← Chapters

အချိန်စက်ဝန်း (၄)

Vol. 1 Ch. 46

အချိန်စက်ဝန်း (၄)

Vol. 1 Ch. 46

“နင်အဲဒီရုပ်ထုကိုပဲ စိုက်ကြည့်နေတာကြာပြီနော်။ မဟုတ်မှလွဲရော ဗိသုကာကျောင်းသားလား။”

ကျွန်တော်သတိပြန်ရလာတာတော့ ကျွန်တော့်ရှေ့မှာ ရှိနေတာက ခရိုနော့ခ် မွေးကင်းစကလေးကို ခြေကနေ ကိုင်ပြီးတော့ ပျံသန်းနေတဲ့ရုပ်ထု။ ရီယာရဲ့အသံကို ကျွန်တော်ကြားနေရတယ်။ ဒါပေမဲ့ ကျွန်တော့်ခေါင်း တစ်ခုလုံးနာကျင်ကိုက်ခဲနေပြီး နားတွေအူနေတယ်။ ရီယာရဲ့အသံကိုကြားလို့ မယုံနိုင်စွာနဲ့ လှည့်ကြည့်တော့ ဂစ်တာအိတ်ကိုနောက်မှာလွယ်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေတဲ့ ဟစ်ပီဆန်ဆန်မိန်းကလေးကို မြင်လိုက်ရတော့တာပဲ။

“နင် သတိဝင်လာပြီဆိုရင်လည်း ဖယ်လိုက်တော့။ ဒီနေရာက ငါဂစ်တာတီးနေကြနေရာလေ။”

သူ့ပြောစကားတွေ ကျွန်တော့်နားထဲ မဝင်ခဲ့ဘူး။ အလိုလိုနေရင်းနဲ့ မျက်လုံးထောင့်ကနေ မျက်ရည်တွေ စီးကျလာတယ်။ နောက်တော့ ကျွန်တော် သူ့ရဲ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်မိတယ်။

“ဟဲ့... နင်ဒါဘာလုပ်တာလဲ...” သူက ကျွန်တော့်လက်ကို အတင်းဖယ်ပေမဲ့ ကျွန်တော် သူ့ကိုပွေ့ဖက်ပြီးနေပြီ။

“အစ်မမသေဘူးနော်... တော်သေးတာပေါ့... အဲဲဒီနေ့က ဖြစ်သွားတာတွေအတွက် တောင်းပန်... အား၊ သေပါပြီဗျ။”

ကျွန်တော့်စကားမဆုံးသေးခင်မှာပဲ ပေါင်နှစ်လုံးကြား ကနေ ဆောင့်တက်လာတဲ့ နာကျင်မှုကြောင့် ဒူးထောက်ကျသွားတယ်။ မော့ကြည့်လိုက်တော့ ရီယာရဲ့ဒေါသူပုန်ထနေတဲ့ မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတော့တာပဲ။

“ငါ့ကိုသိသလိုနဲ့ အတင်းလာမဖက်နဲ့ နှာဘူးကောင်ရဲ့။ ငါက အဲဒီလောက်စျေးမပေါဘူး။ ရဲခေါ်လိုက်ရမလား။”

အဲဒီနောက်တော့ ရီယာက ဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားတော့တာပဲ။ ‘ဘာတွေဖြစ်နေတာလဲ။’ ကျွန်တော် တွေးလိုက်မိတယ်။ တကယ့်ကို နားမလည်တော့ဘူး။ ကျွန်တော် ပွဲနေ့က မလာခဲ့လို့ စိတ်ဆိုးပြီး ကျွန်တော့်ကို မသိချင်ယောင်ဆောင်နေတာလား။

ဒါနဲ့ကျွန်တော်လည်း ဖုန်းဆက်ပြီးတောင်းပန်ဖို့အတွက် ဖုန်းကိုထုတ် သူ့ရဲ့ဖုန်းနံပါတ်ကို ရှာလိုက်ပေမဲ့ ထူးဆန်းစွာနဲ့ ဖုန်းထဲမှာ မှတ်ထားတာရှိမနေဘူး။ ဖုန်းက ရက်စွဲကိုကြည့်လိုက်တော့...

“ဟမ်... ဘယ်လိုလုပ်ပြီးတော့... အချိန်တွေက...”

ကျွန်တော့်ကိုယ်ကျွန်တော် မယုံနိုင်ပေမဲ့ အခုရက်စွဲက ကျွန်တော်မျှော်စင်ပေါ်ကနေ ခုန်ချခဲ့တဲ့ ရက်စွဲဟုတ်မနေဘူး။ အဲဒီအစား ရီယာနဲ့ပထမဆုံး တွေ့ခဲ့တုန်းက ရက်စွဲပါ။

“ဆိုလိုတာက... ငါအချိန်ခရီးသွားနေတာလား။”

ကျွန်တော် ခရိုနော့ခ်ရဲ့ရုပ်ထုကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိတယ်။ တကယ်ပဲ အခုဖြစ်ရပ်က ရုပ်ရှင်တွေထဲကလို ဒုတိယအခွင့်အရေးရလာတာလား။ ဒီလိုဆိုရင်တော့ ရီယာကို အရင်တစ်ခါလို အဖြစ်မျိုးနဲ့ မကြုံရအောင် ကူညီပေးရမှာပဲ။

ကျွန်တော်ပြုံးလိုက်မိတယ်။ သူက လူတွေရှေ့မှာ ဖျော်ဖြေချင်ပေမဲ့ ယုံကြည်မှုပျောက်ဆုံးနေခဲ့တာလေ။ ဒီအတွက် တစ်ခုခုလုပ်ပေးရမှာပေါ့။

...

“ရီယာ ဘရာဆာ၊ နင်ကျောင်းမှာ ပေါ်လာသေးတယ်ပေါ့။”

အရင်တစ်ခါလိုပဲ ဆရာမကဆူပြီး ရီယာကို လွတ်တဲ့နေရာ ဝင်ထိုင်ခိုင်းတယ်။ အဲဒီနေရာက ကျွန်တော့်ခုံဘေးမှာ ဖြစ်နေတုန်းပဲ။ ကျွန်တော် သူ့ကို စကားစဖို့ကြိုးစားပေမဲ့ သူက တစ်ခွန်းမှပြန်မပြောဘူး။ အဲဒီအစား အတန်းပြီးတာနဲ့ အခန်းထဲကနေ ထွက်သွားဖို့ လုပ်တယ်။ ကျွန်တော်လည်း နောက်ကနေလိုက်လာတာပေါ့။

ကျောင်းရေပန်းနားကိုရောက်တော့ သူက သည်းမခံနိုင်တော့ဘဲ ကျွန်တော့်ကို လွယ်အိတ်နဲ့ ပစ်ပေါက်လိုက်တယ်။

“နင်က ဘာလဲ... နောက်ယောင်ခံလိုက်တဲ့သူလား။ ငါ့ကိုဘာလုပ်ချင်လို့လဲ။ ငါ့ကိုနာမည်ပျက်ရှိတယ်ဆိုပြီး အနိုင်ကျင့်ချင်တာလား။ အသက်ချင်းလဲပစ်လိုက်မယ်။”

ဒီတော့မှ ဒီတစ်လျှောက်လုံး ချဥ်းကပ်ပုံမှားနေခဲ့တယ်ဆိုတာ ကျွန်တော်သိခဲ့ရတာပဲ။ ကျွန်တော် တောင်းပန်လိုက်တယ်...

“အဲ... အဲဒီလိုမဟုတ်ပါဘူးဗျ။ ကျွန်တော်က အစ်မ သီချင်းတီးတာကို အရင်ကကြားဖူးပြီး သဘောကျရုံတင်ပါ။”

ဒါပေမဲ့ သူက ကျွန်တော့်ကို ယုံတဲ့ပုံမပေါ်ဘူး။ အဲဒီအစား ကျွန်တော့်ကို မုန်းတီးမှုအပြည့်နဲ့ ကြည့်ခဲ့ပြီးတော့ စကားတစ်ခွန်းကိုပဲ ပြောခဲ့တယ်။

“နောက်တစ်ခါ ငါ့ရှေ့မှာ ပေါ်မလာနဲ့။”

...

ဒါပေမဲ့ အဲဒီစကားကို ကျွန်တော် မလိုက်နာဖြစ်ခဲ့ဘူး။ သူနဲ့စကားစနိုင်ဖို့အတွက် ကျွန်တော်နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ သူ့ရှေ့မှာ သူ့ဆီကနေ သင်ထားတဲ့ ဂစ်တာပညာနဲ့ ရော့ရီဂတ်ရဲ့သီချင်းတချို့ရအောင် လေ့ကျင့်ပြီး တီးပြခဲ့ပေမဲ့ အရေးစိုက်မခံရဘူး။ ကျောင်းပွဲတော်နားနီးလာတော့ အတူပြိုင်ပွဲဝင်ဖို့ သွားဖိတ်ပေမဲ့...

ဖြန်း...

“နင်က တော်တော်အနှောင့်အယှက်ပေးတာပဲ။ ငါ့ကို တစ်ယောက်တည်းလွှတ်ထားစမ်းပါ။”

ကျွန်တော်ပါးရိုက်တာ ခံလိုက်ရတယ်။

နောက်တစ်နေ့ကစပြီး... သူကျောင်းကို မလာတော့ဘူး။ တစ်ခုခုဖြစ်မှာကြောက်တာနဲ့ မော်ကွန်းထိန်းကိုသွားမေးတော့ အဖေဖြစ်သူကို မရအရဆန့်ကျင်ပြီးတော့ အခန်းတံခါးပိတ် နေနေတာကြာပြီတဲ့။

အလိုလိုနေရင်း ကျွန်တော်စိတ်ပူလာခဲ့တယ်။ အရင်တစ်ခါကလို ထပ်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် သူ့အိမ်ဆီအရောက် ပြေးသွားခဲ့တယ်။

“ငါ့သမီးကို ကျောင်းသွားဖို့တိုက်တွန်းလို့ မရတော့တာ မင်းကြောင့်လား။”

အရင်က တစ်ကြိမ်ပဲမြင်ဖူးခဲ့တဲ့ သူ့အဖေကို ကျွန်တော် သူ့အိမ်မှာ တွေ့လိုက်ရပြန်တယ်။ သူက ဆေးပြင်းလိပ်ကို ဖွာနေပြီး သိပ်ကိုစိတ်ဓာတ်ကျနေပုံပဲ။ ဧည့်ခန်းဗီရိုမှာ တင်ထားတဲ့ မိသားစုသုံးယောက်ဓာတ်ပုံကို မြင်ရပေမဲ့ ရီယာရဲ့အမေကိုတော့ ကျွန်တော်မတွေ့ရပါဘူး။

“ဦးကို ဘယ်လိုခေါ်ရမလဲ။”

“ငါ့ကို နာဗစ်လို့ပဲခေါ်ပါ။” သူက ပြန်ဖြေတယ်။ ကျွန်တော်ကတော့ ကျောင်းမှာဖြစ်ခဲ့တာတွေကို ပြန်ပြောပြခဲ့တယ်။ အချိန်ခရီးသွားတာ ကလွဲလို့ပေါ့။

ဟူး...

ရီယာ့အဖေက သက်ပြင်းချလိုက်တယ်။ “မင်းမျက်နှာမှာ ငါ့သမီးအပေါ် ရူးသွပ်မှုတွေမြင်နိုင်တယ်။ ခက်တာက မင်းရဲ့ချဥ်းကပ်ပုံက မှားနေတာပဲ။ အခုအချိန်မှာ ငါ့သမီးက ငါအပါအဝင် ဘယ်သူ့ကိုမှ မယုံတော့ဘူး။ အခန်းတံခါးပိတ်ထားပြီး အစာစားချိန်မှ အိမ်အောက် ဆင်းလာတာသာကြည့်တော့လေ။”

ကျွန်တော် နာရီကို ကြည့်လိုက်တယ်။ ညနေသုံးနာရီ ထိုးနေပြီ။ နေ့လယ်စာစားဖို့အချိန်ကျော်နေပြီဆိုပေမဲ့ စိတ်ကူးတစ်ခုပေါ်လာတာကြောင့်...

“ရီယာနေ့လယ်စာစားပြီးသွားပြီလား။”

ကျွန်တော်မေးတော့ သူခေါင်းခါပြပါတယ်။ “ခုထိ ဆင်းမလာသေးဘူး။ ခါတိုင်းလဲ ဒီလိုပဲနောက်ကျ တတ်ပါတယ်ကွ။”

ဒါပေမဲ့ နဂိုကတည်းက စိုးရိမ်နေသူပီပီ ကျွန်တော် သူ့ကို တစ်ခုလောက်တောင်းဆိုလိုက်ပါတယ်။ “ဦးလေး၊ ကျွန်တော် သူ့ကိုနေ့လယ်စာစားဖို့ သွားခေါ်လို့ရမလား။”

“သူနဲ့စကားပြောချင်ရင် မင်းကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မဖြစ်စေနဲ့ပေါ့ကွာ။”

ခွင့်ပြုချက်ရပြီးတဲ့နောက် ကျွန်တော်အပေါ်ထပ်ကို တက်လာပြီး သူ့အခန်းတံခါးကို အသာခေါက်ခဲ့တယ်။ အထဲကနေ ဘာတုံ့ပြန်သံမှမကြားရဘဲ တိတ်ဆိတ်လို့။

“အစ်မ၊ ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ လာခဲ့တာပါ။ ကျွန်တော် အစ်မကို အနှောင့်အယှက် ပေးသလိုဖြစ်သွားရင် တောင်းပန်ပါတယ်။”

အထဲကနေ ပြန်ဖြေသံမကြားရ။ အစကတော့ သူကျွန်တော့်ကို ဒေါသတကြီးလှမ်းအော်လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ အဲဒီလိုမဖြစ်ခဲ့။ သူကြိတ်ပြီးငိုနေမလား တွေးမိပေမဲ့ ငိုသံလည်းမထွက်လာဘူး။

“ဒါပေမဲ့ ကျောင်းပွဲတော်မှာ ဖျော်ဖြေချင်ခဲ့တာတော့ အမှန်ပါ။ ဖြစ်နိုင်ရင် ဘာလို့မဖျော်ဖြေချင်ရတာလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ ရနိုင်မလား။”

အရင်က သူလူတွေကြားထဲ မဖျော်ဖြေချင်ရတဲ့ အကြောင်းအရင်းကို သူကိုယ်တိုင်ပြောပြခဲ့တာ မဟုတ်ဘူး။ အနည်းဆုံးတော့ သူကိုယ်တိုင်ပြောပြတာ ကြားဖူးချင်တယ်။ အခုလို သူကျွန်တော့်ကို မယုံတဲ့ အခြေအနေနဲ့ ရင်ဖွင့်မလား မပြောတတ်ပေမဲ့ပေါ့။ ဒါပေမဲ့ အခုထိ ဘာတုံ့ပြန်သံမှ ထွက်မလာခဲ့ပါဘူး။

“အစ်မ၊ အိပ်နေတာလား...” ကျွန်တော် စိုးရိမ်လာတယ်။ ပုံမှန်မဟုတ်ဘူးလို့ ခံစားရတယ်။ သူ့အခန်းက ပုံမှန်ထက် အများကြီးပိုပြီး တိတ်ဆိတ်နေတယ်။ တတိယအကြိမ် တံခါးခေါက်ပြီးနောက်တော့ ကျွန်တော်မနေနိုင်တော့ဘဲ တံခါးကို အတင်းဆွဲဖွင့်ဖို့ ကြိုးစားတယ်။ မရတာနဲ့ ရီယာ့အဖေ မွန်ဆီယာနာဗစ်ကိုလှမ်းအော်ခေါ်တော့ သူလည်းသော့ပိုတစ်ချောင်းနဲ့တက်လာပြီး လာဖွင့်ပေးပါတယ်။ နောက်တော့ ကျွန်တော်အမြဲတမ်း စိုးရိမ်နေတဲ့ မြင်ကွင်းကို တွေ့လိုက်ရတော့တာပါပဲ။

“ငါဘာတွေ ထပ်လုပ်လိုက်မိပြန်ပြီလဲ....”

ရီယာရဲ့ညာလက်ကက သူ့အိပ်ရာအပြင်ဘက်ကို ဆန့်တန်းပြီး တွဲလောင်းကျနေတယ်။ သူ့လက်ကောက်ဝတ်သွေးကြောပေါ်မှာ ပြတ်ရှရာကို မြင်နိုင်ပြီး သွေးတွေက ကြမ်းပြင်မှာ အိုင်ထွန်းလို့။ သူ့မျက်လုံးတွေကတော့ မျက်နှာကျက်ကို ကြည့်နေပေမဲ့ ဘာကိုမှ မြင်နိုင်ပုံမပေါ်ဘဲ ဟာလာဟင်းလင်း...

ဦးလေးနာဗစ်က နေရာမှာတင်တောင့်တောင့်ကြီး ရပ်လို့။ ဒီမြင်ကွင်းက သူ့အသိတရားကို လုံးဝလွတ်ထွက်သွားစေခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီဖြစ်ရပ်ကို တောင့်တောင့်ကြီး ရပ်ကြည့်နေမိတာပါပဲ။

“ငါ့ကြောင့်ပဲ.... ဒါတွေအားလုံးက ငါ့ကြောင့်ပဲ။” လို့သာ ရေရွတ်လိုက်နိုင်တယ်။ တစ်ကိုယ်လုံးကသွေးတွေ ဆုတ်ယုတ်သွားသလိုမျိုး ခံစားလိုက်ရတယ်။ နဂိုတည်းက လူသားတွေကို မယုံကြည်နိုင်ဖြစ်နေတဲ့သူ့ကို ကျွန်တော်က အတင်းဖိအားပေးပြီး ဖြဲခြောက်သလို ဖြစ်နေခဲ့တာ။ ရီယာရဲ့သေဆုံးမှုက ပထမအကြိမ်တုန်းကလိုပဲ ကျွန်တော့်ရဲ့အပြစ်တွေကြောင့်ပါပဲ။ ဒီအပြစ်တွေကို ကျွန်တော် ဘယ်နည်းနဲ့မျှ ပြေပျောက်အောင် လုပ်နိုင်တော့မှာမဟုတ်ဘူး။

...

ကျွန်တော်..

နာရီမျှော်စင်ပေါ်မှာ ရပ်နေရင်းနဲ့ မြေပြင်အောက်က မြင်ကွင်းကို ကြည့်လိုက်တယ်။ လူသားတွေကို ပုရွက်ဆိတ်လေးတွေလို့ ထင်ရလောက်တဲ့အထိ သေးသေးလေးပဲမြင်ရပြီး ကားတွေကတော့ ကလေးကစားစရာတွေလိုမျိုး ပိစိကွေးသေးလေးတွေ ဖြစ်လို့။

ဒီနေရာက... တိုတိုပြောရရင်တော့... ကျွန်တော့်ဘဝကို နိဂုံးချုပ်ရမယ့် နေရာပေါ့။

“ရီယာ၊ ဘုရားသခင်က ကျွန်တော့်ကို ဒုတိယအခွင့်အရေး ပေးခဲ့ပေမဲ့ ကျွန်တော်ခင်ဗျားကို မတောင်းပန်နိုင်ခဲ့ဘူးပဲ။ ခင်ဗျားမရှိဘဲ ကျွန်တော် အသက်မရှင်ချင်ဘူး။” ကျွန်တော် ကျွန်တော့်ရဲ့တုန်ယင်နေတဲ့ ခြေထောက်တွေကို လက်နဲ့ထိန်းထားရင်း အားတင်းထားလိုက်တယ်။ ပင်လယ်ပြင်ဘက်ကလာတဲ့ ဆားဓာတ်ပါတဲ့လေကြောင့် ကျွန်တော့်နှုတ်ခမ်းတွေ အက်ကွဲလာနေပြီ။

ဒင်... ဒင်... ဒင်...

ကျွန်တော့်နောက်ကြောမှာ ရှိနေတဲ့ နာရီလက်တံက ရှစ်နာရီတိတိကို စညွန်ပြပြီး ခေါင်းလောင်းကြီးရဲ့ မြည်သံထွက်ပေါ်လာတယ်။ အဲဒီနောက်တော့ ကျွန်တော် တုန်ယင်နေတာ ပျောက်သွားပြီး ရှေ့ကိုအလိုလို ခြေလှမ်းနိုင်ခဲ့တယ်။

အဲဒီနောက်တော့ ကျွန်တော့်ခန္ဓာကိုယ်ဟာ လေထုထဲမှာ မျောလွင့်ရင်း... အောက်ကိုကျဆင်းသွားလေတော့တယ်။

...

“နင်အဲဒီရုပ်ထုကိုပဲ စိုက်ကြည့်နေတာ ကြာပြီနော်။ မဟုတ်မှလွဲရော ဗိသုကာကျောင်းသားလား။”

အလွတ်ရလုနီးပါး ဝါကျတစ်ကြောင်းကို ထပ်ပြီး ကြားလိုက်ရပြန်တယ်။ ထပ်ပြီးတော့ ကျွန်တော်ကြည့်နေတဲ့အရာက ခရိုနော့ခ်ရုပ်ထု ဖြစ်နေပြန်ပြီ။ ဒါပေမဲ့ ဒီတစ်ခါတော့ ကျွန်တော့်စိတ်ထဲ ရှုပ်ထွေးမှုကို ခံစားရမယ့််အစား ဝမ်းသာမှုကို ခံစားလိုက်ရပြီး နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လာတယ်။

တစ်နည်းအားဖြင့် ကျွန်တော်ရီယာနောက်လိုက်ပြီး အဆုံးစီရင်လိုက်တိုင်း ဒီနေရာကိုပြန်ရောက်လာပုံပဲ။ နောက်ဆက်တွဲအနေနဲ့ ရီယာကို ကယ်တင်ဖို့အတွက် ဒီကနေတစ်ဆင့် နည်းလမ်းရှာနိုင်တယ်။

“စိတ်မရှိပါနဲ့... ရှင့်ကြည့်ရတာ ရုပ်ထုကို တအားစိတ်ဝင်စားနေတဲ့ပုံဆိုတော့ တခြားနေရာ ရှာလိုက်ပါ့မယ်။”

တစ်ယောက်တည်း ဝမ်းသာအူမြူးနေတာကိုမြင်ပြီး ရီယာအထင်လွဲသွားခဲ့တယ်။ ဒါပေမဲ့ ဒုတိယတစ်ခါက အဖြစ်အပျက်ကနေတစ်ဆင့် အခုလိုစတွေ့တဲ့အချိန်က အရေးကြီးမှန်းသိလိုက်ရတဲ့အတွက် ကျွန်တော် အခွင့်အရေးကိုအဆုံးအရှုံးမခံဘဲ အမိအရဆုပ်ကိုင် လိုက်ပါတယ်။

“အား... တောင်းပန်ပါတယ်။ ကျွန်တော်ရုပ်ထုရဲ့အနုပညာမြောက်ပုံကိုကြည့်ရင်း စိတ်ပါသွားလို့ပါ။ ကျွန်တော်က တကယ်ပဲ ဂျီနိုအာ တက္ကသိုလ်က ဗိသုကာကျောင်းသားလေ။”

ကျွန်တော်က ပြောလိုက်တော့ ရီယာက တော်ပါသေးတယ်ဆိုတဲ့ပုံစံနဲ့ သက်ပြင်းချလိုက်ပြီး

“ရှင်သတိဝင်လာပြီဆိုရင်လည်း ဒီနေရာကနေ ဖယ်ပေးလို့ရမလား။ ဒါက ကျွန်မဂစ်တာတီးနေကျ နေရာမလို့ပါ။”

ကျွန်တော်လည်း ဝမ်းသာအားရနဲ့ ဖယ်ပေးလိုက်ရင်း “တကယ်လို့ စိတ်မရှိဘူးဆိုရင် ခင်ဗျားဂစ်တာတီးတာကို နားထောင်လို့ရမလား။”

ပထမတစ်ကြိမ်နဲ့တော့ နည်းနည်းကွဲပေမဲ့ သူဂစ်တာတီးတာကို နားထောင်ဖြစ်အောင်နားထောင်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီကနေမှတစ်ဆင့် အချင်းချင်းမိတ်ဆက်ဖြစ်ပြီး မေဂျာအတူတူတက်နေကြောင်း သူကပြောပြခဲ့တယ်။ ဆစ်တိုရော့ရီဂတ်ကို သိတဲ့အကြောင်းလည်း ကျွန်တော် ပြောခဲ့ပါတယ်။ ပထမတစ်ကြိမ်စတွေ့တုန်းက သူ့ကို မသိဘူးလို့ပြောလို့ ရီယာစိတ်ဆိုးခဲ့တယ်လေ။

တတိယအကြိမ်မြောက် ပထမဆုံးတွေ့ဆုံမှုက အရင်ကထက် ချောမွေ့နေခဲ့တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ ရီယာက ပထမတစ်ကြိမ်ကလို သိပ်မပွင့်လင်းသလိုပဲ။ သူနဲ့ကျွန်တော့်ကြားမှာ နံရံတစ်ခု ခြားနေသလိုမျိုး။

အတန်းမှာပြန်တွေ့ပြီး အတူလျှောက်လည်ဖြစ်ပေမဲ့ ပထမတစ်ခါတုန်းကလို ရီယာက ကျွန်တော့်ကို အကြွင်းမဲ့ယုံကြည်စိတ်ချထားတယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော်မရဘူး။ ဂစ်တာတီးတတ်တဲ့အကြောင်း ပြောပြီး ရော့ရီဂတ်ရဲ့သီချင်းကို တီးပြချိန်မှာတော့ သူက ကျွန်တော့်ကို သံသယမျက်လုံးတွေနဲ့ စကြည့်လာခဲ့ပါတယ်။

“ရီယာ... ကျွန်တော်တစ်ခုခုများ အမှားလုပ်မိလို့လား။”

တတ်နိုင်သလောက် ပြီးပြည့်စုံအောင် နေပြခဲ့ပေမဲ့ ရီယာက ကျွန်တော့်ကို မယုံခဲ့ပါဘူး။ သူက ကျွန်တော့်ကို ကြည့်လိုက်ပြီး...

“ရှင်ကျွန်မကို လိုက်ဖို့အတွက် အရာအားလုံး ပြင်ဆင်ထားခဲ့ပုံပဲ။ ကျွန်မကြိုက်တဲ့အဆိုတော်ကို လေ့လာထားရုံမက ဂစ်တာတီးနည်းပါ တစ်ယောက်ယောက်ဆီကနေ သင်ထားတာပဲ။ အားထုတ်မှုအတွက် အံ့ဩမိပေမဲ့ ကျွန်မက ရှင်နဲ့ရှင့်သူငယ်ချင်းတွေ လောင်းကြေးထပ်ပြီး ကစားရမယ့်အရာမျိုးမဟုတ်ဘူး။”

သူက ဂစ်တာကိုပြန်သိမ်းပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားခဲ့တယ်။ နားတော့သေချာမလည်ခဲ့ပေမဲ့ ကျွန်တော့်ရဲ့ပြီးပြည့််စုံလွန်းတဲ့ပုံစံက သူ့အတွက် လက်ခံပေးဖို့ ခက်လွန်းနေခဲ့ပုံပါပဲ။

“ကြည့်ရတာ ဒီတစ်ခါလည်း ကျရှုံးသွားပြန်ပြီနဲ့တူတယ်။”

နည်းနည်းလေးလွဲတာနဲ့ ရီယာကိုကယ်လို့မရဘူးဆိုတာ ကျွန်တော်သိနေပြီးသားမလို့ သူ့ကို ဖျော်ဖြေပွဲမှာဝင်ပါဖို့ မဖိတ်ဖြစ်ခဲ့ဘူး။ တကယ်လည်းဖျော်ဖြေပွဲအပြီး စာမေးပွဲပထမနေ့မှာပဲ ရီယာကားတိုက်မှုဖြစ်ပြီး သေတဲ့သတင်းတက်လာတော့တာပဲ။ အဝေးပြေးလမ်းမကို ဖြတ်ကူးရင်းမတော်တဆ ဖြစ်တာလို့ရဲတွေက ထုတ်ပြန်ပေမဲ့ အဲဒီလိုမဟုတ်မှန်း ကျွန်တော်သိနေတယ်။

“ငါအနားမှာရှိမနေနိုင်လို့ အထီးကျန်လွန်းပြီး လောကကနေ ထွက်ခွာသွားခဲ့တာလား ရီယာ။” ကိုယ့်ဘာသာရေရွတ်ရင်း ကျွန်တော် နာရီစင်ပေါ် ရောက်လာပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ရီယာကို ဘယ်လိုကယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အကြမ်းဖျင်း ဗျူဟာတစ်ခုကျွန်တော့်မှာ ရှိနေပါပြီ။

“ပထမဆုံးတစ်ကြိမ်ကလိုပဲ ရိုးရိုးရှင်းရှင်းလေး သွားရမယ်။ တွန်းအားပေးလို့မဖြစ်ဘူး။ ပြီးပြည့်စုံလွန်းလို့လည်းမဖြစ်ဘူး။ သူက ငါ့ရဲ့သာမန်ပုံစံကိုပဲ လက်ခံနိုင်တာ။”

“ဒီတစ်ခါတော့ ရအောင်ကယ်မယ် ရီယာ။” ဒီကြွေးကြော်မှုနဲ့အတူ တုန်ယင်နေတဲ့ ခြေထောက်တွေကို ဆုပ်ကိုင်ရင်း ကျွန်တော် မျှော်စင်ပေါ်ကနေ ခုန်ချလိုက်တော့တယ်။

All Chapters