← Chapters

အချိန်စက်ဝန်း (၃)

Vol. 1 Ch. 45

အချိန်စက်ဝန်း (၃)

Vol. 1 Ch. 45

သူ့ကို ဖုံးပေးခဲ့တဲ့ကိစ္စပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့နှစ်ယောက် ရင်းနှီးသွားကြတယ်။ ရီယာက ရင်းနှီးလေ နှလုံးသားလှတဲ့သူမှန်း သိနိုင်လေပါပဲ။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ အလွန်အမင်းစိတ်ဓာတ်ကျနေပုံ ပေါ်ပြီးတော့ ဘာကိုမှ လုပ်ချင်စိတ်မရှိသလိုပဲ။

ဒါပေမဲ့ နေ့တိုင်းလိုလို အတန်းပြီးတဲ့အချိန်တိုင်း ကျွန်တော်သူ့ကို သွားရှာလေ့ရှိတယ်။ အစပိုင်းတော့ သူ့ကိုဖမ်းရတာ လေလိုပဲခက်တယ်ဆိုပေမဲ့ နောက်တော့ သူက ကျောင်းရှေ့ရေပန်းမှာပဲ စောင့်နေတော့တယ်။ သူ့ကိုမေးကြည့်တော့

“နင်လာရှာမှာ သိနေလို့။” ဆိုပြီး ပြန်ဖြေပါတယ်။

နေ့တိုင်း သူတီးတဲ့သံစဥ်တွေကို နားထောင်ဖြစ်ခဲ့တယ်။ သူက အတီးတင်မကဘဲ အဆိုပါကောင်းတဲ့သူဖြစ်မှန်း ကျွန်တော်သိခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဘာသာသူ တစ်ယောက်တည်း တီးလိုက်ဆိုလိုက်လုပ်နေတာ ဖြစ်ပြီး ပြိုင်ပွဲတွေဝင်မပြိုင်သလို လူအများရှေ့မှာလည်း မဆိုဖူးပါဘူး။

တစ်နေ့တော့ ကျွန်တော်စပ်စုဖြစ်ခဲ့တယ်ဆိုပါတော့။ ” လူတွေရှေ့မှာ သီချင်းမဆိုဂစ်တာမတီးတာ အစ်မက လူကြောက်လို့လားဟင်။”

ကျွန်တော်မေးပြီးပြီးချင်းမှာပဲ နောင်တရသွားတယ်။ သူက ပြန်မဖြေဘဲ ခေါင်းကိုငိုက်စိုက်ချပြီး သူ့ဖိနပ်သူ ငုံကြည့်တယ်။ ဆံစတွေက သူ့မျက်နှာကို ဖုံးနေလို့ မျက်နှာကိုမမြင်ရ။ အတော်ကြာတော့မှ သူက ခေါင်းကို ပြန်မော့လိုက်ပြီး ကျွန်တော့်ကို ပြုံးပြလိုက်တယ်။

“ဒီနေ့တော့ နောက်ကျနေပြီမလို့ အရင်ပြန်နှင့်တော့မယ်။”

“.....” တကယ့်ကို ထူးဆန်းတယ်။ အရင်ကဆိုရင် သူက သူ့အိမ်ကလာမခေါ်မချင်း မပြန်ဘဲ ကျောင်းမှာပဲ ရှိနေတဲ့သူပါ။ ဒါပေမဲ့ ဒီနေ့တော့ သူက ဘက်စ်ကားစီးပြီး ပြန်သွားခဲ့တယ်။

နောက်တစ်နေ့ရောက်တော့ ကျွန်တော့်ကို မော်ကွန်းထိန်းဆရာက ခေါ်တွေ့ပါတယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကို အတော်လေးစိုးရိမ်နေပုံပါပဲ။

“မင်းက တော်တော်ထူးတဲ့ကောင်ပဲ။ အဲဒီကောင်မလေးနဲ့ ခင်သွားရုံမကဘဲ အဲဒီကောင်မလေးနဲ့ တစ်လလောက်လျှောက်သွားနေပြီး အကျင့်ပျက်မသွားတာ တော်တယ်ဆိုရမယ်။ ငါ့ကို မင်းအတန်းပိုင်က အဲဒီကောင်မလေးနဲ့ လျှောက်အလေလိုက်ပြီး ပညာရေးနှောင့်နှေးမှာ စိုးလို့တဲ့လေ။”

ဒီတော့ မော်ကွန်းထန်းဆီရောက်သွားတာ အတန်းပိုင်ရဲ့ စနက်ကြောင့်ပေါ့လေ။ ဒါပေမဲ့ မော်ကွန်းထိန်းကတော့ ကျွန်တော့်ကို ပြဿနာရှာချင်ပုံမရပါဘူး။ တကယ်လည်း ကျွန်တော်က အတန်းပြီးချိန်တွေမှာ ရီယာနဲ့လျှောက်သွား ဖြစ်တယ်ဆိုပေမဲ့ စာတော့သေချာလုပ်ဖြစ်ပါတယ်။

“အရင်က ရီယာက ဒီလိုမဟုတ်ဘူးကွ။ ဒီမေဂျာမှာ ဝါသနာမပါပေမဲ့ ကြိုးတော့ကြိုးစားခဲ့ဖူးတယ်။ ခုလိုဖြစ်သွားတာ ကံမကောင်းမှုလေး တစ်ခုကြောင့်ပါပဲ။

သူက ကျွန်တော့်ကို ရီယာမပြောပြဘဲထားတဲ့ ကိစ္စတချို့ ရှင်းပြခဲ့ပါတယ်။ ရီယာ ကျောင်းကိုစရောက်တုန်းက သိပ်ကိုရေပန်းစားခဲ့တာ။ လှပပြီး အနုပညာမှာ ထူးချွန်တယ်လေ။ စီနီယာတွေက သူ့ကိုမရအရ ပိုးပန်းခဲ့ကြပြီး ပထမနှစ်ရဲ့ကွင်းလည်း ဖြစ်ခဲ့ဖူးတယ်။

ရီယာကိုယ်တိုင်ကတော့ ကျောင်းရဲ့၅၄၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ သီချင်းဆိုဖို့အတွက် ကြိုးစားနေခဲ့တာပေါ့။

အဲဒီအချိန်အတွင်းမှာပဲ ရီယာကို စီနီယာတစ်ယောက်က ဖွင့်ပြောလာခဲ့တယ်။ ရီယာလည်း စီနီယာကို သဘောကျတဲ့အတွက် လက်ခံခဲ့ပေမဲ့ အဲဒီကောင်က အကျင့်မကောင်းတဲ့ကောင်ဖြစ်နေခဲ့တာပါပဲ။ မိန်းကလေးတွေ အများကြီးနဲ့ရှုပ်ခဲ့ဖူးပြီး ရီယာကိုလည်း မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချဥ်းကပ်လာခဲ့တာ။ ရီယာက ချဥ်းကပ်မှုကို ငြင်းပယ်ခဲ့တဲ့အခါမှာတော့ တစ်ကောင့်သားက ရီယာရဲ့မကောင်းသတင်းတွေကို စဖြန့်တော့တာပါပဲ။ ယောက်ျားတွေအများကြီးနဲ့ လျှောက်သွားနေတယ်၊ ဟော့ဟော့ရမ်းရမ်းနေတယ်၊ မိန်းကလေးတန်မဲ့ အရှက်မရှိဘူးဘာညာပေါ့။

အီတလီက ပွင့်လင်းတဲ့နိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ရီယာက ကျောင်းရဲ့အိုင်ဒေါလိုမျိုး နာမည်ကြီးတဲ့ လူတစ်ယောက် ဖြစ်တာကြောင့် ဒီထိုးနှက်ချက်တွေက သူ့ကို အမြင့်က ကျစေခဲ့ပါတယ်။ သူ့ကို မနာလိုတဲ့သူတွေက ဒီအချက်ကို သုံးပြီး ဖိနှိပ်ခဲ့ကြတာကြောင့် ရီယာက လူတွေကို ကြောက်သွားခဲ့တယ်။ အဲဒီနေ့ ဖျော်ဖြေပွဲစင်မြင့်ပေါ် ရောက်တော့ ဘာသီချင်းမှ မဆိုနိုင်တော့ဘူး။

“တစ်နည်းအားဖြင့် ထရော်မာတွေကြောင့် စိတ်လေနေခဲ့တာပဲ။”

တက္ကသိုလ်ကျောင်းတွေက ရုပ်ရှင်တွေထဲမှာ ပျော်ဖို့ကောင်းတဲ့ နေရာတွေအဖြစ် ဖော်ပြခံရပေမဲ့ တကယ့်တကယ်တမ်း မနာလိုမှုတွေ၊ ပြိုင်ဆိုင်မှုတွေနဲ့ ပြည့်နေတဲ့နေရာဖြစ်ပြီး လူသားတစ်ယောက်ရဲ့စိတ်ကို ရိုက်ချိုးနိုင်တဲ့ နေရာမှန်း ကျွန်တော်သိနေတယ်။ ဒါကြောင့်...

မော်ကွန်းထိန်းနဲ့စကားပြောပြီး နောက်တစ်နေ့ ရောက်တော့ ခါတိုင်းလိုပဲ ရီယာကို သွားတွေ့ဖြစ်ပါတယ်။ သူ့ရဲ့လူကြောက်တဲ့ စိတ်ကို ဖြေရှင်းပေးနိုင်မလားလို့ တွေးမိလို့ပါ။

“မနက်ဖြန်ကျောင်းပိတ်တယ်ဆိုတော့ ဒီညနေ မြို့ရင်ပြင်ကိုသွားပြီး ဂီတာတီးရအောင်။”

သူ့မျက်နှာက မြို့ရင်ပြင်ဆိုတာကိုကြားတာနဲ့ မျက်နှာက ဖြူဖျော့သွားတယ်။ “ လူများတယ်၊ မသွားချင်ဘူး။” လို့ ပြန်ဖြေလာတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာမယ်ဆိုတာကို ကျွန်တော်သိထားခဲ့ပြီးသားပါ။

“ဒါဖြင့်ရင့် စိန်ခေါ်မှုရှိတာလေးတစ်ခုလောက် လုပ်ကြည့်ကြမလား။”

သူက ကျွန်တော့်စကားကြောင့် ကျွန်တော့်ကို ကြည့်လိုက်ပါတယ်။ ကျွန်တော်လည်း ဆက်ပြီး ပြောလိုက်တယ်။

“ကျွန်တော်က အရင်က ဂစ်တာတစ်ခါမှ မတီးဖူးပေမဲ့ ပုံကြမ်းဆွဲတာလို တခြားအနုပညာတွေမှာတော်လို့ သင်လိုက်ရင် တစ်ပတ်နဲ့ အစ်မလောက်တီးတတ်မယ်လို့ထင်တယ်။”

ဒါပေါ့၊ ဒီလိုစကားမျိုးကို ဘယ်လိုအနုပညာ ကျွမ်းကျင်သူကိုမဆို ပြောလိုက်ရင် ဒေါသထွက်သွားမှာ။ ကျွန်တော့်ရှေ့က ရီယာလည်းခြွင်းချက်မဟုတ်ဘူး။

“မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။” သူက ကျွန်တော့်ကို စိတ်ဆိုးသွားပြီး ထားရစ်ခဲ့ဖို့လုပ်ပေမဲ့ သူ့လက်ကို ဖမ်းဆွဲထားလိုက်ပြီး...

“မကြိုးစားကြည့်ဘဲနဲ့တော့ ဘယ်သိနိုင်မလဲ။ ပြီးတော့ ချဲလင့်လို့ပြောထားတယ်လေ။ လောင်းကြေးက ပါဦးမှာ။”

သူက မျက်လုံးကို မှေးလိုက်ပြီး “ပြောကြည့်လေ။ နင်မဟုတ်တာ တစ်ခုခုတောင်းဆိုလို့ကတော့ ငါနင့်ကို အဆက်ဖြတ်လိုက်မယ်။”

သူ့မျက်လုံးအကြည့်တွေက သိပ်ကိုအန္တရာယ်များတာပဲ။ ဒါပေမဲ့ ကျွန်တော်သတ္တိမွေးလိုက်ပြီး ပြောလိုက်ပါတယ်။ “ဒီတစ်ပတ် အစ်မကျွန်တော့်ကို ဂစ်တာတီးနည်း သင်ပေးရမယ်။ တစ်ပတ်အတွင်း ကျွန်တော်တီးတတ်ခဲ့ရင် အစ်မနဲ့ကျွန်တော်နဲ့ မြို့ရင်ပြင်မှာ ဖျော်ဖြေပွဲအသေးလေးလုပ်မယ်။”

“မအောင်မြင်ခဲ့ရင်ရော...”

“တစ်လလုံး အစ်မဘာခိုင်းခိုင်းလုပ်ပါ့မယ်။”

ကျွန်တော်က နောက်နေတာမဟုတ်ဘဲ အတည်ပြောနေတာမှန်း သူသိပြီးတဲ့နောက်မှာတော့ သက်ပြင်းချလိုက်ပြီး

“ကောင်းပြီလေ။ နင်က ကျောင်းစာမှာ ဂျီးနီးယပ် တစ်ယောက်ဆိုတာသိပေမဲ့ အနုပညာဆိုတာက အလွယ်တကူဘက်ပြောင်းပြီး သင်လို့ရတဲ့ဟာမျိုး မဟုတ်ဘူးနော်။ တစ်လလုံး ငါဒုက္ခပေးတာခံဖို့ ပြင်ဆင်ထားပေမဲ့တော့။”

...

သူက ကျွန်တော့်ကို ကျောင်းပြန်ချိန်တိုင်း ဂစ်တာတီး တင်ပေးခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ပတ်လုံး ကျောင်းစာတွေကိုမေ့ထားခဲ့ပြီး အားတဲ့အချိန်တိုင်း ဂစ်တာတီးလေ့ကျင့်ခဲ့တယ်။ လက်ချောင်းတွေမှာ ဒဏ်ရာတွေနဲ့ပြည့်နေခဲ့ပြီး ဘောပင်တောင် ကောင်းကောင်းမကိုင်နိုင်တော့တဲ့ အထိပါပဲ။

ဒီလိုနဲ့နောက်တစ်ပတ် သောကြာနေ့ကို ရောက်လာခဲ့ပါတယ်။ ဒီနေ့က ရီယာကျွန်တော့်ကို စာမေးပွဲစစ်မယ့်နေ့ပါ။

ကျွန်တော်က ခက်တယ်လို့ပြောရမယ့် ရော့ရီဂတ်ရဲ့ ‘I will slip away’ကို ကောင်းကောင်းမွန်မွန် တီးပြခဲ့ပြီးတဲ့ နောက်မှာတော့ သူခေါင်းညိတ်ခဲ့တယ်။

“နင်က မာနကြီးနိုင်လောက်တဲ့ အရည်အချင်းရှိတာပဲ။ ဒီလောက်ခဏလေးနဲ့ အဆင့်တစ်ခုအထိရောက်အောင် ဂစ်တာတီးတတ်သွားပြီ။”

“ဒါဖြင့်ရင် အစ်မနဲ့အတူ ရင်ပြင်မှာသွားပြီး ဖျော်ဖြေကြမယ်လေ။”

သူက ခေါင်းညိတ်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက် ပြုံးလိုက်ပြီးတော့ “ငါက နင့်ကိုချီးကျူးလိုက်တယ် ဆိုပေမဲ့ နင့်အရည်အချင်းက ငါ့ကိုမီလောက်အောင် မရှိသေးဘူးနော်။ ဒီတော့ မော်ဒရေးရှင်းနဲ့စာမေးပွဲ အောင်တာလို့ပြောလို့ရတယ်။ ငါက နင်ပြောတာကို သဘောတူပြီဆိုပေမဲ့ တစ်လလုံး ငါခိုင်းတာလုပ်ရဦးမယ်။”

“....” ကျွန်တော် ဆွံအသွားခဲ့တယ်။ တကယ်လည်း ကျွန်တော့်အရည်အချင်းက တစ်သက်လုံးဂစ်တာတီးလာတဲ့ ရီယာကိုမမီသေးတာတော့ အမှန်ပါ။ ကိုယ့်စကားနဲ့ကိုယ်ဆိုတော့ မတတ်နိုင်ဘဲ ခေါင်းညိတ်ခဲ့ရတော့တာပဲ။

...

ကျောင်းပိတ်ရက်နေ့ ရင်ပြင်ရှေ့ကိုရောက်တော့ သူက သီဆိုသူနေရာကို တာဝန်ယူခဲ့ပြီး ကျွန်တော်က ဂစ်တာသမားနေရာကို နေရာယူခဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းပေါ်မှာသွားလာနေတဲ့ လူအုပ်ကြီးကို မြင်ပြီးနောက် သူ့နဖူးမှာ ဇောချွေးတွေထွက်လာပြီး ဒီအတိုင်း ကြောင်ပြီးရပ်ကြည့်နေခဲ့တယ်။ တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်လို့။

‘ဒီလောက်ကြောက်နေတာကို ဘာလို့ ကျွန်တော်ပြောတာကို လက်ခံခဲ့တာလဲ မရယ်။’

ကျွန်တော်တွေးလိုက်မိတယ်။ သူ့ကို တကယ်ပဲ နားမလည်နိုင်ဘူး။ သူက ကျွန်တော်တောင်းဆိုလို့ သတ္တိမွေးပြီး ဒီကိုလာခဲ့တာ။ ဒါကြောင့် ကျွန်တော် သူ့အနားကိုသွားပြီး ပခုံးပေါ်လက်တင်ကာ အားပေးလိုက်တယ်။

“ဒီနေရာမှာ အစ်မတစ်ယောက်တည်းရှိနေတာမဟုတ်လို့ စိတ်ချထားလိုက်ပါ။” ကျွန်တော့်လက်တွေလည်း တုန်ယင်နေတယ်။ ဒါက ကျွန်တော့်အတွက်လည်း ပထမဆုံးအကြိမ် လူတွေရှေ့မှာ ဖျော်ဖြေဖူးတာပါ။ နောက်တော့ သူတုန်ယင်နေတာ ပျောက်သွားပြီး သီချင်းကိုစဆိုခဲ့ပါတယ်။

ဒါကလည်း ရော့ရီဂတ်ရဲ့သီချင်း ‘I think of You’ပါပဲ။ သူဟာ ရော့ရီဂတ်ကို သိပ်စွဲလမ်းနေတဲ့သူလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒီသီချင်းက ချစ်သူအကြောင်းကို သတိရနေတဲ့ လူတစ်ယောက်အကြောင်း ရေးဖွဲ့ သီဆိုထားခဲ့တာ။

သီချင်းပြီးတဲ့နောက်တော့ ကျွန်တော်တို့နားမှာ လူတွေအများကြီးဝိုင်းနေပြီဖြစ်ပြီး လက်ခုပ်တီးပေးကြတယ်။ တချို့က အကြွေစေ့တွေ ပစ်ပေးဖို့လုပ်ပေမဲ့ “ကျွန်တော်တို့က ကျောင်းသားတွေပါခင်ဗျ။”လို့ အော်ပြီးတော့ ရီယာရဲ့လက်ကိုဆွဲ ထွက်ပြေးခဲ့တယ်။

“နင်ကလည်း၊ အနည်းဆုံးတော့ လက်ဖက်ရည်သောက်လို့ ရတဲ့ဥစ္စာကို။” လို့ သူက အထွန့်တက်ပေမဲ့ ကျွန်တော်က ခေါင်းခါလိုက်ပြီး

“ကျွန်တော့်နိုင်ငံယဥ်ကျေးမှုမှာက အခုလိုဖျော်ဖြေပွဲ လုပ်ပြီးတော့ ခွက်ကလေးချအလှူခံတာကို ရှက်စရာ ကောင်းတဲ့အလုပ်လို့မြင်တယ်ဗျ။ အနုပညာအတွက် တန်ရာတန်ကြေးလို့ မမြင်ကြဘူး။”

ဒါလည်း ယဥ်ကျေးမှုကွာခြားချက်လို့ ပြောရမလားပဲ။ ဒါပေမဲ့ ပျော်ခဲ့ရပါတယ်။ ရထားဘူတာရောက်တဲ့အထိ သူရယ်နေတာ မရပ်တော့ဘူး။

“ငါ့နဲ့တော့... ဒီလောက်မပျော်ရတာတောင် ကြာပြီပဲ။ ဂျီယာ... ငါတို့တွေ ဒီနှစ်နှစ်ပတ်လည်နေ့မှာ ဝင်ပြိုင်ကြမလား....”

သူ့လက်တွေက တုန်ယင်နေပေမဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြောလိုက်ပါတယ်။ ကျွန်တော် အံ့ဩသွားတယ်။ နှစ်တွေအများကြီး စိတ်လေနေခဲ့တဲ့ သူက ကျွန်တော်နဲ့ပွဲအသေးလေး လုပ်ပြီးတော့ ဒီလောက်များတဲ့သတ္တိတွေကို ရလာခဲ့တယ်။

“နင်က တခြားသူတွေနဲ့မတူဘူး။ နင်နဲ့သာဆိုရင် ငါဘာမဆိုလုပ်နိုင်မယ်လို့ ခံစားနေရတယ်။”

“ကောင်းပြီလေ။” ကျွန်တော် ခေါင်းညိတ်ခဲ့ပါတယ်။ အဲဒီနေ့ပြီးနောက် မကြာခင်မှာပဲ ရီယာက ကျွန်တော့်ကို ဖျော်ဖြေပွဲအတွက် စာရင်းသွင်းပြီးကြောင်း အကြောင်းပြန်လာခဲ့ပါတယ်။

...

ဒါပေမဲ့ အဲဒီနောက်မှာပဲ လက်တွေ့ဘဝရဲ့ရိုက်ခတ်မှုတွေက ရောက်ရှိလာခဲ့တယ်။ တစ်ပတ်လောက် စာမလုပ်ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်တော့်အမှတ်တွေ ထိုးကျသွားခဲ့ပြီး ပညာသင်ဆုကို ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ဆရာ့စကားတွေကို ကြားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်စာပြန်လုပ်ခဲ့ရပြီး ရီယာနဲ့သိပ်ပြီးလျှောက်မလည်ဖြစ်တော့ဘူး။

သူက နီးကပ်လာပြီဖြစ်တဲ့ပွဲအတွက် ကျွန်တော်နဲ့အတူ လေ့ကျင့်ချင်ခဲ့ပေမဲ့ ကျွန်တော်ကလည်း ပွဲအပြီးရောက်လာမယ့် စာမေးပွဲအတွက် စာလေ့လာနေခဲ့ရတယ်။

“ပွဲနေ့တော့ ရောက်အောင်လာပါနော်။”လို့ သူစာပို့ခဲ့ပေမဲ့ ကျွန်တော် သူ့စာကို အမှတ်တမဲ့ပဲ ပစ်ထားခဲ့မိတယ်။ အတိုချုံးပြောရရင်တော့ ပွဲနေ့မှာ ကျွန်တော်က မပြီးပြတ်သေးတဲ့ ဗိသုကာပုံကြမ်းတွေကို အဆွဲလေ့ကျင့်နေရင်း စင်ပေါ်သွားဖို့လွတ်သွားခဲ့တယ်။ နောက်မှ ရီယာကိုတောင်းပန်လိုက်မယ်လို့ တွေးခဲ့ပေမဲ့ စာမေးပွဲပထမရက်ညမှာပဲ ကျွန်တော့်ဆီကို တခြား သူငယ်ချင်းတစ်ယောက်ဆီကနေ ဖုန်းဝင်လာခဲ့တယ်။

“ဘာ... မဖြစ်နိုင်တာ...”

ကျွန်တော့်လက်ထဲကနေ ဖုန်းပြုတ်ကျသွားခဲ့တယ်။ ကျွန်တော်ကြားလိုက်ရတဲ့သတင်းက သိပ်ကိုတုန်လှုပ်စရာ ကောင်းတယ်။ ရီယာက... ရီယာက... မနေ့ညက ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်တဲ့။

“ငါ... ဘာလုပ်လိုက်မိတာလဲ...” ကျွန်တော့်ကိုယ်ကျွန်တော် မှန်ထဲကိုပြန်ကြည့်ရင်း တွေးခဲ့မိတယ်။ ပြင်လို့မရတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့မိပြီလား။ အဲဒီနေ့က လူတွေကို ကြောက်တဲ့ ရီယာတစ်ယောက် စင်မြင့်ပေါ်မှာ တစ်ယောက်တည်း ဖြစ်နေခဲ့တာလေ။ ကျွန်တော်က သူ့ကို သစ္စာဖောက်ခဲ့တာ။ သစ္စာဖောက်ခံရပြီးနောက် အလွန်အမင်းစိတ်ဓာတ်ကျနေခဲ့တဲ့ သူ့ကို ကျွန်တော်က ထပ်ပြီးသစ္စာဖောက်ခဲ့တာလေ။ ကျွန်တော်က သူ့ကို သေစေခဲ့တာ။

ဒါတွေအားလုံးက ကတိတစ်ခုကို အလွယ်တကူပေးပြီး တည်ဖို့ပေါ့ဆခဲ့တဲ့ ကျွန်တော့်ရဲ့အပြစ်တွေပါ။ ဒီအပြစ်တွေက ကျွန်တော့်ရဲ့လက်ကျန်ဘဝ တစ်လျှောက်လုံး နောက်ကနေ အရိပ်မည်းကြီးတွေလို ကပ်ပါနေမှာဖြစ်ပြီး လွတ်မြောက်နိုင်မယ့် နည်းလမ်း မရှိတော့ဘူး။

....

ကျွန်တော် နာရီမျှော်စင်ပေါ်မှာ ရပ်နေရင်းနဲ့ မြေပြင်အောက်က မြင်ကွင်းကို ကြည့်လိုက်တယ်။ လူသားတွေကို ပုရွက်ဆိတ်လေးတွေလို့ ထင်ရလောက်တဲ့အထိ သေးသေးလေးပဲမြင်ရပြီး ကားတွေကတော့ ကလေးကစားစရာတွေလိုမျိုး ပိစိကွေးသေးလေးတွေ ဖြစ်လို့။

ဒီနေရာက... တိုတိုပြောရရင်တော့... ကျွန်တော့်ဘဝကို နိဂုံးချုပ်ရမယ့် နေရာပေါ့။

“ရီယာ၊ ကျွန်တော်ခင်ဗျားနောက်ကို လိုက်ခဲ့ပြီး ရအောင်တောင်းပန်ပါရစေ။” ကျွန်တော် ကျွန်တော့်ရဲ့တုန်ယင်နေတဲ့ ခြေထောက်တွေကို လက်နဲ့ထိန်းထားရင်း အားတင်းထားလိုက်တယ်။ ပင်လယ်ပြင်ဘက်ကလာတဲ့ ဆားဓာတ်ပါတဲ့လေကြောင့် ကျွန်တော့်နှုတ်ခမ်းတွေ အက်ကွဲလာနေပြီ။

ဒင်... ဒင်... ဒင်...

ကျွန်တော့်နောက်ကြောမှာ ရှိနေတဲ့ နာရီလက်တံက ရှစ်နာရီတိတိကို စညွန်ပြပြီး ခေါင်းလောင်းကြီးရဲ့ မြည်သံထွက်ပေါ်လာတယ်။ အဲဒီနောက်တော့ ကျွန်တော် တုန်ယင်နေတာ ပျောက်သွားပြီး ရှေ့ကိုအလိုလို ခြေလှမ်းနိုင်ခဲ့တယ်။

အဲဒီနောက်တော့ ကျွန်တော့်ခန္ဓာကိုယ်ဟာ လေထုထဲမှာ မျောလွင့်ရင်း... အောက်ကိုကျဆင်းသွားလေတော့တယ်။

All Chapters