← Chapters

မဟူရာသတို့သမီး (၃)

Vol. 1 Ch. 39

မဟူရာသတို့သမီး (၃)

Vol. 1 Ch. 39

“သခင်၊ အမှောင်ထုရဲ့အရှင်သခင်ဖြစ်သူက အမှောင်ထုရဲ့ဝါးမျိုခြင်းကို ခံလိုက်လို့မဖြစ်ပါဘူး။”

ကျွန်မ သခင့်ရဲ့ပခုံးပေါ်လက်တင်ပြီး လှုပ်နှိုးလိုက်တယ်။ ရထားတွဲတစ်ခုလုံးကို အမိုက်မှောင်က ဖုံးအုပ်ထားပြီး သာမန်လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီ။ ဘာကြောင့် ရထားတွဲက မီးတွေပိတ်သွားလဲ သူတို့နားမလည်ကြဘူး။

ခဏကြာပြီးတဲ့နောက်တော့ သက်ပြင်းချသံနဲ့အတူ သခင့်ရဲ့နတ်ဘုရားခန္ဓာကိုယ်က သခင့်အရိပ်ထဲကို ပြန်ဝင်သွားတယ်။ ကျွန်မကိုယ်တိုင်လည်း တော်သေးတာပေါ့လို့ တွေးလိုက်မိတယ်။ သခင်ဒီလောက်ဒေါသထွက်နေတာမျိုး အရင်က တစ်ကြိမ်ပဲမြင်ဖူးတယ်။ အဲဒါကလည်း ဟိုးအရင်တုန်းက။

သခင်သိပ်ကိုဒေါသထွက်လာတဲ့အခါ အခုလိုမျိုး ဖြစ်တတ်တယ်။ ဒါကြောင့်လည်း သူ့ရဲ့နာမည်ပြောင် နာမည်ဆိုး စေတန်ဝင်စားသူဆိုတာကို ရခဲ့တာပါ။ သခင်တို့လိုနတ်တစ်ပိုင်းတွေမှာ အမြဲလိုလို နာမည်ကောင်းနဲ့နာမည်ဆိုးဆိုပြီး နှစ်ခုရှိကြတယ်။

အကြောင်းကတော့ သူတို့တွေရဲ့စွမ်းအားတွေဟာ အသွားနှစ်ဖက်ပါတဲ့ဓားနဲ့ဆင်တူပြီး အသုံးပြုပုံအပေါ် မူတည်ကာ အကျိုးသက်ရောက်မှုတွေ ပြောင်းလဲသွားလို့ပါပဲ။ သခင်ရဲ့ပထမနာမည် ညမင်းသားဆိုတဲ့နာမည်ကိုယ်တိုင်က ကြောက်စရာ မကောင်းဘူး။ အဲဒီအစား ညအချိန်ရဲ့အေးမြမှုနဲ့ လုံခြုံမှုကိုပေးစွမ်းနိုင်တယ်။ သခင်က သူ့စွမ်းအားကို တခြားသူတွေကိုကာကွယ်ပေးဖို့ သုံးနေသမျှ ဒီနာမည်က သူ့ကိုညွန်းဆိုနေမှာ။

ဒါပေမဲ့ သူ့စွမ်းအားတွေကို အငြိုးအတေးနဲ့တခြား မကောင်းတာတွေအတွက် အသုံးပြုနေမယ်ဆိုရင်တော့ စေတန်ဝင်စားသူဆိုတဲ့နာမည်နဲ့ သူ့ကိုညွန်းဆိုရမှာ ဖြစ်ပြီးတော့ သူကိုယ်တိုင်ကလည်း နာမည်ရဲ့လွှမ်းမိုးမှုနဲ့ ဆိုးယုတ်သူတစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ရောမနဲ့ဂရိတွေက နာမည်တွေမှာစွမ်းအားရှိတယ်လို့ ယူဆကြတာ။ ဟေးဒီးစ်၊ ခရိုနော့ခ်၊ သန်းနတို့စ်စတဲ့ ကြောက်စရာကောင်းတဲ့ နတ်ဘုရားတွေ၊တိုက်တန်တွေရဲ့ နာမည်ကို သာမန်မှော်ဆရာအများစုက တိုက်ရိုက်မပြောရဲကြဘူး။ အဲဒီနာမည်တွေနဲ့အတူ ကံဆိုးမိုးမှောင်ကျမှုတွေ ပါလာတတ်တာမလို့။

အနည်းဆုံးတော့ သခင့်ကို လူတွေက အမည်တောင် ထုတ်မပြောရဲတဲ့သူအဖြစ် မသိစေချင်ဘူး။

“တောင်းပန်ပါတယ် မော်လီ။ ငါခဏလောက် စိတ်လွတ်သွားတယ်။”

အမှောင်ထုက ရထားတွဲကို လွှမ်းမိုးမနေတော့ဘူး။ သခင်က ရထားနံရံကိုမှီရပ်ရင်း ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ ဆယ်ဗီကို ဆက်ပြီးတော့ စိတ်ပူနေသေးသလိုပဲ။

“ အမှောင်သခင်မရဲ့စောင့်ရှောက်မှုကြောင့် အဲဒီမိန်းကလေး ဘေးကင်းမှာပါ။ ကျွန်မတို့တွေ ဖြည်းဖြည်းချင်းရှာရအောင်။”

ကျွန်မပြောလိုက်တယ်။ ဒီတစ်ခေါက် သခင်ထိန်းချုပ်မှာ လွတ်သွားတာက အရင်တစ်ခါကနဲ့ယှဥ်ရင် အများကြီး အခြေအနေကောင်းတယ်။ သခင်က ခပ်ရေးရေးလေး ပြုံးလိုက်တယ်။

“ဟုတ်တာပဲ၊ အခုက ညအချိန်ပဲ။ မယ်တော်နတ်သမီးက သူ့ကိုကာကွယ်ပေးထားမှာ။” Nyx နတ်ဘုရားမက အမှောင်ခြုံလွှာကြီးနဲ့ကမ္ဘာကို ဖုံးလွှမ်းထားပေးလို့ ညအချိန်ဆိုတာ ဖြစ်လာတာ။ ဒါကြောင့် လောလောဆယ် သခင့်မှာအချိန်ရှိနေသေးတယ်။

“နောက်မှတ်တိုင်ကျရင်ဆင်းပြီး ငါတို့သူ့ကို ရှာရအောင်။” သူက ပြောလိုက်တယ်။

ကျွန်မကတော့ သက်ပြင်းချလိုက်ပြီး နောက်ဆုံးတစ်ကြိမ် ဒီလိုဖြစ်ခဲ့တုန်းက အကြောင်းတွေကို ပြန်တွေးမိတယ်။

...

“မော်လီ... ကျွန်တော်သူငယ်ချင်းရလာတယ်။”

အဲဒီတုန်းက သခင်အထက်တန်းကို ရောက်ခါစပဲ ရှိသေးတယ်။ ကျွန်မကတော့ ဖုတ်ကောင်တစ်ကောင် ဖြစ်ပြီးနေပါပြီ။ သခင့်မှာသူငယ်ချင်းမရှိတာ အချိန်အတော်ကြာပြီမလို့ သူသူငယ်ချင်းရလာတာနဲ့ ပတ်သက်ပြီးတော့ ကျွန်မပျော်မိတယ်။

“ဒီတစ်ခေါက်ရော မိန်းကလေးလား၊ ယောက်ျားလေးလား။ သူတို့လန့်မသွားအောင် စွမ်းအားတွေ ပြလို့မဖြစ်ဘူးနော်။” ကျောင်းမသွားခင် ကျွန်မ သခင့်အတွက် နေ့လယ်စာပြင်ပေးနေရင်းက မှာလိုက်တယ်။

အထက်တန်းကျောင်းကို ပြောင်းတက်နေပြီဖြစ်လို့ သခင့်ရဲ့စွမ်းအားအကြောင်းသိတဲ့ ကလေးတွေ မရှိတော့ဘူး။ ဒါကြောင့် ကျွန်မကတော့ သခင် သူငယ်ချင်းအသစ်တွေ ရလာတာကောင်းတယ်လို့ ထင်တယ်။

“ ဟုတ်ကဲ့၊ သိပါတယ်။” သခင်က ပြန်ပြုံးပြတယ်။ သူ့ခန္ဓာကိုယ်က လူငယ်လေးတစ်ယောက်အဖြစ်ကို ကြီးထွားလာနေပြီဖြစ်ပြီး ကျွန်မထက် ခေါင်းတစ်လုံးပဲ နိမ့်တော့တယ်။ မကြာခင်မှာ အရွယ်ရောက်လာတော့မှာ။ လသားကတည်းက စောင့်ရှောက်လာခဲ့ရသူမလို့ သူကြီးပြင်းလာတာကိုမြင်ရတာ မယုံနိုင်စရာပဲ။

“ဒါဆိုဒီနေ့ သခင့်သူငယ်ချင်းအတွက်ပါ နေ့လယ်စာ ပြင်ပေးလိုက်မယ်နော်။”

ကျွန်မပြောလိုက်တော့ သခင်က ငြင်းခဲ့တယ်လေ။ သူက အဲဒီအစား လက်ဖြန့်လိုက်ပြီး...

“ကျွန်တော့်သူငယ်ချင်းက အထက်တန်းကျောင်းသား တစ်ယောက် အိမ်ကနေ့လယ်စာစားတာ သူရဲဘော ကြောင်ရာကျတယ်တဲ့။ သူက အတူနေ့လယ်စာစားချင်ရင် မုန့်ဖိုးပဲယူလာခဲ့တဲ့လေ။”

ဒေါက်... ဒေါက်... ဒေါက်...

ဆန်းဝှစ်လုပ်ဖို့ ဆလတ်ရွတ်လှီးနေတဲ့ ကျွန်မလက်တွေ ရုတ်တရက်ရပ်တန့်သွားတယ်။

“အခုခေတ်ကလေးတွေက အိမ်ကစားစရာတွေကို ဒီလိုမြင်တာလား။” သခင်ရော ကျွန်မချက်ကျွေးတာတွေကို သဘောမကျတော့ဘဲ အပြင်မှာပဲ ဝယ်စားတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ စိုးရိမ်လွန်းလို့သေတော့မယ်။

သခင်ကတော့ ခေါင်းခါလိုက်ပါတယ်။

“ ကျောင်းစျေးတန်းက စားစရာတွေကို သဘောမကျတာမလို့ ကျွန်တော့်အတွက်တော့ နေ့လယ်စာ ပြင်ပေးပါ။ ကျွန်တော့်သူငယ်ချင်းအတွက်တော့ မုန့်ဖိုးယူသွားမယ်လေ။”

“ဘယ်လောက်လဲ။”

“တစ်ဆယ်ယူရိုဆိုရင် လောက်ပါတယ်။”

“များလိုက်တာ...” လို့ ကျွန်မတွေးမိတယ်။ တစ်ဆယ်ယူရိုဆိုတာ ကျောင်းသားတစ်ယောက်အတွက် တန်ဖိုးတော်တော်ရှိတဲ့ ငွေကြေးပမာဏ။ ၉၉ ဆင့်ဆိုရင် ကော်ဖီတစ်ခွက်နဲ့မုန့်ကောင်းကောင်းတစ်ခု ဝယ်စားလို့ ရတယ်။ သုံးယူရိုလောက် ယူသွားရင်တောင် လုံလောက်တာထက် ပိုနေပြီ။ ဒါပေမဲ့ ဒီအိမ်ကြီးမှာရှိသမျှ ပိုင်ဆိုင်မှုတိုင်းက သခင့်အပိုင်မလို့ ကျွန်မမှာ ငြင်းစရာ မရှိပါဘူး။

“ကောင်းပြီလေ။ သခင့်အလိုကျပါပဲ။” ကျွန်မ တစ်ဆယ်ယူကိုကို သခင့်လက်ထဲ ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ ကျွန်မသူ့ကို စိတ်မချတာမလို့ နောက်ကနေပြီး ချောင်းလိုက်ဖို့ ဖြစ်လာခဲ့တယ်။

ဒါပေါ့၊ သခင့်အရိပ်ထဲက လိုက်ရင် သခင်သိမှာမလို့ ထီးတစ်ချောင်းကိုယူပြီး သာမန်အမျိုးသမီးတစ်ယောက်လိုထင်ရအောင် ဂါဝန်နက်ကြီးကိုဝတ်၊ နေကာမျက်မှန်ကိုတပ်ပြီး သခင်ကျောင်းသွားရာလမ်းတစ်လျှောက် ခိုးကြောင်ခိုးဝှက်နဲ့ လိုက်ဖြစ်ခဲ့တာ။

“ရို့... နက်ဆန်...” ကျောင်းအဝင်ဝကိုရောက်တော့ နားမှာအပေါက်ဖောက်ထားပေမဲ့ နားကပ်တပ်မထားတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုလက်ပြပြီး နှုတ်ဆက်ပါတယ်။ ဆေးလိပ်နံက တထောင်းထောင်းနဲ့ စည်းကမ်းသေဝပ်မှုမရှိတဲ့ ကျောင်းသားမှန်းသိသာတယ်။

“ကောင်လေးကြည့်ရတာ သိပ်ရိုးပုံမပေါ်ဘူး။ သခင့်အတွက် စိုးရိမ်လိုက်တာ။”

ဝတ်ထားတဲ့ အဝတ်က နည်းနည်းလျှောကျသွားလို့ နေရောင်က ကျွန်မလက်ကိုလာထိပြီး နေလောင်သွားပေမဲ့ ဂရုမစိုက်အားသေးဘူး။ သခင့်ကို စိုးရိမ်လွန်းလို့သေတော့မယ်။

“ ကျောင်းပထမအတန်းချိန်စတော့မယ်။ အတန်းထဲ ဝင်ရအောင်။” သခင်က ပြောလိုက်တယ်။

“နည်းနည်းနောက်ကျမှဝင်လဲ ဘာမှမဖြစ်ပါဘူးကွာ။ ငါတို့ကျောင်းဝင်းထဲမှာ ရှိနေတာပဲ။ အတန်းက ထွက်မပြေးပါဘူး။”

အဲဲဒီကောင်လေးက သခင့်ပခုံးကိုဖက်ပြီး ကျောင်းထဲ ဝင်သွားတယ်။ ခက်တာပဲ၊ ကျွန်မသာ ဒီလိုပုံစံမျိုးနဲ့ ကျောင်းထဲလိုက်ဝင်မယ်ဆိုရင် လူတွေ သံသယဝင်ကုန်လိမ့်မယ်။ နေကာမျက်မှန်တပ်၊ အနက်ရောင်ဂါဝန်ကြီးဝတ်ပြီး နေသိပ်မပူဘဲ ထီးကြီးဆောင်းထားတဲ့ မိန်းမတစ်ယောက် ကျောင်းဝင်းထဲ ဝင်လာရင် သာမန်လူတွေက ကလေးသူခိုးလို့ထင်ကြမှာ။

“ဟေး၊ ဟိုကအမျိုးသမီး။ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ။”

သိပ်မကြာဘူး၊ ထိပ်ပြောင်ပြောင် မျက်မှန်နဲ့ လူကြီးတစ်ယောက်က ကျောင်းဝင်းထဲကနေ ထွက်လာပြီး ကျွန်မရှေ့ကိုလျှောက်လာတယ်။ သူက ဘလေဇာကုတ်ကို စတိုင်ကျကျဝတ်ထားပြီး နာမည်ရင်ထိုးလည်းပါသေးတယ်။ ရင်ထိုးအရဆိုရင်တော့ ရာထူးက မော်ကွန်းထိန်းဆိုလား။ မတတ်နိုင်ဘူးလေ။

“ဟမ်... ငါပဲ အမြင်မှားတာလား။” ကျွန်မက ရုတ်တရက် သူ့ရှေ့ကနေ ပျောက်သွားတဲ့အတွက် မော်ကွန်းထိန်းကြီး မျက်စိလည်သွားတယ်။ ကျွန်မကိုယ်တိုင်ကတော့ သူ့အရိပ်ထဲ ရောက်နေပြီ။ နောက်တော့ သူ့စိတ်ကို ဝင်ပူးလိုက်ပြီး... သခင့်နောက်ကို ဆက်လိုက်တယ်။

သခင်က အတန်းထဲမှာ စာလိုက်လုပ်တယ်ဆိုပေမဲ့ အဲဒီကောင်လေးကတော့ တခြားကောင်လေးတွေနဲ့ စကားပြောလိုက်၊ စက္ကူလေယာဥ်တွေခေါက်လိုက်နဲ့ ပြောစကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်နေကြတာ။

မုန့်စားကျောင်းဆင်းချိန်ကျတော့ ကောင်လေးတွေက သခင့်ဆီရောက်လာပြီး... “နက်ဆန်၊ ငါတို့အတွက် ကိုလာတစ်ဘူးစီဝယ်ပေးကွာ။ ဒီနေ့မင်းဒကာခံမှာ မဟုတ်လား။”

သခင်က သူတို့ကိုကြည့်လိုက်ပြီး ပြောတယ်။ “အဲဒီလို ဆိုပေမဲ့ ကျောင်းထဲက စက်မှာက ကိုလာမရောင်းဘူးလေ။”

“ ကျောင်းအပြင်က ကုန်စုံဆိုင်မှာရတယ်လေကွာ။ နီးနီးလေးပဲ ဥစ္စာ။”

“ဒါပေမဲ့ ကျောင်းချိန်အတွင်းအပြင်ထွက်တာ ကျောင်းစည်းကမ်းနဲ့မညီ...”

“ဘာလဲ... မင်းက ငါတို့သူငယ်ချင်းမဟုတ်ဘူးလား။”

“ကောင်းပါပြီ....” သခင်က အခန်းအပြင်ကို ထွက်သွားတယ်။ နောက်တော့ ကျောင်းဝင်းထဲကနေ ထွက်ပြီးတော့ လမ်းတစ်ဖက်ကဆိုင်ဆီ ဦးတည်တယ်။

ကောင်လေးတွေကတော့ သူထွက်သွားတာကို ကျောင်းပြတင်းပေါက်ကနေကြည့်ရင်း ရယ်မောနေကြတယ်။

“ဟေ့ကောင်၊ မင်းအဲဒီသင်းကွဲကို ဘယ်လိုလုပ်ပြီး အပိုင်ကိုင်နိုင်သွားတာလဲ။ သူက မင်းခိုင်းသမျှ အကုန်လုပ်နေပါလား။ မနေ့ကလည်း မင်းရှူးဖိနပ်ကို ဆေးခိုင်းလိုက်သေးတယ်။”

‘ဘာ... ဒီကောင်တွေက သခင့်ကို ဖိနပ်လျှော်ခိုင်းတယ်။’ ဖြစ်နိုင်ရင် ချက်ချင်းတံခါးနောက်ကွယ်ကနေထွက်ပြီး ဝင်ရိုက်ချင်ပေမဲ့ ကျွန်မစိတ်ကို လျှော့ထားလိုက်တယ်။ ဘာပဲပြောပြော ကျွန်မက ခိုးနားထောင်နေတာဖြစ်ပြီး အခြေအနေကို နားလည်ဖို့လိုတယ်။

“မင်းတို့မသိလို့ပါကွာ။ အဲဒီကောင်ကို သူငယ်ချင်းလို့သာ တစ်ခွန်းတည်းပြောပြီးခိုင်း ဘာမဆိုလုပ်လိမ့်မယ်။”

“ငါတို့ကောင်ကြီးက ခိုင်းဖက်နွားတစ်ကောင်ကို နားဖားကြိုးထိုးနိုင်လိုက်ပြီပေါ့။”

ကောင်လေးတွေက သခင့်ကိုလှောင်ပြောင်တဲ့ စကားတွေ ဆက်ပြောနေခဲ့တယ်။ ဟိုနားပေါက်နဲ့ကောင်လေးက သခင့်ကို ညစ်ညစ်ပတ်ပတ်ခိုင်းခဲ့ဖူးသမျှ အကုန်ဖောက်သည်ချနေပြီး ကျန်တဲ့ကောင်တွေက ဝါးလုံးကွဲရယ်ကြ။ ငါးမိနစ်လောက်ကြာတော့ သူတို့ထဲက တစ်ယောက်က သူ့ကိုမေးတယ်။

“ဘာပဲဖြစ်ဖြစ်ကွာ၊ သူက ငါတို့နဲ့ပေါင်းလို့ရတယ်ဆိုတော့ ငါတို့အုပ်စုထဲက တစ်ယောက်လို့ သတ်မှတ်လို့ရတယ်မဟုတ်လား။ ငါတို့အဖွဲ့ရဲ့ဂျင်းနီလေးကို အနည်းဆုံးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံရအောင်။”

ဒါပေမဲ့ ဟိုကောင်လေးကတော့ တခြားအမြင်နဲ့ မြင်ပုံပဲ။ “ဘာဂျင်းနီလဲ၊ ငါက သူ့သူငယ်ချင်းမဟုတ်ဘူး။ ဒီအတိုင်း မုန့်အလကားစားရလို့ ဟန်ဆောင်ပေးနေတာ။ နောက်တစ်ပတ်လောက်ကြာလို့ သူ့ကိုပျင်းသွားရင်တော့ ဒီကောင်ပိုက်ဆံကုန်တာ သက်သာသွားမှာပါ။”

ပလုံ...

ရုတ်တရက် ကျွန်မဘေးနားကနေ သတ္တုဘူးပြုတ်ကျတဲ့ အသံကြားရလို့ လှည့်ကြည့်လိုက်တော့ ကိုလာဘူးတွေ ကိုင်ပြီးပြန်လာတဲ့ သခင်ဖြစ်နေတာ တွေ့လိုက်ရတယ်။ သူ့မျက်နှာပေါ်က အပြုံးတောင်မှ မပျောက်သေးဘူး။ ဒါပေမဲ့ အဲဒီအပြုံးက အေးခဲနေတယ်။ သူက ဟိုကောင်လေးတွေကို မယုံနိုင်စွာနဲ့ကြည့်လို့။ နောက်တော့ သူ့အပြုံးတွေက ဖြည်းဖြည်းချင်း ပျောက်သွားပြီး တုန်ယင်နေတဲ့လေသံနဲ့ပြောလိုက်တယ်။

“မင်းတို့က... ငါ့ကို တစ်ချိန်လုံး လိမ်နေခဲ့တာလား... ဘယ်တုန်းကမှ... ငါ့သူငယ်ချင်း မဟုတ်ခဲ့ဘူးလား။”

သခင်နဲ့သူငယ်ချင်းဖြစ်ချင်တဲ့သူတွေက သခင့်စွမ်းအားကိုကြောက်ပြီး သူငယ်ချင်းမလုပ်ရဲကြဘူး။ သခင်နဲ့သူငယ်ချင်း ဖြစ်ရဲတဲ့သူတွေကျတော့လည်း ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ သူငယ်ချင်းဖြစ်လာကြတာ မဟုတ်ဘူး။

“နက်ဆန်... ငါတို့မရည်ရွယ်...”

သူတို့က သခင့်ကို နှစ်သိမ့်ဖို့ကြိုးစားပေမဲ့ နောက်ကျသွားပြီ။ သခင့်အရိပ်က ရုတ်တရက် ကြီးမားလာပြီး ကျောင်းခန်းတစ်ခုလုံးကို ဖုံးအုပ်သွားတယ်။ ပြင်ပက နေရောင်တောင်မှ အဲဒီအရိပ်ကို ထိုးဖောက်ဝင်နိုင်စွမ်းမရှိတော့ဘူး။ သခင့်ရဲ့မျက်သားတွေနဲ့မျက်ဆန်တွေအားလုံး အနက်ရောင်ပြောင်းသွားပြီး သူ့အသားအရေတွေ အက်ကွဲကာ အက်ကွဲကြောင်းတွေကြားထဲကနေ သွေးတွေစိမ့်ထွက်လာတယ်။

အရိပ်နက်ကြီးကတော့ ပိုကြီးထွားလာနေပြီး ကျောင်းတစ်ခုလုံးကိုတောင် ဖုံးအုပ်သွားခဲ့ပြီးပြီ။

“မင်းတို့ငါ့ကိုလိမ်တယ်...” သူ့မျက်လုံးထဲကနေ သွေးတွေ စီးကျလာတယ်။ ကျောင်းအဆောက်အဦ တစ်ခုလုံးလည်း တုန်ခါနေပြီး သခင့်ရဲ့အရိပ်ဖိအားကြောင့် သာမန်လူတွေအားလုံး ဒူးထောက်ကျကုန်ကြတယ်။

“ဘာတွေဖြစ်နေတာလဲ... နေကြတ်တာလား”

“င... ငလျင်လှုပ်နေတာလားဟင်။”

“အရမ်းမှောင်တာပဲ....”

“အမေရေ၊ ဘာတွေဖြစ်နေတာလဲ။”

ကျောင်းက ကျောင်းသားကျောင်းသူတွေအားလုံး ထိတ်လန့်ကုန်ကြပြီ။ ကျွန်မလည်း အရိပ်ထဲမှာ ပုန်းမနေတော့ဘဲ ထွက်လာလိုက်ပြီး သခင့်ကို ရင်ခွင်ထဲထည့်ဖက်ထားလိုက်တယ်။ ဒီလိုဆိုရင် သူ့ကို တစ်နည်းနည်းနဲ့ နှစ်သိမ့်နိုင်မှာပါ။

“သခင်... သခင်က အမှောင်ထုရဲ့အရှင်သခင်လေ။ ကျေးကျွန်ဖြစ်တဲ့ အမှောင်ထုရဲ့ဝါးမျိုမှုကို မခံလိုက်ပါနဲ့။”

သူကလည်း ကျွန်မကို ပြန်ပြီးတင်းတင်းဖက်ထားလိုက်တယ်။

“ဒါပေမဲ့... ကျွန်တော့်ရင်တွေ အရမ်းနာတာပဲ။”

“တစ်နေ့ကျရင် သခင့်ကိုအမှန်တကယ် လက်ခံပေးနိုင်မယ့်သူ ရှိလာလိမ့်မယ်လို့ ကျွန်မပြောရဲတယ်။ ဒီမတိုင်ခင်တော့ သည်းခံပေးပါ။ သခင်က သခင်ကိုယ်တိုင်သိတာထက် အများကြီး သန်မာတဲ့သူပါ။”

ဒီတော့မှ သခင်က မျက်လုံးကိုမှိတ်လိုက်ပြီး စိတ်ကို လျှော့လိုက်တယ်။ အရိပ်မည်းကြီးပျောက်သွားပြီး အမှောင်ထုကလည်း တဖြည်းဖြည်းလျော့ပါးလာတယ်။ တခြားကျောင်းသားတွေ ဘာဖြစ်လို့ဖြစ်နေမှန်း မသိပေမဲ့ ဟိုကောင်လေးတွေအုပ်စုကတော့ ကျွန်မနဲ့ သခင့်ရဲ့သွေးထွက်နေတဲ့မြင်ကွင်းကို သေချာပေါက် မြင်ခဲ့တယ်။

“ဒီကိစ္စကိုပြောရင် ပြောတဲ့သူကို ငါသတ်ရလိမ့်မယ်။” ကျွန်မက မောပန်းလွန်းလို့အိပ်ပျော်သွားတဲ့ သခင့်ကို ချီပိုးထားရင်း ကောင်လေးတွေကို အေးစက်စက်ကြည့်ကာ ပြောလိုက်တယ်။ အဲဲဒီနောက်တော့ ဘယ်သူမှမသိခင် ထွက်ခွာလာခဲ့ပါတယ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ အရိပ်မည်းကြီးအကြောင်းကို ဒေသတွင်းက သဘာဝလွန်တည်ရှိမှုတွေနဲ့ မှော်ပညာရှင်တွေ ခံစားမိခဲ့ကြပြီး သခင့်ကြောင့်ဖြစ်လာမှန်းလည်း သိကြတယ်။ အဲဒီ အမှောင်ရိပ်ကြီးရဲ့စွမ်းအားက သိပ်ကြီးလွန်းတာကြောင့် သူတို့တွေကြောက်ရွံကြပြီး သခင့်ရဲ့စေတန်ဝင်စားသူ ဆိုတဲ့နာမည်ပြောင်နာမည်ဆိုးက ပြန့်နှံလာတော့တာပဲ။

...

“သခင်၊ ဒီနေရာက နေရာကောင်းလို့ထင်ပါတယ်။”

ကျွန်မတို့တွေ နောက်မှတ်တိုင်မှာဆင်းပြီးတဲ့နောက် လူခြေပြတ်တဲ့ တောစပ်တစ်နေရာကို အရိပ်နဲ့ခုန်ကူး လာခဲ့ကြပါတယ်။ သခင်ကလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး

“အချိန်က သိပ်မရတော့ဘူး။ နေမထွက်ခင် သူ့ကို ရှာမှဖြစ်မယ်။” ပြောလိုက်တယ်။ တကယ်တော့ ဆယ်ဗီကိုရှာဖို့ဆိုတာ သခင့်အတွက်အလွယ်ကလေးမှန်း ကျွန်မသိပြီးသား။ ကျွန်မစိုးရိမ်တာက ပြန်ပေးဆွဲသွားတဲ့သူက မိုနီကာဖြစ်နေတာပါပဲ။ အဲဒီမိန်းမက ရင်ဆိုင်ရလွယ်တဲ့သူမဟုတ်ဘူး။

“စကူးဘတ်တွေက ဂျူးတွေရဲ့ဇိုဟာကျမ်းထဲမှာတောင် ဖော်ပြထားရလောက်တဲ့အထိ ရှေးကျတဲ့မိစ္ဆာတွေပဲ။ ကျမ်းအရ အာဒံရဲ့ပထမဆုံးဇနီးက လီလစ်ဆိုတဲ့ စကူးဘတ်ဘုရင်မတဲ့။ မိစ္ဆာဘုရင်လေးပါးထဲက တစ်ပါးလည်းဖြစ်တယ်။ မိုနီကာက တော်ဝင်မျိုးဆိုတော့ လီလစ်ရဲ့အဆက်အနွယ်လို့ပြောလို့ရပြီး သိပ်အစွမ်းထက်တယ်။”

ကျွန်မက သတိပေးလိုက်ပေမဲ့ သခင်ကတော့ ခေါင်းခါပြတယ်။ “သူအစွမ်းထက်တာမှန်ပေမဲ့ ငါတို့က အဖွဲ့နဲ့ပဲ။ အရင်တစ်ခါသရေကျပေမဲ့ အခုဆိုရင် ငါတို့မှာလူသစ်ရှိနေပြီ။” သခင်က အိုလီရာနာရဲ့ခေါင်းကို ပုတ်ပေးပြီးပြောလိုက်တယ်။

ဆယ်ဗီက သခင့်ရဲ့တစ်ဦးတည်းသော လူသား မိတ်ဆွေပါ။ သခင်က ဒီအတွက် ဘာမဆိုအနစ်နာခံဖို့ ဆုံးဖြတ်ထားပြီးသား။ ဒါပေမဲ့...

“သခင်... ရန်သူက ဘာမှမပြင်ဆင်ထားဘဲနဲ့တော့ နေမယ်မထင်ဘူး။”

“ဒီလိုဆိုတော့လည်း လာမယ့်ဘေး ပြေးတွေ့ရုံပေါ့။”

နောက်တော့ သခင်က လက်ကိုဖြန့်လိုက်တယ်။ ပတ်ဝန်းကျင်က သစ်ပင်တွေယိမ်းထိုးလှုပ်ရှားလာပြီး အရိပ်တွေက သခင့်ကိုခစားနေတဲ့အလားပါပဲ။

“ဤဒေသအတွင်း အမှောင်ထုကိုခိုကိုးနေကြသည့် သတ္တဝါအပေါင်းတို့ ငါ့အမိန့်ကို နာခံလော့။”

အား... အား... အား...

ရုတ်တရက် ကျီးကန်းတွေရဲ့အော်သံတွေ ပဲ့တင်သံထွက်လာပြီး ကောင်းကင်တစ်ခွင်လုံး ကျီးနက်တွေနဲ့ ပြည့်သွားတယ်။ ကျီးကန်းတွေက အနီးအနားသစ်ပင်တွေမှာ ဝင်ရောက်နားခိုကြပြီး အသင့်အမိန့်ကိုစောင့်နေကြတယ်။ ခြုံပုတ်တွေထဲမှာလည်း မျက်လုံးစိမ်းရာချီ ကြယ်တွေလိုလင်းလတ်နေပြီး မကြာခင်မှာပဲ တောကြောင်အကောင်ရေများစွာ ခြုံပုတ်တွေထဲကနေ ထွက်လာကြတယ်။

“သခင်က ညအမိန့်ပြန်တမ်းနဲ့အနီးအနားက အဆင့်နိမ့်တစ္ဆေသရဲတွေအားလုံးကို ဆင့်ခေါ်ပြီး ဆယ်ဗီကို ရှာခိုင်းတော့မလို့လား။”

ကျွန်မက မေးလိုက်တော့ သူက “ဟုတ်တယ်။”လို့ တစ်ခွန်းတည်းပြောပြီး လက်ထဲက ဆယ်ဗီရဲ့ဖိနပ်ကို မြှောက်ပြလိုက်တယ်။

“ဒီဖိနပ်ပိုင်ရှင်ကို ရှာကြ။” သခင့်ဆီက အမိန့်ရပြီးတဲ့ နောက်မှာတော့ တောကြောင်တွေ၊ ကျီးကန်းတွေအဖြစ် ပုံဖျက်ထားကြတဲ့ တစ္ဆေသရဲတွေက နေရာအနှံကို ဖြန့်ခွဲပြီး နေရာကနေ ထွက်ခွာသွားကြတယ်။

All Chapters