← Chapters

မဟူရာသတို့သမီး

Vol. 1 Ch. 38

မဟူရာသတို့သမီး

Vol. 1 Ch. 38

“အိုး... နိုးလာပြီလား၊ ညလယ်စာ အသင့်ဖြစ်ပြီနော်။”

မရင်းနှီးတဲ့ မျက်နှာကျက်တစ်ခု။ ဟောင်းနွမ်းပြီးတော့ ပင့်ကူအိမ်တွေနဲ့ပြည့်နှက်နေတဲ့ မျက်နှာကျက်ကို ကျွန်မ မြင်နေရတယ်။ ကျွန်မရဲ့ခန္ဓာကိုယ်က မွေ့ရာပေါ်မှာ။ သက်သောင့်သက်သာဖြစ်ပေမဲ့ အိပ်ရာခင်းကနေ အောက်သိုးသိုးမှိုနံရနေပြီး အချိန်အတော်ကြာ အသုံးမပြုဘဲ ဒီအတိုင်းထားရစ်ခဲ့ပုံပဲ။

“ကျွန်မ ဘယ်ရောက်နေတာလဲ။” ကျွန်မ အိပ်ရာပေါ်မှ ထိုင်လိုက်ပြီး အိပ်ရာဘေးကခုံမှာထိုင်နေတဲ့ မိုနီကာဆိုတဲ့ မိန်းမကို ကြည့်လိုက်တယ်။ ဒီမိန်းကလေး အနက်ရောင် သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားဆဲ။ ဇာပုဝါနက်ကို မျက်နှာအပြည့်ခြုံထားပေမဲ့ လှပတဲ့မျက်နှာကို ကျွန်မ တစ်ဝက်တစ်ပြတ် ထွင်းဖောက်မြင်နေရတယ်။

“ဒီနေရာက ကျွန်မအိမ်ဆိုပါတော့၊ အသုံးမပြုတာ ကြာပြီဆိုပေမဲ့လေ။” သူက ညင်သာစွာနဲ့ ပြန်ဖြေတယ်။ သူ့ရဲ့စကားသံကို ကြားရရုံနဲ့တင် ကျွန်မနှလုံးသားထဲ တဆတ်ဆတ်နဲ့ကိုက်ခဲလာနေတယ်။ အန္တရာယ်ရှိလွန်းတဲ့ လူတစ်ယောက်လိုခံစားနေရပြီး ဒီနေရာကနေ ပြေးဖို့ ကြိုးစားကြည့်ချင်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ သိနေပြန်ပါတယ်။

နောက်တော့ သူက ကျွန်မလက်ကိုဆွဲပြီး အခန်းပြင် ဆွဲခေါ်သွားတယ်။ ဒါပေမဲ့ ညင်ညင်သာသာလေးပါ။ အမျိုးသမီးတစ်ယောက်က ရင်းနှီးတဲ့ တခြားမိန်းကလေးရဲ့လက်ကို ဆွဲထားသလိုမျိုးပဲ။

အိမ်ကတော့ ရှေးပုံစံနှစ်ထပ်ဗီလာလို့ပြောရမယ်။ အလွန့်အလွန်ကိုကျယ်ပြန့်ပြီး ဟိုတယ်တစ်လုံးနဲ့တောင် မှားနိုင်တယ်။ အစေခံတွေတစ်ယောက်မှ မရှိသလို စံအိမ်တစ်ခုလုံး မှောင်မဲလို့ရယ်။ သန့်ရှင်းရေး လုပ်မထားပုံထောက်တော့ စွန့်ပစ်ခံထားရတာ အတော်ကြာတဲ့ပုံ။ အပြင်ကို ကြည့်လိုက်တော့ မှောင်မဲနေပေမဲ့ အဝေးမှာရှိနေတဲ့ ဆိပ်ခံတံတား တချို့နဲ့ ရှေးပုံစံသုံးပင်တိုင် ရွက်သင်္ဘောတချို့ကို မြင်နေရတဲ့အတွက် ဂျီနိုအာမြို့မှာဖြစ်နေပြီး ဂျီနိုအာ ရေကြောင်းသမိုင်းပြတိုက်နဲ့ မဝေးမှန်းသိလိုက်ရတယ်။

“ထိုင်ပါ... စားစရာတွေက ပူပူနွေးနွေးပါပဲ။ ရှင့်ကြည့်ရတာ ဘာမှမစားရသေးတဲ့ပုံ ပေါက်နေလို့လေ။”

ကျွန်မတို့ ညစာစားခန်းမကိုရောက်တော့ မိုနီကာက ထိပ်ဆုံးကခုံမှာ ဝင်ထိုင်လိုက်ပါတယ်။ သူ့မျက်နှာပေါ်မှာ အပြုံးဖျော့ဖျော့ကိုမြင်နိုင်ပြီး စိတ်ကောင်းဝင်နေပုံပဲ။ စားပွဲပေါ်က ညစာတွေကို ကြည့်လိုက်တော့ ကျွန်မ တစ်ယောက်တည်းအတွက် စားမကုန်နိုင်အောင် များလောက်တဲ့ ဟင်းလျာအမျိုးမျိုးကို မြင်လိုက်ရတယ်။

နက်ဆန်နဲ့တုန်းက စိတ်ကောက်ပြီး မစားဘူးလို့ ငြင်းခဲ့တာမလို့ ဗိုက်တကယ်ဆာနေပေမဲ့ ဒီမိန်းကလေး ကျွေးတာကို ကျွန်မတကယ်ပဲ စားသင့်ရဲ့လား။ အဲဒီ မိန်းကလေးကလည်း ကျွန်မရဲ့စိုးရိမ်မှုကို နားလည်တဲ့ ပုံစံနဲ့ ကိုယ်တိုင်ကိုယ်ကျ ဟင်းပွဲတွေထဲကတချို့ကို ပန်းကန်ထဲခတ်ထည့်လိုက်ပြီး စစားပြတယ်။

“စားပါ၊ တို့က အဆိပ်မခတ်ထားပါဘူး။ တို့ရဲ့အသည်းနှလုံးနဲ့ ပြန်တွေ့ရတော့မှာမလို့ ပျော်ပွဲရွှင်ပွဲ ကျင်းပရုံတင်ပါ။”

သူက ဟင်းပွဲတွေထဲက မှိုကြက်သားချက်ပန်းကန်ကို ကျွန်မဆီ ကမ်းပေးလိုက်တယ်။ “ကိုယ်တိုင်က ဟင်းမချက်တတ်ပေမဲ့ မက်ချလင်ကြယ်ပွင့်ရ ဆိုင်တစ်ခုက မှာထားတာမလို့ အေးစက်ကုန်ရင် အလကားဖြစ်သွားလိမ့်မယ်နော်။”

သူက ကျွန်မကို ဖိအားပေးတာနဲ့ စားဖို့ဖြစ်လာတယ်။ သူကတော့ စားလို့ပြီးသွားပြီဖြစ်ပြီး “ သီချင်းလေး ဘာလေး နားထောင်ကြမလား။”လို့ လေသံစပစ်တယ်။ နောက်တော့ ကျွန်မအဖြေကိုမစောင့်ဘဲ အခန်းထောင့်က ဓာတ်ပြားစက်ထဲ ဓာတ်ပြားကိုနေရာတကျ ထည့်လိုက်ပြီး လက်တံကို ဓာတ်ပြားပေါ်တင်ကာ ခလုတ်နှိပ်လိုက်တယ်။ နောက်တော့ ရှေးဂန္တဝင်ပြင်သစ်အချစ်သီချင်းသံ စတင်ထွက်ပေါ်လာတော့တယ်။

“တီနိုရိုဆီရဲ့သီချင်းလေး... ရှင်ကတော့ နည်းနည်း အောက်ဒိတ်ဖြစ်နေတယ်လို့ ထင်ရင်ထင်မှာ။ ဒါပေမဲ့ ကျွန်မက စစ်ကြိုသီချင်းတွေကိုကြိုက်တယ်။”

စောင့်မျှော်နေမယ်.... နေ့ရောညရော မျှော်နေမယ်... ငှက်ကလေးတွေပင်... ခရီးဝေးရောက်ငြား အသိုက်သို့ ပြန်လာမြဲပင်... အချိန်တွေကြာညောင်းလို့ နှလုံးသားတစ်ခုလုံး လေးလံပါစေ... မင်းအလာကို ကိုယ်စောင့်နေပါမယ်.... (J’attendrai, 1939)

စစ်ကြိုခေတ်အမျိုးသားအဆိုတော်တစ်ယောက်ရဲ့ပီသပြီး နားဝင်ချိုတဲ့ပြင်သစ်စကားသံက ညစာစားခန်းမထဲ ပြန့်နှံလို့။ ဒီမိန်းကလေးက ကျွန်မအတွက် ပိုပြီးတော့ အဖြေရှာမရတဲ့ပုစ္ဆာနဲ့ဆင်တူလာတယ်။

သူက ကျွန်မကို ပြန်ပေးဆွဲထားပေမဲ့ အခုလိုမျိုး လွတ်လွတ်လပ်လပ် လွှတ်ထားပြီး ကောင်းမွန်စွာ ဆက်ဆံနေတယ်။ ပြီးတော့ သူ့ရဲ့ပစ်မှတ်က နက်ဆန် ဖြစ်ပေမဲ့ နက်ဆန်ကို ဒုက္ခပေးလိုတဲ့စိတ်မျိုးလည်း ရှိပုံမပေါ်ဘူး။

“ရှင်က တကယ်ပဲ ဘယ်သူများလဲ။ ကျွန်မကို ဘာကြောင့် ဖမ်းထားရတာလဲ။”

ကျွန်မ ဒီအဖြေကို သိပ်သိချင်နေပြီ။ မိုနီကာကတော့ ဖန်ခွက်တစ်ခွက်ထဲကို ပန်းသီးဝိုင်ငှဲ့လိုက်ရင်း ကျွန်မကို ပြန်ပြုံးပြပါတယ်။

“တို့က မင်းထင်သလိုပဲ လူသားတစ်ယောက်မဟုတ်ဘူး။ လူတိုင်းရွံရှာကြတဲ့ မိန်းမပျက်တဲ့တူတဲ့သတ္တဝါ၊ စကူးဘတ်ပါ။ မင်းကို ဖမ်းထားရတဲ့အကြောင်းကတော့ ကျွန်မရဲ့ချစ်ရသူဆီက အာရုံစိုက်မှုလေး ခဏလောက် လိုချင်မိရုံပါ။”

တကယ်ပဲ ကျွန်မသူ့ကို နားမလည်နိုင်တော့ဘူး။ ဒါပေမဲ့ သူကတော့ ကျွန်မကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေပြီး ပြုံးလိုက်တယ်။

“သူ့ရဲ့အာရုံစိုက်မှုကို အချိန်မရွေးရနေတဲ့ ရှင်နဲ့မတူဘဲ ကျွန်မက သူ့ရဲ့မျက်လုံးတွေထဲမှာ ဘယ်တုန်းကမှ ရှိမနေခဲ့ဘူး။ အမြဲတမ်း သူအာရုံစိုက်မှုအောင် ကြိုးစားခဲ့ပေမဲ့ သူက ကျွန်မကို အမြဲတမ်း လစ်လျူရှုထားခဲ့တာ။ သူနဲ့အနီးဆုံးမှာ အမြဲရှိနေခဲ့ပေမဲ့ပေါ့။”

ဒီမိန်းကလေးရဲ့စကားတွေကြောင့် ကျွန်မ မျက်လုံးအိမ်တွေ ကျယ်ပြန့်လာတယ်။ သူ့ကို အရင်က ကျွန်မမြင်ဖူးတယ်။ အမှတ်တမဲ့မလို့ သတိမထားမိခဲ့တာ။ ဆာဗွေနယ်စားနယ်မြေကို သွားမယ့်ရထားပေါ်မှာကတည်းက အနက်ရောင် ဝမ်းဆက်ဝတ်စုံအမျိုးမျိုးဝတ်ပြီး ကျွန်မတို့နဲ့ ကပ်လျက်ခုံမှာ ထိုင်နေခဲ့တာ။ နိစ့်မြို့ကိုသွားတဲ့ ကားပေါ်မှာလည်း သူရှိနေခဲ့တယ်။ နောက်ဆုံး ဂျီနိုအာရထားပေါ်မှာလည်း သူရှိနေခဲ့တာမဟုတ်လား။

“ရှင်က သူ့ကိုချစ်တယ်ပဲထား။ ကျွန်မကို ဖမ်းထားရုံနဲ့ သူ့အချစ်ကို ပြန်ရမှာမှမဟုတ်တာ။ ပြီးတော့ ကျွန်မက သူ့အတွက်....”

“ဒီအတိုင်း ဘာမှမဟုတ်တဲ့သူလို့ ပြောမလို့လား။ ဒါပေမဲ့ တို့မြင်သလောက်တော့ မင်းက အဲဒီလိုမဟုတ်ပါဘူး။ တို့က မိန်းမချင်းခြေမြင်ပါတယ်။ မင်းရဲ့သူ့အပေါ် အကြည့်တွေက အချစ်ရည်ရွှမ်းနေတဲ့ အကြည့်မျိုး။ မင်းသူ့ကို တခြားမိန်းကလေးတွေနဲ့ရှိနေတာ မမြင်ချင်တာလည်း တို့တွေ့ပြီးပြီ။ နောက်တစ်ခုက... သူဟာ မင်းကိုအသက်နဲ့ရင်းပြီး ကာကွယ်ပေးနေတယ် ဆိုတာပဲ။”

ကျွန်မ ခေါင်းကိုငုံထားလိုက်တယ်။ ကျွန်မရင်ထဲက စကားသံတွေကို တစ်စုံတစ်ယောက်က ကြားနိုင်မယ်လို့ ထင်မထားခဲ့ဘူး။ မိုနီကာကတော့ စကားကိုဆက်တယ်။

“တို့မင်းကိုဖမ်းထားလို့ သူ့ရဲ့အချစ်ကို ပြန်မရနိုင်တာ တို့သိပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သူ့ရဲ့အမုန်းကို ရနိုင်သေးတယ်။ သူက တို့ကိုရန်သူအဖြစ်နဲ့ ကြည့်လာရင်တောင် တို့က သူ့မျက်ဝန်းတွေထဲမှာ ရှိနေတော့မှာ။ အဲဒီအတွက် သူက တို့ကိုသတ်မယ်ဆိုရင်တောင် သေပျော်ပါတယ်။”

ဒီမိန်းမက တကယ့်ကိုရူးနေပြီ။ ကျွန်မ သိလိုက်တယ်။ သူက အချစ်နာကျတဲ့ဝေဒနါကို ခံစားနေတဲ့ လူတစ်ယောက် ဆိုတာကိုပေါ့။ ထူးဆန်းတဲ့ ညလယ်စာ စားပွဲကတော့ ကသိကအောင့်အခြေအနေနဲ့ပဲ ရှေ့ဆက်တယ်။

“တို့တွေ ဘယ်လိုစတွေ့တယ်ဆိုတာ မင်းမသိချင်ဘူးလား။ အဲဒီတုန်းက မြန်မာနိုင်ငံက နယ်မြို့လေးတစ်မြို့မှာ တို့တွေအသေအကြေ အသက်လုတိုက်ခဲ့တာ။ တို့ကိုအနိုင်ရဖူးတဲ့ ပထမဆုံးယောက်ျားသားက သူပဲ။”

သူက ကျွန်မကို အဲဲဒီတုန်းက အဖြစ်အပျက်တွေ အသေးစိတ်ပြောပြတယ်။ သူ့ကိုကြည့်ရတာ သိပ်ကို ပျော်နေသလိုပဲ။ နက်ဆန်အတွက် နေ့စဥ်ဘဝထဲက ကိစ္စတစ်ခု၊ တခြားသူတွေအတွက် ရိုမန့်တစ်မဆန်တဲ့ အမှတ်တရဆိုးတစ်ခုဖြစ်နိုင်ပေမဲ့ ဒီမိန်းကလေးက ဒါကို တန်ဖိုးထားရတဲ့ အခိုက်အတန့်တစ်ခုအဖြစ် မြင်ပုံပဲ။

“အဲဒီကတည်းက ငါသူ့ကို ချစ်မိသွားခဲ့တာ။” သူ့ မျက်တောင်တွေက မှေးစင်းသွားတယ်။

“အဲဒီကတည်းက မလုပ်သင့်မှန်းသိပေမဲ့ ငါသူ့ကို နောက်ယောင်ခံလိုက်နေခဲ့တာ။” သူ့လေသံက စိတ်ပျက် အားလျော့မှုတွေနဲ့အတူ တိမ်ဝင်လာတယ်။

“နင်သိလား... ငါတို့စကူးဘတ်တွေက ရမက်ကျူးတဲ့ မကောင်းတဲ့ မိစ္ဆာမျိုးဆိုပေမဲ့... တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ တစ်သက်လုံး မေ့လို့မရတော့ဘူး။”

“ဒါကြောင့်... သူ့အချစ်ကို မရရင်တောင် သူ့အမုန်းကို ရချင်သေးတယ်။ ဒီအတွက် ငါ့နှလုံးသားကို သူဆွဲထုတ်မယ်ဆိုရင်တောင် ငါမကြောက်တော့ဘူး။”

....

လွန်ခဲ့သော နာရီအနည်းငယ်ခန့်က။

“အိမ်ကနေ ပြန်လည်ကြိုဆိုပါတယ် အစ်ကိုတော်ရှင့်။” နက်ဆန်က သူ့နဂိုခုံကို ပြန်ရောက်လာတော့ အိုလီရာနာက သူ့ကိုကြိုဆိုလိုက်တယ်။ သူထိုင်ဖို့လုပ်တော့ ကောင်မလေးက စပ်ဖြီးဖြီးနဲ့ ခုံနှစ်ခုလုံးမှာ ခွထိုင်ပြီး “အာဘွားမပေးရင် ထိုင်ခွင့်မပေးဘူး။”

ဒါပေမဲ့ နက်ဆန်က ကောင်မလေးကို လစ်လျူရှုပြီး ဆယ်ဗီထိုင်တဲ့ခုံဘက်ခြမ်းက ခုံအလွတ်မှာဝင်ထိုင်တယ်။ ဒါကြောင့် အိုလီရာနာလည်း ပါးကိုဖောင်းပြီး စိတ်ကောက်တဲ့အကြည့်နဲ့ နက်ဆန်ကို ကြည့်လိုက်တယ်။

“မနောက်နဲ့တော့... သူစိတ်ဆိုးသွားမယ်...” နက်ဆန်က ဒီစကားတွေကို မနည်းအားယူပြီး ပြောလိုက်တာ။ အိုလီရာနာကို ကြည့်တောင်မကြည့်ရဲဘူး။ မကြာခင်မှာပဲ အိုလီရာနာက ဗိုက်ကိုနှိပ်ပြီးရယ်တော့တာ...

“အားဟားဟားဟား... ဘုန်းတန်ခိုးအလွန်ကြီးမားတဲ့ ကျွန်မရဲ့သခင်က ကောင်မလေးတစ်ယောက် စိတ်ဆိုးတာ ကြောက်ရတယ်လို့....”

အစကနေအဆုံးအထိ အိုလီရာနာက ဆယ်ဗီကို စနောက်နေခဲ့တာဖြစ်ပြီး ဆယ်ဗီစိတ်ဆိုးသွားမှာကို နက်ဆန်ကြောက်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ရထားတွဲထဲကလူတွေကတော့ အသည်းအသန်ရယ်ပြီး လူတွေနားမလည်နိုင်တဲ့ စကားတွေပြောနေတဲ့ ကလေးမကို ဝိုင်းကြည့်နေကြတယ်။

နက်ဆန်ကတော့ ညစာဆက်စားရင်း ဆယ်ဗီပြန်အလာ စောင့်နေပါတယ်။ ခုံနေရာလည်း မပြောင်းသေးတဲ့ အတွက်ကြောင့် အိုလီရာနာက သူ့ကိုကောက်ကျစ်စွာ ပြုံးပြရင်း မေးလိုက်တယ်။

“ဒီတော့ သခင်က တကယ့်စုံတွဲတွေလိုမျိုး သူနဲ့ဘေးချင်းကပ်လျက် ထိုင်တော့မယ်ပေါ့။”

ဖူး...

အိုလီရာနာ့စကားကြောင့် နက်ဆန်သီးသွားတယ်။ အိုလီရာနာကတော့ တခိခိရယ်ရင်း နက်ဆန်ထိုင်နေတဲ့ ဟိုဘက်ခုံကို ကူးလာကာ နက်ဆန့်ဘေးမှာဝင်ထိုင် ပခုံးကိုမှီထားလိုက်တယ်။

“ဒါပေမဲ့ သခင်... ကျွန်မသူ့ကို နည်းနည်းတော့ ကြောက်မိတယ်သိလား... အဲဒီဆံပင်အရောင်က မရှိသင့်တဲ့အရောင်မျိုးလေ။”

နက်ဆန်က မျက်ခုံးပင့်လိုက်ပြီး ဘာမှဆက်မပြောပေမဲ့ မော်လီကတော့ အိုလီရာနာကိုမေးလိုက်တယ်။ “နင် တစ်ခုခုသိထားတာရှိလား။”

ဒါပေမဲ့ အိုလီရာနာက ခေါင်းခါလိုက်တယ်။ မော်လီကလည်း စိတ်ပျက်လက်ပျက်နဲ့သက်ပြင်းချတယ်။

“ညနတ်ဘုရားမရဲ့ကောင်းချီးပေးခံရသူတွေက ဆံနက်၊ ဟစ်စတီရာက အနီအဖျားစပ်၊ ပိုဆိုက်ဒွန်က အပြာ၊ လေနတ်မင်းအီသာက အဖြူ၊ ပန်အတွက်က သစ်ခေါက်ရောင်၊ ဂိုင်ယာက နီညိုရောင်၊ အလင်းနတ်ဘုရားဖိုးဘက်စ်က ရွှေရောင်တောက်တောက်... တစ်နည်းပြောရရင် မှော်ကျောင်းခုနစ်ကျောင်းလုံးကမဟုတ်ဘူး။ ဒါပေမဲ့ အခုခေတ်မှာ တခြားနတ်တစ်ပိုင်းတွေရှိတယ်လို့လည်း မှတ်တမ်းတွေမရှိတော့ဘူး။”

နက်ဆန်ကလည်း သူ့ဖုန်းကိုထုတ်လိုက်ပြီးပြောတယ်။ “ငါလည်းစုံစမ်းခဲ့ပေမဲ့ မိဘမဲ့တစ်ယောက်ဆိုတာက လွဲပြီး ဘာမှမသိရဘူး။ သူ့အဖေတွေအမေတွေရဲ့ အချက်အလက်တွေက ဘယ်တုန်းကမှ မတည်ရှိဖူးသလိုပဲ။”

သူတို့သက်ပြင်းချလိုက်ကြတယ်။ ဆယ်ဗီက နတ်တစ်ပိုင်း ဖြစ်နိုင်တယ်လို့ သူတို့တွေးပြီးသားပေမဲ့ ဘယ်သူ့ကောင်းချီးကိုရထားမှန်း သူတို့မသိကြဘူး။ ပြီးတော့ ဘာစွမ်းအားရှိလဲဆိုတာလည်း သူတို့မသိ။

“သူ့စွမ်းအားကို ငါတို့သေချာနားလည်တဲ့တစ်နေ့ ဘယ်နတ်မင်းရဲ့မွေးစားကလေးလည်း သိနိုင်မှာပါ။”

မော်လီက ပြောလိုက်တယ်။ အဲဒီနောက်တော့ သူတို့ တိတ်ဆိတ်သွားပြီး ဆယ်ဗီကို ဆက်စောင့်ကြတယ်။ တစ်နာရီကျော် ကြာတဲ့နောက်တော့ နက်ဆန်က မျက်မှောင်ကြုတ်လိုက်ပြီး...

“ထူးဆန်းတယ်... ဒီလောက်ကြာစရာ အကြောင်းမရှိဘူး။”

“သခင်... အဲဒီကောင်မလေးက ကျွန်မတို့ကိုစိတ်ဆိုးပြီး ညစာမစားဘူးပြောထားပေမဲ့ တစ်နေရာရာမှာ ပုန်းပြီး ညစာခိုးစားနေတာနေမှာ။” အိုလီရာနာက ဖြစ်နိုင်ခြေ တစ်ခုကိုပြောပေမဲ့ နက်ဆန်က ကလေးဆန်တဲ့ဖြစ်နိုင်ခြေကို လက်ခံဖို့ ငြင်းဆန်လိုက်ပြီး ထိုင်ခုံကနေ ထလိုက်တယ်။

“ငါသူ့ကို သွားရှာလိုက်ဦးမယ်။”

နက်ဆန်က ဆယ်ဗီကိုနောက်ဆုံးတွေ့ခဲ့တဲ့ သန့်စင်ခန်းရှိရာ ရထားတွဲဆီကို ပြန်ရောက်လာတယ်။ ဒါပေမဲ့ အဲဒီရထားတွဲထဲမှာ လူသူကင်းမဲ့နေပြီးတော့ ကြမ်းပြင်ပေါ်မှာ အဖြူရောင်လေဒီရှူးလေးတစ်ရံ ပြုတ်ကျနေတယ်။ ဒီလေဒီရှူးကို နက်ဆန်သိပ်ရင်းနှီးတာပေါ့။ ဆယ်ဗီစီးနေကျ သူနာပြု လေဒီရှုးပဲဥစ္စာ။

သူက လေဒီရှူးကို ကောက်ကိုင်လိုက်တော့ ထူးဆန်းတဲ့ ရေမွှေးနံကိုရလိုက်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ ဖိနပ်အတွင်းထံမှာ စာတစ်စောင်လည်းရှိနေပြီး စာကို ရေမွှေးဆွတ်ထားတဲ့အတွက် ထောင့်နားလေးက နည်းနည်းရေစိုပြီးတွန့်နေတယ်။ စာပေါ်မှာ လက်ရေးလှလှနဲ့ရေးထားတဲ့ စကားလုံးတချို့ရှိနေတယ်။

‘ဒါလင်ရေ၊ ရှင့်ရဲ့စင်ဒရဲလားလေးကို ပြန်လိုချင်ရင် ကျွန်မကို လာရှာလှည့်။’

“ဘီဖရိုဆာ... မင်းလက်ချက်လား....” နက်ဆန်ရဲ့မျက်လုံးတွေက မျက်သူငယ်အိမ်ရောင် မျက်သားတွေပါမကျန် အနက်ရောင်ပြောင်းသွားပြီး သူ့အရိပ်ကြီးက ပေရာပေါင်းများစွာအထိ ရှည်ထွက်လာကာ ရထားတွဲတစ်ခုလုံးကို အမှောင်ကျသွားစေတယ်။ မီးတွေထွန်းထားပေမဲ့ မီးအလင်းရောင်က သူ့အရိပ်ကို မထိုးဖောက်နိုင်တော့ဘူး။

“ဘီဖရိုဆာ... မင်းဘယ်မှာလဲ....” နောက်တော့ သူက သူ့အစေခံတွေကို ဆင့်ခေါ်လိုက်ပြီး ဆယ်ဗီကိုရှာဖွေဖို့ စစ်ဆင်ရေးတစ်ခုကို စတင်ပါတော့တယ်။

All Chapters