သရဲဆရာဝန်ရဲ့ခွဲစိတ်ဓား
Vol. 1 Ch. 42
“ဒါဖြင့်ရင် လူတစ်ယောက်ရဲ့စွမ်းအားကို တိုင်းတာတဲ့ နည်းလမ်းတွေဘာတွေလည်း ရှိမှာပေါ့။ အဲဒါတွေကရော။”
အဲလ်ဒါအဆင့်တို့ လက်ရွေးစင်အဆင့်တို့ကို ကြားဖူးနေတာ ကြာပါပြီ။ ဒီအတိုင်း နားမလည်သေးရုံပဲ။ မော်လီကလည်း ခဏစဥ်းစားလိုက်ပြီးမှ ပြန်ပြောတယ်။
“မှော်ဆရာတွေရဲ့လောကမှာက အဆင့်ကို အတည်တကျ သတ်မှတ်ထားတာမျိုးမရှိဘူး။ အဲဒီအစား သူတို့အဖွဲ့အစည်းတွေအတွင်းက ရာထူးနဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ စွမ်းအားအပေါ်မူတည်ပြီးတော့ပဲ အဆင့်ကိုအကြမ်းဖျင်း သတ်မှတ်ကြတာ။”
“ မှော်ကျောင်းတော်တော်များများမှာ စဦးတပည့်၊ အငယ်တန်းတပည့်နဲ့အကြီးတန်းတပည့်ဆိုပြီး တပည့်အမျိုးအစားသုံးခုရှိတယ်။ ပြောရရင်တော့ ပညာသင်နေတဲ့သူတွေပေါ့။ ဆရာအနေနဲ့ဆိုရင်လည်း လက်ထောက်ဆရာ၊ ဆရာနဲ့ ဂရန်းမာစတာဆိုပြီး ရှိတယ်။ အဲဒီအထက်မှာကတော့ အဲလ်ဒါပဲ။”
ဒီတော့ ဒါက ရာထူးအတန်းအစားတွေပေါ့။ စွမ်းအားကို တိုင်းတာတဲ့ယူနစ်တစ်ခုမဟုတ်ဘူးပဲ။ မော်လီက ကျွန်မကို ဆက်ပြီးရှင်းပြတယ်။
“ ကျောင်းတော်တော်တော်များများမှာ ဂရမ်းမာစတာ အများစုက ဆီနိတ်တာတွေလည်းဖြစ်တယ်။ မကောင်းဆိုးဝါး ဒါမှမဟုတ် လူတစ်ယောက်က ဂရမ်းမာစတာတစ်ယောက်ကို ယှဥ်နိုင်တဲ့စွမ်းအားမျိုး ရှိပြီဆိုတာနဲ့ အဲဒီလူကို ဂရမ်းမာစတာအဆင့်လို့ သတ်မှတ်တယ်။”
“အဲဒီလိုလား... ရိုးရှင်းသားပဲ။”
“ဒါပေမဲ့ ဒီယူနစ်က တိကျတဲ့ကိန်းဂဏန်းတွေအပေါ် အခြေခံထားတာမဟုတ်တော့ အားနည်းချက်တွေ အများကြီးရှိတယ်။”
“ ဥပမာအနေနဲ့ တချို့လူတွေက ရာထူးမြင့်ပေမဲ့ စွမ်းအားတော့မမြင့်ဘူးလေ။ ရိုစယ်လီယာဆိုရင် အဲလ်ဒါတစ်ယောက်ဖြစ်နေပေမဲ့ တခြားကျောင်းက အဲလ်ဒါတွေထက် အများကြီးအားနည်းတယ်။ ထိပ်သီး ဂရန်းမာစတာအများစုက သူ့ကိုအနိုင်ယူနိုင်တယ်။ ဒီတော့ သူ့ကိုအနိုင်ယူနိုင်တဲ့ ဘယ်သူမဆို အဲလ်ဒါဖြစ်တယ်လို့ ယူဆနိုင်တော့ လက်ရှိဂရန်းမာစတာအားလုံးက အဲလ်ဒါဖြစ်မသွားဘူးလား။”
ကျွန်မ နားထောင်ရင်းနားထောင်ရင်းနဲ့ ခေါင်းတွေ ထိုးကိုက်လာပြီ။ နားကိုမလည်တာ။
“ထားလိုက်တော့... လောလောဆယ်တော့ ဘယ်လမ်းစဥ်လိုက်ရမလဲပဲ ကြည့်ကြရအောင်။ ပင်ကိုယ်စွမ်းရည်ကတော့ နင်လျှောက်ဖို့ လုံးဝ မဖြစ်သေးတဲ့အရာပဲ။ စွမ်းအားတွေအကြောင်း သေချာသိရပြီးမှလုပ်သင့်တယ်။ လောလောဆယ်တော့ မှော်ပညာပါရမီပါမပါ ကြည့်ရအောင်။”
မော်လီက ကျွန်မကို အများကြီးမျှော်လင့်ထားပုံ မရပေမဲ့ စိတ်ကိုရှည်ရှည်ထားပြီး ရှင်းပြပေးနေတယ်။ ကျွန်မလည်း မှော်ပါရမီပါဖို့ မျှော်လင့်နေမိတယ်။ ကျွန်မက မိန်းကလေးတစ်ယောက်မလို့ မှော်လက်နက်ကြီး တကားကားနဲ့လျှောက်သွားမနေနိုင်ဘူးလေ။
“ မှော်ပါရမီ ရှိမရှိသိရဖို့အတွက်က ရိုးရှင်းပြီး အာနိသင်သိပ်မရှိတဲ့ မှော်အစီအရင်တစ်ခုကို စမ်းကြည့်ဖို့ပဲ။” မော်လီက ကျွန်မကို လုပ်ရမယ့် လုပ်ငန်းစဥ်တွေအကြောင်း ရှင်းပြတယ်။
“ပထမဆုံးအနေနဲ့ မြေဖြူကိုသုံးပြီး ဝရန်တာမှာ ထောင့်ငါးထောင့်ကြယ်ပုံဆွဲလိုက်။”
“ဟုတ်ပြီ။” ကျွန်မလည်း နက်ဆန်ရဲ့အိတ်ထဲက မြေဖြူခဲတစ်ခဲကိုရှာ ဝရန်တာအပြင်ဘက်ကို ထွက်သွားပြီး ကွန်ကရစ်ကြမ်းပြင်မှာ ကြယ်ပုံစံဆွဲလိုက်တယ်။ နောက်တော့ မော်လီက ထပ်လုပ်ရမယ့်အဆင့်ကို ပြောပြပါတယ်။
“ကြယ်ကို အပြင်ကနေ စက်ဝိုင်းထပ်ဝိုင်းလိုက်။ ပါးစပ်ကနေ အဘရာဂါဒါဘဂါလို့ရွတ်...”
ကျွန်မလည်း သူပြောတဲ့မှော်ဂါထာကို ရွတ်ကြည့်တယ်။ အသံထွက်ရတာ ခက်သား။ စက်ဝိုင်းကိုခတ်ပြီးတော့ မော်လီက ထပ်ညွန်ကြားပြန်တယ်။
“သခင့်အိတ်ထဲမှာ အနီရောင်ပုံဆောင်ခဲလေးငါးခုရှိတယ်။ အဲဒါတွေ ယူပြီး ကြယ်ရဲ့ထောင့်တွေမှာချထားလိုက်။”
“ဟုတ်ပြီ။” ကျွန်မလည်း သူပြောတဲ့အတိုင်း သလင်းခဲတွေကို နေရာချထားလိုက်တယ်။
“နောက်ဆုံးတစ်ခုကတော့ ဖန်ခွက်ထဲ ရေထည့်လိုက်။ ပြီးရင် အသင့်ဖျော်ကော်ဖီတစ်ထုပ်ယူထား။”
“နေပါဦး၊ အသင့်ဖျော်ကော်ဖီက မှော်အစီအရင်နဲ့ ဆိုင်လို့လား။”
“နောက်ကျရင် သိလာလိမ့်မယ်။” မော်လီက ကျွန်မကို အထွန့်မတက်ဖို့ပြောတာနဲ့ သူပြောတဲ့အတိုင်း ကော်ဖီထုပ်ကိုယူ ရေခွက်ထဲရေဖြည့်လိုက်တယ်။
“ ရေခွက်ကို စည်းအလယ်မှာထားလိုက်။”
“ဟုတ်ပြီ၊ ထားပြီးပြီ။”
“ဒီဂါထာကို လိုက်ရွက်... လီဂါမင် ကေလိယက် တဲလက်” ကြားရသလောက်တော့ လက်တင်လိုပဲ။
“လီဂါမင် ကေလိယက် တဲလက်...” ကျွန်မလည်း ဂါထာကိုရွတ်လိုက်ပြီး တစ်ခုခုဖြစ်လာမလား မျှော်လင့်မိပေမဲ့ ဘာမှဖြစ်မလာဘူး။ နောက်ထပ် စမ်းကြည့်တော့လဲ ဘာမှမထူးဘူး။
“နားလည်ပြီ... ကြည့်ရတာ နင်က အမှိုက်မဖြစ်နေတုန်းပဲ။ မှော်အစွမ်းက တစ်စက်ကလေးတောင် ရှိမနေဘူး။”
“အေးပေါ့နော်... ဘယ်ရှိပါ့မလဲ...” ကျွန်မလည်း စိတ်ဓာတ်ကျကျနဲ့ပြောလိုက်မိတယ်။ ဒါပေမဲ့ ကျွန်မလုပ်နေတဲ့ အစီအရင်က ဘာလဲတော့ သိချင်မိသား။
“ဒါနဲ့ ကျွန်မတို့က ဘာအစီအရင်လုပ်နေတာလဲဟင်။”
“လီဂါမင် ကေလိယက် တဲလက်။” ရုတ်တရက် မော်လီက အသံကျယ်ကြီးနဲ့ ထအော်လိုက်တယ်။ မကြာဘူး သလင်းခဲငါးခုက အနီရောင်လင်းလာပြီး အလယ်မှာရှိနေတဲ့ ရေခွက်ထဲက ရေက ချက်ချင်းဆူပွက်လာတယ်။
“အမှိုက်မ... ကော်ဖီထုပ်ကိုဖောက်ပြီး ရေထဲထည့်လိုက်တော့။ ရေနွေးအသင့်ဖြစ်ပြီ။”
“.....” ဒီတော့ မှော်စွမ်းအားသုံး မီးဖိုကြီးလား။
...
ကော်ဖီဖျော်ပြီးတဲ့နောက်တော့ ကျွန်မ ဝရန်တာက ခုံတန်းမှာထိုင်ပြီး စိတ်ပျက်လက်ပျက်နဲ့ လက်ထဲမှာ ကော်ဖီတစ်ခွက်ကိုကိုင် ဂျီနိုအာမြို့ထဲက လှုပ်ရှား သွားလာနေတဲ့ လူတွေကိုကြည့်ပြီး သက်ပြင်းချမိတယ်။
“ဒါဖြင့် မှော်လက်နက်တစ်ခုကိုသုံးပြီး တိုက်ခိုက်ရုံပဲ ရှိတော့တာပေါ့။”
ကျွန်မပြောလိုက်မိတယ်။ ဒီလမ်းကြောင်းကို ကျွန်မ မရွေးလိုပေမဲ့ မဖြစ်မနေဆိုတော့။ အင်း၊ ဒါပေမဲ့ မှော်လက်နက်တွေကို ဘယ်ကနေရမှာလဲ။
“ မှော်လက်နက်တွေကို အသုံးပြုမယ့်လမ်းစဥ်မှာ ပထမဆုံးလိုအပ်တာက မှော်လက်နက်တစ်ခုနဲ့နင့်ကို ကျွန်သခင်စာချုပ်ချုပ်ပေးဖို့ပဲ။ စွမ်းအားကြီး လက်နက်အများစုက မာနကြီးတာမလို့ ရဖို့မလွယ်ဘူး။ ပြီးရင် နေ့တိုင်း ကိုယ်ခံပညာလေ့ကျင့်ရတော့မှာ။”
ပြောရမယ်ဆိုရင်တော့ ကျွန်မက ကောင်းမွန်တဲ့ တိုက်ခိုက်ရေးသမားဖြစ်လာဖို့ ပါရမီမပါသေးဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အမြဲတမ်းနက်ဆန်ကယ်တာ ခံနေရတဲ့ အသုံးမကျတဲ့လူတစ်ယောက် မဖြစ်ချင်တော့ဘူး။ ဒါကြောင့် ကျွန်မခေါင်းညိတ်လိုက်တယ်။
“ဒီနည်းလမ်းပဲရှိတယ်ဆိုရင်လည်း အဲဒီနည်းနဲ့ပဲ လုပ်ကြတာပေါ့။”
ကျွန်မခေါင်းညိတ်လိုက်တယ်။ ကံကောင်းပြီးတော့ မှော်ရတနာကောင်းတစ်ခု ရလာတာလည်း ဖြစ်နိုင်တာပဲလေ။
“လောလောဆယ်တော့ နင့်အတွက်မှော်ရတနာတစ်ခုကို လိုက်ရှာပေးဖို့မဖြစ်နိုင်သေးဘူး။ အဲဒီအစား ငါသိမ်းထားတာ တစ်ခုပေးမယ်လေ။”
ကျွန်မအရိပ်ထဲကနေပြီး ငွေရောင်အရာဝတ္ထုတစ်ခု ပျံတက်လာတာကြောင့် အမိအရဖမ်းလိုက်မိတယ်။ အနီးကပ်သေချာကြည့်လိုက်တော့ ခေါက်လို့ရတဲ့ ခွဲစိတ်ခန်းသုံး ဓားလေးတစ်လက်ဖြစ်နေတာ မြင်လိုက်ရရော။
“ဟမ်... ဒါလေးက သာမန်ခွဲစိတ်ခန်းသုံး ဓားပဲမဟုတ်လား။”
ကျွန်မက ပြန်မေးလိုက်တော့ မော်လီက ပြန်ခံငြင်းတယ်။ “သာမန်ဓားမဟုတ်ဘူး။ အငြိုးကြီး တစ္ဆေတစ်ကောင် ခိုအောင်းနေခဲ့တဲ့ဓားပဲ။ အရင်က သခင်နဲ့အတူ ဆေးရုံတစ်ခုကိုဝင်စွန့်စားရင်း ရခဲ့တာ။ ဓားရဲ့အရင်ပိုင်ရှင်က သူ့ကိုယ်သူ သတ်သေသွားတဲ့ ဆရာဝန်လေ။ သေပြီးသရဲဖြစ်လာပေမဲ့ သခင်နဲ့ငါက ဖြေရှင်းပြီးသွားပြီ။ ဒါပေမဲ့ ဒီဓားက သာမန်ဓားမဟုတ်တော့ဘဲ မှော်လက်နက်ဖြစ်လာတယ်။”
ဒီမော်လီဆိုတဲ့အစ်မကြီးက လျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်။ ခွဲစိတ်ခန်းသုံးဓားက ခွဲစိတ်ခန်းသုံး ဓားပဲဥစ္စာကို။ ပြီးတော့ ဒီဓားကို နည်းနည်းရင်းနှီးနေသလိုပဲ။
“ မယုံရင် တစ်ခုခုကို စမ်းဖြတ်ကြည့်ပါလား။” မော်လီက ကျွန်မသံသယဝင်နေတာကို သတိထားမိပြီးသား။.သူက အခုလိုအကြံပေးလာတာနဲ့ ကျွန်မလည်း အိတ်ဆောင် တစ်ရှူးတစ်ထုပ်ကိုထုတ်ပြီး စားပွဲပေါ်မှာတင်။ ဓားနဲ့လှီးကြည့်တယ်။
ပုံမှန်ထက်ရှတဲ့ ခွဲစိတ်ခန်းသုံးဓားသာဆိုရင် တစ်ရှူးတစ်ထုပ်ကို ခဏလေးအတွင်းဖြတ်နိုင်တယ်။ ဒါက တကယ်သာမှော်လက်နက်ဆိုရင် ဒီထက်ပိုလိမ့်မယ်။
ဓားက တစ်ရှူးထုပ်အခွံပေါ်ရောက်တာနဲ့ လျှောခနဲနစ်ဝင်သွားပြီး ငွေရောင်နည်းနည်းလက်လာတယ်။ အဲဒီနောက်တော့...
ဘုန်း...
မြည်သံကျယ်ကြီးတစ်ခုနဲ့အတူ ကျွန်မရှေ့က စားပွဲခုံကြီး ထက်ခြမ်းကွဲသွားရော။
“အကျိုးနည်း... ဒါက တကယ့်မှော်လက်နက်မှန်း သိလိုက်ရလို့ ဝမ်းသာတယ်ဆိုပေမဲ့... ဟိုတယ်မှာ စားပွဲခုံတစ်လုံးကို ဖျက်ဆီးမိလိုက်တာဆိုတော့... သေစမ်း၊ ငါ့ကိုလျော်ကြေးတောင်းကြတော့မှာပဲ။”
ကျွန်မခေါင်းထဲမှာ စိုးရိမ်စိတ်က အပြည့်ဖြစ်နေပြီ။ မော်လီကတော့ ကျွန်မကို စိတ်အေးအေးထားဖို့နဲ့ လက်နက်က ကိုယ့်ကိုပိုင်ရှင်အဖြစ် အသိအမှတ်ပြုအောင် လုပ်ဖို့အဆင့်တွေပြောပြတယ်။
“ခက်ခက်ခဲခဲမဟုတ်ဘူး။ နင့်သွေးကို ဓားပေါ်မှာတင်ပြီး ဓားကိုနာမည်ပေးရုံပဲ။ အခု နင်က ဓားကိုသုံးလို့ရပေမဲ့ စွမ်းအားပြည့်ကိုသုံးချင်ရင် ပိုင်ရှင်စာချုပ်ချုပ်ထားမှရမယ်။”
ကျွန်မလည်း သူပြောတဲ့အတိုင်းလုပ်လိုက်တယ်။ နှစ်ခြမ်းကွဲနေတဲ့ သစ်သားစားပွဲခုံကြီးကတော့ အခန်းထဲမှာ ဒီအတိုင်း။
“ဒီနေ့ကစပြီးတော့ ဓားရဲ့နာမည်က ဘီရန်ကာပဲ။”
“ဂုဏ်ယူပါတယ်... အခုဆိုရင် နင်က အဆင့်နိမ့် မှော်ကျောင်းတပည့်တစ်ယောက်နဲ့ အဆင့်တူသွားပြီ။ တော်ရုံသရဲနဲ့တွေ့ရင် ထွက်မပြေးရလောက်တော့ဘူး ယူဆတာပဲ။”
ကျွန်မခေါင်းညိတ်လိုက်တယ်။ ပြီးတဲ့နောက်တော့ တခြားတစ်ခုကို သတိရသွားပြီး ဓားကို အင်္ကျီအိတ်ထဲ ထည့်လိုက်ကာ ပြောလိုက်ပါတယ်။
“ဟိုနှစ်ကောင်ခုထိပြန်မလာသေးဘူး။ ညတောင် မိုးချုပ်တော့မယ်။ လိုက်ရှာလိုက်ဦးမယ်။”
အဲဒီနောက်တော့ ကျွန်မက မှော်ဝင်ပါတယ်ဆိုတဲ့ ခွဲစိတ်ခန်းသုံးဓားကို သိမ်းထားဖို့အတွက် ရှေးဦးသူနာပြု ပစ္စည်းအိတ်ကိုဖွင့်လိုက်ပေမဲ့... နဂိုကျွန်မသုံးနေကျ ဓားကပျောက်နေပြီး အဲဒီဓားနဲ့အခုကျွန်မလက်ထဲက မှော်ဝင်ဓားက ပုံစံအတူတူပဲဆိုတာ သတိထားမိလိုက်ပါလေရော။
“မော်လီရေ... နင့်မှော်ဝင်ဓားကြီးက ဖွန်တီနာဆေးရုံက ပါလာတဲ့ဓားနဲ့ တစ်ခုတည်းဖြစ်နေပါရောလား။” ကျွန်မ အရိပ်ကို ပြန်ငုံကြည့်တော့ ကျွန်မအရိပ်က လှုပ်ရွလှုပ်ရွဖြစ်နေပြီး တခိခိခိုးရယ်နေတဲ့ပုံပဲ။
“ဒီတော့ ခုနက သရဲဆရာဝန်တို့ဘာတွေဆိုတာ အလိမ်အညာတွေပဲပေါ့။”
“စိတ်မရှိပါနဲ့... ဒီဓားက မှော်ဝင်လက်နက်ဖြစ်သွားတာတော့ အမှန်ပါပဲ။ အနာဂတ်မှာ နင့်ကိုနင်ကာကွယ်နိုင်ဖို့အတွက် မှော်နည်းနည်းသုံး စီရင်လိုက်တာ။ မှော်လက်နက်အများစုက အခုလိုပဲ ဘာဇာတ်လမ်းမှ မရှိဘဲ ထုတ်လုပ်ခဲ့ကြတာဆိုပေမဲ့ လုပ်ဇာတ်တစ်ခု ရှိနေတဲ့အခါကျရင် နားထောင်ကောင်းပြီး ပိုစွမ်းအားရှိသလို ထင်ရတယ်မဟုတ်လား။”
ဖုတ်ကောင်ဘုရင်မဖြစ်တဲ့မော်လီက သူ့ကိုယ်သူ မှော်ဝင်လက်နက်အဖြစ်ပြောင်းခဲ့တဲ့သူပါ။ ကြည့်ရတာ မှော်လက်နက်ပြုလုပ်တာနဲ့ပတ်သက်ပြီး နည်းနည်းပါးပါး သိတဲ့ပုံပဲ။ မဟုတ်တဲ့ဇာတ်လမ်းတွေ ပြောခဲ့လို့ ဒေါသထွက်မိပေမဲ့ သူက ကျွန်မအတွက် တွေးပြီးတော့ လုပ်ပေးထားတာဖြစ်တဲ့အတွက် စိတ်ဆိုးရခက်နေပြန်ရော။
“ဘာပဲဖြစ်ဖြစ် ဟိုနှစ်ယောက်ကိုပဲ အရင်သွားရှာရအောင်။” ကျွန်မ ခွဲစိတ်ခန်းသုံးဓားကို အိတ်ထဲထည့်ပြီးတော့ အခန်းထဲက ထွက်လာခဲ့တယ်။
...
ဆယ်ဗီ ဟိုတယ်ခန်းထဲက မထွက်ခင် တံခါးလက်ကိုင်ကို လှည့်ဖွင့်နေတဲ့အချိန်မှာ အရိပ်ထဲကနေ မော်လီမသိမသာ ထွက်လာပြီး ဓားရှိနေတဲ့နေရာကို လှည့်ကြည့်လိုက်တယ်။
အိတ်ထဲကနေ အရိပ်တစ်ခုထိုးထွက်လာပြီး မျက်မှန်နဲ့ ဆရာဝန်ဂျာကင်ကိုဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဝေဝေဝါးဝါးပုံရိပ်ကို မြင်နိုင်ပါတယ်။ လှပပုံပေါ်ပေမဲ့ လည်ပင်းက ဘေးတစ်စောင်းကျိုးကျနေပြီး မျက်လုံးတွေက ဘယ်တစ်ဖက်ညာတစ်ဖက် နေရာမတူဘဲ ချာလည်လည်နေပါတယ်။ မီးလျှံအတိပြီးတဲ့ကြိုးငါးကြိုးက အချင်းချင်းစပ်ယှက်ပြီး ကြယ်ပုံစံစည်းတံဆိပ်အဖြစ်ဖွဲ့စည်းကာ သရဲဆရာဝန် အမျိုးသမီးရဲ့ဒြပ်မဲ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတယ်။
“ဒီကောင်မလေးဆီမှာ နင်ကပ်ပြီး သူ့မှော်စွမ်းအင်ကို ဝါးမျိုနေတာ ကြာပြီမဟုတ်လား။ ဒါကြောင့် ဒီလောက် ကြီးတဲ့မှော်စွမ်းအင်တွေရှိနေတာတောင် မထုတ်ဖော်နိုင်တော့တာ။ အခုကနေစပြီးတော့ သခင့်ကို ခစားတဲ့အနေနဲ့ ကောင််မလေးကို သေချာစောင့်ရှောက်ပေတော့။ ဒီလိုမှမဟုတ်လို့ကတော့ နင့်လို အငြိုးကြီးတစ္ဆေကို ငရဲပြည်တန်းပို့ပေးဖို့ဆိုတာ အလွယ်လေးပဲ။” မော်လီက သရဲကိုစိတ်ချင်းဆက်သွယ်ပြီး တစ်ချက်လွှတ်အမိန့်ပေးလိုက်တယ်။
...
အောက်ထပ်က ဟိုတယ်တွင်းစားသောက်ဆိုင်ဆီ ကျွန်မတို့ရောက်လာတော့ အံ့ဩစရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရတယ်။ ကျူးပစ်ဝတ်စုံတွေဝတ်ထားတဲ့ တီးဝိုင်းအဖွဲ့က ရိုမန့်တစ်ဆန်တဲ့ အီတာလျှံဒေသခံ တေးဂီတတစ်ခုကို တီးခတ်နေပြီး နက်ဆန်နဲ့အိုလီရာနာက စားပွဲခုံလေးတစ်ခုမှာ အတူထိုင်နေကြတယ်။ ပုံမှန်အတူထိုင်နေရင် ကိစ္စမရှိပေမဲ့ စားပွဲဝိုင်းက တခြားသူတွေရဲ့စားပွဲနဲ့ မတူဘဲ သေချာကို ရိုမန့်တစ်ဆန်အောင် ပြင်ဆင်ထားတာ။
စားပွဲပေါ်မှာ နှင်းဆီပန်းအိုးလေးတစ်အိုးရှိနေပြီး စားပွဲခင်းကလည်း အနီရောင်လေး။ ပြီးတော့ နှစ်ယောက်လုံးရှေ့မှာရှိနေတဲ့ အစားအသောက်တွေက ချောကလက်ကိတ်တို့၊ ချောကလက်ရေခဲမုန့် ဝေဖာညှပ်တို့။ ရှန်ပိန်ဝိုင်တစ်ပုလင်းလည်း စားပွဲပေါ်မှာ ရှိနေသေးတယ်။ ပြီးတော့ သူတို့စားပွဲဝိုင်းပေါ်မှာ တင်ထားတဲ့ ဆိုင်းဘုတ်ငယ်လေးတစ်ခုမှာ အခုလို ရေးထားတယ်။
‘စိန့်ဗလက်တိုင်းနေ့ အထူးကံထူးသူစုံတွဲများ ထိုင်ရန် အတွက်သာ’တဲ့။
ကျွန်မ အဲဲဒီမြင်ကွင်းကိုကြည့်ရင်း မျက်နှာတစ်ခုလုံး ထူပူလာတယ်။ ဒီကောင်က... ဒီကောင်က... ဘယ်လိုလုပ်ပြီး အိုလီရာနာနဲ့ စုံတွဲထိုင်ခုံမှာ ထိုင်နေရတာလဲ။
“ဒီမယ်ကိုနက်ဆန်... ဒါက ဘယ်လိုဖြစ်ရတာတုန်း။” ကျွန်မလည်း ဒေါသထွက်ထွက်နဲ့ သူ့ဆီကိုလျှောက်သွားတုန်း စားသောက်ဆိုင်က ဝန်ထမ်းမလေးတွေက ကျွန်မကိုသတိထားမိသွားပြီး တပြုံးပြုံးနဲ့ပြေးလာကြတယ်။
“ဟော၊ မမလေးရောက်လာပြီပဲ။ လာလာ၊ ဒီက အစ်ကိုလေးနဲ့အတူဝင်ထိုင်ပါ။ ကျွန်မတို့က မမလေး ရောက်လာတာကို စောင့်နေကြတာ။”
‘ဘယ်လိုဘယ်လို...’ ကျွန်မတော့ နားမလည်တော့ဘူး။ စားပွဲထိုးမလေးတွေက ကျွန်မကို အတင်းခေါ်လာပြီး နက်ဆန်နဲ့စားပွဲတစ်ခုတည်းမှာ ဝင်ထိုင်ခိုင်းပါတယ်။ အဲဒီနောက်တော့ အခုလိုတောင် ဆုတောင်းပေးသွားသေးတယ်။
“ ပျော်ရွှင်စရာ ပျားရည်စမ်းခရီးဖြစ်ပါစေ။” တဲ့။
နားထောင်ရင်းနဲ့ မျက်စိတွေလည်လာတာနဲ့ ကျွန်မ နက်ဆန်ကို ကြည့်လိုက်တော့...
‘ငါ့ကို လာမကြည့်နဲ့၊ ငါလည်းရှင်းမပြတတ်ဘူး။’ ဆိုတဲ့ ပုံစံမျိုးနဲ့ ဟိုတယ်မျက်နှာကျက်က မီးဆိုင်းတွေကိုသာ မော့ကြည့်နေပါတော့တယ်။ ဒီတော့ ဘာဖြစ်သွားလဲ သိရဖို့အတွက် အိုလီရာနာကို အားကိုးရုံအပြင် တခြားမရှိတော့ဘူး။ အိုလီရာနာက ကျွန်မကို ‘ဟွန့်’ခနဲ နှာမှုတ်ပြပြီး ဖြစ်ခဲ့တာတွေကို ရှင်းပြတယ်။
“ကျွန်မနဲ့ကိုကိုသခင် ချိန်းတွေ့... အဲလေ... ဟိုတယ်ထဲ လျှောက်သွားရင်း စားသောက်ဆိုင်ထဲဝင်အကြည့် ဟိုဧည့်ကြိုကောင်တာက ထူးဆန်းတဲ့အစ်မကြီး ရောက်လာပြီး ပန်းစည်းတွေလာပေးတာ။ သူပြောတာတော့ ကျွန်မတို့တွေက ဒီနှစ်အတွက် စိန့်ဗလက်တိုင်းနေ့ ညစာအလကားစားခွင့်ကံစမ်းမဲ ပေါက်တာတဲ့။ ပထမတော့ ဖူးစာပါလို့ ကံစမ်းမဲပေါက်တာဆိုပြီး ပျော်နေပေမဲ့...”
...
ကျွန်မလည်း အိုလီရာနာရဲ့ပေါက်ကရစကားတွေကို နားမထောင်မိစေဖို့ကြိုးစားရင်း ဖြစ်ရပ်ကို သေချာ စိတ်ကူးထဲမှာ ပုံဖော်ကြည့်ဖို့ ကြိုးစားရတယ်။
ဧည့်ကြိုကောင်တာက အမျိုးသမီးကို ကျွန်မသေချာ မှတ်မိတာပေါ့။ အခန်းမရှိဘူးဆိုပြီး နှစ်ယောက်ခန်းကို အတင်းထည့်ပေးလိုက်တဲ့တစ်ယောက်လေ။
“စိန့်ဗလက်တိုင်းညစာက စုံတွဲနှစ်ယောက်စားမှ အကျုံးဝင်တာမလို့ မြန်မြန်လေး ရှင့်ရဲ့အမျိုးသမီးကို ခေါ်လိုက်တော့နော်။” အဲဒီအမျိုးသမီးက နက်ဆန်ကို ကံစမ်းမဲပေါက်ကြောင်း သက်သေခံကတ်ကို ထုတ်ပေးနေရင်းက အခုလိုပြောလိုက်တယ်။
“ဒါနဲ့၊ သမီးလေးက ချစ်စရာလေးနော်။ ဒါနဲ့ စပ်စုတယ်မထင်ပါနဲ့၊ မမလေးနဲ့ရှင်နဲ့က ဘယ်လောက်ကြာပြီလဲဟင်။ ရှင်တို့ကို ကြည့်ရတာ အတော်ငယ်သေးလို့ပါ။”
ဒါပေါ့၊ နက်ဆန်ကတော့ ခါတိုင်းလိုမျက်နှာသေကြီးနဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်သူမဟုတ်တော့ ဇယားက ပိုရှုပ်ကုန်ရော။
“ဒီကောင်မလေးက ဆုံးသွားတဲ့အဒေါ်ရဲ့သမီးလေးပါ။ ဆယ်ဗီနဲ့က တွေ့တာ လပိုင်းပဲရှိပါသေးတယ်။” လူတွေ အိုလီရာနာအကြောင်းမေးရင် နက်ဆန်ရဲ့ဝမ်းကွဲညီမလေးအဖြစ်ပြောဖို့ သင်ပေးထားတာက ကျွန်မပါ။ အိုလီရာနာမှာက ဘာတရားဝင်အထောက်အထားမှမရှိဘူးလေ။
“အယ်ဟယ်....” ဧည့်ကြိုကောင်တာက အမျိုးသမီးက လပိုင်းနဲ့ညီမလေး ဆိုတာလည်းကြားရော မျက်နှာကြီး နီမြန်းသွားပြီး မျက်မှန်ကို လက်ညိုးနဲ့ထောက် သူ့ရဲ့ကိုယ်ပိုင် စိတ်ကူးယဥ်ဇာတ်လမ်းထဲမှာ နစ်မျောသွားတော့တာပဲ။
“ဒီတော့ ဒီကအစ်ကိုလေးက စောင့်ရှောက်မဲ့သူ မရှိဖြစ်နေတဲ့ ညီမလေးကို စောင့်ရှောက်ပေးနေရင်း ကလေးအဖေတစ်ပိုင်းဖြစ်နေတဲ့သူပေါ့။ ကောင်မလေး ရလာပေမဲ့ ကလေးနဲ့ကန့်လန့်ဖြစ်နေတော့ အတော်ခက်ခဲမှာပဲနော်။ ညီမလေးနဲ့ကောင်မလေးကို ပျားရည်စမ်းခရီး အတူခေါ်လာပြီး အနာဂတ်မှာ မိသားစုဝင်အစစ်လိုနေနိုင်ဖို့ ကြိုးစားနေတာပေါ့။ စိတ်မပူပါနဲ့၊ ကျွန်မတို့တာဝန်ထားလိုက်ပါ။ ဒီနေ့ကစပြီး ပန်းခင်းတဲ့လမ်းကို လျှောက်နိုင်စေရမယ်။”
နဂိုကတော့ ကံစမ်းမဲမှာ ကျူးပစ်တီးဝိုင်းမပါပေမဲ့ အဲဒီအမျိုးသမီးရဲ့ရွှေဉာဏ်တော်စူးရောက်မှုကြီးနဲ့အတူ ကျူးပစ်Cosplayနဲ့တီးဝိုင်းအဖွဲ့ ရောက်လာတော့တာပဲ။ နက်ဆန်က မူလကတော့ ပုံမှန်ကံစမ်းမဲပဲထင်နေပေမဲ့ စားစရာတွေရောက်လာပြီး အကုန်လုံးချောကလက် ပစ္စည်းတွေဖြစ်နေမှ စိန့်ဗလက်တိုင်းဒေးက ချစ်သူများနေ့ဖြစ်မှန်း ပြန်သတိရလာပြီး ကျွန်မကို လှမ်းမခေါ်ရဲဖြစ်သွားတာ။
“ရှင်ကတော့လေ၊ ချစ်သူများနေ့ကို မေ့နေရတယ်လို့။”
“သခင့်အစား ကျွန်မပဲတောင်းပန်ပါတယ်။ သခင်က ဆယ့်ရှစ်နှစ်လုံးလုံး အထီးကျန်ဘဝနဲ့ဖြတ်သန်းလာတာလေ။”
“....” ကျွန်မလည်း ဘာပြောရမှန်းမသိတော့ဘူး။