← Chapters

လေ့ကျင့်ခြင်း (၁)

Vol. 1 Ch. 41

လေ့ကျင့်ခြင်း (၁)

Vol. 1 Ch. 41

မိုနီကာနဲ့တိုက်ပွဲပြီးတော့ ကျွန်မတို့တွေ ဂျီနိုအာမြို့မှာပဲ တည်းခိုခန်းတစ်ခန်းငှားပြီး နေထိုင်ဖို့ဖြစ်လာပါတယ်။ ဟိုတယ်ကွန်တိန်နန်တယ်ဆိုတဲ့ ကြယ်လေးပွင့်ဟိုတယ်ကို မော်လီက အကြံပေးခဲ့ပြီး ကျွန်မတို့နောက်ကို လိုက်နေတဲ့ လူတွေမရှိတော့တာမလို့ ထင်ပေါ်နေမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။

ဒီဟိုတယ်ကလည်း ခြောက်ထပ်ပဲမြင့်ပြီး ရီနေးဆန့်ခေတ်က အထပ်မြင့်တိုက်သဖွယ် တည်ဆောက်ထားပြီး အပြာနုရောင်သုတ်ထားတဲ့အတွက် ဂျီနိုအာရဲ့ကျော်ကြားလှတဲ့ သီးခြားသမ္မတနိုင်ငံခေတ်ကို ပြန်ရောက်သွားသလိုပါပဲ။

ကျွန်မ၊ နက်ဆန်နဲ့ မျက်လုံးတစ်ဖက်အရောင်မတူတာက လွဲလို့ သာမန်လူသားကလေးတစ်ယောက်နဲ့တူတဲ့ အိုလီရာနာတို့ ဟိုတယ်ဝင်ပေါက်က နာမည်ကိုတစ်ချက်ဖတ်ပြီး တန်းဝင်လာလိုက်တယ်။

ဟိုတယ်ထဲကိုဝင်လိုက်တာနဲ့ ကျွန်မတို့ကို စောင့်ကြိုနေတာက တန်ဖိုးကြီးသစ်သားပါကေး အစစ်တွေခင်းထားတဲ့ ကြမ်းပြင်နဲ့ နံရံတစ်ဖက်တစ်ချပ်စီမှာ အလှပြထားတဲ့ ဂျီနိုအာသေနတ်တပ်သားဝတ် ချပ်ဝတ်တန်ဆာတွေပဲဖြစ်ပါတယ်။

အနီရောင်ချည်သားယူနီဖောင်းအပေါ်မှာကို ရိုးရှင်းတဲ့ အနက်ရောင်သံချပ်ကာ ထပ်ဝတ်ရတဲ့ပုံစံမျိုးဖြစ်ပြီး သံမဏိမောက်တိုမှာ အနီရောင်မြင်းဆံမွှေးတပ်ထားတယ်။ ဒီလိုဝတ်စုံမျိုးနဲ့ စစ်သည်တွေက ဒီမြို့ပြနိုင်ငံဟောင်းကိုအမှီပြုလို့ မြေထဲပင်လယ်တစ်ခွင်မှာ စိုးမိုးဖူးတယ်ဆိုတာ တွေးမိတော့ ခေတ်တွေအများကြီးပြောင်းသွားပြီပဲလို့ တွေးမိတဲ့အထိပါပဲ။ အခုတော့ ဂျီနိုအာမြို့ပြနိုင်ငံက အီတလီနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုပါ။

တည်းခိုခန်းကောင်တာကိုရောက်တော့ နက်ဆန်က ဧည့်ကြိုကောင်တာက ကောင်မလေးကို အေးတိအေးစက်နဲ့ ကြည့်လိုက်ပြီးတော့

“မိသားစုခန်းတစ်ခန်းနဲ့....” လို့ ပြောရုံရှိသေးတယ် အဲဒီကောင်မလေးက ကွန်ပျူတာက ခလုတ်ကိုနှိပ်ပြီး အခန်းယူပေးပြီးနေပြီ။

“ချစ်စရာမိသားစုလေးပါပဲ။ ကျွန်မတို့ဟိုတယ်က မိသားစုခန်းတွေက လေးယောက်အထိနေလို့ရတာမလို့ စိတ်ကျေနပ်စွာနဲ့ အသုံးပြုနိုင်မှာပါ။”

“.....” ကျွန်မ သူ့စကားကြောင့် ရှက်သွေးဖြာသွားတယ်။ နက်ဆန်လည်း ဆွံအနေပုံပဲ။ ကျွန်မကတော့ နက်ဆန်ကို မျက်ထောက်နီကြီးနဲ့ ကြည့်လိုက်မိတယ်။ ဒီကောင် မလိုအပ်ဘဲ အပိုနေရာတွေလျှောက်မှာတဲ့အကျင့်ကို ဘယ်တော့မှပြင်မှာလဲ။ ရထားပေါ်မှာ မမြင်ရတဲ့ လက်အောက်ငယ်သားတွေအဖို့ ခုံဝယ်တာ ကိစ္စမရှိပေမဲ့ ဟိုတယ်မှာက...

ဟူး၊ အထင်လွဲစရာတွေဖြစ်ကုန်ပြီ။

“စိတ်မရှိပါနဲ့၊ တစ်ယောက်ခန်းတစ်ခန်းလောက် ထပ်ယူလို့ရမလားဟင်။” ဒီတေမိကောင်ကို လွှတ်ပေးထားရင် ပြဿနာက ပိုကြီးလာတော့မှာ။

ဒီတော့ ဧည့်ကြိုမလေးက အံ့ဩသွားဟန်နဲ့ ‘အိုး’လို့ ပြောလိုက်ပြီးမှ ပါးစပ်ကို လက်နဲ့အုပ်ထားလိုက်တယ်။ ‘အိုး... ရန်ဖြစ်ထားကြတာလား။’လို့ ပြောချင်ပုံပဲ။ ဒါပေမဲ့ အဲဒီလိုဧည့်သည်ကိုပြောမိရင် အမှုပတ်မှာမလို့ အချိန်မီ ထိန်းလိုက်တာ။

“စိတ်မကောင်းပါဘူးရှင့်၊ အခုရက်ပိုင်းက ဧည့်သည် အလာများတာမလို့ တစ်ယောက်ခန်းအများစုက ပြည့်နေပါပြီ။”

ကျွန်မလည်း ကူရာမရတာနဲ့ အိုလီရာနာ့ပခုံးကို ဖမ်းဆွဲပြီး ဧည့်ကြိုမလေးကို ပြောလိုက်တယ်။ “ဒီလူနဲ့တော့ အတူမအိပ်နိုင်ဘူး၊ နှစ်ယောက်ခန်းရှိရင်လည်းပေးပါ။ သူ့ဘာသာ အခန်းအကျယ်ကြီးမှာ အိပ်ပါစေ။”

အထင်လွဲလက်စနဲ့တော့ မထူးတော့ဘူးမဟုတ်လား။ ပထမကတော့ အဆင်ပြေလောက်ပြီလို့ ထင်ခဲ့ပေမဲ့ ဟိုတယ်ဧည့်ကြိုမလေးက ကောက်ကျစ်တော့မယ့် အပြုံးလေးကို ပြုံးရင်း အားနာဟန်ဆောင်ဖားတဲ့လေသံနဲ့ ပြောလိုက်ပါလေရော။

“စိတ်မရှိပါနဲ့... နှစ်ယောက်ခန်းတွေလည်း ပြည့်နေလို့ပါ။”

....

“ဒီမယ် ကိုနက်ဆန်၊ ဟိုဘက်ခြမ်းက ကုတင်က ရှင်နဲ့ဟိုသရဲသတို့သားဖို့နော်။ ဒီဘက်ကုတင်မှာ ကျွန်မ၊ မော်လီ၊ သရဲသတို့သမီးနဲ့အိုလီရာနာအိပ်မှာ။ ပြီးတော့ အခန်းကို အလယ်တည့်တည့်ကနေခွဲသုံးမှာမလို့ စည်းကျော်လာလို့ကတော့ သေပြီသာမှတ်။”

ကျွန်မက မိသားစုခန်းရဲ့အလယ်မှာ ခရီးဆောင်အိတ် တစ်လုံးကိုချပြီး ယာယီနယ်နိမိတ်မျဥ်းအဖြစ် သတ်မှတ်လိုက်တယ်။ နက်ဆန်အတွက်ပေးထားတဲ့ ကုတင်က ဝရန်တာဘက်မှာဖြစ်ပြီး ကျွန်မတို့ကတော့ အခန်းတံခါးဘက်မှာ။ နက်ဆန်က လက်ကိုထောင်ပြပြီး ကန့်ကွက်တယ်။

“တစ်ခုလောက်... ရေချိုးခန်းတို့အိမ်သာတို့က မင်းဘက်ခြမ်းမှာပဲရှိတာလေ။ ငါသုံးချင်ရင် ဘယ်လိုလုပ်မလဲ။”

“ အဲဒီနေရာတွေကို ကျွန်မအခန်းထဲမှာ မရှိတဲ့အချိန်ပဲ ရှင်သုံးလို့ရမယ်။ တစ်ခန်းတည်း အတူနေမယ်ဆိုပြီး တစ်ခုခုလုပ်ဖို့ကြံလို့ကတော့ ဟင်း...”

ကျွန်မက သူနာပြုဆေးအိတ်ထဲက ခွဲစိတ်ခန်းသုံး ဓားအသေးလေးကို ထောင်ပြလိုက်ရင်း သူ့ကို ခြိမ်းခြောက်လိုက်တယ်။ ပြီးတော့ သူ့အရိပ်ထဲက နောက်ထပ် အထီးတစ်ကောင်ကို သတိရသွားပြီး လှမ်းပြောလိုက်တယ်။

“နင်လည်းအတူတူပဲ... ဒီဘက်လာလို့ကတော့ အသေသတ်မှာ။” မကြာဘူး နက်ဆန်ရဲ့အရိပ်က လှုပ်ခါသွားပြီး သရဲယောက်ျားလေးတစ်ကောင်နဲ့ သတို့သမီး ထွက်လာတယ်။ သူတို့ပုံစံက အတော်လေးစိတ်ဓာတ်ကျနေပုံရပြီး မိဘသဘောမတူလို့ ခွဲရတော့မယ့် စုံတွဲတွေလို ပြုမူနေကြတယ်။

“ကဲကဲ... မြန်မြန်လေးလူစုခွဲကြ၊ ယောက်ျားလေးတွေ ယောက်ျားလေးဘက်ခြမ်းမှာနေ။ မိန်းကလေးတွေက မိန်းကလေးဘက်ခြမ်းမှာနေကြ။ နယ်မကျော်ကြနဲ့။”

ကျွန်မက သရဲသတို့သမီးကို လက်ကနေ ဖမ်းဆွဲလိုက်ပြီး ကျွန်မတို့ဘက်ခြမ်းခေါ်လိုက်တယ်။ မကြာဘူး သရဲမက တအီးအီးနဲ့အော်ငိုပြီး သတို့သားကတော့ သူတို့ဘက်ခြမ်းက အခန်းထောင့်တစ်ထောင့်မှာ ဆောင့်ကြောင့်လေးထိုင်ပြီး ဒီပရပ်ရှင်ဝင်နေတယ်။

မော်လီကတော့ စိတ်မရှည်ဟန်နဲ့ သက်ပြင်းချပြီး “မိသားစုအခန်းကို လျှာရှည်ပြီး ယူမိတာ သခင့်အမှားဆိုပေမဲ့ ငါတို့ကိုပါ ဒီလိုလုပ်ရတဲ့အထိ လိုလို့လား ဆယ်ဗီ။ နင်တို့ဘာသာ စည်းခွဲအိပ်ရင် ရပြီလေ။ ငါတို့က အရိပ်ထဲဝင်နေလို့ရတယ်။”

“အရိပ်ထဲဝင်အိပ်တာလည်း ယောက်ျားလေးနဲ့ မိန်းကလေးအတူရှိနေတာနဲ့အတူတူပဲ။ အရင်တုန်းက ရှင်တို့ဘယ်လိုနေတယ်မသိပေမဲ့ ကျွန်မရှေ့မှာတော့ ဒီအကောင်ကို ဘယ်မိန်းကလေးနဲ့မှ အတူမထားနိုင်ဘူး။”

မော်လီတစ်ယောက် စိတ်ဓာတ်ကျပြီး နဖူးနဲတိုင်နဲ့ ဝင်ဆောင့်ချင်စိတ်ပေါက်သွားပုံပဲ။ ဒါပေမဲ့ ကျွန်မက နည်းနည်းလေးမှ နောက်ဆုတ်ပေးမှာမဟုတ်ဘူး။ အပြစ်လုပ်ထားတဲ့သူကို အပြစ်ပေးမှဖြစ်မယ်။ အင်း၊ ဘာအပြစ်မှလုပ်မထားရဘဲ ကြားကြောင်ဝင်ခံလိုက်ရတဲ့ သရဲအထီးကောင်အတွက် စိတ်မကောင်းပေမဲ့ပေါ့။

ဒီလိုနဲ့ပြင်ဆင်တာတွေ အားလုံးပြီးတဲ့နောက် အိပ်စက် အနားယူဖို့ဖြစ်လာတယ်။ ခေါင်းအုံးနဲ့မျက်နှာကို အပ်မိတော့ အပြင်ဘက်မှာ မနက်ခင်းအလင်းရောင်က ကျရောက်နေပြီ။ မော်လီက ကျွန်မအရိပ်ထဲဝင်ပြီး သရဲသတို့သမီးကတော့ အိုလီရာနာ့အရိပ်ထဲမှာ။ အိုလီရာနာရဲ့တစ်စိတ်တစ်ပိုင်းက ပန်ကောင်းချီးပေးခံရတာဖြစ်လို့ သူ့စွမ်းအားတွေ အားနည်းသွားရုံကလွဲပြီး နေ့ဘက်ဘာပြဿနာမှ မရှိဘူး။ သူ့အခြေအနေက နက်ဆန်ရဲ့အခြေအနေနဲ့ဆင်တူတယ်။

မကြာခင်မှာပဲ ကျွန်မ အိပ်ပျော်သွားတယ်။

...

နိုးလာပြီးတော့ ကိုယ်လက်သန့်ရှင်းရေးလုပ်တယ်။ နက်ဆန်ကိုတော့ အခန်းထဲမှာမတွေ့ရတော့ဘူး။ ကျွန်မအရိပ်ထဲက မော်လီကလွဲလို့ တခြားသူတွေလည်း ရှိမနေပါဘူး။ အချိန်ကိုကြည့်လိုက်တော့ နေ့မွန်းတည့်ခါနီးနေပြီ။

“သောက်ကောင်ကတော့... ငါလည်းသူ့နောက်လိုက်ရင်း အိပ်ချိန်မမှန်ဖြစ်လာပြီ။” ကျွန်မ ကျိန်ဆဲလိုက်မိတယ်။ နောက်တော့ အခန်းထဲက လိုက်ကာတွေကိုဖွင့်ကာ ဝရန်တာအပြင်ဘက်ကိုထွက်ပြီး မြို့ပြမြင်ကွင်းကို ဇိမ်ခံကြည့်မိတယ်။ တစ်ချိန်တည်းမှာပဲ အရိပ်ထဲက မော်လီကို မေးလိုက်တာပေါ့။

“နက်ဆန်တို့ ဘယ်သွားကြတာလဲ။”

“နင်မနိုးလာခင် အိုလီရာနာက အရင်နိုးလာပြီး သခင့်ကို မနက်စာလိုက်ကျွေးဖို့ အတင်းတောင်းဆိုတယ်လေ။ နင့်ကို နှိုးပေမဲ့ နှိုးမရတာနဲ့ထားခဲ့တာ။”

အိုလီရာနာကို မနက်စာလိုက်ကျွေးတယ်ကြားတော့ ကျွန်မ နှုတ်ခမ်းကိုနည်းနည်းဆူထားလိုက်မိတယ်။ ဒါပေမဲ့ မနေ့က သူကျွန်မကို လာကယ်ထားတာ တွေးမိတော့ စိတ်ဆိုးတာ ခဏလေးနဲ့ပျောက်သွားတယ်။

“ထားလိုက်တော့၊ ငါလည်းဗိုက်ဆာနေပြီ။”

ကျွန်မလည်း အိပ်ရာပေါ်ပြန်ခုန်တက်လိုက်ပြီး ဟိုတယ် ဖုန်းကိုကောက်ကိုင်ကာ လမ်းညွန်စာအုပ်ထဲက အခန်းတွင်းဝန်ဆောင်မှုဌာနံပါတ်ကို ရိုက်ထည့်လိုက်တယ်။

“အောက်ဆင်းစားရင် အဲဒီအရူးကောင်နဲ့တွေ့နေရဦးမယ်။ အခန်းထဲမှာပဲ စားတော့မယ်။”

ခဏနေတော့ ဘဏ္ဍာစိုးလိုဝတ်ထားတဲ့ ဝန်ထမ်းက တွန်းလှည်းလေးနဲ့အတူ အခန်းထဲဝင်လာပြီး ကျွန်မ မှာထားတာတွေကို စားပွဲပေါ်တင်ပေးကာ ပြန်ထွက်သွားတယ်။ အဆင့်မြင့်ဟိုတယ်တစ်ခုမှာ တည်းရတာ တစ်ခုတော့ကောင်းသား။ အခန်းထဲက အခန်းပြင်မထွက်ဘဲ နေ့လယ်စာမှာစားလို့ရတယ်။ ကျွန်မက အိမ်တွင်းပုန်းမဟုတ်ပေမဲ့ အနည်းဆုံးတော့ ဇိမ်ခံတတ်သေးတယ်။

“တစ်ယောက်တည်းစားရတာ ဘယ်လောက်တောင် ဇိမ်ကျဖို့ကောင်းလိုက်လဲ။ ကလေးထိန်းရမှာထက်တော့ ပျော်ဖို့ကောင်းသေးတယ်။”

ကျွန်မက ကိုယ့်ဘာသာတစ်ယောက်တည်းပြောလိုက်ရင်း မလိုင်အပြည့်ဟင်းရည်ထဲ ဘောလောပေါ်နေတဲ့ ကြက်သားလုံးတချို့ကိုခတ် စပါဂါတီခေါက်ဆွဲအလွတ်ပန်းကန်ထဲထည့်ကာ စစားတယ်။ အရသာကောင်းလာဆိုရင်တော့ မဆိုးဘူး။ ဒီလောက်ကြီးကောင်းလှတယ်တော့မဟုတ်။ စျေးကိုပါ ထည့်စဥ်းစားရင် မတန်တော့ဘူး။ ဒါပေမဲ့ ကျွန်မ ပိုက်ဆံပေးရတာမှမဟုတ်တာ။ အခန်းခရှင်းရင် နေ့လယ်စာဖိုးပါ တစ်ခါတည်းရှင်းမယ်လို့ ပြောပြီး မှာလိုက်တာ။ တစ်နည်းအားဖြင့် ကျွန်မဘော့စ်ဖြစ်တဲ့ နက်ဆန်က ရှင်းရမှာ။

အားဟားဟား...

...

နေ့လယ်စာစားပြီးတော့ ကျွန်မ သူ့ကိုဆက်ပြီးတော့ စိတ်မကောက်နိုင်တော့ဘူး။ အထူးသဖြင့် သူအခုထိ ပြန်မလာသေးတဲ့အတွက် စိတ်ထဲမတင်မကျဖြစ်လာမိတယ်။

“ခုထိ ပြန်မလာကြသေးဘူးလား။” ကျွန်မ နှုတ်ခမ်းကို ဆူလိုက်မိပြန်တယ်။

“တစ်နေကုန် သခင်က အိုလီရာနာနဲ့ရှိနေလို့ သဝန်တိုနေပြန်ပြီလား။ နင်လည်း ဟိုအရူးမနဲ့ ထူးမခြားနားပါပဲ၊ ဆယ်ဗီ။”

မော်လီက မိုနီကာကို ညွန်းဆိုပြီးပြောနေမှန်း သတိထားမိတော့ ကျွန်မသက်ပြင်းချလိုက်မိတယ်။ ဒါပေမဲ့ မိုနီကာရှေ့မှာ ကျွန်မဘယ်လောက် အားနည်းလဲဆိုတာ တွေးမိတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ပေါ်လာတယ်။

“မော်လီ၊ ကျွန်မက သေချာပေါက် သာမန်လူမဟုတ်ဘူး မဟုတ်လား။ ဒါဆိုကျွန်မ သဘာဝလွန်အရာတွေကို တိုက်ခိုက်နိုင်ဖို့ သင်ယူနိုင်တယ်ဆိုတဲ့သဘောလား။”

“အခုမှ စိတ်ကူးပေါ်လာလို့ စိတ်တိုမိပေမဲ့ အဖြေက အမှန်ပဲ။ ဒါပေမဲ့ နင့်စွမ်းအားက ဘာမှန်းငါတို့မသိလို့ အဲဒီအတွက်လေ့ကျင့်ပေးလို့မရဘူး။ သာမန်လူတွေ အသုံးပြုတဲ့ လက်နက်လမ်းစဥ်နဲ့မှော်လမ်းစဥ် နှစ်ခုထဲက တစ်ခုကိုရွေးမှပဲရမယ်။”

“သဘာဝလွန်အရာတွေကို တိုက်ခိုက်ရာမှာ မတူညီတဲ့ နည်းလမ်းတွေရှိတာလား။”

“အင်း... အခြေခံအားဖြင့်တော့ သုံးမျိုးရှိတယ်လို့ ပြောရမှာပဲ။ လက်နက်လမ်းစဥ်၊ မှော်လမ်းစဥ်နဲ့ ပင်ကိုယ်ဗီဇလမ်းစဥ်ဆိုပြီးတော့ပေါ့။”

ဒီလိုကိစ္စမျိုးကို မော်လီရှင်းပြတာ ပထမဆုံးပဲ။ နောက်ဆုံးတော့ မှော်လောကကြီးအကြောင်းကို ထပ်သိရမယ့်အချိန် ရောက်လာပြီပဲ။ မော်လီက ဆက်ရှင်းပြပါတယ်။

“လက်နက်လမ်းစဥ်က အခြေခံအကျဆုံးပဲ။ ပင်ကိုယ်စွမ်းရည်ရော မှော်ပါရမီရောမပါတဲ့ သာမန်လူသားတွေက သဘာဝလွန်အရာတွေကို တိုက်ခိုက်နိုင်တဲ့ ပြင်ပအကူအညီတွေကို သုံးပြီး တိုက်ခိုက်တာပဲ။ ရေမန်း၊ လက်ဝါးကပ်တိုင် စတဲ့ ပုံမှန်မြင်နေကျ အဆောင်ပစ္စည်းတွေ၊ မွန်မြတ်တဲ့ ပစ္စည်းတွေရှိသလို အထူးနည်းလမ်းနဲ့စီရင်ထားတဲ့ မှော်လက်နက်တွေလည်းရှိတယ်။ ဒီလမ်းစဥ်ကို လျှောက်တဲ့သူတွေက အများကြီးလေ့ကျင့်ပြီးမှ စွမ်းအားကြီးလာကြတာ။ တိုးတက်နှုန်းက တအားနှေးပြီး သူတို့စွမ်းအားက သူတို့သုံးတဲ့ လက်နက်အပေါ်မူတည်တယ်။”

လက်နက်လမ်းစဥ်က လူတချို့ကို ကျွန်မမြင်ဖူးတယ်လို့ ထင်တယ်။ မီးလျှံကျောင်းတော်ရဲ့သာမန်ငယ်သားတွေ လည်းအဲဒီလိုပဲ။ တခြားဘာအစွမ်းမှမရှိဘဲ မှော်လက်နက်တွေကိုပဲ အားကိုးကြရပြီး အားနည်းတယ်။

“လက်ရှိကမ္ဘာမှာ စွမ်းအားအကြီးဆုံး လက်နက်လမ်းစဥ် လျှောက်လှမ်းသူတွေက ရိုမြူလက်ချက်ကျောင်းမှာ ရှိကြတယ်။ သူတို့နတ်ဘုရားကိုစွန့်ပယ်လိုက်ပြီးနောက် ပထမဆုံးရဟန်းမင်းကြီးက သူတော်စင်လက်နက် လေးပါးကိုသွန်းလုပ်ပြီး ကောင်းချီးပေးခံရတဲ့ နတ်တစ်ပိုင်းတွေနေရာမှာ အစားထိုးလိုက်တယ်။ သူတော်စင်လက်နက်တွေရဲ့ရွေးချယ်ခြင်းခံရရင် နေ့ခြင်းညခြင်း တခြားကျောင်းတော်တွေက နတ်တစ်ပိုင်းတွေကို ယှဥ်နိုင်မှာဖြစ်လို့ လက်နက်လမ်းစဥ်ရဲ့အဆင့်အမြင့်ဆုံးလူတွေ ရှိနေတာ။ ဒါပေမဲ့ လက်ရှိသူတော်စင်တွေထဲမှာ မှော်ပါရမီရှိသူတွေနဲ့ တခြားနတ်ဘုရားတွေဆီက ကောင်းချီးပေးခံထားရသူတွေလည်း ပါတာမလို့ လက်နက်လမ်းစဥ်သက်သက်ချည်း လျှောက်နေကြတာတော့မဟုတ်ဘူး။”

ကျွန်မ နက်ဆန်အကြောင်းကို မနေနိုင်ဘဲ တွေးမိပြန်တယ်။ ပြင်ပအကူအညီဆိုတော့...

“နက်ဆန်ကလည်း လက်နက်လမ်းစဥ်ကို သုံးတယ်မဟုတ်လား။ ရှင်ကိုယ်တိုင်ကလည်း မှော်လက်နက်အဖြစ်ပြောင်းနိုင်အောင် စီရင်ခံထားတာ။ သရဲသတို့သားနဲ့သရဲသတို့သမီးကလည်း လက်နက်တွေပဲ။”

“အဲဲဒီအတိုင်းပါပဲ၊ လောလောဆယ်တော့ မှော်လမ်းစဥ်ကို သွားရအောင်။” မော်လီက ဆက်ရှင်းပြဖို့ ကြိုးစားပါတယ်။

“ မှော်လမ်းစဥ်ကလူအများစုက လက်နက်လမ်းစဥ်က လူတွေထက် ပိုစွမ်းအားကြီးကြပေမဲ့ ဒီပညာရပ်က ကျယ်ပြန့်ရှုပ်ထွေးလွန်းတယ်။ မှော်အစီအရင်၊ မှော်ဆေးပညာ၊ မှော်ဂါထာ၊ အဆောင်ပညာ၊ ဗေဒင်ပညာ စသည်ဖြင့် ဘာသာရပ်ပေါင်းများစွာကွဲလွဲပြီး ပညာရပ်တိုင်းကိုသင်နိုင်ဖို့ခက်ခဲတယ်။ မှော်လမ်းစဥ်က လူအများစုက တစ်သက်လုံးလေ့လာပြီးရင်း လေ့လာရင်းနဲ့ပဲ သေဆုံးသွားကြရတာ။”

“ကြားရတာ သူလည်းခက်မယ့်ပုံပဲ။” ကျွန်မလည်း တွေးကြည့်ပြီးပြောလိုက်တယ်။

“ခက်တာထက်ကို ပါရမီပါတဲ့သူက ရှားတယ်။ မှော်သုံးနိုင်တဲ့သူက လူတစ်ထောင်မှာ တစ်ယောက် ရှာရခက်တယ်လေ။”

မှော်ပညာသုံးတဲ့သူဆိုလို့ ကျွန်မပထမဆုံး ပြေးမြင်တာက ရိုစယ်လီယာပါ။ သူ့မှော်ပညာက အတော်လေးစွမ်းအားကြီးတယ်။

“ဒါဆို မှော်ပါရမီပါမှ မှော်ပညာသင်လို့ရမှာပေါ့။”

“အဲဒီလိုပါပဲ။ သာမန်လူတစ်ယောက်က ဘယ်လောက် ကြိုးစားကြိုးစား အရိုးရှင်းဆုံး မှော်အစီအရင်တစ်ခုကိုတောင် အာနိသင်ရှိအောင် မလုပ်နိုင်ပါဘူး။”

ကျွန်မ နက်ဆင်အကြောင်းစဥ်းစားမိသွားပြန်ပြီ။ ဒီလူက ရိုးရှင်းတဲ့အစီအရင်လေးတစ်ခုနဲ့တင် အိုလီရာနာရဲ့ ဝိညာဥ်နှစ်ပိုင်းကို ပြန်ပေါင်းစည်းပေးခဲ့တာ။

“နက်ဆန်က မှော်ပညာလည်းသုံးနိုင်တယ်နော်။”

“ဟုတ်ပါတယ်... သခင်က မှော်ပညာနဲ့ပတ်သက်ရင် နှစ်တစ်ရာအတွင်းမှာတောင် ရှာရခက်တဲ့ ပါရမီရှင်ပါ။ အသက်ဆယ့်နှစ်နှစ်ထဲက အဆင့်အမြင့်ဆုံး အမှောင်မှော်တွေကို သုံးနိုင်နေပါပြီ။”

သူဒီလောက် စွမ်းအားကြီးနေတာ အလကားတော့ မဟုတ်ဘူးပဲ။ သူက တကယ့်ကို လမ်းစဥ်နှစ်ခုလုံး ပြိုင်လျှောက်နေတာ။ ဒါနဲ့နေစမ်းပါဦး... ကျွန်မ တခြားတစ်ခုကို တွေးမိသွားပြန်တယ်။

မော်လီကတော့ နောက်ဆုံးကျန်တဲ့တစ်ခုကို ဆက်ရှင်းပြတယ်။ “နောက်ဆုံးတစ်ခုကတော့ ရိုးရိုးလေးပါပဲ။ မွေးလာကတည်းက သဘာဝလွန် စွမ်းအားတွေနဲ့မွေးလာတဲ့သူတွေ၊ ပြောင်းလဲခံလိုက်ရတဲ့ သူတွေက သူတို့ကိုယ်ပိုင်စွမ်းအားကို သုံးကြတာ။ နတ်တစ်ပိုင်း၊ သွေးစုပ်ဖုတ်ကောင်၊ သမန်းဝံပုလွေ စတာတွေပေါ့။ သူတို့တွေက သူတို့စွမ်းအားကိုသူတို့ ပိုနားလည်လေ ပိုစွမ်းလာလေပဲ။ တစ်ဖက်မှာတော့ ကိုယ့်အစွမ်းကိုယ် ကောင်းကောင်းနားမလည်ဘဲ မလေ့ကျင့်တာကောင်းတယ်။ အမည်မသိနိုင်တဲ့ ဆိုးကျိုးတွေ ရှိနိုင်တာမလို့လေ။”

“ဒီတော့ နက်ဆန်က ပင်ကိုယ်စွမ်းရည်အဖြစ် အမှောင်နတ်ဘုရားတစ်ပိုင်းဖြစ်နေပြီး မှော်ပါရမီလည်းမြင့်၊ လက်နက်လမ်းစဥ်မှာလည်း မခေဘူးဆိုတဲ့ တကယ့်ရှားပါးပါရမီရှင်ပေါ့။”

“ဟုတ်ပါတယ်၊ သခင်က အသက်ဆယ့်ခြောက်နှစ်မှာတင် လမ်းစဥ်သုံးခုလုံးမှာ အဲယ်ဒါအဆင့်ကို တစ်ဝက်လှမ်းပြီးတဲ့သူပါ။”

တကယ့်ကို ကြောက်စရာပဲ။ ဒါပေမဲ့ သူရင်ဆိုင်နေရတဲ့ ကိစ္စအများစုကလည်း ကြောက်စရာကောင်းတယ်။ ဒီလိုလူဆီမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင်နေဖို့ ကျွန်မ ကြိုးစားပမ်းစားလေ့ကျင့်မှ ဖြစ်တော့မယ်။

All Chapters