ ဘာစွမ်းအားမှ မရှိဘူးလေ။”

“နင်နတ်တစ်ပိုင်း မဟုတ်ဘူးလား။”

ကျွန်မက အမှန်အတိုင်းပြောလိုက်ပေမဲ့ ရိုစယ်လီယာက ဒေါသတကြီးဟိန်းဟောက်ရင်း နောက်ထပ်မီးလုံးတွေ ထပ်ပစ်လိုက်တယ်။ ဒါပေမဲ့ သစ်ပင်က ဖြုံတောင်မဖြုံပဲ နွယ်တချို့နဲ့သာ မီးလုံးတွေကိုရိုက်ချလိုက်တယ်။

ရိုစယ်လီယာ မျက်နှာပျက်သွားတယ်။ ရန်သူက သူ့ထက် အများကြီးသန်မာနေတယ်။ မျှော်လင့်ချက်တွေအားလုံး ကုန်ဆုံးသွားပြီလို့ ထင်ရချိန်မှာပဲ အပြာရောင်မီးရောင်က ဂူထဲပြည့်လာပြီး နောက်ထပ်အရိပ်တစ်ခုက သစ်ပင်ကို ဝင်ရောက်တိုက်ခိုက်လိုက်တယ်။

“နက်ဆန်ပဲ...” ကျွန်မ သူ့လက်ထဲက တံစဥ်ရှည်ကြီးကို ချက်ချင်းမှတ်မိသွားတယ်။ နက်ဆန်က သစ်ပင်ကြီးကို တံစဥ်နဲ့ခုတ်ချလိုက်တော့ သစ်ပင်က ထက်ပိုင်းပြတ်သွားပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်တယ်။ ဒါပေမဲ့ချက်ချင်းဆိုသလို ပြန်ကောင်းလာပြီး နက်ဆန်ကို နွယ်တွေနဲ့တိုက်ခိုက်ပါတယ်။ နက်ဆန်က နွယ်တွေကို ရှောင်ပြီး တန်ပြန်တိုက်ဖို့လုပ်ပေမဲ့ သစ်ပင်က နောက်ကို ခုန်ဆုတ်သွားပြီး အမှောင်ထုထဲ ပြေးဝင်ပျောက်ကွယ်သွားတယ်။

“ထွက်ပြေးသွားပြီ...” နက်ဆန်က သူ့ခါးမှာချိတ်ထားတဲ့ တစ္ဆေမီးအိမ်ကို ပြန်အနေအထားပြင်လိုက်ပြီး ပြောပါတယ်။ တစ္ဆေမီးအိမ်က မီးတောက်ပြာကြောင့် ကျွန်မတို့ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း ပိုမြင်လာရတယ်။ မြေပြင်မှာ သီလရှင်တချို့ရဲ့ရုပ်ခန္ဓာတွေလည်း ရှိနေပြီး ပျောက်ဆုံးနေသူတွေနဲ့ကံကြမ္မာကို ကျွန်မသိလိုက်ရပါပြီ။

“ဒီနေရာမှာဆက်နေရင် ဘယ်အချိန်ထပ်ပြီး အလစ်တိုက်ခံရမလဲမသိဘူး။ နေရာတစ်ခုရှာတွေ့ထားတယ်။ အဲဒီကိုသွားရအောင်။”

နက်ဆန့်လက်ထဲက တံစဥ်က မော်လီအဖြစ် ပြန်ပြောင်းသွားပြီး မော်လီက ပြောလိုက်တယ်။ အဲဒီနောက်တော့ ကျွန်မတို့တွေ ဆန့်ကျင်ဘက်နေရာ တစ်ခုဆီကို ထွက်ခွာလာကြပါတယ်။

All Chapters