ရှေးဟောင်းသစ်ပင် (၅)
Vol. 1 Ch. 36
အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေအကြောင်း ကျွန်မသူတို့ကိုပြောပြလိုက်တော့ ရိုစယ်လီယာက သူ့ပေါင်သူပုတ်ရင်း ရယ်လိုက်တယ်။
“ဟားဟား မဖြစ်နိုင်တာ... နင်ပေါက်ကရတွေ လျှောက်ပြီး အိပ်မက်မက်နေတာဖြစ်မှာပါ။” သူက ခုလိုမျိုး ပေါ့ပေါ့ပါးပါးပြောနေပေမဲ့ သူ့ကြည့်ရတာ သိပြီးသားအဖြေတစ်ခုကို ရှောင်လွှဲနေသလိုပဲ။ ကျွန်မ နက်ဆန်ကိုကြည့်လိုက်တော့လည်း သူက ခေါင်းခါပြပြီး အကြည့်လွှဲသွားတယ်။ ဒါက ဘာဖြစ်လို့လဲ။ ကျွန်မ ကိုယ့်ဆံပင်တွေကိုကိုယ် ပြန်ကြည့်လိုက်တယ်။ အနက်ရောင်။ ဒါပေမဲ့ သူတို့က နက်ပြာရောင်လို့ မြင်ရတဲ့ပုံပဲ။ ကျွန်မကိုယ်တိုင်လည်း ထူးဆန်းတဲ့ ဆံပင်အရောင်တွေကို ရိုစယ်လီယာ၊ မာဂါရီတာတို့လို နတ်တစ်ပိုင်းတွေဆီမှာပဲ မြင်ဖူးခဲ့တာ။ ပြီးတော့ ရိုစယ်လီယာကိုယ်တိုင်လည်း ကျွန်မကို နတ်တစ်ပိုင်းဆိုပြီး အမှတ်တမဲ့ ပြောခဲ့သေးတယ်။
“နက်ဆန်... ကျွန်မက တကယ်ပဲ ရှင်တို့လိုပဲ နတ်တစ်ပိုင်းတစ်ယောက်လား။”
ကျွန်မ မေးလိုက်တော့ နက်ဆန်က ထိုင်နေရာကနေ ထလာပြီး...
“ငါတို့သေချာမသိဘူး။ ငါတို့သိတဲ့အထဲမှာ ဒီလိုဆံပင်နဲ့ နတ်တစ်ပိုင်းတော်ဝင်မိသားစုမျိုးမရှိသေးဘူး။”
ပြောရရင် သူတို့တွေ ဒီကိစ္စကို သေချာမသိကြဘူးပေါ့။ ဒါကြောင့်လည်း နက်ဆန်က နှုတ်ဆိတ်နေခဲ့တာ။ နောက်တော့ စကားစပြတ်သွားပြီး နေရခက်တဲ့ တိတ်ဆိတ်မှုက ကြီးစိုးလာတယ်။ အပြင်မှာရှိနေတဲ့ အနက်ရောင်သစ်ပင်ရဲ့လှုပ်ရှားမှုကို ကျွန်မ မခံစားမိတော့ဘူး။
မော်လီက စကားစပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တဲ့သူ ဖြစ်လာပါတယ်။ “ငါတို့တွေ ဒီကနေထွက်ဖို့ ပြင်ဆင်ရမယ်။ ဒီလိုမှမဟုတ်ရင် ရက်နဲ့ချီကြာပြီး အားလုံးငတ်ပြတ်သေရလိမ့်မယ်။”
ဟုတ်တယ်၊ ဒီနေရာက ယာယီကွန်းခိုရာ နေရာပဲ။ အမြဲနေသွားလို့မဖြစ်ဘူး။ ဒါပေမဲ့ အဲဒီသစ်ပင်နက်ကို ကျော်လွှားဖို့က...
“ရှင်သူ့ကို နိုင်နိုင်ခြေရှိလား...” ရိုစယ်လီယာက သူ့လက်ထဲ မီးလုံးကိုဖန်တီးလိုက်ရင်း ပြောလိုက်တယ်။ နက်ဆန်က ခေါင်းခါပြလိုက်တယ်။
“အဲဒါက ငါတို့လိုပဲ နတ်တစ်ပိုင်းဖြစ်ခဲ့ဖူးတဲ့ စတေးခံ။ ပြီးတော့ ဘယ်ကာလကတည်းက လူ့အသွေးအသားနဲ့ ဝိညာဥ်တွေကို စားသုံးနေခဲ့လဲမသိဘူး။ ဉာဏ်လည်း သိပ်ကောင်းတယ်။ ခွန်အားချင်းက မတိမ်းမယိမ်းပေမဲ့ တိုက်ပွဲရှည်ရင် ရှုံးလိမ့်မယ်။ ပြီးတော့ အခုက မနက်ဖက်...” မနက်ဖက်ဆိုရင် သူ့လက်အောက်ခံတွေကို သုံးလို့မရဘူး။
သူတို့တွေ အတည်ပေါက်နဲ့ဆွေးနွေးနေတုန်း ကျွန်မက ကျွန်မကိုလေ့လာစူးစမ်းလိုစိတ်အပြည့်နဲ့ ကြည့်နေတဲ့ ကလေးမလေးကို ပြုံးပြလိုက်မိတယ်။ အဲဒီနောက် သူတို့ကို ဖြတ်ပြောလိုက်တာပေါ့။
“ကျွန်မအိပ်မက်က ဟုတ်တာမဟုတ်တာ ထားတာဦး။ ဒါပေမဲ့ ဒီကလေးမကလည်း မိစ္ဆာသစ်ပင်ရဲ့တစ်စိတ် တစ်ပိုင်းမဟုတ်လား... သူ့ကိုအသုံးပြုပြီး တခြား တစ်စိတ်တစ်ပိုင်းကို နိုင်အောင်လုပ်နိုင်မယ့် နည်းလမ်းမျိုးရော မရှိဘူးလား။” တစ်နည်းပြောရရင် ကျွန်မတို့က ရန်သူရဲ့တစ်ဝက်ကို အပိုင်စီးထားတာလေ။
“ဖြစ်တော့ဖြစ်နိုင်တယ်...” နက်ဆန်က ကလေးမလေးကို စူးစမ်းတဲ့အနေနဲ့ ချိုင်းကြားက မြှောက်ချီပြီး သေချာကြည့်လိုက်တယ်။
“ဒါပေမဲ့ သူ့ကြည့်ရတာ အတော်အားနည်းပြီး ခြင်ကိုတောင် သတ်ရဲမယ့်ပုံမပေါ်ဘူး။ ဘယ်လိုလုပ် သူ့ရဲ့အမှောင်ဘက်ခြမ်းနဲ့ ချခိုင်းရမှာလဲ။”
ကျွန်မ သူ့အတွေးကိုကြားပြီးတာနဲ့ မျက်လုံးကို နောက်လှန်လိုက်မိတယ်။ ဒီကိုယ်တော်ချောက ဒီကလေးမလေးကို မိစ္ဆာသစ်ပင်နဲ့တိုက်ရိုက် ယှဥ်တိုက်စေချင်တာလား။ ဒါက ရူးတာပဲ။
“အမှိုက်မက သခင့်ကို မှော်အစီအရင်တစ်ခုခု သုံးလို့ရမရ မေးတာဖြစ်ပါလိမ့်မယ်။ ကလေးမလေးကို တိုက်ရိုက်ကြီး တိုက်ခိုက်ခိုင်းဖို့ ပြောတာတော့ မဟုတ်လောက်ပါဘူး။”
ဒီတော့မှ နက်ဆန်လည်း နားလည်သွားပြီး သူ့အဖိုးရဲ့မှတ်တမ်းစာအုပ်ကိုထုတ်ကာ စလှန်တယ်။ ဒါနဲ့၊ နေပါဦး။ ကျွန်မနာမည်ပြောင်က ဘယ်တုန်းက တရားဝင် အမှိုက်မဖြစ်သွားတာလဲ။
နာရီဝက်လောက်ကြာတော့ နက်ဆန်က ခေါင်းမော့လာပြီး ပြောလိုက်တယ်။ “ အသုံးဝင်မလားတော့ မသိပေမဲ့ မတူညီတဲ့ ဝိညာဥ်နှစ်ခုကို ချည်နှောင်နိုင်တဲ့ မှော်အစီအရင်မျိုး အဖိုးရဲ့အရိပ်ကျမ်းထဲမှာ ရှိနေတယ်။ ပုံမှန်အားဖြင့် သခင်ဖြစ်သူနဲ့ကျေးကျွန်က အပေးအယူစာချုပ် ချုပ်တဲ့နေရာမှာသုံးတယ်။ အမှောင်ကျောင်းတပည့်တချို့က အဲဒီမှော်အစီအရင်ကို ပြန်လည်ချေဖျက်မရနိုင်တဲ့ ပီယအစီအရင်အဖြစ် အသုံးပြုပြီး သူတို့လက်တွဲဖော်တွေအပေါ်စီရင်ဖို့ ကြိုးစားပြီးနောက်မှာ တားမြစ်အစီအရင်တစ်ခု ဖြစ်လာတယ်။ ပြီးတော့ ဒီအဆင့်အစီအရင်တစ်ခုအတွက် သိပ်ကိုရိုးရှင်းတယ်လို့ ပြောရမယ်။”
ကျေးကျွန်စာချုပ်အစီအရင်ကို အချစ်အတွက်သုံးခဲ့သူ ရှိတယ်တဲ့။ ရိုစယ်လီယာပြောသလိုပဲ အမှောင်ကျောင်း မှော်အစီအရင်နဲ့ဂါထာတွေက ကပ်ဘေးတစ်ခုလိုပဲ။ မော်လီက နက်ဆန်ကို ထပ်ပြီးတိုက်တွန်းလိုက်တယ်။
“သခင်... ကောင်မလေးရဲ့တစ်ဖက်ခြမ်းကလည်း အမှောင်မှော်ဂါထာတွေနဲ့စီရင်ပြီး ဖန်တီးထားတာပါ။ ဒါကြောင့် အခုမနက်ခင်းမှာ သခင့်လိုပဲ အားနည်းနေတယ်။ ဒါကြောင့် အခုက စတင်ဖို့ အချိန်ကောင်းပဲ။ အမှိုက်မရဲ့ကျိန်စာက နေ့မွန်းတည့်တာနဲ့ အသက်ဝင်လာမှာကိုလည်း မေ့လို့မဖြစ်ဘူး။”
ဟုတ်တယ်... ကျွန်မရဲ့ကျိန်စာ အသက်ဝင်လာမယ့် အချိန်က နီးလာပြီ။ ကျွန်မရုတ်တရက် စိုးရိမ်စိတ် ဝင်နေတာကို မျက်နှာအမူအရာနဲ့ဖော်ပြမိသွားတယ်။ နက်ဆန်က ကျွန်မပခုံးကို သူ့လက်နဲ့ပုတ်ပြီး မပြုံးတတ် ပြုံးတတ်ပြုံးပြကာ နှစ်သိမ့်ပေးပြန်တယ်။
“ငါတစ်ခုခု ကြည့်လုပ်လိုက်မှာမလို့ မစိုးရိမ်ပါနဲ့။”
နောက်တော့ သူက သူ့ဝတ်ရုံကိုဆွဲဖြဲပြီး အနက်ရောင် အဝတ်စတစ်စရအောင်လုပ်လိုက်တယ်။ ပြီးတဲ့နောက် အနီးအနားက သစ်ကိုင်းတစ်ကိုင်းနဲ့ကောင်မလေးရဲ့ ဆံပင်ကိုယူလိုက်တယ်။ ပြီးတဲ့နောက် သူက ကျွန်မကို ကြည့်လိုက်တယ်။ ဘာလို့လဲမသိပေမဲ့ သူ့အကြည့်က ကျွန်မဝတ်ထားတဲ့ ညစ်ပေစပြုနေတဲ့ သူနာပြုယူနီဖောင်းပေါ် ရောက်လာပြီး...
“ခွင့်ပြုပါ...” လို့ပြောရင်း ကျွန်မအင်္ကျီလက်မောင်းကို ဆွဲဖြဲလိုက်တယ်။
“ရှင်ဒါဘာလုပ်တာလဲ...”ဆိုပြီး အော်လိုက်မိပေမဲ့ မှော်အစီအရင်အတွက် လိုအပ်တာတွေ စုဆောင်းနေမှန်း ကျွန်မသိတာမလို့ ခွင့်လွှတ်လိုက်မိတယ်။ နောက်တော့ သူက ကလေးမလေးကို ကြည့်လိုက်ပြီး
“သမီးရဲ့နာမည်ကို မှတ်မိလား”လို့ မေးလိုက်တယ်။ ကလေးမလေးက ခေါင်းညိတ်လိုက်ပြီး မြေပေါ်မှာ ကျွန်မ နားမလည်တဲ့စာတချို့ကို ချရေးလိုက်တယ်။ နိုင်ငံခြားဘာသာစကားတွေနဲ့သိပ်မရင်းနှီးပေမဲ့ လက်တင်ဘာသာနဲ့ဖြစ်ပုံပဲ။ နက်ဆန်က ခေါင်းညိတ်လိုက်ပြီး အဝတ်စဖြူပေါ်မှာ အဲဒီနာမည်ကို စရေးဖို့စဥ်းစားပေမဲ့ တစ်ခဏနေတော့ ကျွန်မတို့မှာ ဘောပင်ပါမလာတာ သိလိုက်ရရော။
“ဘယ်တတ်နိုင်မလဲ... ဒုတိယအကောင်းဆုံးနည်းကို ရွေးရတာပေါ့။ တကယ်ဆိုရင် သက်ရောက်မှုက ပိုကောင်းမလားပဲ။”
သူက တစ်ယောက်တည်း စကားပြောနေရင်းကနေ လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး လက်ညိုးနဲ့ ကောင်မလေးရဲ့နာမည်ကို လက်တင်လိုပဲ ရေးလိုက်တယ်။ ပြီးတဲ့နောက် အနက်ရောင်အဝတ်စပေါ်မှာ ရေးတယ်။
နောက်တော့ သူက အဖြူရောင်အဝတ်စထဲ ကောင်မလေးရဲ့ဆံပင်ကိုထည့်ပြီး သစ်ကိုင်းမှာ ရစ်ပတ်လိုက်တယ်။ ပြီးတဲ့နောက်တော့ ကျွန်မတို့ကို ပြောလိုက်ပါတယ်။
“ မှော်အစီအရင်က တစ်ဝက်တော့ပြီးပြီ။ နောက်တစ်ဆင့်အတွက်က သူ့ရဲ့နောက်တစ်ခြမ်းဆီက ဆံပင်ကိုလိုတယ်။” ဝိညာဥ်နှစ်ခုကို ပြန်ပေါင်းစည်းမယ့် အစီအရင်ဆိုတော့ ဒီလိုအဆင့်မျိုးကိုလိုအပ်တာ ပုံမှန်ပဲမဟုတ်လား။
“ဒါဖြင့် လိုက်ရှာရအောင်။”
...
ကံမကောင်းတာက ဂူက သိပ်ကြီးနေတာပဲ။ ကလေးမကို ခေါ်ပြီးတော့ တခြားတစ်ခြမ်းကိုလိုက်ရှာခဲ့ပေမဲ့ နာရီနဲ့ ချီတဲ့အထိ ရှာမတွေ့ဘူး။ ကျွန်မကတော့ နက်ဆန်နဲ့ ရိုစယ်လီယာနောက်ကို လိုက်ရလွန်းလို့ မောလာနေပြီ။
“ခဏလောက်နားပါရစေဦး... ကျွန်မမောနေပြီ။”
ကျွန်မ အသက်ကိုလိုက်ရှုလိုက်ရင်း နံရံကိုမှီကာ ထိုင်ချလိုက်တယ်။ ဘာကြောင့်မှန်းမသိ ထိုင်ချလိုက်မှ ပိုမောလာသလိုပဲ။ နက်ဆန်က ကျွန်မကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ အဲဒီနောက် မော်လီကို မေးတယ်။
“အချိန်က ဘယ်လောက်ရှိပြီလဲ။”
“မနက် ဆယ်နာရီခွဲပါ။ မကြာခင် နေမွန်းတည့်တော့မယ်။”
ကျွန်မ သူတို့စကားကိုနားထောင်နေရင်း အိပ်ချင်လာတယ်။ မျက်လုံးတွေမှေးကျလာပြီး ဒါပေမဲ့ နက်ဆန်က ကျွန်မနားကို ချက်ချင်းရောက်လာပြီး လှုပ်နှိုးတယ်...
“ဟေး... အိပ်မသွားနဲ့။ ကိုယ်ပြောတာနားထောင်...”
ကျွန်မမျက်လုံးကို အားယူဖွင့်ပြီး သူ့ကိုအာရုံစိုက်လိုက်တယ်။ ဒါပေမဲ့ သူ့ပုံရိပ်က ဝေဝါးနေတယ်။
“မိစ္ဆာသစ်ပင်က အစာခြေတဲ့ဖြစ်စဥ်ကို စနေပြီ။ မင်းက ပုံမှန်ပင်ပန်းနေတာမဟုတ်ဘူး။ အိပ်မပျော်သွားစေနဲ့....”
ဒါပေမဲ့ ကျွန်မသူ့စကားတွေကို မကြားတကြားဖြစ်လာနေပြီ။ အိပ်ချင်လိုက်တာ...
အား....
ရုတ်တရက် နာကျင်မှုကြောင့် ကျွန်မအော်လိုက်မိတယ်။ ကျွန်မလက်မောင်းမှာ ဓားမြှောင်တစ်ချောင်း စိုက်ဝင်နေပါတယ်။ ဓားမြှောင်ကိုကိုင်ထားတဲ့ လက်ကို ကြည့်လိုက်တော့ ရိုစယ်လီယာရယ်။
“စိတ်မပူနဲ့... ဒဏ်ရာက သိပ်မနက်တာမလို့ အမာရွတ် မကျန်လောက်ပါဘူး။ အနည်းဆုံးတော့ နာကျင်မှုကြောင့် နင်အိပ်ပျော်သွားတော့မှာမဟုတ်ဘူး...”
ကျွန်မ မကျေနပ်ပေမဲ့ သူက ကျွန်မကိုကူညီနေမှန်း သိတာကြောင့် ခေါင်းညိတ်ပြပြီး ဒဏ်ရာကိုသွေးတိတ်အောင် ကျပ်စည်းလိုက်တယ်။
နောက်ထပ် နည်းနည်းလောက် လျှောက်ပြီးတဲ့နောက်တော့ ကလေးမလေးက ခေါင်းကိုထောင်ပြီး ဂူထောင့်တစ်ထောင့်ကို လက်ညိုးထိုးပြလိုက်တယ်။ အမည်းရောင် အရိပ်တစ်ရိပ်က အဲဒီမှာရပ်နေပြီး လှုပ်ရှားမှူမရှိဘဲ တောင့်တောင့်ကြီး...
“ကြည့်ရတာ အိပ်နေတဲ့ပုံပဲ။ ပတ်ဝန်းကျင်က မှောင်မိုက်နေတာ ကံကောင်းတယ်။ ငါ့အစွမ်းကို နည်းနည်းသုံးလို့ရမယ်။ ကျန်တာတော့ မင်းကို အားကိုးရမှာပဲ။” နက်ဆန်က ပြောလိုက်တယ်။
ရိုစယ်လီယာက သူ့ကျိုင်းတုတ်ကို အသင့်ပြင်ရင်း မကျေမနပ်လေသံနဲ့ ပြောလိုက်ပါတယ်။ “ကျွန်မက ရှင့်ကို ကူညီချင်လို့ ကူညီနေတာမဟုတ်ဘူးနော်။ ဒီနေရာကနေ လွတ်ဖို့အတွက်ပဲ။ အပြင်ရောက်တာနဲ့ ကျွန်မတို့က ရန်သူတွေ ဖြစ်သွားကြပြီ။”
အဲဒီနောက်တော့ မီးလျှံသမီးပျိုက မီးလုံးတွေ တစ်ဒါဇင်ထပ်မနည်း ပစ်လွှတ်ရင်းနဲ့ လက်ဦးမှုရယူပြီး တိုက်ပွဲကိုစလိုက်တယ်။ မီးလုံးတွေက အမှောင်သစ်ပင်ကို မထိခင်မှာပဲ သစ်ပင်ရဲ့မျက်လုံးတွေ ပွင့်လာတယ်။ မျက်လုံးတွေက ခရမ်းရောင်ဖြစ်နေပြီး သိပ်ကြောက်ဖို့ကောင်းတာပဲ။ မီးရောင်အောက်မှာ သူ့အသားအရေက အနက်ရောင်ဖြစ်နေတာကလွဲလို့ ကျန်တာက ကျွန်မတို့နဲ့ရှိနေတဲ့ ကလေးမလေးအတိုင်းပဲ။ သူတို့နှစ်ယောက်က ဒင်္ဂါးတစ်ပြားရဲ့ပန်းနဲ့ခေါင်းလို တည်ရှိမှုမျိုး။
ဝှစ်... ဝှစ်... ဝှစ်...
အနက်ရောင်ကလေးမရဲ့ဆံပင်တွေက နွယ်လက်တံတွေလို လှုပ်ရှားလာပြီး မီးလုံးတွေကို ဖျက်ဆီးလိုက်ပေမဲ့ နွယ်လက်တံတွေကနေလည်း မီးခိုးတွေထွက်လာတယ်။ မီးက သစ်သားကိုနိုင်တယ်။ ပြီးတော့ ကလေးမက ညဘက်မှာလောက် စွမ်းအားမရှိဘူး။ ရိုစယ်လီယာက ထိုးစစ်ဆင်ဖို့ အကောင်းဆုံးအခြေအနေမှာရှိနေတယ်။
“တော်တော်မာတဲ့ပြိုင်ဘက်ပဲ....” ရိုစယ်လီယာက ရှေ့ကို ပြေးတက်သွားပြီး အနီးကပ်တိုက်ဖို့ပြင်တယ်။ အဝေးပစ် တိုက်ကွက်တွေက အလုပ်မှမလုပ်တာ။ သူ့တောင်ဝှေးထိပ်မှာ မီးလုံးကြီးတစ်လုံးပေါ်လာပြီး အချိန်ကြာလာတာနဲ့အမျှ ပိုအင်အားကြီးလာတယ်။ အနက်ရောင်မိန်းကလေးက သူ့ကိုအနားပေးမကပ်ဘူး။ ပထမတော့ နွယ်သစ်ပင်တွေနဲ့ရိုက်နှက်တယ်။ နှင်မရတော့ နောက်ကိုခုန်ဆုတ်ပြီး တိမ်းရှောင်တယ်။ ဖြစ်နိုင်သမျှ မီးတောက်နဲ့မထိမိအောင်ကြိုးစားပေမဲ့ တစ်ကြိမ်တော့ ရိုစယ်လီယာ အခွင့်အရေးရသွားပြီး ဝမ်းဗိုက်ကို ထိုးချိန်လိုက်နိုင်တယ်။
“ရိုစယ်လီယာ... မလုပ်နဲ့...” ရုတ်တရက် နက်ဆန်က အော်ဟစ်လိုက်တယ်။ ဒါကြောင့် ရိုစယ်လီယာ အာရုံ ပြန့်သွားပြီး မီးတောက်က အနက်ရောင်ကလေးမရဲ့ လက်မောင်းကိုပဲ ရှပ်ထိသွားတယ်။ လက်မောင်းက အသားတွေကျိုးပဲ့ကုန်ပြီး အနက်ရောင်သွေးရည်တွေ ထွက်လာတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်မအနားကနေ စူးစူးရှရှ အော်သံကိုကြားလိုက်ရတဲ့အတွက် လှည့်ကြည့်တော့ အဖြူရောင်ကလေးမလေးရဲ့လက်မောင်းမှာလည်း ဒဏ်ရာရှိနေပြီး အနီရောင်သွေးတွေစီးကျနေတာပါ။
“ သူတို့နှစ်ယောက်က တစ်ယောက်တည်းပဲ။ မင်း တစ်ယောက်ကို ထိခိုက်အောင်လုပ်ရင် တခြားတစ်ယောက်လည်း နာကျင်လိမ့်မယ်။ ပြီးတော့ အနက်ရောင်ဘက်ခြမ်းက ညဘက်လိုမျိုး ချက်ချင်းပြန်လည်ကုသနိုင်စွမ်းမရှိတော့ဘူး။”
အနက်ရောင်ကလေးမရဲ့လက်မောင်းကနေ သွေးတွေ ဆက်စီးကျနေပြီး ညတုန်းကလို ချက်ချင်းပြန်မကောင်းတာကို ကျွန်မလည်း သတိပြုမိလိုက်တယ်။ ဒါပေမဲ့ ဒဏ်ရာက မြင်နိုင်တဲ့နှုန်းနဲ့ ပြန်ကောင်းလာနေဆဲပဲ။ အချိန်ပဲပိုကြာတာ။ တစ်ဖက်မှာတော့ ဒီအနက်ရောင်ကလေးမကို သတ်မိသွားရင် အပြစ်မရှိတဲ့ အဖြူရောင်ကလေးမလည်း သေလိမ့်မယ်။
“ဒါဖြင့်ရင် ဘယ်လိုလုပ်ရမှာလဲ။ သူ့ကို အခွင့်အရေးရှိတုန်း သတ်လိုက်သင့်တယ်။”
ရိုစယ်လီယာပြောတာလည်းမမှားဘူး။ ဒီလိုအန္တရာယ်များတဲ့ အရာမျိုးကို ကျွန်မတို့တွေ အခွင့်အရေးရတုန်း တစ်ခါတည်းဖြေရှင်းသင့်တယ်။ သူတို့စကားများနေတုန်း အနက်ရောင်သစ်ပင်က ပြန်ကောင်းလာပြီး ရိုစယ်လီယာကို သစ်နွယ်တွေနဲ့ ရိုက်လိုက်တယ်။ ရိုစယ်လီယာက မြေပြင်ကို ကျိုင်းတုတ်နဲ့ ဆောင့်ချလိုက်ပြီး မီးလျှံတံတိုင်းကြီးကို ဆင့်ခေါ်ကာ နွယ်ပင်တွေအားလုံးကို ပြာချပစ်လိုက်တယ်။ တိုက်ပွဲက မရှည်သေးပေမဲ့ သူပင်ပန်းနေပြီ။ ရန်သူက သန်မာလွန်းတယ်။ ဒါပေမဲ့ တဒင်္ဂအတွင်းမှာပဲ အနက်ရောင်ကလေးမရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားတယ်။ သူ့ကိုယ်ပေါ်မှာ ဧရာမအရိပ်လက်ကြီးရှိနေပြီး အရိပ်လက်ကြီးက သူ့ကိုချုပ်နှောင်ထားတယ်။
“ငါတို့မှာ တခြားနည်းလမ်းရှိနေပြီးသားပဲ။ ဘာလို့ အကြမ်းနည်းကို ရွေးမှာလဲ။” နက်ဆန်က ပြောလိုက်ရင်း ရှေ့ကိုတက်လာတယ်။ ဂူထဲမှာ အလင်းရောင်သိပ်မရှိတော့ နက်ဆန်က သူ့အစွမ်းကို အနည်းအပါးသုံးနိုင်သေးတယ်။ နဂိုကတည်းက အစီအရင်က တစ်ဝက်ပြီးပြီးသားမလို့ ဒီကလေးမကို သတ်စရာမလိုဘဲ ကျွန်မတို့အနိုင်ယူနိုင်တယ်လေ။
“ခွင့်ပြုပါ...” နက်ဆန်က ချုပ်နှောင်ခံထားရတဲ့ ကလေးမရဲ့ဆံပင်ကို ဆွဲနှုတ်ပြီး အနက်ရောင်ပိတ်စနဲ့ ထုပ်လိုက်တယ်။ အဲဒီနောက်တော့ သစ်ကိုင်းမှာစုချည်ပြီး ကျွန်မနားမလည်နိုင်တဲ့ဂါထာတစ်ပုဒ်ကို စရွက်ပါတယ်။ မကြာခင်မှာပဲ ကလေးမနှစ်ယောက်လုံးဆီကနေ အနက်ရောင်အခိုးအငွေ့တွေထွက်လာပြီး ဘာမှမမြင်ရတော့ဘူး။
မျက်လုံးကို ပြန်ဖွင့်လိုက်တော့...
“ဟင်...”ခနဲ ဖြစ်စရာ မြင်ကွင်းကို မြင်လိုက်ရတော့တာပဲ။
....
အဖြူရောင်ကျူးနစ်ဂါဝန်လေးကို ဝတ်ထားတဲ့ သစ်ခေါက်ရောင်ဆံပင်နဲ့ကောင်မလေးက နက်ဆန်ကို တအားတွယ်ကပ်နေပြီး အတင်းဖက်ထားတယ်။ ပြီးတော့ သူ့မျက်လုံးတစ်ဖက်က ရွှေအိုရောင်၊ တစ်ဖက်က ခရမ်းရောင်ပါ။ ကလေးမလေးနှစ်ယောက်ဆီက ရတဲ့အရှိန်အဝါ နှစ်ခုလုံးက သူ့ဆီမှာရှိနေပေမဲ့ အခုတော့ တစ်ယောက်တည်းပဲ။
“ထပ်ပြီးတွေ့ရတာ ဝမ်းသာပါတယ်၊ ကိုကိုသခင်။” ဆိုပြီးတော့တောင် ပြောလိုက်သေးတယ်။ သူ့ပါးကတော့ နက်ဆန်ရဲ့လက်မောင်းကို ပွတ်သပ်လို့။ ရိုက်ချင်စရာ ကောင်းလိုက်တာကို။ ဒါနဲ့၊ ဒီကလေးမက မွေးရာပါ စကားမပြောနိုင်တာဆိုရင် ဘယ်လိုလုပ်ပြီး ပြန်ကောင်းလာတာလဲ။
“ဒါက ဘယ်လိုဖြစ်တာတုန်း ကိုနက်ဆန်ရဲ့... ရှင်ပြောတော့ ကလေးမလေးရဲ့ဝိညာဥ်ကိုပဲ ပြန်ပြီးပေါင်းစည်းပေးမှာဆို....”
နက်ဆန်က ကျွန်မစကားကြောင့် နှုတ်ဆိတ်နေပေမဲ့ မော်လီကတော့ ဖြစ်နိုင်ခြေတစ်ခုကို မှန်းဆပြီး ထင်ကြေးပေးလိုက်တယ်။
“မူလမှော်အစီအရင်က မတူညီတဲ့ဝိညာဥ်နှစ်ခုကြား ဖြတ်တောက်လို့မရတဲ့ ဆက်ဆံရေးကို ဖြစ်ပေါ်စေတာ။ ဒီကလေးမရဲ့ဝိညာဥ်က နှစ်ခြမ်းဖြစ်နေပေမဲ့ အပြီးသတ်မှာတော့ တစ်ခုတည်းပဲလေ။ ပြီးတော့ မှော်ဂါထာရဲ့စတုတ္ထမြောက်ပါဝင်ပစ္စည်းအဖြစ် သုံးခဲ့တဲ့အရာက သခင့်သွေးဆိုတော့ မှော်အစီအရင်ရဲ့မူလရည်ရွယ်ချက်အတိုင်း ကလေးမက သခင့်ရဲ့လက်အောက်ခံ ဖြစ်သွားတာပဲ။”
ကျွန်မရဲ့နက်ဆန်အပေါ်အကြည့်တွေနဲ့ အမြင်က ဇောက်ထိုးမိုးမျှော်ပြောင်းလဲသွားတယ်။ ဆယ်ကျော်သက်ထဲ ဝင်စပဲ ရှိသေးတဲ့ကောင်မလေးတစ်ယောက်အပေါ် သခင်နဲ့ကျေးကျွန်စာချုပ်သုံးလိုက်တယ်။ ဘယ်လိုတောင် ရက်စက်တဲ့ကောင်လဲ။ ကျွန်မသူ့ကို ရအောင်သတ်မယ်။
ကျွန်မသူ့ကို ကိုင်ဆောင့်ချင်စိတ်အပြည့်နဲ့ ရှေ့ကို ခြေလှမ်းလိုက်ပေမဲ့ ကလေးမလေးက သူ့ရှေ့မှာ ဝင်ရပ်လိုက်တယ်။ သူ့ရဲ့ဘယ်ဘက်က ခရမ်းရောင်မျက်လုံးတွေကတော့ ကျောက်မျက်သဖွယ် တောက်ပလို့။
“အရူးမကြီး... ရှင်ကိုကိုသခင်ကို ထိဖို့ကြံလို့ရတော့ ဟောဒီက အိုလီရာနာက ရှင့်ကို အရိုးရောအသားပါမချန် တစ်စစီလုပ်ပစ်မယ်။” သူက ပဲ့တင်သံပါပါအသံနဲ့ပြောရင်း ကျွန်မကို လက်နဲ့ရွယ်လိုက်တယ်။
နောက်တော့ ကျွန်မခန္ဓာကိုယ်မှာရှိသမျှအားတွေ ယုတ်လျှော့လာပြီး ဒူးထောက်ကျသွားတော့တာပဲ။ ဟုတ်သားပဲ၊ ဒီသောက်ကလေးမက ကျွန်မကိုကျိန်စာ တိုက်ထားတာလေ။ အခုထိ ဖြေမပေးသေးတဲ့ပုံပဲ။
ပြောရရင် ကျွန်မက အခုအချိန်ကနေစပြီး သူပြုသမျှ နုရတော့မှာပေါ့....