မဟူရာသတို့သမီး (ပထမပိုင်း)
Vol. 1 Ch. 37
မိစ္ဆာသစ်ပင်ကိစ္စပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေ ရိုစယ်လီယာနဲ့လမ်းခွဲဖို့ဖြစ်လာပါတယ်။ ဂူထဲမှာ အတူတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပေမဲ့ နောက်ဆုံးတော့ ကျွန်မတို့တွေက ရန်သူတွေပါပဲ။ အစက ကျွန်မတို့ အပေါ်ကိုပြန်ရောက်ရောက်ချင်း သူတိုက်ခိုက်လိမ့်မယ် ထင်ထားခဲ့ပေမဲ့ အဲဒီလိုမဖြစ်ခဲ့ဘူး။
“နက်ဆန်... နောက်တစ်ခါ ကျွန်မရှင့်ကိုတွေ့ရင် သေချာပေါက်အနိုင်ယူပြမယ်။” လို့ နက်ဆန်ကို လက်ညိုးနဲ့ကောက်ကောက်ထိုးပြီး တပည့်တွေနဲ့အတူ ဆာဗွေနယ်စားနယ်မြေဆီကို ပြန်သွားလေရဲ့။
သီလရှင်ကျောင်းကို ကျွန်မတို့ပြန်သွားပြီး သူတော်စင် နှစ်ယောက်ကိုလိုက်ရှာခဲ့ပေမဲ့ သူတို့လည်း ပြန်သွားပြီ။ သူတို့က ကျွန်မတို့ကိုမကောင်းကြံခဲ့တယ်ဆိုပေမဲ့ သီလရှင်ကျောင်းက လူတွေကတော့ ဘာအပြစ်မှ လုပ်ထားတာမရှိလို့ နက်ဆန်က ရန်မပြုခဲ့ပါဘူး။ အဲဒီအစား ရာစုနှစ်ပေါင်းများစွာ သူတို့ကိုခြိမ်းခြောက်ခဲ့တဲ့ မိစ္ဆာသစ်ပင်ရဲ့ရန် မရှိတော့တဲ့ အကြောင်းကိုသာ ရှင်းပြခဲ့ပါတယ်။
“အခုတော့ ခရီးဆက်ကြတာပေါ့။” ကိစ္စတွေအားလုံး ဖြေရှင်းလို့အပြီးမှာ ကျွန်မတို့တွေ နိစ့်မြို့ကနေ ထွက်ဖို့ ပြင်ဆင်ရပါတယ်။ နက်ဆန့်အဆိုအရ ကျွန်မကျိန်စာ အသက်ဝင်မလာခင် ကွန်စတန်တီနိုပယ်ကို ရောက်ဖို့ လိုတယ်တဲ့လေ။
ဘုရားကျောင်းနယ်မြေထဲကို တိုက်ရိုက်ပျံသန်းသွားရင် အန္တရာယ်ရှိနိုင်တာကြောင့် ကျွန်မတို့က ရှေးရောမတွေရဲ့ ပိုငိနက်အတွင်း အထင်ကရမြို့ကြီးတွေကိုဖြတ်သွားရင်း ရည်ရွယ်ချက်မပေါ်အောင်လုပ်ရမှာ။ နက်ဆန်ရဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။
“နတ်တစ်ပိုင်းတစ်ယောက်အနေနဲ့ အင်ပါယာပိုင်နက်ထဲ လှည့်လည်သွားလာပြီး မှော်လောကအတွင်း အတွေ့အကြုံရှာဖွေတာက သာမန်ဆန်တဲ့အပြုအမူပဲ။ လေဒီမာဂါရီတာကိုယ်တိုင်လည်း ဥရောပတိုက်တစ်ခုလုံး လှည့်လည်သွားလာရင်း အစွမ်းအထက်ဆုံးအယ်ဒါ ဖြစ်လာခဲ့တာ။”
လောလောဆယ်နက်ဆန်က အယ်ဒါတစ်ယောက် မဟုတ်သေးဘူး။ အယ်ဒါနေရာအတွက် တခြား အမှောင်ကျောင်းကသူတွေနဲ့ ယှဥ်ပြိုင်နေတဲ့သူပါ။ ဒါကြောင့် သူ့ကိုယ်သူတိုးတက်ဖို့ ဥရောပတိုက်တစ်ခွင် လှည့်လည်နေတဲ့ပုံစံမျိုးလုပ်ရင် ကျွန်မတို့ ဘုရားကျောင်းက နတ်ရေစင်ကိုခိုးမယ့်ကိစ္စကို လူတွေသတိထားမိတော့မှာ မဟုတ်ဘူး။
“ဒီတော့ နောက်ထပ်ကျွန်မတို့ သွားမယ့်နေရာတွေက...”
“ပထမဆုံး ဂျီနိုအာကိုသွားမယ်၊ ပြီးရင် မီလန်ကိုဖြတ်ပြီး ဗင်းနစ်မှာ တစ်ထောက်နားမယ်။ အဲဒီကနေ သင်္ဘောစီးပြီး ဂရိကျွန်းဆွယ်ပေါ်တက်ကြတာပေါ့။”
ခရီးသွားမယ့်နည်းလမ်းကိုတော့ နက်ဆန်က ထုံးစံ အတိုင်းပဲ ရထားနဲ့သွားဖို့ရွေးခဲ့တယ်။ မမြန်ပေမဲ့ သက်သောင့်သက်သာရှိပြီး ချစ်စရာကောင်းတဲ့ ခရီးသွားနည်းဖြစ်တာမလို့ ကျွန်မလည်း မငြင်းခဲ့ဘူး။ ပြင်သစ်နိုင်ငံကနေထွက်ပြီး အီတလီနိုင်ငံထဲ ဝင်ရမှာဖြစ်လို့ စိတ်ပူမိပေမဲ့ ဥရောပသမဂ္ဂ လွတ်လပ်စွာသွားလာခွင့်စာချုပ်ကျေးဇူးကြောင့် လက်မှတ်ဝယ်ရာမှာ မှတ်ပုံတင်ပြရုံနဲ့တင် အဆင်ပြေသွားခဲ့တယ်။
မကြာခင်မှာပဲ ကျွန်မတို့အထုပ်အပိုးတွေကို အထူးတန်း ရထားတွဲပေါ်တင်ပြီး ထိုင်ခုံတွေမှာ နေရာဝင်ယူလိုက်ကြပါတယ်။ နက်ဆန်က ထုံးစံအတိုင်း လေးခုံတွဲဝယ်ထားတုန်း။ ဒါပေမဲ့ အရင်တစ်ခါကနဲ့ မတူညီတာက ခုံတွဲမှာထိုင်နေတဲ့သူ တစ်ယောက်ပိုတိုးလာတာပဲ။
“သခင်ကိုကို၊ သမီးဗိုက်ဆာနေပြီ။” အချိန်အားဖြင့်တော့ ညနေ ခြောက်နာရီ။ နက်ဆန်အတွက်တော့ မနက်ခင်း ပြောရမလား။ သူအိပ်ရာထရုံပဲရှိသေးတယ်။ ဒါပေမဲ့ ဟိုသောက်ကလေးမလေးကတော့ သူ့ကိုချွဲပြနေပြီ။
နက်ဆန်က ပြတင်းပေါက်နဲ့ကပ်လျက်ခုံမှာ ထိုင်နေတာ ဖြစ်ပြီး သူ့ရဲ့ဘယ်ဘက်ခုံမှာတော့ အိုလီရာနာက နေရာ ယူထားတယ်။ သာမန်နေရာယူထားတာမျိုးမဟုတ်ဘဲ နက်ဆန်ရဲ့လက်တစ်ဖက်ကို သူ့လက်မောင်းကြားထဲ ညှပ်ထားပြီး အတင်းပခုံးကိုမှီထားတာ။ တကယ့်ကို နည်းနည်းလေးမှ အချိုးမပြေ။
“ပြောခါမှ ညစာစားချိန်ရောက်နေပြီပဲ။ ရထားပေါ်မှာ ဘာတွေရလဲကြည့်ရအောင်။”
နက်ဆန်ကလည်း ခါတိုင်းထက် ပိုစကားပြောနေပြီး ရထားစားပွဲပေါ်က တွဲလျက်ပါတဲ့ တက်ပလပ်ကို ဖွင့်၊ မှာယူရရှိနိုင်တဲ့ ဟင်းလျာစာရင်းကို ကြည့်လိုက်တယ်။ နက်ဆန်တစ်ဖက်ကို အာရုံရောက်နေတုန်း အိုလီရာနာက ကျွန်မကို လျှာထုတ်ပြလိုက်သေး။
‘အော်၊ ဒင်းက တမင်လုပ်နေတာကိုး။’ ကျွန်မ စိတ်ထဲ ထောင်းခနဲ ဒေါသထွက်လာတယ်။ ဒီဟာမလေးက ခန္ဓာကိုယ်အရသာ ၁၂နှစ်ဖြစ်နေတာလေ။ တကယ်တွေးကြည့်ရင် မော်လီထက်တောင် နှစ်ပေါင်း သုံးလေးရာလောက် အသက်ကြီးဦးမယ်။ ကလေး ခန္ဓာကိုယ်နဲ့ မာယာများတဲ့ဘွားအေကြီးအစစ်။
ကျွန်မလည်း ဒီဟာမလေးကိုပဲ အာရုံစိုက်နေတဲ့ နက်ဆန်ကို ဒေါသထွက်လာပြီး စားပွဲဝိုင်းကို လက်နဲ့ ဘုန်းဆိုပြီး ထုချလိုက်မိတယ်။ တခြားခုံကလူတွေလည်း လန့်ဖြန့်ပြီး ကျွန်မတို့ကို လှည့်ကြည့်တော့တာပေါ့။
“တောင်းပန်ပါတယ်။ ကျွန်မ စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ။” ကျွန်မလည်း သူတို့ကို အားနာနာနဲ့ တောင်းပန်ရတာပေါ့။ နောက်တော့ နက်ဆန့်နားကို လိမ်ဆွဲလိုက်မိရော။
“အာ့... အာ့... နင်ဘာထလုပ်တာလဲဟ။” နက်ဆန်လည်း မျှော်လင့်မထားတဲ့ ကျွန်မရဲ့လုပ်ရပ်ကြောင့် လန့်သွားပုံပဲ။
“ရှင်လည်း ဘေးဘေးဘီဘီကို သတိထားကြည့်ဦး။ မိန်းကလေးတစ်ယောက်နဲ့ဒီလောက် ကပ်နေစရာလား။ သူများတွေ အမြင်စောင်းကုန်ရင် ဘယ်လိုလုပ်မလဲ။”
“.....” နက်ဆန်က ခေါင်းကိုစောင်းပြီး ကျွန်မကို နားမလည်နိုင်စွာနဲ့ ကြည့်လိုက်တယ်။ ဒီတော့မှ ကျွန်မလည်း စကားပြောမှားသွားမှန်း သတိထားမိတော့တာ။
“ဟုတ်သားပဲ၊ တခြားသူတွေက နင်တို့ကို မောင်နှမတွေလို့ပဲ မြင်ရင်မြင်မှာ။ ငါတို့ကလွဲလို့ ဘယ်သူမှ ဒီဟာမလေးကို နှစ်ရာကျော်ဘွားအေကြီးမှန်း သိမှာမဟုတ်ဘူး။”
ကျွန်မ စိတ်ဓာတ်ကျကျနဲ့ ခုံမှာနေရာတကျ ပြန်ထိုင်လိုက်တယ်။ အိုလီရာနာကတော့ ကျွန်မကို သဘောတကျကြည့်ရင်း တခိခိရယ်လို့။ မကြာဘူး၊ နက်ဆန့်အရိပ်ထဲမှာပုန်းနေတဲ့ မော်လီဆီကနေလည်း ရယ်သံထွက်လာတယ်။
“သခင်က တစ်ကောင်ကြွက်ဆိုတော့ ငယ်ငယ်တည်းက ညီမလေးတစ်ယောက် လိုချင်နေခဲ့တာလေ။ ညီမလေး တစ်ယောက်သာရှိရင် သူ့ကိုနားလည်ပေးနိုင်မှာလို့ တွေးခဲ့တာလဲပါတာပေါ့။ တစ်ဖက်မှာလည်း အိုလီရာနာက နှစ်ရာနဲ့ချီအထီးကျန်နေခဲ့တာမလို့ သခင့်ကို တွယ်တာနေတာပါ။ ဒီကိစ္စကို နားလည်ပေးလိုက်ပါ၊ အမှိုက်မ။” သူက စိတ်နဲ့ဆက်သွယ်ပြီးပြောတယ်။
“ဘယ်သူက အမှိုက်မတုန်း။ ဒီကိစ္စကို ကျွန်မနားလည်တယ်။ နားလည်လွန်းလို့ ဟိုဘက်တောင် လွန်နေပြီ။ နည်းနည်းအပိုတွေလုပ်လွန်းလို့ ဒေါသထွက်နေတာ။”
ရုတ်တရက်ကြီးစိတ်တိုလာလို့ ဒီစကားတွေကို ကျွန်မ ပါးစပ်ကနေ အကျယ်ကြီးပြောမိလိုက်တယ်။ ရထားတွဲထဲက လူတွေလည်း ကျွန်မကို ဝိုင်းကြည့်နေကြပြီ။ ဒီကောင်မလေး ရူးများရူးနေလားဆိုတဲ့ အကြည့်မျိုးတွေနဲ့။
“တောင်းပန်ပါတယ်...” ကျွန်မထပ်ပြီး တောင်းပန်လိုက်ရပြန်တယ်။ ပြင်သစ်လူမျိုးတစ်ယောက်အဖို့ တစ်နေ့တည်း နှစ်ခါပြန်တောင်းပန်ရတာ ရှက်စရာပဲ။
“သမီးက... ပို့ကေတစားချင်တယ်။” ကောင်မလေးက မီနူးပေါ်က အီတလီစတိုင်ဝက်သားကင်ဟင်းလျာကို ရွေးချယ်လိုက်တယ်။ အီတလီတွေကတော့ ပို့ကေတ လို့ခေါ်တာပဲ။ အဓိပ္ပါယ်ကတော့ ဝက်သားကင်ပါ။ တခြားဝက်သားကင်တွေနဲ့ ဘာကွာလဲဆိုတော့... အင်း၊ အရှည်ကြီးရှင်းပြရဦးမယ်။
ပို့ကေတက အီတလီရဲ့နာမည်ကြီးရိုးရာဟင်းတွေထဲက တစ်ခု။ အခြေခံအားဖြင့်တော့ ဝက်ဗိုက်သားကို လိပ်၊ အတွင်းထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေအစာသွပ်ပြီး အရေပြားကြွပ်ကြွပ်လေးဖြစ်အောင် ကင်ထားတာပဲ။ အရသာက ချိုအီအီစိုထိုင်းထိုင်းနဲ့ အနံလေးမွှေးတယ်။ ထည့်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေကလည်း တကယ့် လူကြိုက်များတဲ့ ရို့မယ်ရီ၊ ကလျာဏီပင်၊ စမုန်နက် စတဲ့အရာတွေ။
“အင်း၊ ငါလည်း အဲဒါပဲမှာတော့မယ်။” နက်ဆန်လည်း ဆုံးဖြတ်ချက်ချလိုက်ပြီး တက်ပလပ်ကနေတစ်ဆင့် ပို့ကေတနှစ်ပွဲ မှာလိုက်တယ်။ နောက်တော့ သူက ကျွန်မကိုကြည့်လိုက်တယ်။ အော်၊ သူက ကျွန်မရှိနေသေးတာကို သတိရသေးတယ်ပေါ့။
“မင်းလည်း ဗိုက်ဆာနေရောပေါ့။ ကြိုက်တာမှာပါ။” အလုပ်ရှင်တစ်ယောက်အနေနဲ့ နက်ဆန်က ကောင်းတဲ့ အထဲမှာပါတယ်။ ကျွန်မကို မိသားစုဝင်တစ်ယောက်လို ဆက်ဆံပြီးတော့ လိုအပ်သမျှကို ဝန်မလေးဘဲ ဖြည့်ဆည်းပေးလေ့ရှိတယ်။ ပုံမှန်ဆိုရင် စိတ်ကောင်းဝင်ပြီး သူ့ကိုကျေးဇူးတင်မိမှာဆိုပေမဲ့ ပါးကိုတမင်ဖောင်းပြီး ကျွန်မကို အောင်နိုင်သူကြီးလို စိုက်ကြည့်နေတဲ့ အိုလီရာနာကိုကြည့်မိတော့ ဒေါသက အလိပ်လိုက်ရောအတောင့်လိုက်ပါ ထွက်လာရော။
“ဒီညရေပဲသောက်မယ်။ ဝိတ်ချနေလို့လေ။” ဗိုက်တကယ်ဆာနေပြီဆိုပေမဲ့ မာနကတော့ ထားကိုထားရမယ်။
မကြာခင်မှာပဲ မွှေးပျံတဲ့ ဝက်သားကင်နှစ်ပွဲကို ရထားမယ်လေးတစ်ယောက်က လာချပေးတယ်။ ရထားပေါ်မှာမလို့ လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတာ မဟုတ်ဘဲ ပြန်နွှေးထားရုံပဲဆိုပေမဲ့ ကြည့်ရုံနဲ့တင် စားလို့ကောင်းမှန်း သိနိုင်တယ်။ ဝက်သားအရေခွံက အညိုရောင်သန်းနေပြီး ဝက်သားက ဖြူဖွေးနေပြီး အိစက်ညှက်ညောတဲ့အရသာမျိုးထွက်နေမှန်း မြင်တာနဲ့ ခန့်မှန်းကြည့်နိုင်တယ်။ ကျွန်မ လျှာကိုသက်လိုက်ပြီး ဆာလောင်နေတဲ့ဗိုက်ပေါ် လက်တင်လိုက်မိတာပေါ့။ အိုလီရာနာက ဓားနဲ့ဝက်သားကို အပိုင်းသေးလေး ပိုင်းလိုက်ပြီး ခက်ရင်းနဲ့ထိုးကာ ကျွန်မဆီကမ်းပေးတယ်။
“မမကြီး၊ မြည်းကြည့်ဦးမလား။”
“နေပါစေ၊ ကယ်လိုရီများတယ်။” ကျွန်မငြင်းလိုက်တယ်။ အိုလီရာနာက ရုတ်တရက်ပြုံးလိုက်ပြီး နက်ဆန်ဘက်ကို လှည့်ကာ ဝက်သားကင်ကို ကမ်းပေးလိုက်တယ်။
“ကိုကိုသခင်... အာ....” ပြောပါတယ်။ ဒီကလေးအရေခြုံဘွားတော်ကြီးက တမင်လုပ်နေတာလို့။ ကြည့်ပါလား၊ ကျွန်မရှေ့မှာတင် နက်ဆန်ကို ခွံကျွေးဖို့လုပ်နေတာ။
ကျွန်မကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်မလို့ ရေကိုပဲ ထပ်ခါတလဲလဲသောက်ရင်း အိုလီရာနာကို မကြည်ကြည့်နဲ့ ကြည့်နေခဲ့တာပေါ့။
“ငါသန့်စင်ခန်းသွားလိုက်ဦးမယ်။” ညစာစားလို့ ပြီးသွားတော့ နက်ဆန်က ခုံကနေထပြီး သန့်စင်ခန်း ရှိတဲ့အတွဲဆီ သွားပါတယ်။ အိုလီရာနာနဲ့ကျွန်မပဲ ခုံပေါ်မှာ ကျန်နေရစ်တယ်။ အိုလီရာနာက နက်ဆန်လည်း ထွက်သွားရော သူ့မျက်ခွံတွေကို လက်နဲ့လှန်ပြီး ကျွန်မကိုသရဲခြောက်သလိုခြောက် ပြောင်ပြတော့တာပဲ။
“အရူးမကြီး... အရူးမကြီး... ကိုကိုသခင်က ကျွန်မ အပိုင်နော်။ ရှင်စောစောစီးစီးအရှုံးပေးလိုက်တာ ကောင်းမယ်။”
ဂါး... ဒေါသထွက်ဖို့ကောင်းလိုက်တာ။ ဖြစ်နိုင်ရင် ဒီသောက်ကလေးမကို ရထားပြတင်းပေါက်ကနေ ပစ်ချပစ်ချင်တာ။ ဒါပေမဲ့ ကံမကောင်းတာက သူက ကျွန်မရဲ့ကျိန်စာကိုဖြေမပေးသေးဘူး။ တစ်ခုခုလုပ်ဖို့ကြံရင် အရင်ဒုက္ခရောက်မှာက ကျွန်မပဲ။ ဆုပ်လည်းဆူးစားလည်းရူးဆိုတာ ဒါမျိုး။
“ငါလည်း သန့်စင်ခန်းသွားလိုက်ဦးမယ်။ လိမ်လိမ်မာမာနေခဲ့နော်။ ကလေးသူခိုးတွေနဲ့ မတွေ့မိစေနဲ့ဦး။”
ကျွန်မလည်း အိုလီရာနာကို သွယ်ဝိုက်ကျိန်ဆဲလိုက်ပြီး သန့်စင်ခန်းရှိတဲ့အတွဲဆီ သွားလိုက်တယ်။ ဒါပေမဲ့ သန့်စင်ခန်းက အားမနေဘဲ အတွင်းက စကားပြောသံ တချို့ကို ကျွန်မကြားနေရတယ်။
“သခင်... ဘာလို့အဲဒီမိန်းကလေးကို ဒီလောက်အထိ ပစားပေးနေရတာလဲ။ ဘုရားကျောင်းက နတ်ရေစင်ကို ခိုးတာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတယ်လို့ ပြောလို့ရတဲ့ လုပ်ရပ်မျိုးနော်။”
“ငါဆုံးဖြတ်ပြီးသား ကိစ္စပါမော်လီ။ မိတ်ဆွေတစ်ယောက် ဒီအတိုင်းသေသွားမှာ မမြင်ချင်ဘူး။”
“သခင်က အဲဒီမိန်းကလေးကို သာမန်မိတ်ဆွေလို့ပဲ မြင်တာလား။ ဒါမှမဟုတ် အဲဒီထက်ပိုတာလား....”
“....” နက်ဆန်က ပြန်မဖြေခဲ့ဘူး။ သူက တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ကြောင့်ပဲ ကျွန်မ ရင်တွေခုန်လာတယ်။
ချောက်...
ရုတ်တရက် သန့်စင်ခန်းတံခါးပွင့်လာပြီး နက်ဆန် ထွက်လာတယ်။ မျက်နှာသစ်ထားဟန်နဲ့ သူ့မျက်နှာနဲ့ဆံပင်တွေ ရေစိုနေတယ်။ ရထားထဲက သန့်စင်ခန်းမှာ ဘေဇင်ပါတွဲထားတတ်တာကိုး။
“ဟိုင်း... ကျွန်မခုလေးတင် ရောက်တာပါ။”
“....” သူက ကျွန်မကို ဘာမှမပြောဘဲ လစ်လျူရှုပြီး ထွက်သွားတယ်။ တစ်ဖက်မှာတော့ ကျွန်မက ကိုယ့်ခြေထောက်ကိုယ် ပြန်ငုံကြည့်ပြီး ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေကို ပြန်တွေးဖြစ်တယ်။
‘ငါက သူ့ကိုအခက်အခဲတွေထဲ တွန်းပို့မိနေတာလား။’ ဒါကို ကျွန်မအရင်ကတည်းက နားလည်ခဲ့ပြီးသား။ ရိုမြူလက်ချက်ကျောင်းရဲ့အင်အားကို ကျွန်မ သေချာနားမလည်သေးပေမဲ့ ပုံမှန်မှော်ကျောင်းတွေထက် အားပိုကောင်းတယ်ဆိုတာတော့ မြင်ခဲ့ပြီးပြီ။ သူတို့ရဲ့သူတော်စင်စစ်သည်တစ်ယောက်က နက်ဆန်နဲ့တန်းတူစွမ်းအားရှိပြီး ရိုစယ်လီယာအနေနဲ့ သူတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်ဘူး။ အဲဒီလိုစစ်သည်မျိုးက သူတို့မှာအများကြီးရှိနေတယ်။ ပြီးတော့ သူတို့အထက်က ရဟန်းမင်း။ အဲဒီလူသာဆိုရင် ဘယ်လောက်ထိ အင်အားကြီးလိုက်မလဲ။
နက်ဆန်က စွမ်းအားကြီးပေမဲ့ ပြိုင်ဘက်ကင်း မဟုတ်ဘူး။ ဒါကို တိုက်ပွဲတွေကနေ သူရခဲ့တဲ့ ဒဏ်ရာတွေကိုကြည့်ပြီး ကျွန်မပြောနိုင်တယ်။ ဘုရားကျောင်းကိုဆန့်ကျင်ရင်း သူဒုက္ခရောက်သွားနိုင်တယ်။
...
“အင့်....” ကျွန်မ ကိုယ့်ရထားတွဲကိုယ် ပြန်သွားတဲ့လမ်းမှာ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဝင်တိုက်မိတယ်။ နံရံကို ဝင်တိုက်မိသလိုမျိုး ကျွန်မခံစားလိုက်ရပြီး ကြည့်လိုက်တော့ အဲဒီအမျိုးသမီးက ပိန်သွယ်သွယ်သာ ဖြစ်မှန်း သတိထားမိလိုက်ပါတယ်။
“အာရာ့... မင်းရုတ်တရက် ထွက်လာမယ်မှန်း တို့မသိလိုက်လို့ပါ။” အဲဒီမိန်းကလေးက ပြောလိုက်တယ်။
သူက အများကြီးရင့်ကျက်တဲ့သူတစ်ယောက်ရဲ့လေသံနဲ့ ပြောနေပေမဲ့ ကျွန်မထက် ငယ်တဲ့ပုံပဲ။ သူဝတ်ထားတဲ့ အနက်ရောင်ဂါဝန်က မင်္ဂလာဆောင်ဝတ်စုံနဲ့ဆင်တူပြီး ဇာပုဝါနဲ့မျက်နှာကိုဖုံးထားတယ်။ ဇာပုဝါကနေတစ်ဆင့် မြင်နေရတဲ့မျက်နှာက တကယ့်ကို ကြွေရုပ်ကလေး အတိုင်းပါပဲ။ နှုတ်ခမ်းတွေက နှုတ်ခမ်းနီဆိုးမထားပေမဲ့ နီရဲပြီးလှလွန်းတယ်။ မျက်နှာက သေးသေးသွယ်သွယ် စွဲမက်ဖို့အလွန်ကောင်းတယ်။ အသားအရေက သာမန်ထက် ဖျော့တော့ပြီး လူမမာလိုပဲ။ ဒါပေမဲ့ အဲဒီအချက်ကကို ယောက်ျားသားတွေ ကာကွယ်ပေးချင်တဲ့ အားနွဲ့တဲ့အလှလေးပုံစံ ဖြစ်လာစေတယ်။ ခန္ဓာကိုယ်ကလည်း ပိန်ပါးပြီး ကျိုးပဲ့သွားတော့မလိုထင်ရပေမဲ့ ရှိသင့်ရှိထိုက်တာတွေရှိပြီး ဆွဲဆောင်မှုရှိတယ်။ ဒါ့အပြင်ကို သူ့ဆီကနေ မိန်းမချင်းတောင် စိတ်ဝင်စားမိစေလောက်တဲ့ ညို့ဓာတ်ပြင်းတဲ့ ကိုယ်သင်းနံကို ခံစားမိနေပြီး စိတ်ထဲမှာ မသက်မသာခံစားမိလာတယ်။
“ကျွန်မကိုက သတိမထားမိလိုက်တာပါရှင့်။ ဒါကြောင့် ရပါတယ်။ အခုတော့ ကျွန်မအဖော်တွေဆီ ပြန်သွားလိုက်ပါဦးမယ်နော်။”
ဒီမိန်းကလေးက အန္တရာယ်ရှိနိုင်တယ်လို့ ကျွန်မ တွေးမိပြီးလစ်ထွက်ဖို့လုပ်ပေမဲ့ အဲဒီမိန်းကလေးက ကျွန်မလက်ကို ဖမ်းဆွဲလိုက်တယ်။ ရုန်းဖို့လုပ်ပေမဲ့ သူ့လက်က သိပ်ကိုသန်လွန်းတယ်။ ဒါကြောင့် ကျွန်မ မျက်နှာမှာ ချွေးသီးချွေးပေါက်တွေကျလာတယ်။
“သွားပြီ... ပုံမှန်မဟုတ်ဘူး....” ကျွန်မ အဲဒီမိန်းကလေးကို သေချာပြန်ကြည့်လိုက်တယ်။
“ရှင်က ကျွန်မဒါလင်နဲ့ခရီးအတူသွားခွင့်ရထားတဲ့ပုံပဲ။ မနာလိုစရာကောင်းလိုက်တာ။ ဒါပေမဲ့ ဒီကံကောင်းမှုက ဒီအထိပါပဲ။” သူ့လေသံက ခပ်အေးအေးပေမဲ့ နဂါးတစ်ကောင် အမောက်ထောင်ပြနေသလို ခံစားရတယ်။
“ရှင်က... ဘယ်သူလဲဟင်။” ကျွန်မမေးလိုက်တော့ သူက ညင်သာစွာပြုံးရင်း ပါးစပ်ကို ဖြည်းဖြည်းချင်း ဟလိုက်တယ်။
“ကျွန်မနာမည်က မိုနီကာပါ။ ဒါပေမဲ့ ဒါလင်ကတော့ ကျွန်မကို ဘီဖရိုဆာလို့ ချစ်စနိုးနဲ့ခေါ်တယ်။”