အချိန်စက်ဝန်း (၆)
Vol. 1 Ch. 48
အစကတော့ ကြောက်လွန်းလို့ ထအော်မိပေမဲ့ အဲဒီလူက ကျွန်တော့်ကို လက်ညိုးထောင်ပြပြီး တိတ်တိတ်နေဖို့ ပြောတယ်ဗျ။ သူ့ပုံစံက တိတ်တိတ်မနေရင် တစ်ခုခု လုပ်မယ့်ရုပ်ပေါက်နေတာနဲ့ ကြောက်လန့်ပြီး အသံမထွက်ရဲတော့ဘူး။ နောက်တော့ သူက ကျွန်တော့်ကို နာရီစင်ပေါ် ပြန်တင်ပေးလိုက်တယ်။
ဒင်...
နာရီစင်ကလည်း မြည်နေတာရပ်သွားပြီ။ ရှစ်နာရီထိုးပြီးလို့ ကျော်တောင်ကျော်သွားပါပြီ။ တခြားအချိန်တွေမှာ ရီယာနောက်ကိုလိုက်ရင် ဘယ်လိုဖြစ်မလဲ ကျွန်တော်မသိဘူး။ ဒါပေမဲ့ အဲဒီလူက ပခုံးပုတ်ပြီး ကျွန်တော့်ကို နှစ်သိမ့်ပေးလိုက်တယ်။
“မပူနဲ့၊ မင်းစွမ်းအားကသာ ငါ့စွမ်းအားနဲ့ သဘောသဘာဝတူတယ်ဆိုရင် မင်းမှာ အဲဒီအချိန်ကို ပြန်သွားချင်တဲ့ဆန္ဒရှိနေသမျှ ပြန်သွားနိုင်လိမ့်မယ်။”
ကျွန်တော်နဲ့သူ့ရဲ့စွမ်းအားက သဘောသဘာဝချင်း တူညီတယ်။ သူဘာကို ဆိုလိုချင်တာလဲ။ သူက သာမန်လူ မဟုတ်ဘူးဆိုတာ မြင်တာနဲ့သိတယ်။ ဒါပေမဲ့ သူက ဘာကြီးလဲ။ ကျွန်တော်လည်း စိတ်ဝင်စားသွားတာနဲ့ စိုးရိမ်ထိတ်လန့်စွာ စပ်စုလိုက်မိတယ်။
“ခင်.... ခင်ဗျားက ဘယ်သူလဲဟင်။”
“ငါ့နာမည်က နက်ဆန် ဗင်းဆင့်။ လူတွေက ညမင်းသားလို့ ခေါ်ကြတယ်။ ညနတ်သမီးရဲ့ကောင်းချီးပေးခံရသူပေါ့။”
ညနတ်သမီးရဲ့ကောင်းချီးပေးခံရတဲ့သူ။ ပြောခါမှ သူက ကျွန်တော့်ကို ခရိုနော့ခ်ရဲ့ကောင်းချီးပေးခံရသူလို့ ပြောခဲ့သေးတယ်။ ဂရိနတ်တွေနဲ့ ကျွန်တော်တို့တွေမှာ ရှိနေတဲ့စွမ်းအားတွေက ဆက်စပ်မှုရှိနေတာများလား။
ဒီလိုဆိုရင်တောင် လောကကြီးရဲ့အချိန်တွေ ပြောင်းလဲသွားတာကို သူသတိထားမိနေတဲ့ အချက်ကို ကျွန်တော်နားမလည်နိုင်သေးဘူး။ ဒီလိုမျိုးလူက တည်ရောတည်ရှိနိုင်လို့လား။ ဒါပေမဲ့ ကျွန်တော့်အတွေးတွေမဆုံးသေးခင်မှာပဲ သူက စကားကိုဆက်လာပြန်ပါတယ်။
“အများကြီးလျှောက်တွေးမနေနဲ့၊ မင်းဘာဖြစ်လို့ အသားအနာခံပြီး အချိန်နောက်ပြန်ဆုတ်နေတာလဲပဲ ပြောပြ။”
အကြိမ်ပေါင်းများစွာ ဘဝကိုဖြတ်သန်းခဲ့ရပေမဲ့ ကျွန်တော့်အခြေအနေကို နားလည်ပေးနိုင်တဲ့လူနဲ့ မတွေ့ခဲ့ရလို့ အထီးကျန်သလိုခံစားနေရတာ ကြာပါပြီ။ ဒီလူကို ယုံရမလား၊ မယုံရဘူးလား ကျိန်းသေမပြောနိုင် သေးပေမဲ့ တခြားရွေးစရာမရှိတာကြောင့် ကျွန်တော် ခေါင်းညိတ်ပြီး ရီယာနဲ့ကျွန်တော့်အကြောင်း ပြောခဲ့ပါတယ်။
“နားလည်ပြီ၊ ကြည့်ရတာ မင်းက တစ်ယောက်ယောက်ဆီက အကူအညီလိုနေတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ဆီကတော့မဟုတ်ဘူး။”
နေပါဦး၊ သူက ကျွန်တော့်ကို မကူညီနိုင်ဘူးလို့ ပြောချင်တာလား။ ဒါပေမဲ့ ကူညီပေးနိုင်တဲ့သူကို သိတယ်ပေါ့။
“ဟေ့... ဟေ့... ခင်ဗျားဘာလုပ်တာလဲ။ ပြုတ်ကျတော့မှာပဲ...”
ရုတ်တရက် နက်ဆန်ဆိုတဲ့ငနှဲက ကျွန်တော့်လက်ကို ဖမ်းဆွဲပြီး ကောင်းကင်ပေါ်ပျံတက်သွားတယ်။ သူ့တောင်ပံနက်ကြီးတွေက လေကိိုထိုးခွင်းပြီး မကြာခင်မှာပဲ အမှောင်မြူလွှာတစ်ခုက နှစ်ယောက်လုံးကို ဖုံးအုပ်သွားတာ ကျွန်တော်သတိထားမိလိုက်တယ်။ ဒီတော့ သာမန်လူတွေ ကျွန်တော်တို့ပျံသန်းနေတာကို မြင်နိုင်တဲ့ပုံမပေါ်ဘူး။
သွားတဲ့နေရာကလည်း အဝေးကြီးတော့မဟုတ်ပါဘူး။ ရင်ပြင်နဲ့ခပ်လှမ်းလှမ်းမှာရှိနေတဲ့ ဘုရားကျောင်းနဲ့ ကပ်လျက်ထိုင်ခုံတန်းတစ်ခုဆီကိုသွားတာ။ ခုံတန်းပေါ်မှာတော့ ရေခဲမုန့်စားနေတဲ့ ကလေးမလေးတစ်ယောက်နဲ့ အတော်လေးချောတဲ့ ဆံပင်နက်ပြာနဲ့ကောင်မလေးတစ်ယောက် ရှိနေတယ်။
....
“အယ်.... အတိတ်ကို အချိန်ခရီးသွားပြီးတော့ သေသွားတဲ့ကောင်မလေးကိုကယ်ဖို့လုပ်နေတဲ့ နတ်တစ်ပိုင်းလား။ ဘာကြီးလဲ၊ ဒီကိစ္စက အဆွေးတစ်လိုင်းရိုးမန့်ဝတ္ထုထဲကနေ ထွက်လာသလိုပဲ။”
နက်ဆန်က ကျွန်တော့်အကြောင်းတွေကို အဲဒီကောင်မလေးဆီ ရှင်းပြခိုင်းတယ်။ နဂိုကတော့ စိတ်မပါပေမဲ့ အကူအညီတစ်ခုခုရနိုင်မလားဆိုပြီး ပြောပြလိုက်တာ။ ဒါပေမဲ့ မိန်းကလေးက သူ့နဖူးသူ ဆုပ်ကိုင်ရင်း ပလက်ဖောင်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကိုပဲ တွေ့ရတယ်။
“နေစမ်းပါဦး၊ ဒါဆိုရင် နက်ဆန်က ပြောင်းလဲသွားတဲ့ အချိန်တွေကို သတိထားမိနေတာ အမှန်ပဲပေါ့။ သူက ငါ့ကို ဒီဂျာပူးဖြစ်ရပ်ကို ရပ်ပစ်မယ်ဆိုပြီး ပြောလိုက်သေးတယ်လေ။”
ဒီတော့ နက်ဆန်က တကယ်ပဲ ကျွန်တော့်ကို သတိထားမိနေတာပေါ့။ နက်ပြာမလေး ဒီစကား ပြောပြီးတဲ့နောက်မှာပဲ နက်ဆန့်အရိပ်ထဲကနေ အိမ်စေဝတ်စုံနဲ့အမျိုးသမီးတစ်ယောက်ထွက်လာပြီး ဟိုကောင်မလေးကို ပြောလိုက်တယ်။
“အမှိုက်မ၊ နင်က ငါ့သခင်ကို တော်တော်အထင်သေးတာပဲ။ ညနတ်သမီးNyxက စကြဝဠာဦးကသောင်းကနင်းဖြစ်ရပ်ကြီးအတွင်းမှာ ပထမဆုံးမွေးဖွားလာတဲ့ကလေးပဲ။ အချိန်ရဲ့တည်ရှိမှုက ညနတ်သမီးထက် အများကြီးနောက်ကျပြီးမှ ဖြစ်တည်လာတာ။ ဒါကြောင့်သခင်က အချိန်စီးဆင်းမှုကို အာရုံခံနိုင်တာပဲ။”
အဲဒီလိုလား။
ကောင်မလေးက ကျွန်တော်ပြောပြတဲ့ အဖြစ်အပျက်တွေကို သေချာစဥ်းစားဆင်ခြင် သုံးသပ်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်ကို တည့်ကြည့်ပြီး မေးလိုက်တယ်။
“ဒါနဲ့ ရှင်က သူ့ရဲ့အသက်ရှင်ရတဲ့ အကြောင်းပြချက် ဖြစ်ဖို့ရော ကြိုးစားခဲ့ပြီးပြီလား။”
“....” ကျွန်တော် နားမလည်ခဲ့ဘူး။ ဒီမိန်းကလေးပြောတဲ့ ကိစ္စတွေကိုပေါ့။
“ဒီလိုလေ... နင်လုပ်ခဲ့တာဆိုလို့ သူ့ဆီကနေ သဘောကျမှုရအောင်လုပ်ပြီး သူ့ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရုံပဲမဟုတ်လား။ ဒါက သူသေဖို့ နောက်ဆံမတင်းအောင် ပြင်ဆင်ပေးတာနဲ့တောင် သွားတူနေသေးတယ်။”
သူပြောတာက ဖြစ်နိုင်တယ်လို့ ကျွန်တော်ခံစားရတယ်။ ရီယာနဲ့အတူ ကျောင်းမှာဖျော်ဖြေပွဲလုပ်ပြီးတဲ့နောက် ရီယာရဲ့သတ်သေတဲ့ပုံစံက ပြောင်းလဲသွားခဲ့တယ်လေ။ အိပ်ဆေးသောက်ပြီး ပြုံးပြုံးလေးနဲ့ပဲ လူ့လောကကြီးက ထွက်ခွာသွားခဲ့တာ။
“နောက်ပြီး ရှင်က ဘယ်တုန်းကမှ ပွင့်လင်းခဲ့တာ မဟုတ်ဘူး။ သူ့ဆီက ယုံကြည်မှုကို တကယ်ရချင်ရင် ရှင်ကလည်း သူ့ကိုယုံကြည်ပေးမှဖြစ်မယ်။”
“ဘာကို ဆိုလိုတာလဲ....”
“ရှင်က ရှင့်ရဲ့စွမ်းအားအကြောင်းကို ဖွင့်မပြောခဲ့ဘူးလေ။ ဒါကြောင့် ဘယ်လိုပဲ သဘာဝကျအောင် ကြိုးစားကြိုးစား မိန်းကလေးဘက်က ရှင်တစ်ခုခုကို ကြိုသိနေတယ်လို့ပဲ ခံစားရမှာ။”
သူက ကျွန်တော့်ကို အချိန်ခရီးသွားနေတဲ့အကြောင်း ရီယာကို ပြောပြစေချင်တာလား။ ဒါပေမဲ့ သူမယုံရင်ရော ဘယ်လိုလုပ်မလဲ။ ကျွန်တော့်ကို အရူးတစ်ယောက်လို့ မြင်ခဲ့ရင်ရော။ ကျွန်တော်တွေဝေနေတာမြင်တော့ နက်ပြာဆံပင်နဲ့ကောင်မလေးက သက်ပြင်းချလိုက်ပြီး
“ဟော.... ကြည့်ပါလား၊ တွေဝေနေပြန်ပြီ။ ရှင်က သူ့ကို မယုံကြည်ပေးနိုင်ဘဲနဲ့ သူ့ကိုဘယ်လိုကယ်တင်မှာလဲ။ သူ့ကို အမှန်အတိုင်းပြောပြပြီး ရှင့်ဆန္ဒတွေကို ဖွင့်ပြောလိုက်။”
ဒီလိုနဲ့ကျွန်တော့်နေရာဆီကိုကျွန်တော် ပြန်လာခဲ့တယ်။ နာရီလက်တံက ကိုးနာရီထိုးတော့မယ်ဖြစ်ကြောင်း ညွန်ပြနေပြီ။ ဒီတစ်ခါတော့ အရင်အခေါက်တွေကနဲ့ မတူဘဲ နောက်ကျပြီးမှ ခုန်ချရမှာဖြစ်လို့ စိုးတော့စိုးရိမ်မိသား။
“ဒီတစ်ခေါက် အချိန်ခရီးမသွားဘဲ တကယ်သေသွားရင်ရော ဘယ်လိုလုပ်မလဲ။”
ကျွန်တော်က နက်ဆန်ကို မေးလိုက်တော့ သူက ကျွန်တော့်ကို သွားဖြဲပြီးပြုံးပြရုံသာ ပြုံးပြပါတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိဘူးလေ။
ကျွန်တော် ခုန်ချလိုက်တော့တယ်။
ဒင်... ဒင်... ဒင်...
....
“နင်အဲဒီရုပ်ထုကိုပဲ စိုက်ကြည့်နေတာ ကြာပြီနော်။ မဟုတ်မှလွဲရော၊ ဗိသုကာကျောင်းသားလား။” သူ့ရဲ့စကားသံကို ပထမဆုံးကြားလိုက်ရတဲ့အချိန်မှာ ဖြစ်သွားခဲ့တဲ့ ကျွန်တော့်ရင်တွင်းခံစားချက်တွေကို ပြောပြဖို့ မတတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ဆီက ယုံကြည်မှုကို ရဖို့ဆိုရင် တတ်နိုင်သမျှ နည်းလမ်းတကျလုပ်ရမယ်ဆိုတာ သိနေတော့ ပျော်ရွှင်မှုတွေကို ထိန်းချုပ်ပြီးတော့ အကောင်းဆုံးရလဒ်ရမယ့် အရာတွေကိုပဲ လုပ်ခဲ့ပါတယ်။
သူ့အပေါ်မှာ ရာနှုန်းပြည့်ပွင့်လင်းပေးခဲ့ပြီး စိန်ခေါ်မှုကို လုပ်ခဲ့တယ်။ အရင်က ဂစ်တာတီးသင်ဖူးကြောင်း ဝန်ခံပြီး တစ်လအပြစ်ဒဏ်အဖြစ် အတူတူရင်ပြင်မှာ ဖျော်ဖြေခဲ့တယ်။ နောက်တော့ နှစ်ပတ်လည်ပွဲအတွက် စာရင်းသွင်းခဲ့ပြီး အတူတူဖျော်ဖြေခဲ့ကြတယ်။ အဲဒီညမှာလည်း အတူတူလက်တွဲပြီး အိမ်ပြန်ဖြစ်ခဲ့တာပေါ့။
“စိုးရိမ်နေခဲ့ပေမဲ့ ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။” ကျွန်တော်ပြောလိုက်တော့ သူက ကျွန်တော့်ကို ပြုံးပြပါတယ်။
“ဒါတွေအားလုံးက ဂျီယာ့လို တွဲဖက်ကောင်းရှိလို့ပါ။” သူပြောလိုက်တယ်။ နှစ်ယောက်လုံး ပြောစရာစကား ကုန်သွားပြီးတဲ့နောက် ပတ်ဝန်းကျင်က ထူးဆန်းစွာနဲ့ တိတ်ဆိတ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်ဒီမှာပဲ မရပ်လိုက်ချင်ဘူး။ သူ့ကို ဒီအတိုင်းအိမ်ပြန်ခွင့် ပေးလိုက်ရင် နောက်ရက်ကျရင် သူက ကျွန်တော့်ဘဝထဲကနေ ထွက်သွားတော့မှာ။ ဒါကြောင့်...
ကျွန်တော်သူ့ပခုံးတွေကို ဆုပ်ကိုင်လိုက်တယ်။
“ဂျီ... ဂျီယာ... ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ။ ငါလန့်လာနေပြီနော်။”
ကျွန်တော် သူနဲ့မျက်လုံးချင်းမဆုံဝင့်တာကြောင့် မျက်လုံးကို မှိတ်ထားပြီး အော်ဟစ်လိုက်တယ်။ “အစ်မ၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ဘဝကြီးကနေ ထွက်မသွားပါနဲ့။”
“ဟင်... ဂျီယာ... နင်ဘာတွေပြောနေတာလဲ။”
“ဒီရက်ပိုင်းအတွင်း အစ်မအိပ်ဆေးတွေ စုနေခဲ့တာ မဟုတ်လား။ ကျွန်တော်က အမြဲတမ်းသတိထားမိနေတဲ့ သူပါ။ ကျေးဇူးပြုပြီးတော့... ကျေးဇူးပြုပြီးတော့... အဲဒီမှောင်မိုက်တဲ့လမ်းကို ထပ်လျှောက်မသွားပါနဲ့တော့... ကျွန်တော် ဒီထက်ပိုပြီးမခံနိုင်တော့ဘူး။”
“ဂျီယာ... ငါနင့်ကို နားမလည်နိုင်တော့ဘူး။ နင်ဘယ်လိုလုပ်ပြီး သိနေရတာလဲ။” သူက ကျွန်တော့်ကို ထိတ်လန့်လာပြီး ကျွန်တော့်လက်တွေကို ဖယ်ရှားလိုက်ပေမဲ့ ကျွန်တော်က သူ့မျက်လုံးတွေကို စေ့စေ့ကြည့်လိုက်တယ်။
“ဘာလို့ဆို... ကျွန်တော်က သေပြီးပြန်လာနိုင်တာ မလို့ပဲ။ ကျွန်တော်က အမြဲတမ်း အစ်မနောက်ကိုလိုက်ပြီး အချိန်ခရီးသွားနေခဲ့တာ။”
“အကြိမ်ပေါင်းများစွာများစွာ ဒီကိစ္စတွေဖြစ်ပျက်ခဲ့တာမလို့ အရာအားလုံးကို ကြိုသိနေပြီး အစ်မဆီက ယုံကြည်မှုကို ရယူခဲ့လို့ အပြစ်ရှိသလို ခံစားရပေမဲ့လည်း ကျွန်တော်ကြိုးစားခဲ့ရတယ်။ ဒါတွေအားလုံးက အစ်မနဲ့အတူ နေ့ရက်တစ်ရက်ပိုပြီး အသက်ရှင်ချင်လို့။ ထာဝရဆိုတာ မရှိရင်တောင် အနည်းဆုံးတော့ အတူရှိနေတဲ့ အချိန်လေးတွေကို တန်ဖိုးထားချင်ခဲ့လို့။”
“ဂျီယာ...” သူအံ့ဩတုန်လှုပ်သွားပြီး ဘာပြောရမှန်း မသိလောက်အောင် ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်က ပါးစပ်ပိတ်မနေခဲ့ဘူး။ ကျွန်တော့်ဆန္ဒကို ကျွန်တော် ထုတ်ပြောရမယ်။
“ အတ္တကြီးတယ်လို့ဆိုနိုင်ပေမဲ့ ကျေးဇူးပြုပြီးတော့ ဆက်အသက်ရှင်ပေးပါ။”
ကျွန်တော့်အသံတွေက အက်ကွဲနေခဲ့တယ်။ ရီယာ့ မျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ ပြည့်နှက်လာပေမဲ့ သူက ကျွန်တော့်လက်တွေကို ပြန်ဆုပ်ကိုင်ထားလိုက်တယ်။
“ဂျီယာ... နင်က ငါ့ရဲ့အသက်ရှင်နေရတဲ့ အကြောင်းအရင်း ဖြစ်ချင်တာလား။ ဒါက သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ကိစ္စနော်။”
“ဟုတ်... ကျွန်တော်သိပါတယ်။”
“ငါက ပြင်မရလောက်တဲ့ အပြစ်တစ်ခုကို ကျူးလွန်မိခဲ့သူနော်။”
“ဟုတ်... ကျွန်တော်သိပါတယ်။”
“ငါက အခုမဟုတ်ရင်တောင် အသက်ရှင်ရတာ ပင်ပန်းလာပြီး အနာဂတ်မှာ နင့်ကိုထားခဲ့ပြီး ထွက်သွားချင်လည်း ထွက်သွားဦးမှာ။”
“ဟုတ်... ကျွန်တော်သိပါတယ်။”
“ဂျီယာ... ဒါကိုတောင်မှ နင်က ငါနဲ့အတူရှိနေချင်တာလား။”
“အင်း....”
ဂျီယာက ကျွန်တော့်ကို ပွေ့ဖက်ထားခဲ့တယ်။ ကျွန်တော်လည်း သူ့ကိုပွေ့ဖက်ထားခဲ့တယ်။ ဒီတစ်ကြိမ်တော့ ကွာခြားပါစေလို့ ဆုတောင်းနေမိတယ်။
“ဂျီယာက တစ်ကိုယ်ကောင်းဆန်တာပဲ။ ဒီအစ်မအတွက် အသက်ရှင်ရတဲ့စက္ကန့်တိုင်းက ငရဲလိုပဲဆိုတာ နင်မသိဘူးလား။”
“ဟုတ်... ကျွန်တော်သိပါတယ်။ ကျွန်တော့်အဖို့လည်း အစ်မမရှိတဲ့နေ့ရက်တွေက ငရဲတမျှပါပဲ။”
“ဟေး... ဂျီယာ... ငါတို့တွေအတူထာဝရရှိနေရင် နေ့ရက်တွေက ပိုကောင်းလာမယ်လို့ထင်လား။”
“စမ်းမကြည့်ဘဲနဲ့တော့ မသိနိုင်ဘူးလေ။”
“ကောင်းပြီ...” သူက ကျွန်တော့်ပါးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး နှုတ်ခမ်းကို အနမ်းပေးလိုက်တယ်။ ကျွန်တော့်ပါးပြင်တစ်ခုလုံး ထူပူနေတာပဲ။ နောက်တော့ သူက ကျွန်တော်နဲ့ လူချင်းခွာလိုက်ပြီး...
“အခုကနေစပြီး အစ်မက ဂျီယာကို တစ်ဘဝလုံး ဒုက္ခပေးခွင့်ရနေတော့မှာနော်။”
“ဟုတ်ကဲ့.... ကျွန်တော်က ဘာမဆိုလက်ခံဖို့ အသင့်ပါပဲ။”
...
“ဝိုး... အားလုံးက စားချင်စရာလေးတွေ၊ သမီးဘာရွေးရမလဲ မသိတော့ဘူး။”
အိုလီရာနာက ရေခဲမုန့်ရွေးနေရင်းကနေ ဘာကိုရွေးလို့ ရွေးရမှန်းမသိ ဖြစ်နေပုံပဲ။ နောက်တော့ ရေခဲမုန့်ကား ဒရိုက်ဘာဦးလေးကြီးက မီနူးက တစ်စုံတစ်ခုကို ထောက်ပြလိုက်ရော။
“ စျေးနည်းနည်းကြီးတယ်ဆိုပေမဲ့ အရသာအားလုံးပါတဲ့ သက်တံရောင်ရေခဲမုန့်လေး ရှိတယ်နော်။ ဘဝရဲ့အရသာလိုပဲ ချိုချဥ်စပ်ခါး အကုန်လုံးပေါ့။”
အိုလီရာနာရဲ့ရေခဲမုန့် အသင့်ဖြစ်ပြီးတဲ့နောက်မှာ ကျွန်မတို့ ခုံတန်းကိုပြန်လာပြီး ထိုင်ဖြစ်ကြတယ်။ နက်ဆန်က ရေခဲမုန့်ကို သတိထားပြီး ကြည့်နေခဲ့ပေမဲ့ သူ့အကြည့်နောက်က အကြောင်းအရင်းကို ကျွန်မ နားမလည်ခဲ့ဘူး။
“နက်ဆန်၊ ရှင်လည်း ရေခဲမုန့်စားချင်လို့လား။” လို့ မေးလိုက်တော့ သူက ခေါင်းကိုတစ်ဖက်လှည့်သွားရော။ ဒီလူ ဘာဖြစ်နေတာလဲ။
ဒင်... ဒင်... ဒင်...
မကြာခင်မှာပဲ ရှစ်နာရီထိုးအချက်ပေးသံ နာရီစင်ကနေ ထွက်လာတယ်။ နောက်တော့ ဘုရားကျောင်းထဲကနေပြီး ရုတ်တရုတ်သဲသဲ လူအုပ်တစ်အုပ်ထွက်လာရော။ အားလုံးက ဝတ်ကောင်းစားလှတွေနဲ့မလို့ မင်္ဂလာဆောင်မှန်း ကျွန်မသိလိုက်တယ်။ ဂါဝန်အဖြူဝတ်ထားတဲ့ကောင်မလေးက အသားညိုညိုနဲ့အတော်လေးလှတယ်။ ကောင်လေးက သန့်သန့်ပြန့်ပြန့်နဲ့အရပ်နည်းနည်းပုပြီး အာရှသား ဖြစ်ပုံပဲ။
“တစ်... နှစ်... သုံး...” နောက်တော့ ကောင်မလေးက နောက်ပြန်လှည့်ပြီး ပန်းစည်းကို ပစ်လိုက်တယ်။ လက်ထပ်ချင်တာ တစ်ပိုင်းသေနေတဲ့ အပျိုကြီးမမတွေကတော့ ပန်းစည်းလုဖို့အသင့်။
ဝှစ်...
ရုတ်တရက် လေပြင်းတစ်ချက် တိုက်သွားတာကို ကျွန်မ ခံစားမိလိုက်ပြီး တစ်ခုခုက ကျွန်မပေါင်ပေါ်လာတင်နေတယ်။ ကြည့်လိုက်တော့ မင်္ဂလာဆောင် ပန်းစည်းလေးပါ။
“ဟယ်...” အံ့ဩလွန်းလို့ မယုံနိုင်လောက်အောင်ပဲ။ သတို့သားနဲ့သတို့သမီးစုံတွဲလည်း ကျွန်မတို့ဆီ လျှောက်လာပြီး ဂုဏ်ပြုစကားပြောတယ်။
“အပြင်လူတစ်ယောက်က ပန်းစည်းရလိုက်တယ်ဆိုတော့ ညီမလေးဆန်းပွင့်တော့မယ့်ပုံပဲ။” သတို့သမီးက ဒီလိုပြောလိုက်တော့ ကျွန်မရှက်သွားတယ်။ သတို့သားကတော့ ကျွန်မတို့နှစ်ယောက်ကို ပြုံးပြရင်း
“အရာအားလုံးအတွက် ကျေးဇူးပါပဲ၊ သခင်လေး နက်ဆန်နဲ့သခင်မလေး။”
အဲဒီနောက်တော့ သူတို့ထွက်သွားတယ်။ ကျွန်မကတော့ ကြောင်တောင်တောင်နဲ့ ကျန်နေရစ်တာပေါ့။
“ဒီလူတွေက ဘယ်သူတွေလဲ၊ ကျွန်မတို့ အရင်က တွေ့ဖူးကြလို့လား။”
ကျွန်မ နက်ဆန်ကိုမေးလိုက်တော့ နက်ဆန်က မေးကို လက်ထောက်ပြီး ပြုံးရုံလေးသာ ပြုံးပြပါတယ်။ တော်တော် နားလည်ရခက်တဲ့သူ။