အချိန်စက်ဝန်း (၅)
Vol. 1 Ch. 47
ဒီတစ်ကြိမ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အများကြီး ထိန်းချုပ်ပြီး ရော့ရီဂတ်ကို မသိတဲ့ကောင်လေးအဖြစ်၊ အရာရာမှာရိုးသားပြီး သူ့အတွက် မပြီးပြည့်စုံတဲ့ ကောင်လေးဖြစ်ဖို့ ကြိုးစားပေးခဲ့တယ်။ ကျွန်တော့် ရင်ထဲက ခံစားချက်တွေကို ပွင့်လင်းစွာ ထုတ်ဖော်ပြသပြီး ဟန်ဆောင်မှုကင်းမဲ့စွာနဲ့ သူ့အနားမှာ နေခဲ့တယ်။
“နင်က ထင်ထားတာထက် ပါရမီပါတာပဲ။ တစ်ပတ်တည်းနဲ့ ငါ့လောက်နီးပါး တီးတတ်သွားပြီ။”
ပထမတစ်ကြိမ်တုန်းကလိုပဲ ကျွန်တော် သူ့ကိုစိန်ခေါ်ခဲ့ ပါတယ်။ မြို့ရင်ပြင်မှာ ဖျော်ဖြေပွဲအသေးလေးလုပ်ပြီး အပြန်မှာ သူက အခုလိုပြောလာတယ်။ အဖြူရောင် မုသားလို့ပြောရမလားမသိပေမဲ့ အရင်က ဂစ်တာတီး မသင်ဖူးဘူးလို့ ပြောခဲ့ပေမဲ့ အရင်အခေါက်က အတွေ့အကြုံတွေကြောင့် ဂစ်တာတီးတတ်နေတာ ကြာပါပြီ။
“ဒါမှမဟုတ် အရင်ကတည်းက ကြိုသင်ထားပြီးတော့ ငါ့ကို မြို့ရင်ပြင်မှာ ဖျော်ဖြေရအောင် အကွက်ဆင်တာ မဟုတ်ပါဘူးနော်။”
အပြန်လမ်းမှာ ရုတ်တရက်ရီယာရဲ့မျက်နှာက ပြောင်းသွားပြီး မေးလာတော့ ကျွန်တော့်မျက်နှာ ဖြူဖျော့သွားတယ်။ ဟုတ်တယ်၊ ရီယာကို ဘယ်လိုလုပ်ပြီး ကျွန်တော်လိမ်လို့ရမှာလဲ။ ကျွန်တော်လည်း ရှက်ရှက်နဲ့ပြုံးလိုက်ပြီးတော့...
“တကယ်တော့ အဲဒီလိုပါပဲ။ ဒါပေမဲ့ ကျွန်တော့်ကို သင်ပေးခဲ့တဲ့သူက တခြားမဟုတ်ဘဲ ရီယာကိုယ်တိုင်ပါ။”
ကျွန်တော်က မလိမ်ဘဲအမှန်အတိုင်း ပြောလိုက်ပေမဲ့ အမှန်တရားတချို့ကို ထိန်ချန်ထားခဲ့တယ်။ ကျွန်တော် အချိန်ခရီးသွားနေတယ်ဆိုတာကို သူ့ကိုရှင်းပြဖို့ မဖြစ်နိုင်ဘူးလေ။ လိမ်နေတယ်လို့ပဲထင်မှာ။
ကျွန်တော့်စကား ဆုံးတဲ့နောက်တော့ ရီယာက အနားကို ကပ်လာပြီး ကျွန်တော့်ခေါင်းကို လက်သီးဆုပ်နဲ့ခေါက်တယ်။
“ဒါက လိမ်တဲ့အတွက် အပြစ်ပေးတာ။” သူ့မျက်နှာမှာ ဒေါသအရိပ်အယောင်ရှိမနေဘူး။ အဲဒီအစား မရယ်မိအောင် အတင်းထိန်းလို့။ ပြီးတဲ့နောက် သူ့လက်နှစ်ဖက်ကို နောက်ပစ်ပြီး ကျွန်တော့်ရှေ့ကနေ လျှောက်ပါတယ်။
“ဒီတော့ နင်က ငါသင်ပေးတဲ့ တစ်ပတ်ကာလ မတိုင်ခင်ကတည်းက ငါဂစ်တာတီးနေတာကို ကြည့်ရုံတင်ကြည့်ပြီး တတ်သွားခဲ့တာပေါ့။ ပါရမီရှင်တွေက တကယ်ထူးခြားတာပဲ။”
သူ့ကောက်ချက်က အဖြစ်မှန်နဲ့လွဲနေပေမဲ့ ဒီအတိုင်း ထားလိုက်တာ ပိုကောင်းတယ်လို့ ထင်တာနဲ့ ပြင်မပေးဘဲ နေလိုက်တယ်။ သူက ရုတ်တရက် ကျွန်တော့်ကို လှည့်ကြည့်တယ်။ သူ့ဆံပင်တွေက လေနဲ့အတူ ယိမ်းနွဲ့လို့။
“ဒါပေမဲ့ တစ်ပတ်တည်းနဲ့သင်ပြီး ငါ့လောက်နီးပါး တီးတတ်လာတာမဟုတ်ဘူးဆိုတော့ စိန်ခေါ်ပွဲက ပျက်နေပြီမဟုတ်လား။ ဒီတော့ အခုဆုလဒ်အနေနဲ့ မြို့ရင်ပြင်မှာလာဖျော်ဖြေတာကလည်း အလကားသက်သက် လုပ်ပေးလိုက်သလို ဖြစ်နေပြီ။ ဒီတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ။”
သူက ကျွန်တော့်အမြင်ကို မေးလိုက်တယ်။ ကျွန်တော်လည်း ခေါင်းကိုက်လာပြီ။ ဒါပေမဲ့ မတတ်နိုင်တာကြောင့် စိတ်ကူးထဲပေါ်လာတဲ့ ဆုံးဖြတ်ချက်ကိုပဲ ပြောလိုက်တယ်။
“ဒါဆို ဒီစိန်ခေါ်မှုမှာကျွန်တော်ရှုံးတယ်လို့ သတ်မှတ်ပြီး အစ်မဖြစ်စေချင်တဲ့အတိုင်း တစ်လလုံးနေပေးမယ်လေ။”
ကျွန်တော့်ရင်ထဲမှာ အလုပ်ဖြစ်ပါစေဆိုပြီး အကြိမ်ကြိမ် ရေရွတ်ရင်း ဆုတောင်းနေခဲ့မိတယ်။ သူကတော့ ညင်သာစွာပြုံးရင်းနဲ့ပဲ...
“ဒါဆိုရင် ဂျီယာက ကျောင်းဆင်းတိုင်း အစ်မနဲ့အတူ မြို့ရင်ပြင်ကိုလာပြီး ဂစ်တာတီးပေးရမယ်။”
“.....” ဒီတောင်းဆိုချက်က တကယ့်ကို ထင်မထားတဲ့ တောင်းဆိုချက်တစ်ခု။ ဒါပေမဲ့ အပြစ်ပေးတာလို့ ပြောရမယ့်အစား ဆုချလိုက်သလိုပဲ။
“ဟုတ်ကဲ့၊ ကြိုးစားပါ့မယ်ခင်ဗျ။”
...
အဲဒီနေ့ကနေစလို့ ကျွန်တော်တို့ အတန်းချိန်တွေပြီးတဲ့ အခါတိုင်းမှာ မြို့ရင်ပြင်ကိုသွားပြီး အတူတူသီချင်းတွေ ဆိုကြ၊ ဂစ်တာတွေတီးကျနဲ့ ညနက်မှ ပြန်ဖြစ်ပါတယ်။ စာတွေတော့လား၊ ကျွန်တော်မေ့ထားတာ ကြာပါပြီ။ ဒါပေမဲ့ အမှတ်တွေတော့ ကျမသွားပါဘူး။ အစမ်းစာမေးပွဲမှာပါလာမယ့် မေးခွန်းမှန်သမျှ အလွတ်ရပြီးနေပြီလေ။
တစ်နေ့တော့ ကျွန်တော်တို့ ဂစ်တာတီးပြီးအမှန်မှာ ရီယာက အခုလိုပြောလာတယ်။ “မင်းနဲ့သာဆိုရင် ကျောင်းနှစ်ပတ်လည်နေ့မှာ ကောင်းကောင်းဖျော်ဖြေနိုင်မယ်လို့ထင်တယ်။ ဂျီယာရော၊ ကျောင်းဖျော်ဖြေပွဲကို သွားချင်လား။”
ရီယာက သူ့လက်တွေတုန်ယင်နေပေမဲ့ အရဲစွန့်ပြီးတော့ ပြောလိုက်တယ်။ ရီယာအနေနဲ့ အဲဲဒီဖျော်ဖြေပွဲမှာ ကောင်းကောင်းဝင်ဖျော်ဖြေနိုင်မှ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရခဲ့တဲ့ထရော်မာတွေကို ကျော်လွှားနိုင်မှာမှန်း ကျွန်တော်သိနေတယ်။ ဒါကြောင့် ကျွန်တော်လည်း ခေါင်းညိတ်လိုက်ပြီး...
“အင်း၊ အတူတူဖျော်ဖြေကြတာပေါ့။” ဒီလိုပြန်ဖြေပြီးတဲ့ အခိုက်အတန့်မှာ ကျွန်တော်ရီယာ့ကို ကယ်နိုင်တော့မယ် ဆိုတဲ့ခံစားချက်ကို အပြည့်အဝရလိုက်တာပဲ။ ရီယာက ထပ်ပြောလာတယ်။
“ဒါပေမဲ့ အစ်မမှာ စိတ်ကူးတစ်ခုတော့ရှိတယ်။ ရော့ရီဂတ် သီချင်းတွေနဲ့ဖျော်ဖြေရင်လည်း မဆိုးဘူးဆိုပေမဲ့ ကိုယ်ပိုင်သံစဥ်နဲ့ဖျော်ဖြေရင် လူတွေပိုအားပေးမလားလို့။”
သူ့စိတ်ကူးလေးက ကောင်းတာနဲ့ ကျွန်တော်ခေါင်းညိတ်ခဲ့တယ်။ ကျန်တဲ့ရက်တွေမှာတော့ ရီယာနဲ့ကျွန်တော်က လေ့ကျင့်ရင်း သီချင်းအသစ်ကို ရေးနေခဲ့တယ်။ ဒီလိုနဲ့ နှစ်ပတ်လည်ပွဲနေ့ကို ရောက်လာခဲ့တယ်။
...
ထောင်သောင်းချီတဲ့ ကျောင်းသားတွေကို စင်မြင့်ပေါ်က မြင်နေရတဲ့ခံစားချက်က တကယ့်ကို အသည်းအေးစရာ။ လူပုံအလယ်မှာဖျော်ဖြေဖူးပေမဲ့ ဒီလောက် လူတွေကိုယ့်ကို ဝိုင်းကြည့်နေတဲ့နေရာမျိုးမှာ ဖျော်ဖြေရတာတော့ ပထမဆုံးပါ။ ရီယာက တုန်လှုပ်နေတဲ့ ကျွန်တော့်ကို တောက်ပနေတဲ့ မျက်ဝန်းကြီးတွေနဲ့ ကြည့်လိုက်ပြီး ဂစ်တာကို တစ်ချက်တီးကာ အသံစမ်းလိုက်တယ်။
“ဂျီယာ... စလိုက်ရအောင်...” သူ့ပုံစံက လုံးဝ စိတ်ဓာတ်ကျနေပုံမပေါ်ဘဲ ယုံကြည်ချက်အပြည့်နဲ့။ ကျွန်တော်လည်း ခေါင်းညိတ်လိုက်ပါတယ်။
“ကောင်းပြီလေ။”
နောက်တော့ ရီယာက ဂစ်တာတီးရင်းသီချင်းစဆိုသလို ကျွန်တော်ကလည်း သူ့ကိုလိုက်ကူပြီး ဂစ်တာတီးပေးရတယ်။
“ဘဝဆိုတာလေလိုပဲ အရပ်ရပ်ကို ပြောင်းလဲတိုက်ခတ်တယ်။”
“လူတွေဟာလည်း တွေ့ဆုံကြုံကွဲ အမြဲတမ်း နင့်အနားမှာ မရှိနိုင်ဘူး။”
“တစ်နေ့နေ့တော့ ငါတို့လည်းထွက်သွားရမှာ မမေ့ပါနဲ့။”
“အို... ဒီလိုဆိုပေမဲ့လည်း အချိန်မတိုင်ခင်အထိတော့ နင့်ကိုပွေ့ဖက်ထားမယ်။”
ပထမဆုံးသီချင်းစာပိုဒ်ကိုစဆိုရုံနဲ့တင် ပရိသတ်တွေ အလန့်တကြားနဲ့ အော်ဟစ်ကုန်တယ်။ ကျောင်းဖျော်ဖြေပွဲမှာ ကိုယ်ပိုင်သီချင်းနဲ့ဖျော်ဖြေတဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ။
“အမြဲအတူရှိနေမယ်ဆိုတဲ့ ဒီစကားတွေကို မပြောဘဲနေကြစို့။”
“အတူရှိနေခိုက်ကိုသာ တန်ဖိုးထားလိုက်ပါ။”
“ဝမ်းနည်းနေရင် ငိုပြလိုက်၊ ပျော်ရွှင်နေရင် ပြုံးပြလိုက်နဲ့ ငါတို့အချိန်တွေကို ဖြတ်သန်းကြမယ်။”
ဒီလိုနဲ့ဖျော်ဖြေပွဲက ပြီးဆုံးသွားခဲ့တယ်။ ပွဲအပြီး ပရိသတ်တွေကိုနှုတ်ဆက်တော့ ကျွန်တော်တို့ တစ်ယောက်လက်ကိုတစ်ယောက် ဆွဲထားဖြစ်ကြတယ်။ ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်းကိုမသိတာ။
အိမ်ကိုမပြန်ခင် ကျောင်းဂိတ်ဝကို အတူလျှောက်တော့ သူ့မျက်နှာက ပြုံးရွှင်လို့။
“စိုးရိမ်နေပေမဲ့ ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။” ကျွန်တော်ပြောလိုက်တော့ သူက ပြုံးပြလိုက်တယ်။
“ဒါတွေအားလုံးက ဂျီယာ့လို့ တွဲဖက်ကောင်းရှိနေလို့ပါ။” ရီယာက ကျွန်တော့်ကို ချီးကျူးလိုက်တယ်။ ကျွန်တော်လည်း မနက်ဖြန်စာမေးပွဲရှိတာကို သတိရသွားပြီး
“အာ... ညဆယ့်တစ်နာရီတောင်ဖြစ်နေပြီ။ မနက်ဖြန် စာမေးပွဲအစိမ့်ကြီးရှိတာဆိုတော့ ကျွန်တော်ပြန်တော့မယ်။ နောက်မှတွေ့ကြတာပေါ့။”
ကျွန်တော်နှုတ်ဆက်လိုက်တော့ ရီယာက ခေါင်းကို နည်းနည်းစိုက်ထားတယ်။ သူ့မျက်နှာအမူအရာကို ကျွန်တော် မမြင်ခဲ့ရဘူး။ ဒါပေမဲ့ ခဏကြာတော့ သူက ခေါင်းကိုပြန်မော့ပြီး ပြုံးပြပါတယ်။ မျက်လုံးထဲမှာ မျက်ရည်စတချို့ရှိနေပေမဲ့ ပျော်လို့ကျတဲ့မျက်ရည်တွေ။
“အင်း... နောက်မှထပ်တွေ့ကြတာပေါ့။”
...
စာမေးပွဲတွေအားလုံး ပြီးသွားတဲ့နေ့။
ရီယာက တစ်ရက်ကလေးမှတောင် ပေါ်မလာခဲ့ဘူး။ စာပို့ပေမဲ့လည်း စာမပြန်ခဲ့ပါဘူး။ တစ်ချက်တော့ စိုးရိမ်မိသွားပေမဲ့ ရီယာက တစ်နှစ်လုံးစာမလုပ်ခဲ့တဲ့အတွက် စာမေးပွဲမအောင်မှာ သိနေတာကြောင့် လာမဖြေတာလို့ပဲ ကျွန်တော်ထင်နေခဲ့တာ။
ကျွန်တော့်ရဲ့တခြားသူငယ်ချင်းတစ်ယောက်က ဒီသတင်းကို ယူဆောင်မလာခင်အထိပေါ့။
“ဇေရာ၊ မင်းမသိသေးဘူးလေ။ မင်းကောင်မလေး၊ ရီယာလေ။ ဒီနေ့မနက် သူ့ကို အခန်းထဲမှာ သေလျက် တွေ့ရလို့ ရဲတွေစုံစမ်းနေကြတယ်တဲ့။”
“ဘာ....”
ကျွန်တော် မယုံနိုင်ခဲ့ဘူး။ သူ့အိမ်ကို ကျွန်တော်အမြန်ဆုံး ပြေးသွားခဲ့တယ်။ အဲဒီကိုရောက်တော့ အသုဘတောင် ပြင်ဆင်ပြီးနေပြီ။ ရီယာရဲ့ခန္ဓာကိုယ်ကို အနက်ရောင် ခေါင်းတလားထဲမှာ ထည့်ထားတယ်။ သူ့မျက်နှာက ပြုံးနေပေမဲ့ မျက်လုံးတွေကတော့ တင်းတင်းကြပ်ကြပ် ပိတ်ထားလို့ပေါ့။
“ဘယ်ကနေ ဘယ်လိုဖြစ်သွားတာလဲ။ အစ်မဖြစ်စေချင်တဲ့ ဆန္ဒတွေအားလုံးကို ကျွန်တော် ဖြည့်ဆည်းပေးပြီးပြီလေ။”
ကျွန်တော် သူ့ရှေ့မှာ ဒူးထောက်ကျသွားတယ်။ ရီယာရဲ့အဖေကလည်း ထိုင်ခုံတစ်လုံးပေါ်မှာ ငူငူကြီးထိုင်နေရင်းကနေ ကျွန်တော့်ကို ပြောလာတယ်။
“ဒီနေ့က ငါ့သမီးလေး သိပ်ပျော်နေခဲ့တာ။ ဒီနှစ်တွေမှာ သူဒီလိုမပြုံးတာ ကြာခဲ့ပြီ။ ဒါပေမဲ့ ဘယ်သူသိမှာလဲ။ အဲဒီနေ့ညမှာပဲ သူခိုးဝယ်ထားတဲ့ အိပ်ဆေးတွေအားလုံးကို သောက်ခဲ့ပြီး အိပ်မက်ကမ္ဘာထဲ ထာဝရကျရောက်သွားတော့တာပဲ။”
“ဒါပေမဲ့ ဘာကြောင့်လဲ။” ဒါပေမဲ့ ကျွန်တော်ရှာနေတဲ့ အဖြေကို မကြာခင်မှာပဲ ရခဲ့ပါတယ်။ ရီယာ့အဖေက ကျွန်တော့်ကို ရီယာ့ရဲ့သေတမ်းစာကို ကမ်းပေးခဲ့လို့ပါ။
“ဒီထက်ပိုပြီး အသက်ရှင်ဖို့မထိုက်တန်တော့တဲ့ ကျွန်မကို ပျော်စရာအချိန်တွေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ဂျီယာ။” လို့ပဲ တိုတိုတုပ်တုပ်ရေးထားတယ်။
“ငါ့သမီးက သူ့အမေဆုံးသွားတဲ့ကိစ္စကို သူ့တာဝန် မကင်းဘူးလို့ပဲ အမြဲယူဆနေခဲ့တာ။ အရင်တည်းက အကြိမ်ကြိမ်သေဖို့ကြိုးစားခဲ့တယ်။ ငါလည်းအစက သူ့ကိုကူညီပေးခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူ့ကို သေခွင့်ပေးလိုက်တာကမှ သူ့အတွက်သက်ညှာရာ ရောက်တယ်လို့ ခံစားလာရတော့တာပဲ။”
နောက်တစ်ကြိမ်ထပ်ပြီး ရီယာကျွန်တော့်ကို မပြောပြခဲ့တဲ့ ရီယာ့အကြောင်းတွေကို တခြားသူတွေဆီကနေ ကြားရပြန်ပြီ။ ရီယာ့အဖေကို ကျွန်တော်အသေးစိတ်မေးခဲ့တယ်။
ရီယာအဲဒီအမှိုက်ကောင်နဲ့ တွဲခဲ့စဥ်ကတည်းက ရီယာ့အမေက မကောင်းမှန်းကိုသတိထားခဲ့မိပြီး အမျိုးမျိုးသွန်သင်ဆုံးမခဲ့ပေမဲ့ မရခဲ့ပါဘူး။ နောက်ဆုံး ရီယာချန်ရစ်ခံရပြီး ကျောင်းမှာနာမည်ပျက်သွားတော့ ရီယာနဲ့သူ့အမေတို့ ရန်အကြီးအကျယ်ဖြစ်ခဲ့တယ်။ အဲဒီမနက် ရီယာ့အမေက စိတ်ဆိုးဆိုးနဲ့အလုပ်ကို ကားမောင်းသွားခဲ့ပြီး လမ်းမှာမတော်တဆမှုဖြစ်ကာ ဆုံးသွားခဲ့တာ။
‘သူ့အမေကို သူသတ်တာ။’လို့ ရီယာက အမြဲယူဆနေခဲ့ပြီး အဲဒီကတည်းက အသက်ရှင်ချင်စိတ် ပျောက်ဆုံးသွားခဲ့တာ။ သူ့ရဲ့ထရော်မာတွေက အနိုင်ကျင့်ခံရရုံ သက်သက်ကြောင့်မဟုတ်ဘူး။ ပြန်ပြင်လို့မရတဲ့အရာတစ်ခုကို လုပ်ခဲ့မိတာကြောင့် ဖြစ်လာတဲ့ အပြစ်ရှိစိတ်ကြောင့်လည်းပါတယ်။
‘ဒီကိစ္စကို ဘယ်လိုပြုပြင်မလဲ ဇေယျာ။’ ကျွန်တော် တွေးလို့မရဘူး။ အချိန်ခရီးသွားနိုင်ပေမဲ့ ကျွန်တော် သူနဲ့မတွေ့ခင်ကအချိန်ကို ကျွန်တော်သွားလို့မရသလို အရင်ကဖြစ်ပြီးတာတွေနဲ့ပတ်သက်ပြီး ကျွန်တော် ဘယ်လိုမှပြုပြင်လို့မရဘူး။
ကြမ်းတမ်းခါးသီးတဲ့ လက်တွေ့ဘဝကို ရင်ဆိုင်ရပြီးတဲ့ နောက်မှာတော့ ခါးခါးသီးသီးပြုံးလိုက်မိတယ်။ ရီယာကို ကယ်နိုင်မယ့်နည်းလမ်းကို ကျွန်တော်စဥ်းစားလို့မရတော့ဘူး။
...
“၆၃ကြိမ်မြောက်တောင် ဖြစ်နေပြီပဲ။ ဘာလို့ ငါ့ဒူးတွေက တုန်နေသေးတာလဲ။”
ရီယာကိုကယ်လို့မရမှန်း သိပြီးတဲ့အချိန်မှာတောင်မှ ကျွန်တော် အဲဒီအချိန်တွေကို ပြန်သွားတာ မရပ်ခဲ့ဘူး။ အနည်းဆုံးတော့ ရီယာ့ကိုမြင်ရပြီး ရီယာနဲ့အတူရှိနေတဲ့ အချိန်တွေကို ပြန်ဖြတ်သန်းနိုင်တဲ့အတွက် ကျွန်တော် ပျော်မိတယ်။ ဒါပေမဲ့ အကြိမ်အရေအတွက်များလာလေ ကျွန်တော့်ခံစားချက်တွေက ထုံကျင်လာလေပဲ။ ရီယာ သေမယ့်အပေါ် ကျွန်တော်ဘာမှ မခံစားရတော့ဘူး။ နောက်တစ်ကြိမ်သူ့နောက်လိုက်ရုံပဲလေလို့ တွေးလာမိိတယ်။
တဖြည်းဖြည်းနဲ့ သူ့ကိုကယ်ဖို့ ကျွန်တော်ကြိုးစားမနေတော့ဘူး။ တစ်ခါတလေဆိုရင် ရီယာကို စကားသွားမစဖြစ်ဘဲ သူ့ကိုအဝေးကနေပဲ ကြည့်နေဖြစ်ပြီး သူသေတဲ့အထိ စောင့်နေမိတာမျိုး။ ဟုတ်တယ်၊ မျှော်လင့်ချက်မဲ့သွားတာက ကျွန်တော်ကိုယ်တိုင်ပါ။
“ဒီတော့ မင်းက အဲဒီကျက်သီးထစရာ ကိစ္စကို ဖြစ်စေတဲ့သူပေါ့။”
ကျွန်တော့်လက်ကို တစ်စုံတစ်ယောက်က ဖမ်းဆွဲတယ်။ အောက်ကိုပြုတ်ကျနေတာလည်း ရပ်သွားပြီ။ သတိဝင်လာတော့ ကျွန်တော့်ခန္ဓာကိုယ်က နာရီစင်ပေါ် ပြန်ရောက်နေပြီး ကျွန်တော့်ဘေးမှာ အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့လူတစ်ယောက်ရှိနေတယ်။ သူ့ကျောမှာတော့ အနက်ရောင်တောင်ပံတွေ။
သူက ကျွန်တော့်ကို ကြည့်လိုက်ပြီး ဆက်ပြောတယ်။
“မင်းကို ခရိုနော့ခ်ရဲ့ကောင်းချီးပေးတာခံရသူလို့ ပြောရမလား။ ကျိန်စာတိုက်တာခံရသူလို့ ပြောရမလား။
သူဘာတွေပြောနေတာလဲ ကျွန်တော်နားမလည်ပေမဲ့ ဒီလူက ပုံမှန်မဟုတ်တာတော့ ကျိန်းသေတယ်။