← Chapters

မဟူရာသတို့သမီး (၄)

Vol. 1 Ch. 40

မဟူရာသတို့သမီး (၄)

Vol. 1 Ch. 40

ရုတ်တရက် ကျွန်မခေါင်း ထိုးကိုက်လာပြီး နဖူးကနေ ဇောချွေးတွေစီးကျလာတယ်။ ပြင်းထန်တဲ့ နာကျင်မှာကြောင့် လက်ထဲက ဇွန်းကို ပစ်ချလိုက်မိတယ်။ တစ်ခါတလေ ခေါင်းခဏကိုက်တာက ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာမလို့ ဂရုမစိုက်မိခဲ့ပေမဲ့ နာကျင်မှုက ပျောက်မသွားဘဲ ပိုတိုးလာတယ်။

“ကျွန်မ နေမကောင်းလို့ ဆေးသောက်ပြီး နားလို့ရမလား။” ကျွန်မပြောလိုက်ပြီး ရှေ့က မှိုဟင်းပန်းကန်ကို တွန်းဖယ်ဖို့လုပ်ပေမဲ့ ကျွန်မ လက်တွေက တဆတ်ဆတ်တုန်ယင်နေတာကို သတိထားမိလိုက်တယ်။

“အာရာ့... စတာစနေပြီပဲ။” ရုတ်တရက် သူပြောလိုက်တဲ့ စကားကြောင့် ကျွန်မကျောချမ်းသွားတယ်။ ဒါက... ဘာကိုဆိုလိုတာလဲ။ မဟုတ်မှလွဲရော...

“နင်ဆေးသောက်ဖို့ မလိုတော့ပါဘူး။ နင်ဖြစ်နေတာက ငါခတ်ထားတဲ့ အဆိပ်မလို့ ပါရာစီတမော့သောက်ရုံနဲ့ ပျောက်သွားမှာမဟုတ်ဘူးနော်၊ သူနာပြုဆရာမလေး။”

ယုံမိတာ မှားတာပဲ။ ကျွန်မက ရန်သူ့လက်ထဲ ရောက်နေခဲ့တာ။ ဒါကို သတိမမူမိဘဲ သူကျွေးတာကို စားမိရတယ်လို့။

“နင့်ကြည့်ရတာ အယုံလွယ်လိုက်တာ။ အဆိပ်ခတ်ထားတယ်ဆိုတာ အသိသာကြီးပဲမဟုတ်လား။”

မိုနီကာက ကျွန်မကို ဟားတိုက်ရယ်ရင်း ပြောလိုက်ပါတယ်။ နာကျင်မှုက ပိုပြင်းထန်လာပြီး ကျွန်မအမြင်တွေ ဝေဝါးလာတယ်။

“ဒါပေမဲ့... ရှင်ဘာလို့ ဒီလိုလုပ်ရတာလဲ။”

“နင့်ကို ပြန်ပေးဆွဲရုံပဲဆွဲမယ်ဆိုရင် သူက ပြန်လာကယ်သွားပြီး ငါ့ကိုဂရုစိုက်တော့မှာမဟုတ်ဘူး။ သူ့ရဲ့အမုန်းကလည်း တစ်ခဏတာအမုန်းပဲ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ နင်သေသွားမယ်ဆိုရင်တော့...”

မိုနီကာက သူ့လက်ထဲက ဝိုင်ခွက်ကိုချပြီး ကျွန်မဆီကို လျှောက်လာတယ်။ နောက်တော့ ကျွန်မရဲ့မေးကိုကိုင်ပြီး ပါးပြင်က လက်ကလက်သည်းနဲ့ခြစ်လိုက်တယ်။ ပူနွေးတဲ့ သွေးတချို့စီးကျလာပေမဲ့ နာကျင်မှုကို ကျွန်မ မခံစားရတော့ဘူး။

မီးရောင်အောက်က သူ့ရဲ့လှပတဲ့မျက်နှာကို ကျွန်မ နှစ်ထပ်အဖြစ်မြင်လိုက် တစ်ခုတည်းအဖြစ်မြင်လိုက်နဲ့ ဖြစ်နေပြီး ကိုယ်တိုင်လည်း စိတ်ရောလူပါ ပင်ပန်းလာ နေပါတယ်။

“စိတ်မပူပါနဲ့... နင်မြန်မြန်သေမှာ မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း ဆင်းရဲဒုက္ခခံပြီး သေသွားရမှာ။ မြန်မြန်သေသွားရင် သိပ်ပျင်းဖို့ကောင်းသွားမှာပေါ့။ ဒါလင်က ကျွန်မအိမ်ကိုလာလည်ပြီး ရှင်ဆန့်ငင်ဆန့်ငင်နဲ့ အသက်ထွက်နေတဲ့မြင်ကွင်းကို မြင်ပြီးမှ ကျွန်မကို မုန်းရမှာ။”

“....” ကျွန်မ သူ့ကိုတစ်ခုခုပြောဖို့ကြိုးစားပေမဲ့ စကားသံက ဗလုံးဗထွေးနိုင်လွန်းပြီး ကိုယ့်ဘာသာတောင် နားမလည်ဘူး။ နောက်တော့ သူက ကျွန်မမျက်နှာကို လွှတ်ပေးလိုက်တယ်။ နောက်တော့ ကျွန်မခန္ဓာကိုယ်လည်း အားအင်မရှိပြိုလဲကျသွားပြီး ခုံပေါ်ကနေ ပြုတ်ကျသွားတယ်။ ဒီတော့မှ ကျွန်မမှာ ကိုယ့်ဘာသာကိုယ်တောင်ရပ်ဖို့ ခွန်အားမကျန်တော့မှန်း သိလိုက်ရတာ။

“ဒါနဲ့... နင်သိရဲ့လား... ငါသုံးခဲ့တဲ့အဆိပ်က ရောမဧကရာဇ် ကလာဒီးရပ်စ်အပေါ် သုံးခဲ့တဲ့ နိုက်ရှိုက်အဆိပ်နော်။ ပထမဆုံး ခေါင်းတွေ ထိုးကိုက်လာမယ်။ ပြီးရင် နင့်အမြင်တွေဝေဝါးလာပြီး အားအင်ကုန်ခမ်းလာလိမ့်မယ်။ စကားတွေလည်း ဗလုံးဗထွေးဖြစ်လာပြီဆိုတော့... နင်သေတော့မှာ။”

ကြမ်းပြင်ပေါ်မှာ ပက်လက်လဲကျနေတဲ့ ကျွန်မကို သူက ဆောင့်ကြောင့်ထိုင်ကြည့်ပြီး ဟားတိုက်ရယ်မောနေတယ်။

သူ့ရယ်သံကို ကျွန်မကြားနေရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရှေ့က မြင်ကွင်းတွေက သဘာဝကိုလွန်ဆန်ပြီး အမျိုးမျိုးပြောင်းလဲလာနေတယ်။ မြင်ကွင်းတွေက နီသွားလိုက်၊ ပြာသွားလိုက်၊ သူ့မျက်နှာက သေးသွားလိုက် ကြီးသွားလိုက်။ မိုနီကာရဲ့ပုံစံကလည်း ပုံမှန်မဟုတ်တော့ဘူး။ ခေါင်းပေါ်မှာ ကောက်ကွေးနေတဲ့ သိုးချိုရှိနေပြီး လင်းနို့တစ်ကောင်ရဲ့အတောင်ပံတွေနဲ့ တူတဲ့အတောင်ပံကို ဖြန့်ထားတယ်။ ဆံပင်တွေက ခရမ်းရောင်ဖြစ်ပြီး မျက်လုံးတွေက အစွမ်းကုန် တောက်ပနေတယ်။

ဒါကသူ့ရဲ့တကယ့်ပုံစံလား။ လှလိုက်တာ... လှပေမဲ့ သိပ်ကိုကြောက်စရာကောင်းတယ်။ သူ့ရဲ့စိတ်နှလုံးက ကယ်လို့မရတော့တဲ့ အသူရာချောက်နက်ကြီးထဲမှာ ပိတ်ဆို့ခံထားရသလိုပဲ။

သေခါနီးကျမှ... ကျွန်မဘာတွေစဥ်းစားနေတာပါလိမ့်...

တဖြည်းဖြည်းနဲ့ကျွန်မအမြင်တွေ မှောင်ကျလာတယ်။ နားထဲမှာ ဆူဆူညံညံအသံတွေကြားနေရပြီး ကြောင်တွေရဲ့အော်သံလိုလို၊ ကျီးအာသံလိုလို ကြားနေရပေမဲ့ တကယ်ဖြစ်နေတာလား၊ စိတ်ကူးလား မသဲကွဲတော့ဘူး။

ဒါပေမဲ့ ကျွန်မရဲ့အသက်ရှုသံတွေက သိပ်ကိုတိုးညှင်းလာပြီး နောက်ဆုံးမှာတော့ မျက်လုံးတွေ ပိတ်ကျသွားတယ်။ အတွေးတွေလဲ... အေးခဲသွားခဲ့ပြီ။

...

“ရှင့်ရဲ့လုပ်ရပ်တွေက အစ်ကိုတော်ရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အပြစ်ပေးရလိမ့်မယ်။”

ရုတ်တရက် ကလေးမလေးတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတဲ့အတွက် ကျွန်မမော့ကြည့်လိုက်တော့ သစ်ခေါက်ရောင်ဆံပင်နဲ့ မျက်စိအရောင်နှစ်မျိုး ဖြစ်နေတဲ့ ကလေးမလေးက ကျွန်မရှေ့မှာရပ်နေတာ တွေ့လိုက်ရတယ်။ ပြီးတော့ ကျွန်မတစ်ကိုယ်လုံးကို သူ့ရဲ့ဆံနွယ်တွေလိုဖြစ်နေတဲ့ သစ်နွယ်တွေနဲ့ ချည်နှောင်ထားပြီး လေထဲမှာမြှောက်ထားတယ်။

“ဟမ်... အဆိပ်ကရော... ဘာဖြစ်သွားပြီလဲ။” ကျွန်မ တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းနေသလို ခံစားရတဲ့ အတွက်ကြောင့် အံ့ဩပြီးပြောလိုက်တာ။

“ဟင်းဟင်း... အမှိုက်မ၊ နင်မိထားတဲ့အဆိပ်က အပင်ကနေ ရတဲ့အဆိပ်ဖြစ်နေတာ ကံကောင်းတယ်မှတ်။ ဟောဒီက ငါသခင်မက မရဏဘုံသစ်ပင်နဲ့ပေါင်းစည်းထားတဲ့ လူတစ်ယောက်ဖြစ်နေလို့လေ။ နင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ငါ့သစ်မြစ်နဲ့စုပ်ယူပေးလိုက်တာ။”

မရဏဘုံသစ်ပင်က စတစ်မြစ်ကနေ ဆေးနတ်ဘုရား အက်ခ်လိပီးယားခ်ခိုးလာတဲ့ ဆေးမြစ်။ လူသေဝိညာဥ် တွေကိုပေါင်းစည်းပေးနိုင်ပြီး မသေဆေးလုပ်ဖို့ အသုံးပြုတဲ့ပါဝင်ပစ္စည်းတွေထဲက တစ်ခုပေါ့။ ဒီကလေးမက ကုသနိုင်စွမ်းမရှိသလို အဆိပ်ကို တိုက်ရိုက်ဖြေနိုင်စွမ်းမရှိပေမဲ့ တစ်နည်းနည်းနဲ့တော့ အဆိပ်ကိုဆွဲထုတ်နိုင်ခဲ့ပုံပဲ။

“ လေလွင့်မိစ္ဆာတစ်ကောင်က ငါ့ကိစ္စမှာ ဝင်ရှုပ်ရဲတယ်ပေါ့။ သေချင်နေပြီနဲ့တူတယ်။”

မိုနီကာက အမျက်ထွက်နေတဲ့ မျက်လုံးတွေနဲ့ အိုလီရာနာကို ကြည့်လိုက်တယ်။ အိုလီရာနာကလည်း မလျှော့ဘဲ ပြန်ခံပြောတယ်။

“ငါက လေလွင့်မိစ္ဆာမဟုတ်ဘူးဟဲ့ အပျက်မရဲ့။ ငါက အစ်ကိုတော်ရဲ့အချစ်ဆုံးညီမလေး။ အဖနတ်ဘုရား ပန်ရဲ့ကောင်းချီးပေးခံရသူပဲ။ နင်က အစ်ကိုတော်ရဲ့ ခံစားချက်တွေကို နှောင့်ယှက်ရဲတယ်ဆိုတော့ သေဖို့ပြင်ထားလိုက်။”

အိုလီရာနာရဲ့ခရမ်းရောင်မျက်လုံးက ပုံမှန်ထက် တောက်ပလာတယ်။ အဲဒီမျက်လုံး တောက်ပလာတဲ့ အချိန်တိုင်းမှာ သူက တခြားတစ်ယောက်လိုပဲ။ ကလေးဆန်တဲ့ပုံစံပျောက်သွားပြီး စိတ္တဇလူသတ်သမားနဲ့ပိုဆင်တူတယ်။ အဲဒါက မိစ္ဆာသစ်ပင်လွှမ်းမိုးတာခံထားရတဲ့ ဘက်ခြမ်းမှာ ကျွန်မပြောနိုင်တယ်။

ဘုန်း...

အိုလီရာနာရဲ့ဆံပင်တွေက နွယ်ပင်တွေအဖြစ်ကို ကြီးထွားလာပြီး မိုနီကာကိုတိုက်တယ်။ မိုနီကာက သူ့အတောင်ပံတွေကိုဖြန့်ပြီး စံအိမ်အတွင်းပျံသန်းကာ နွယ်တွေကိုရှောင်တယ်။ ဒါပေမဲ့နွယ်ပင်တွေက များလွန်းတဲ့အတွက်ကြောင့် ရှောင်ရုံနဲ့မလောက်ဘဲ လက်သည်းတွေနဲ့ ဆွဲဖြတ်ပစ်ရတဲ့အထိပဲ။

မိနစ်အတော်ကြာတဲ့အထိ အိုလီရာနာက မိုနီကာကို အလုံးစုံ လွှမ်းမိုးထားနိုင်တယ်။ နွယ်ပင်တွေက စံအိမ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီးတော့ ပရိဘောဂပစ္စည်းအများစုလည်း ပျက်စီးသွားပြီ။ နဂိုကတည်းက အိုဟောင်းပြီးစွန့်ပစ်ခံထားရပုံပေါ်တဲ့ အိမ်ကြီးက အခုဆိုရင် အပျက်အစီးလုံးလုံးကို ဖြစ်နေပြီ။

ဒါပေမဲ့ မိုနီကာကို အိုလီရာနာက တစ်ကြိမ်မှ ထိအောင် မတိုက်နိုင်သေးဘဲ တိုက်ပွဲကလည်း ကြာနေပါပြီ။ ကြာလာတော့ အိုလီရာနာရဲ့အသက်ရှုသံ ပြင်းလာပြီး တိုက်ကွက်တွေက အားနည်းလာတယ်။ ကြည့်ရတာ နတ်တစ်ပိုင်းတွေအတွက်တောင်မှ သက်လုံက အလွန်အရေးပါတဲ့ပုံပဲ။

“သောက်ကောင်မ... ငြိမ်ငြိမ်နေစမ်းပါဟဲ့။ ပတ်ပဲ ပြေးမနေနဲ့။”

“အာရာ့... နင်က နင့်ရန်သူကို ငြိမ်ငြိမ်လေးနေပြီး ရိုက်တာခံဖို့ မျှော်လင့်နေတာလား။ ကလေးဆန်လိုက်တာ။”

မိုနီကာက ရှောင်ရှားနေရင်းကနေ လှောင်ရယ်တယ်။ တစ်ခဏတာ သတိလွတ်သွားတဲ့အတွက် အိုလီရာနာ အခွင့်ကောင်းတစ်ခုရလိုက်ပြီး မိုနီကာရဲ့ဖြေတစ်ဖက်ကို နွယ်ပင်နဲ့ပတ်နိုင်ခဲ့တယ်။ အဲဒီနောက် တခြားလေတွေ လက်တွေကိုပါ ဖမ်းဆွဲပြီး နွယ်တွေနဲ့တစ်ကိုယ်လုံးကို ဆွဲဆန့်ဖို့ကြိုးစားပေမဲ့ မိုနီကာရဲ့ခန္ဓာကိုယ်က လေထဲမှာ မရှိသလိုမျိုးပျောက်သွားတယ်။

“ဘာ...”

“တို့လိုစကူးဘတ်တွေက ပုံရိပ်ယောင်တွေ ဖန်တီးတဲ့ နေရာမှာ ကျွမ်းကျင်တယ်လေ။ အစောပိုင်းက နင်သတ်ဖို့ကြိုးစားခဲ့တဲ့ ငါ့ပုံရိပ်လိုမျိုးပေါ့။”

မိုနီကာက အိုလီရာနာရဲ့နောက်မှာ ပြန်ပေါ်လာပြီး ကလေးမရဲ့မျက်နှာလေးကို လက်နဲ့ဖျစ်ညှစ်လိုက်တယ်။

“နင့်အသက်လေးကို နှုတ်ဆက်လိုက်တော့...”

အိုလီရာနာလည်း ချက်ချင်းအသိကပ်ပြီး ရှောင်လိုက်ပေမဲ့ မိုနီကာရဲ့လက်သည်းက သူ့ကျောကို စိုက်ဝင်သွားပြီး ခန္ဓာကိုယ်ပါ ဆွဲလှည့်ခံလိုက်ရတယ်။ ကျွန်မလည်း အိုလီရာနာရဲ့ဆံပင်နဲ့တွဲနေတာမလို့ နှစ်ယောက်လုံး လေထုထဲမှာချာလည်လည်သွားပြီး ပစ်ထုတ်ခံလိုက်ရတယ်။

ဘုန်း...

ခဏနေတော့ နှစ်ယောက်လုံး မြေပြင်ပေါ်ကို ကြမ်းကြမ်းပြန်ပြုတ်ကျလာတယ်။ ကျွန်မက လူးလဲထပြီး အိုလီရာနာကို ကူညီပေးဖို့အတွက် ကြိုးစားပေမဲ့ အိုလီရာနာက သူ့ဘာသာပြန်ထလာပြီး သူ့ရင်ဘတ်ကိုသူငုံကြည့်ခါ ဖုန်တွေသဲတွေခါတယ်။ ဒဏ်ရာက ရှေ့ကနေနောက်အထိ ထွင်းဖောက်မြင်နေရပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြန်ကောင်းလာနေတယ်။

“နင့်အကူအညီမလိုဘူး အမှိုက်မ... ငါ့ဘာသာငါ လူခွဲရှာနေတဲ့ အစ်ကိုတော်တို့ ရောက်လာတဲ့အထိ အချိန်ဆွဲထားနိုင်တယ်။”

အိုလီရာနာက သန်မာသလိုမျိုးပြောနေပေမဲ့ မကြာခင်မှာပဲ သူဒူးထောက်ကျသွားတယ်။ သူ့ပုံစံကြည့်ရတာ အတော်အားနည်းနေတဲ့ပုံပဲ။

“ကြည့်ရတာ နင့်ကိုယ်နင်ကုသဖို့ ခွန်အားတော်တော်များများ သုံးလိုက်ရပုံပဲ။ နင်ရောက်လာလို့ နည်းနည်းအနှောင့်အယှက်ဖြစ်သွားတယ်ဆိုပေမဲ့ တစ်ယောက်တည်းကနေ နှစ်လောင်းပြိုင်ဖြစ်သွားရင် ဒါလင်က ငါ့ကိုပိုမုန်းလောက်တယ်မဟုတ်လား။ ဒါကိုတော့ အဆိုးထဲက အကောင်းလို့ပြောရမှာပဲ။”

တကယ်ပါပဲ။ ကြည့်ရတာ ကျွန်မဝင်ပါမှ ရတော့မယ်နဲ့တယ်။ ဒီဆုံးဖြတ်ချက်နဲ့အတူ ကျွန်မ ပန်းအိုးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အိုလီရာနာရှေ့မှာ မားမားမတ်မတ်ရပ်။ လိုအပ်လာရင် စကူးဘတ်တစ်ကောင်ရဲ့ခေါင်းကို ဝင်ရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

“အဲဒီပန်းအိုးလောက်နဲ့ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတာလား။” မိုနီကာက ခနဲ့တဲ့တဲ့နဲ့ ပြောလိုက်တယ်။

“ဒါပေါ့... နင့်လိုမိစ္ဆာမမျိုးကို ငါမနိုင်နိုင်မှန်းသိပြီးသား။ ဒါပေမဲ့ ငါ့ကိုကာကွယ်ပေးဖို့ တစ်စုံတစ်ယောက်က တိုက်ခိုက်နေတဲ့အချိန်မှာ အသုံးမကျတဲ့လူအနေနဲ့ နောက်မှာဝင်ရပ်မနေချင်ဘူး။”

နောက်တော့ ကျွန်မသူ့ကို ပန်းအိုးနဲ့ပစ်ပေါက်တယ်။ သူက လက်ကိုဝေ့ယမ်းပြီး လေထုထဲက ပန်းအိုးကို ရိုက်ခွဲတယ်။ ပါးစပ်ကလည်း ရယ်မောလို့ပေါ့။

ခလွမ်း...

ပန်းအိုးအကွဲစတွေက နေရာအနှံပြန့်ကျဲသွားတယ်။ အကွဲစတချို့က ကျွန်မလက်မောင်းမှာ လာစိုက်တယ်။ ဒဏ်ရာအသေးအမွှားမလို့ လစ်လျူရှုထားခဲ့တယ်။ မိုနီကာကတော့ ဘာမှမဖြစ်။

“ကဲ... မပြောဘူးလား... သေလိုက်တော့။” သူက ရှေ့ကိုတက်လာပြီး ကျွန်မတို့နှစ်ယောက်လုံးကို ပွဲသိမ်းဖို့လုပ်ပေမဲ့ ရုတ်တရက် မျက်လုံးပြူးသွားပြီး သူ့ဝမ်းဗိုက်ကိုယ်သူ ပြန်ငုံကြည့်လိုက်တယ်။ နွယ်လက်တံတစ်ခုက သူ့ဝမ်းဗိုက်ကိုဖောက်ဝင်နေပြီး သွေးတွေက ရေဘုံပိုင်ခေါင်းက စီးထွက်လာသလို စီးကျလာတယ်။

“အမှိုက်မ... ဒီတစ်ခါတော့ နင်တကယ်လုပ်လိုက်နိုင်တာပဲ။”

ရှိသမျှအားကိုသုံးပြီး မြေအောက်ကနေတစ်ဆင့် သစ်နွယ်တစ်ခုကို လျှို့ဝှက်စေလွှတ်နိုင်ခဲ့တဲ့ အိုလီရာနာက ပြုံးလိုက်တယ်။ ဒါက သူ့ရဲ့နောက်ဆုံးကျန်တဲ့ ခွန်အားပါ။ သူ့အတွက် ကျွန်မအာရုံလွှဲပေးထားခဲ့တာကြောင့် အခုလိုအလစ်တိုက်နိုင်ခဲ့တာ။

ဒါပေမဲ့...

“ဟဟ... ဟားဟားဟား...” စကူးဘက် မိုနီကာက ရယ်လိုက်ပြီး နွယ်လက်တံကို လက်သည်းနဲ့ခုတ်ဖြတ်ကာ ဝမ်းဗိုက်ကနေ ဆွဲထုတ်လိုက်တယ်။ ဒဏ်ရာတွေက မြင်နိုင်တဲ့နှုန်းနဲ့ ပြန်ကောင်းလာပြီး အိုလီရာနာနဲ့မတူတာက အဲဒီအတွက် အားကုန်သွားတဲ့ပုံ မပေါ်ပါဘူး။ မိုနီကာက အိုလီရာနာထက် အများကြီး ပိုအစွမ်းထက်နေတယ်။

“တကယ်ပဲ၊ နင်တို့မှာ ငါ့ကိုသတ်နိုင်ဖို့ အခွင့်အရေး ရှိခဲ့တယ်။ ဒါပေမဲ့ လွဲချော်သွားပြီ။ သေလိုက်တော့...” သူက ကျွန်မတို့ကိုသတ်ဖို့ လုပ်လာပြန်ပြီ။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ့နောက်ကနေ ကျွန်မအကြားချင်ဆုံး လူတစ်ယောက်ရဲ့အသံကို ကြားလိုက်ရတယ်။

“တော်သင့်ပြီ...” အရိပ်တစ်ခု မိုနီကာရဲ့နောက်မှာ ပေါ်လာတယ်။ နက်ဆန်ရဲ့အနက်ရောင်ဝတ်ရုံက လေထုကြောင့် တဖြတ်ဖြတ်လပ်နေပြီး သူ့လက်ထဲမှာ သရဲစုံတွဲရဲ့ဓားနှစ်လက်ကိုကိုင်ထားတယ်။ မော်လီက သူနဲ့ကျောချင်းကပ်အနေအထားမှာရှိနေပြီး သံကြိုးတပ် တံစဥ်ကတော့ လက်ထဲမှာ။

“စကူးဘက်ကိုသတ်ချင်ရင် နှလုံးကိုဆွဲထုတ်ပြီးမှ သတ်လို့ရမယ်။ သူတို့အားနည်းချက်ကို သခင်မှတ်မိမယ်လို့ မျှော်လင့်ပါတယ်။”

“ငါသိတယ်။” သူတို့နှစ်ယောက်က ရိုးရိုးရှင်းရှင်းပဲ စကားအနည်းအကျဥ်းဖလှယ်လိုက်ပြီး မိုနီကာကို စတိုက်တယ်။

မော်လီရဲ့ကြိုးတပ်တံစဥ်က မိုနီကာရဲ့ခေါင်းကို ဦးတည်လာနေပြီး မိုနီကာက အနည်းငယ်တိမ်းရှောင်ရုံနဲ့ လွတ်သွားတယ်။ ဒါပေမဲ့ နက်ဆန်ကတော့ အတည့်ထိုး ဓားချက်တွေနဲ့ မိုနီကာရဲ့နှလုံးသားရှိရာ ဘယ်ဘက်ကို ဦးတည်တိုက်ခိုက်တယ်။

တိုက်ကွက်တိုင်းက သေကွင်းသေကွက်တွေကို ဦးတည်နေတာ ဖြစ်ပေမဲ့ မိုနီကာက အဲဒီအတွက် ပျော်နေပုံရပြီး ကကွက်တွေလိုထင်ရတဲ့ နည်းလမ်းတွေနဲ့ရှောင်ရှားနေကာ စုံတွဲအကကနေသလို ပြုမူနေပါတယ်။

“အာရာ့.. ဒါလင်က ထင်ထားတာထက် စောရောက်လာတာပဲ။ ကျွန်မကို ရှင်ကျိန်းသေ မုန်းသွားအောင် မလုပ်နိုင်ခဲ့တာတော့ ဝမ်းနည်းစရာပဲ။”

ကျွန်မတို့နှစ်ယောက်လုံး အသက်ရှင်နေသေးတာကို စောင်းပြီးတော့ သူက ပြောလိုက်တာ။ နက်ဆန်ကတော့ နှုတ်ကိုတင်းတင်းစေ့ထားပြီး ပိုအားစိုက်တိုက်နေတယ်။ တစ်ဖက်မှာတော့ မိုနီကာက နက်ဆန်ကို နိုင်အောင် တိုက်မယ့်အစား ရှောင်ရုံသာရှောင်နေပြီး ရှားပါးတဲ့ ဒီတွေ့ရချိန်လေးကို အရသာခံနေပုံပါပဲ။

“ရှင်က ကျွန်မကိုသတ်ချင်စိတ်အပြည့်နဲ့ တိုက်နေတာဆိုတော့ ကျွန်မရည်ရွယ်ချက် အောင်မြင်ပြီလို့ ပြောရမလား။ ဟုတ်တယ်... အနည်းဆုံးတော့ ရှင်မချစ်နိုင်ရင် ကျွန်မကို မုန်းပေးပါ။”

“.....” နောက်ဆုံးတော့ နက်ဆန်က ဒီမိန်းမရဲ့ပေါက်ကရ စကားသံတွေကို နားထောင်ရတာ ငြီးငွေ့သွားပုံပဲ။ သူ့အရိပ်က ရုတ်တရက်ကြီးမားလာပြီး မျက်နှာက ဖြူဖျော့သွားတယ်။ ပါးစပ်ထဲက သွေးတချို့စီးကျလာပေမဲ့ အရိပ်ကြီးရဲ့လက်တွေက မိုနီကာကို ချုပ်နှောင်ထားပြီးပြီ။ မိုနီကာ ရုန်းမထွက်နိုင်တုန်း နက်ဆန်ရဲ့ညာလက်ကဓားက မိုနီကာရဲ့ဘယ်ဘက်ရင်အုံထဲ ထိုးစိုက်ဝင်ရောက်သွားတယ်။

မိုနီကာရဲ့ပါးစပ်ကနေလည်း သွေးတွေစီးကျလာတယ်။ သူက ဓားချက်ကို ရှောင်ရမယ့်အစား နက်ဆန်ရဲ့ဓားကိုင် ထားတဲ့လက်ကို သူ့လက်နှစ်ဖက်နဲ့ညင်ညင်သာသာ ဆုပ်ကိုင်ထားပြီး နက်နက်ရှိုင်းရှိုင်းပိုဝင်ရောက်အောင် ကူညီထိုးသွင်းလိုက်တယ်။

“ဒါလင်... ရှင်က ကျွန်မကို တကယ်ထိခိုက်အောင် လုပ်လိုက်ပြီပဲ။ ဒါပေမဲ့ ရှင်ကျွန်မကို သတ်ဖို့ ကျရှုံးသွားပြန်ပြီ။”

သွေးတွေကြားထဲမှာပဲ မိုနီကာက ပြုံးလိုက်တယ်။ သူ့အပြုံးက အပြုံးတုမဟုတ်ဘဲ။ တကယ့်ကို စိတ်သက်သာရာရပြီး သဘောကျနေတဲ့ အပြုံးမျိုး။ သူ့မျက်လုံးတွေကလည်း ပန်းနုရောင်သန်းလာတယ်။

“သခင်... နောက်ကိုဆုတ်...” မော်လီက သတိပေးပြီး အတင်းပြေးတက်ပေမဲ့ နောက်ကျသွားပြီ။ နက်ဆန် ဓားကို သူ့ရင်ဘတ်ကနေ ပြန်ဆွဲထုတ်လို့မရတုန်း မိုနီကာက ရှေ့ကိုတက်လာပြီး နက်ဆန်ရဲ့ကျန်လက်ကို သူ့လက်နဲ့ ချုပ်နှောင်ထားလိုက်တယ်။ နှစ်ယောက်လုံးရဲ့လက်တွေ မအားတော့ဘူးဆိုပေမဲ့ မိုနီကာရဲ့သွားစွယ်တွေက သာမန်ထက်ချွန်ထက်နေဆဲ ဖြစ်ပြီး လူသားတစ်ယောက်ရဲ့လည်ပင်းကို ကိုက်ဖောက်နိုင်တယ်။ တကယ်လည်း မိုနီကာရဲ့မျက်နှာနဲ့ နက်ဆန်ရဲ့မျက်နှာနဲ့ သိပ်ကိုနီးကပ်နေပြီ။

ဒါပေမဲ့....

မြင်ကွင်းက ကျွန်မတို့ထင်ထားသလို မဖြစ်ခဲ့ဘူး။ မိုနီကာက နက်ဆန်ရဲ့နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ ကြင်နာစွာ ဖိကပ်လိုက်ပြီးတဲ့နောက် သူ့ရင်ဘတ်ကို ထိုးစိုက်ထားတဲ့ဓားကို လွှတ်ပေးလိုက်တယ်။

ပြီးတဲ့နောက်တော့ အတောင်ပံကိုဖြန့်ပြီး ပြတင်းပေါက် တစ်ခုဆီ ပျံသန်းသွားကာ ဘောင်ပေါ်မှာ နားနေလိုက်တယ်။ သူ့လက်တစ်ဖက်ကတော့ ဒဏ်ရာကို ဖိထားပါတယ်။

“ဒီတစ်ခေါက်တော့ ရှင့်ရဲ့အနမ်းနဲ့ပဲ ကျေနပ်လိုက်ပါမယ် ဒါလင်။ နောက်တစ်ခါ ထပ်တွေ့လို့ ကျွန်မကို သတ်ချင်သေးတယ်ဆိုရင်တော့ ကျွန်မနှလုံးသားက ညာဘက်မှာဆိုတာ သတိရပေးပါ။”

အဲဒီနောက်တော့ သူက ပြတင်းပေါက်ကိုဖွင့်ကာ စံအိမ်ထဲကနေ နောက်ပြန်ပျံတက်ရင်း တိုက်ပွဲနေရာကနေ အောင်မြင်စွာ ဆုတ်ခွာသွားတော့တယ်။

....

“....” ကျွန်မတို့အားလုံး နေရာမှာတင် ကြောင်ရပ်နေမိပြီး တိတ်ဆိတ်ကျန်နေရစ်တယ်။ မိုနီကာရဲ့အပြုအမူတွေကို ကျွန်မတို့ထဲက ဘယ်သူမှ နားမလည်နိုင်ဘူး။

အတော်ကြာမှ အိုလီရာနာက သေမတတ်ခံပြင်းနေတဲ့ လေသံနဲ့အော်ဟစ်တော့တာပဲ။ “အား... ဒီအရူးမက... အရူးမက... အစ်ကိုတော်ရဲ့ပထမဆုံးအနမ်းကို ဒီလိုနည်းလမ်းနဲ့ ခိုးသွားတာလား။”

“ဟမ်... ပထမဆုံးအနမ်း... ဟင်... ဘာလို့ငါက အဲဒီအတွက် နှမျောသလို ခံစားနေရတာလဲ။”

ကျွန်မလည်း ကိုယ့်ဘာသာကိုယ် နားမလည်နိုင်တော့ဘူး။ ဒီလိုနဲ့ ထူပူနေတဲ့ ကိုယ့်ခေါင်းကိုယ်ကိုင်ပြီး နေရာမှာတင် ဆောင့်ကြောင့် ထိုင်ချမိတော့တာ။ ငါးမိနစ်လောက်ကြာအောင် လူမသိ သူမသိ တိတ်တိတ်လေးငိုကြွေးပြီးတဲ့နောက်မှာတော့ သက်ပြင်းချလိုက်မိတယ်။

“ထားလိုက်ပါတော့လေ... ကိုယ့်ဘေးကိုယ်တောင် မမြင်တော့တဲ့ အချစ်ရူးမတစ်ယောက်ရဲ့အတွေးတွေကို ငါလိုသာမန်လူတစ်ယောက်က ဘယ်လိုလုပ် နားလည်မှာလဲ။”

ဒါကိုတော့ ကျွန်မဘာသာကျွန်မ နှစ်သိမ့်တဲ့စကားတွေလို့ ယူဆလိုက်လို့ရတယ်။ ဒါပေမဲ့ ကျွန်မ မျက်နှာကို မော့လိုက်ရုံရှိသေးတယ် နက်ဆန်ရဲ့အကြည့်တွေနဲ့ တိုက်ရိုက်ရင်ဆိုင်မိသွားတယ်။

“မင်း ကြီးကြီးမားမားဒဏ်ရာတော့ ရမသွားပါဘူးနော်။” သူ့လေသံက အတက်အကျမရှိပေမဲ့ စိုးရိမ်စိတ်ကို ကျွန်မ ခံစားမိတယ်။ ကျွန်မလည်း သူ့ပါးစပ်ထောင့်မှာ ခြောက်ကပ်နေတဲ့ သွေးတွေကို ကြည့်လိုက်မိပြီး တန်ပြန်စိုးရိမ်မိသွားတာပေါ့။

“နက်ဆန်... ရှင့်မျက်နှာက ဖြူဖပ်နေတာပဲ။ ဘာဖြစ်ထားတာလဲ။ အခုချက်ချင်း ဆေးစစ်မှဖြစ်မယ်။”

“ငါ... စွမ်းအားသုံးလွန်သွားရုံပါ။” သူက ပြန်ရှင်းပြပေမဲ့ ကျွန်မကတော့ သူ့ကို လက်မောင်းကနေ အတင်းဆွဲပြီး အိမ်အပြင်ခေါ်သွားမိနေပြီ။

“ဒီလိုဆိုရင်တောင် ဒီအတိုင်းထားလို့မဖြစ်ဘူး။ ဒီည သေချာအနားယူဖို့လိုတယ်။ ဘာမှမဖြစ်တာသေချာဖို့ သုံးလေးရက်တော့ စောင့်ကြည့်မှဖြစ်မယ်။”

“ဟဲ့၊ ငါလည်း စွမ်းအားအသုံးလွန်ထားတဲ့လူလေ။” ကျွန်မက နက်ဆန်ကို အလွန်အကျူးဂရုစိုက်ပြနေလို့ အိုလီရာနာက အထွန့်တက်လိုက်ပေမဲ့ ကျွန်မကတော့ သူရှိနေတဲ့အကြောင်း လုံးဝလစ်လျူရှုထားလိုက်တယ်။

All Chapters