← Chapters

အချိန်စက်ဝန်း ( ဒုတိယပိုင်း)

Vol. 1 Ch. 44

အချိန်စက်ဝန်း ( ဒုတိယပိုင်း)

Vol. 1 Ch. 44

“ဒီခံစားချက်ကိုတောင် မရတာကြာပြီပဲ။” ကျွန်တော် နာရီမျှော်စင်ပေါ်မှာ ရပ်နေရင်းနဲ့ မြေပြင်အောက်က မြင်ကွင်းကို ကြည့်လိုက်တယ်။ လူသားတွေကို ပုရွက်ဆိတ်လေးတွေလို့ ထင်ရလောက်တဲ့အထိ သေးသေးလေးပဲမြင်ရပြီး ကားတွေကတော့ ကလေးကစားစရာတွေလိုမျိုး ပိစိကွေးသေးလေးတွေ ဖြစ်လို့။

အပေါ်စီးကနေ မြင်နေရတဲ့ မြင်ကွင်းထဲမှာ ရီနေးဆန့်ခေတ်က တည်ဆောက်ခဲ့ပုံပေါ်တဲ့ ရေပန်းကြီးနဲ့ ဧရာမရင်ပြင်ကျယ်ကြီးလည်း ရှိနေသေးတယ်။ ဒီနေရာကို အီတာလျံလူမျိုးတွေက ပီယာဇာ ဒီ ဖာရီယာ ရင်ပြင်လို့ခေါ်တယ်။ နယ်စားကြီး ဖာရီယာကို ဂုဏ်ပြုတည်ဆောက်ခဲ့တဲ့ နေရာဖြစ်ပြီး ဂျီနိုအာသမ္မတနိုင်ငံရဲ့အစိုးရရုံးတော်တည်ရှိတဲ့ ရင်ပြင်လည်းဖြစ်တယ်။

ကျွန်တော်ရပ်နေခဲ့တဲ့ ရီနေးဆန့်ခေတ် နာရီစင်ကြီးက ဒီရင်ပြင်မှာတည်ရှိတဲ့ ရှေးအဆောက်အဦးတွေထဲက တစ်ခုဖြစ်ပြီး...

ဒီနေရာက... တိုတိုပြောရရင်တော့... ကျွန်တော့်ဘဝကို နိဂုံးချုပ်ရမယ့် နေရာပေါ့။

ဒီလိုအဖြစ်မျိုးက ကျွန်တော့်အတွက် ပထမဆုံးသော အကြိမ်တော့ မဟုတ်ခဲ့ပါဘူး။

“၆၃ ကြိမ်မြောက်တောင် ဖြစ်နေပြီပဲ။ ဘာလို့ ငါ့ဒူးတွေက တုန်နေသေးတာလဲ။” ကျွန်တော် ကျွန်တော့်ရဲ့တုန်ယင်နေတဲ့ ခြေထောက်တွေကို လက်နဲ့ထိန်းထားရင်း အားတင်းထားလိုက်တယ်။ ပင်လယ်ပြင်ဘက်ကလာတဲ့ ဆားဓာတ်ပါတဲ့လေကြောင့် ကျွန်တော့်နှုတ်ခမ်းတွေ အက်ကွဲလာနေပြီ။

ခင်ဗျားသိလား... သေခြင်းတရားနဲ့ အကြိမ်ကြိမ် ကြုံဖူးပြီးသားသူတွေတောင်မှ သေခြင်းတရားကို ကြောက်ရွံနေတတ်ကြသေးတယ်။ အနည်းဆုံးတော့ သူတို့ရဲ့ခန္ဓာကိုယ်က သဘာဝအတိုင်း ဆက်ပြီး အသက်ရှင်ချင်ကြသေးတယ်လေ။ သူတို့နှလုံးသားက ငြင်းဆန်ကောင်း ငြင်းဆန်နေပေမဲ့ပေါ့။

“ရမှာပါ... ဒီတစ်ခါတော့ အဆင်ပြေသွားမှာပါ။” ကျွန်တော့်ကိုယ်ကျွန်တော် တတွတ်တွတ်ပြောရင်း ကြောက်စိတ်ကို ကျော်လွှားနိုင်ဖို့အတွက် အတင်း ကြိုးစားနေရတယ်။ သေချာပေါက် ဒီတစ်ခါတော့ အောင်မြင်ရမယ်။ ကျွန်တော်သေမှ ဖြစ်မယ်လေ။

ဒင်... ဒင်... ဒင်...

ကျွန်တော့်နောက်ကြောမှာ ရှိနေတဲ့ နာရီလက်တံက ရှစ်နာရီတိတိကို စညွန်ပြပြီး ခေါင်းလောင်းကြီးရဲ့ မြည်သံထွက်ပေါ်လာတယ်။ အဲဒီနောက်တော့ ကျွန်တော် တုန်ယင်နေတာ ပျောက်သွားပြီး ရှေ့ကိုအလိုလို ခြေလှမ်းနိုင်ခဲ့တယ်။

အဲဒီနောက်တော့ ကျွန်တော့်ခန္ဓာကိုယ်ဟာ လေထုထဲမှာ မျောလွင့်ရင်း... အောက်ကိုကျဆင်းသွားလေတော့တယ်။

...

[I]

ဂျီနိုအာမြို့ထဲမှာ လှည့်ပတ်ကြည့်ရင်း ကျွန်တော်ဟာ ရှေးအဆောက်အဦးတစ်ခုရဲ့နံရံမှာ ထွင်းထုထားတဲ့ စကျင်ကျောက် ပန်းတမော့လက်ရာတွေကို စိုက်ကြည့်နေမိတယ်။ ရုပ်ထုတွေက ဂျီနိုအာမှာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ မြို့ဟောင်းနေရာတိုင်းလိုလိုမှာကို ရှိနေတာ။

ဒါပေမဲ့ ကျွန်တော့်ရှေ့က လက်ရာကတော့ ထူးခြားတယ်လေ။ တစ်ကိုယ်လုံးဗလာကျင်းပြီး မုတ်ဆိတ်မွှေးရှည်ရှည် ဗလတောင့်တောင့်နဲ့ လူကြီးတစ်ယောက်က ညာလက်ထဲမှာ တံစဥ်ရှည်ကြီးကို ကိုင်ပြီးတော့ ပျံသန်းနေဟန်ပါ။ ဘယ်လက်ထဲမှာတော့ မွေးကင်းစကလေးတစ်ယောက်ကို ခြေထောက်ကနေ ဇောက်ထိုးဆွဲကိုင်ထားတယ်။

ဒီရုပ်ထုကို ကျွန်တော်မြင်တာနဲ့ ဒီလူကြီး ဘယ်သူလဲဆိုတာ ကျွန်တော်သတိရသွားတယ်။

“တိုက်တန်ကြီးခရိုးနက်မဟုတ်လား။” ရောမတွေကတော့ စေတန်လို့ခေါ်ကြတယ် ထင်တာပဲ။ ဒီလူက ကြောက်စရာကောင်းတဲ့ တိုက်တန်ဘုရင်ကြီး ဖြစ်ပြီးတော့ တိုက်တန်တွေရဲ့ဘုရင်ဖြစ်ဖို့အတွက်နဲ့ ဖခင်ဖြစ်သူ ယူရေးနပ်ကို မိခင်ဖြစ်သူဂိုင်ယာရဲ့အကြံနဲ့ လုပ်ကြံခဲ့သူပါ။ ဒါပေမဲ့ ဖခင်ဖြစ်သူက တူသော ကြမ္မာဆိုးနဲ့ကြုံရပါစေလို့ ကျိန်စာတိုက်သွားတဲ့အတွက် ဇနီးဖြစ်သူနဲ့ကလေးရတိုင်း ကလေးတွေကို ဝါးမျိုစားသောက်ပြီး အစဖျောက်ထားတတ်သူပေါ့။ အခုရုပ်ထုကလည်း သူ့ကလေးတွေထဲကတစ်ယောက်ကို မစားခင် ဖမ်းခေါ်နေတဲ့ပုံလေ။

“နင်အဲဒီရုပ်ထုကို စိုက်ကြည့်နေတာ ကြာပြီနော်၊ မဟုတ်မှလွဲရော ဗိသုကာ ကျောင်းသားလား။”

ကျွန်တော့်နောက်ကနေ စကားသံထွက်လာတဲ့အတွက် လှည့်ကြည့်လိုက်တော့ အနက်ရောင်ဆံပင်ကို ကျစ်ဆံမြီးကျစ်ထားပြီး ဂျင်းဘောင်းဘီနဲ့တီရှပ်ကို ပေါ့ပေါ့ပါးပါးတွဲဝတ်ထားတဲ့ အသားညိိုညို အာဖရိကန် အီတာလျှံ့ကပြား မိန်းကလေးကို တွေ့လိုက်ရတယ်။ သူ့ကျောမှာတော့ ဂစ်တာအိတ်ကြီးကိုပိုးထားလို့။

“တောင်းပန်ပါတယ်... ရုပ်ထုထဲ စျာန်ဝင်သွားခဲ့လို့ပါ။”

ဒီမိန်းကလေးက ကျွန်တော့်ထက် အရပ်ရှည်တယ်။ ဒါပေမဲ့ ဥရောပသူတွေထဲမှာ အရမ်းကြီးအရပ်ရှည်တဲ့အထဲ မပါပါဘူး။ ကျွန်တော်က အာရှသားမလို့ပါ။

“သတိဝင်လာပြီဆိုရင်လည်း ဖယ်တော့။ ငါက ဒီမှာ ဂီတာတီးနေကြလေ။”

သူက ကျွန်တော့်ကိုဖယ်ပေးဖို့ တောင်းဆိုလိုက်ရင်း အဆောက်အဦးနံရံကို မှီကာထိုင်ချလိုက်ပါတယ်။ တကယ့်ကို ဟစ်ပီတစ်ယောက်လိုမျိုး အနေအထိုင်က လွတ်လပ်လွန်းတယ်။ သူ့ကို မြင်ပြီးသိပ်မကြာခင်မှာပဲ စိတ်ဝင်စားမိသွားတယ်။

“ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ဇေရာပါ။ ဂျီနိုအာတက္ကသိုလ်မှာ ဗိသုကာတန်းလာတက်တဲ့ကျောင်းသားပါ။”

သူက ကျွန်တော့်ကိုသေချာကြည့်လိုက်ပြီး “နိုင်ငံခြားသားပေါ့။ ဂျီယာတဲ့လား၊ နင့်နာမည်က မိန်းကလေးနဲ့ဆင်လိုက်တာ။ ငါ့နာမည်က ရီယာပါ။ နည်းနည်းတော့ ဆင်တယ်ဆိုပေမဲ့ပေါ့။”

“ဇေရာပါခင်ဗျ၊ ဂျီယာမဟုတ်ပါဘူး။ ဂျီယာဆိုတာက ဂိုင်ယာရဲ့အမည်ကွဲပါ။ ကျွန်တော့်နာမည်က Za Yar ဆိုပြီးပေါင်းတာဖြစ်ပြီးတော့ ဂျီယာကတော့ Gaea ပါ။”

ကျွန်တော့်နာမည်ကို အသေးစိတ်ရှင်းပြတာကို သူက သိပ်ပြီးစိတ်ဝင်စားပုံမရပေမဲ့ ပါးပြင်ကို လက်နဲ့ထောက်ပြီး နားထောင်ပေးရှာတယ်။ ပြီးမှ ပျင်းရိနေဟန်နဲ့ လေပူတွေကို မှုတ်ထုတ်လိုက်ပြီ။

“ဗိသုကာကျောင်းသားဆိုတဲ့အတိုင်းပဲ လေက ရှည်လိုက်တာ။ ဟုတ်ပါပြီ၊ တစ်ကျောင်းတည်းသား ချင်းတွေဆိုတော့ ရှိစေတော့။ ငါက ဂစ်တာတီးတော့မှာမလို့ နားထောင်ချင်ရင်လည်းနေ၊ မနေချင်ရင်လည်း သွားတော့။”

အဲဒီနောက် သူက ဂစ်တာအိတ်ကိုဖွင့်ပြီး သဘာဝ သစ်သားရောင်ဂစ်တာလေးကိုထုတ်ကာ အသံကြိုးကို စညှိတယ်။ သူက ကျွန်တော့်ကို မရှိသလိုပဲ လစ်လျူရှုထားတယ်။

ကျွန်တော်လည်း ထွက်မသွားချင်သေးတာနဲ့ ဖုန်းက နာရီကို ထုတ်ကြည့်လိုက်တော့ ဖေဖော်ဝါရီလ ၁၄ ရက်၊ ညနေ ၅ နာရီလို့ ပြနေတယ်။ ခုနှစ်ကတော့ ၂၀၁၇။ အဆောင်တံခါးပိတ်မယ့်အချိန်က အဝေးကြီးလိုသေးတာမလို့ ဒီမိန်းမလှလေးရဲ့သံစဥ်တွေကို နားထောင်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“အချိန်ရှိသေးတယ်ဆိုတော့ နားပဲထောင်လိုက်ပါမယ်။”

ကျွန်တော်က တူညီတဲ့အပြုံးကို ပြုံးထားရင်း ခပ်လှမ်းလှမ်းမှာ ရပ်နေခဲ့တယ်။ ဂျီယာကတော့ တစ်ချက်နှစ်ချက် ဂစ်တာကို စမ်းတီးပြီးတဲ့နောက် စပြီးအတည်ဂစ်တာတီးပါတယ်။ နောက်ပြီး သီချင်းကိုလည်း မတိုးမကျယ်ဆိုလို့ပေါ့။

“Street boy

You’ve been out too long

Street boy

Ain’t you got enough sense to go home

Street boy

You’re gonna end up alone

You need some love and understanding

Not that dead-end life you’re planning

Street boy”

တစ်ခါမှမကြားခဲ့ဖူးတဲ့ သီချင်း။ ဂန္တဝင်သီချင်းမှန်း သိပေမဲ့ ဘယ်သူဆိုခဲ့မှန်း စဥ်းစားမရဘူး။ တစ်ခါမှ အဲဒီသီချင်းနားထောင်တဲ့သူနဲ့ မတွေ့ဖူးဘူး။ ကိုယ်တိုင် နားထောင်မိဖို့ဆိုတာ ဝေးရော။

ဒင်...

သီချင်းဆုံးပြီးတဲ့နောက်တော့ သူက ဂစ်တာတီးတာကို ရပ်လိုက်ပါတယ်။ သူက ကျွန်တော့်ကို ထူးမခြားနားစွာ ကြည့်လိုက်ပြီး

“နင်က... ဒီသီချင်းကို တစ်ခါမှ မကြားဖူးတဲ့ပုံစံပဲ။”

သူက မေးလိုက်တော့ အလိုလိုနေရင်း ခေါင်းကို ညိတ်ပြလိုက်တယ်။ သူ့ပုံစံက အတော်လေး စိတ်ပျက်သွားပုံပဲ။ ဒါပေမဲ့ ချက်ချင်းပြုံးလိုက်ပြီး

“ဒါပေမဲ့ အဆုံးအထိနားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆစ်တို ရော့ရိဂတ်ရဲ့သီချင်းတွေက နားထောင်ရခဲတဲ့ သီချင်းတွေမလို့ ကံကောင်းသွားတယ်ပဲ ဆိုရမှာ။ ငါက သူ့သီချင်းတွေကို လူတွေအများကြီး သိစေချင်တာ။”

သူက စိတ်ထားကောင်းတာပဲလို့ ကျွန်တော်တွေးမိလိုက်တယ်။ သူ့အကြောင်း ပိုသိချင်ပေမဲ့ ကျွန်တော်ဘာမှ ဆက်မမေးရသေးခင်မှာပဲ သူက ဂစ်တာကို အိတ်ထဲပြန်ထည့်ပြီး ထွက်သွားနှင့်ပြီ။

တစ်ကျောင်းတည်းသားတွေဆိုတော့ သူလည်း ဂျီနိုအာ တက္ကသိုလ်မှာ ရှိနေတယ်ဆိုတဲ့သဘောလား။ တစ်နေ့ သူနဲ့ထပ်တွေ့ရင်တွေ့ဦးမှာပါ။

အဆောင်ကိုပြန်ရောက်တော့ သူပြောတဲ့ အဆိုတော်အကြောင်းကို အွန်လိုင်းမှာရှာဖြစ်တယ်။ ဒီတော့မှ ကျွန်တော်အတော်လေး အံ့ဩသွားတာ။

“ဒီလူက ဗြိတိသျှအဆိုတော်ပဲ။ စသီချင်းဆိုတုန်းက ဗြိတိန်မှာ သူ့အခွေတွေမရောင်းရဘဲ လက်လျှော့လိုက်ရတာ။ ဒါပေမဲ့ တောင်အာဖရိကမှာ သူ့သီချင်းတွေက သူမသိသူမသိအောင်မြင်နေပြီး အနားယူပြီးနှစ်နှစ်ဆယ်ကြာမှ သူ့ပရိသတ်တစ်ယောက်က လာရှာရင်း သူ့နာမည်ကို လူတွေသိကုန်တာတဲ့။” အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ပုံပြင်ပဲ။ ပြီးတော့ အဲဒီမိန်းကလေးက အဲဒီအဆိုတော်ကို အတော်စွဲလမ်းနေရှာတာ။

...

နောက်တစ်နေ့ ပိတ်ရက်မဟုတ်လေတော့ ကျွန်တော် ကျောင်းကို လက်ချာချိန်အမီ အပြေးသွားတက်ရတယ်။ ပညာသင်ဆုရပြီးမှ အီတလီကိုရောက်လာတာဆိုတော့ ဘယ်နည်းနဲ့မှ အမှတ်လျော့ခံလို့မဖြစ်ဘူးလေ။ ဒီတော့ ကြိုးစားရမယ်မဟုတ်လား။

ဒီနေ့အတွက် ပထမဆုံးအချိန်က အနုပညာသမိုင်း အချိန်ပါ။ ဆရာမဒေါ်ရသီက လူလည်းလှသလို စာသင်လည်းကောင်းတာကြောင့် ကျောင်းသားတွေ အကုန်လုံး သူသင်ပေးတဲ့ ရောမခေတ်အကုန် ဂေါ့သစ်အနုပညာလက်ရာတွေအကြောင်း သင်ခန်းစာထဲမှာ နစ်မျောကုန်တယ်။

ဘုန်း...

ရုတ်တရက် စာသင်ခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့ အသံကြောင့် ဆရာမဒေါ်ရသီရဲ့မျက်နှာပေါ်က သာယာနေတဲ့ အပြုံးက ချက်ချင်းပျောက်သွားပြီး ဝင်လာတဲ့သူကို ကြည့်လိုက်တယ်။ နောက်တော့ ဝင်လာတဲ့သူကို ဘယ်သူလဲ မှတ်မိသွားပြီး ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။

“ရီယာ ဘာရာဇာ၊ နင်ကျောင်းကို ပေါ်လာသေးတယ်ပေါ့။”

တကယ်ပဲ စာသင်ချိန်က တစ်ဝက်ရောက်နေပြီ။ ဒါက တက္ကသိုလ်ဆိုရင်တောင် စာသင်ချိန်တစ်ဝက်ရောက်မှ အတန်းထဲဝင်လာတာ သိပ်ရိုင်းတယ်။ ကျွန်တော်လည်း အဲဒီမိန်းကလေးကို ချက်ချင်းမှတ်မိသွားပါတယ်။ မနေ့က လမ်းပေါ်မှာတွေ့ခဲ့တဲ့ ဂစ်တာနဲ့ကောင်မလေးပဲ။

ဒါပေမဲ့ ဆရာမက အဲဒီကောင်မလေးရဲ့ညာဘက် မျက်လုံးပေါ်မှာ အညိုအမည်းကိုတွေ့တော့ စိတ်ကို ထိန်းလိုက်ပြီး...

“လွတ်တဲ့နေရာမှာ သွားထိုင်နေချေ။ တခြားကျောင်းသားတွေကို အနှောင့်အယှက်မပေးနဲ့။”

ရီယာကလည်း ဆရာမစကားအတိုင်းပဲ လွတ်တဲ့နေရာရှာပြီး ဝင်ထိုင်တယ်။ ကံကြမ္မာရဲ့ဖေးမမှုနဲ့ အဲဒီနေရာက ကျွန်တော့်ဘေးခုံ ဖြစ်နေတာပါပဲ။

...

စာသင်ချိန်ပြီးသွားတော့ ကျွန်တော်သူ့ကို စကားစဖြစ်ခဲ့တယ်။ “ ကျောင်းအတူတူမှန်းသိပေမဲ့ ပထမနှစ်ပဲလား။ မောင်မယ်သစ်လွင် ကြိုဆိုပွဲတုန်းက မတွေ့မိပါလား။”

ကျွန်တော်ပြောလိုက်တော့ သူက အခံရခက်ခက်နဲ့ ပြုံးပြလိုက်ပြီး... “ငါက ပထမနှစ် တတိယအကြော့လေ။ ကလေးကလား မောင်မယ်သစ်လွင် ကြိုဆိုပွဲကို တက်စရာလား။”

“ဒါဖြင့်ရင်လည်း အတူကြိုးစားကြမယ်နော်၊ စီနီယာ။” ကျွန်တော်သူ့ကို လက်မထောင်ပြလိုက်မိပါတယ်။ သူက ကျွန်တော်နဲ့မေဂျာတူ အတန်းတူဖြစ်နေတဲ့အတွက် သိပ်ဝမ်းသာမိတာပဲ။ သူကတော့ ခေါင်းခါလိုက်ပြီး...

“ငါက ဒီနှစ်လည်းအောင်မှာမဟုတ်ဘူး။ ဒါကြောင့် နောက်နှစ်နေရင် ကျောင်းထွက်ရတော့မှာ။ ဒီတော့ နင်နဲ့ကြိုးစားစရာ အကြောင်းကိုမရှိဘူး။”

တကယ်ကြီးလား၊ လုံးဝကို ကြိုးစားချင်စိတ် မရှိတာပဲ။ ဒါပေမဲ့ မျက်နှာပေါ်က ဒဏ်ရာကြောင့် ကျွန်တော် စိုးရိမ်မိသွားတယ်။

“မျက်နှာက ဒဏ်ရာကရော၊ မြင်နေရတယ်နော်။ ဘာဖြစ်ခဲ့တာလဲ။”

“အဖေက ငါအတန်းပြေးနေတာ မိသွားလို့လေ။ စိတ်ပူစရာ မဟုတ်ပါဘူး။”

ဒီတော့ ဒီစီနီယာက စာမကြိုးစားတဲ့အပြင် အတန်းပါ ပြေးနေပြီး အဖေလက်သီးစာမိလာတာလား။ နောက်တော့ ရီယာက ကျွန်တော့်ကို မကျေမနပ် ကြည့်လိုက်ပြီး...

“နေစမ်းပါဦး၊ ဂျီယာရဲ့။ နင်က အတော်စပ်စုတာပဲ။ မိန်းကလေးတစ်ယောက်ထက်တောင် အမြင်ကပ်ဖို့ ကောင်းနေပြီ။”လို့ ပြောလိုက်ပြီး ထိုင်ခုံကနေ ထပြေးသွားတယ်။

“စီနီယာ... နောက်တစ်တန်းက ဒီဇိုင်းချိန်လေ။” လို့ ပြောလိုက်ပေမဲ့ သူက လက်ကာပြပြီးတော့ “အဲဒီအတန်းကလည်း ပျင်းစရာကြီး၊ ငါမတက်ချင်ဘူးဟဲ့။” ဆိုပြီး ထွက်ပြေးသွားတယ်။

အတန်းတွေအားလုံးပြီးလို့ အိမ်ပြန်ချိန်ရောက်ခါမှ ကျွန်တော်ကျောင်းရှေ့ထွက်လာတော့ ခုံတန်းတစ်ခုမှာ တစ်ခုမှာထိုင်နေတဲ့ သူ့ကိုတွေ့ရတော့တာပဲ။

“စီနီယာ... မပြန်သေးဘူးလား။ မြို့ထဲသွားပြီး တစ်နေရာရာမှာ ဂစ်တာတီးနေပြီလို့ ထင်နေတာ။”

ကျွန်တော့်စကားကြောင့် သူက မျက်စိကို မှေးလိုက်ပြီး “နင်က ငါ့နောက်ကို ဘာလို့တစ်လျှောက်လုံး လိုက်နေတာလဲ။”လို့ မေးလိုက်တယ်။ ကျွန်တော်လည်း

“ဘာလို့ ကျောင်းမတက်ချင်တာလဲ သိချင်ရုံပါ။”လို့ မေးလိုက်တော့...

“ငါတကယ်တက်ချင်တာက အနုပညာကျောင်းလေ။ ဒါပေမဲ့ အဖေက တကယ်တမ်းအသုံးမဝင်တဲ့ဘာသာဆိုပြီး တက်ခွင့်မပေးတာ။”

“ဗိသုကာကိုလည်း လူအများစုက အသုံးမဝင်ဘူးလို့ မြင်တဲ့သူတွေရှိတာပဲမဟုတ်လား။ ဘာလို့ ဒီဘာသာကျ တက်ခွင့်ပေးထားတာလဲ။”

“အဖေက အဆောက်အဦးအင်ဂျင်နီယာမလို့၊ ဗိသုကာက သူနဲ့တစ်နည်းနည်းနဲ့ဆက်သွယ်နေတဲ့ ဘာသာမလို့ တက်ခွင့်ပေးထားတာ။ ငါကလည်း ဂီတတက္ကသိုလ်မတက်ရလို့ ဘာတက်ရတက်ရပြီးရောဆိုပြီး လက်ထောက်ရွေးရာကနေ ဒီပျင်းစရာနေရာကို ရောက်လာတာ။”

ဗိသုကာပညာကို ပျင်းဖို့ကောင်းတယ်လို့ သူပြောတာ ကြားတဲ့အတွက် စိတ်ထဲနည်းနည်းထင့်သွားတယ်။ ဒါပေမဲ့ ဆစ်တို ရော့ရီဂတ်ကို ကျွန်တော်မသိဘူးလို့ ပြောဖူးတဲ့ကိစ္စ သတိရပြီးနောက်တော့ ပြုံးလိုက်မိတယ်။

“တကယ်ပဲ ပျင်းစရာကောင်းလို့လား။ ကျွန်တော့်အဖို့ စိတ်ဝင်စားစရာကောင်းသား။ ရောမရဲ့အမိုးခုံးတွေနဲ့ အချောကိုင်ထားတဲ့နံရံတွေကိုတွေ့ရရင် ကျက်သရေရှိတဲ့ မိန်းမလှလေးနဲ့တွေ့ရသလို ရင်ခုန်သံ မြန်လာရော၊ ဂေါ့သစ်စတိုင် အချွန်အတက်တွေနဲ့အဆောက်အဦးတွေတွေ့ရရင် ယောက်ျားလျာမလေးနဲ့တွေ့ရသလို ကြောက်ချစ်ချစ်မိနေပြန်ရော။”

သူကတော့ ကျွန်တော့်ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး “နင်က အဆောက်အဦးတွေကို မိန်းမတွေနဲ့တင်စားနေတော့ ငါကျောချမ်းလာပြီ။” လို့ပြောလိုက်တယ်။

ဒါပေမဲ့ ခဏနေတော့... “အင်း... နင်ပြောတာလဲ အဓိပ္ပါယ်ရှိပါတယ်။ တန်ဖိုးထားတဲ့သူအတွက်တော့ ဒီအရာတွေက တန်ဖိုးရှိနေမှာပါ။”

နောက်တော့ နှစ်ယောက်လုံး တိတ်ဆိတ်သွားတယ်။ ခဏနေတော့ ကျောင်းဝင်းထဲကို အကောင်းစား ကားတစ်စီးထိုးစိုက်လာရော။ ကားဒရိုက်ဘာက အရင်ဆင်းလာပြီး အသက်ငါးဆယ်ကျော် လူကြီးတစ်ယောက်အတွက် ကားတံခါးဖွင့်ပေးတယ်။ အဲဒီလူကြီးက ကျွန်တော်တို့နား လျှောက်လာပြီး...

“မင်းက ရီယာရဲ့သူငယ်ချင်းလား... သူအတန်းတက်ရဲ့လား။” လို့မေးတယ်။

ကျွန်တော်လည်း ခေါင်းညိတ်ပြခဲ့ပြီး... “ဟုတ်ကဲ့၊ သူက အတန်းချိန်တစ်ချိန်လုံး ကျွန်တော်ဘေးမှာ ထိုင်နေတာပါ။”လို့ လိမ်ပြောခဲ့တယ်။

“ရီယာ... သွားရအောင်။” လူကြီးက ယုံပုံမရပေမဲ့ သူ့သမီးကို မကျေမနပ်မျက်နှာနဲ့ကြည့်ပြီး အချက်ပြလိုက်တယ်။ ရီယာလည်း ကျွန်တော့်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်လိုက်ပြီး ကားပေါ်ကို လိုက်တက်သွားတယ်။

“ ကျောင်းပြေးမှာစိုးလို့ အိမ်က အကြိုအပို့လုပ်နေပုံပဲ။ ဘာလို့ ရီယာက ဒီလောက်ထိခေါင်းမာရတာလဲ။” ဒါက သူ့အတွက်မကောင်းသလို သူ့မိသားစုအတွက်လည်း မကောင်းဘူးမဟုတ်လား။

All Chapters