အသူရာဟိုတယ် (၁)
Vol. 1 Ch. 49
“နောက်ထပ်တစ်နိုင်ငံကို ရောက်ခဲ့ပြီပဲ။ ခရိုအေးရှားကလည်း လှလိုက်တာ။”
ကျွန်မ အပြင်ဘက်က ရှုခင်းတွေကိုကြည့်ရင်း အံ့ဩမိသွားတယ်။ ရထားရဲ့ညာဘက်ခြမ်းမှာတော့ ကျောက်တောင်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ သစ်တောတွေကို မြင်ရပြီး ဘယ်ဖက်ခြမ်းမှာတော့ လှပလှတဲ့ ကမ်းခြေကြီးက ရှိလို့နေပါတယ်။
ပြင်သစ်နဲ့ ကျွန်မတို့ရောက်ခဲ့တဲ့ အီတလီမြောက်ပိုင်းနဲ့ ယှဥ်မယ်ဆိုရင် ခရိုအေးရှားက အများကြီး ပူအိုက်စွက်စိုတဲ့ ရာသီဥတုရှိတယ်။ ဆောင်းရာသီကလည်း ကုန်တော့မှာမလို့ နှင်းတွေအရည်ပျော်ကျကုန်ပြီး ပြန်လည်ပေါက်ခါစ သစ်ရွက်သစ်ခတ်တွေကို စမြင်နေရပြီ။
“ဆယ်ဗီ၊ ပြတင်းပေါက်မှန်ကို သိပ်မမှီနေဘဲ ထိုင်ရင်း ရှုခင်းကြည့်လို့ရမလား။ တော်ကြာနေ ပြတင်းပေါက်ကွဲပြီး လူပါပြုတ်ကျနေဦးမယ်။”
နက်ဆန့်အရိပ်ထဲမှာရှိနေတဲ့ မော်လီက ကျွန်မကို လှမ်းပြီး စနောက်လိုက်တယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ ရှုခင်းက သိပ်လှတာကိုး။ ပြီးတော့ တောင်တန်းတွေဘက်မှာ ရဲတိုက်တွေနဲ့ နံရံအပြိုအပျက်ကြီးတွေ ရှိနေတာကို တွေ့ရတဲ့အတွက်လည်း အံ့ဩမိပြန်ပါတယ်။
“ဒီလောက်နိုင်ငံသေးသေးလေးက ယူနက်စကို အမွေအနှစ် နယ်မြေဆယ်ခုတောင် ရှိတယ်တဲ့ အံ့ဩစရာပဲ။”
“ခရိုအေးရှားက ရောမအင်ပါယာရဲ့ကမ်းခြေစီရင်စုနှစ်ခုဖြစ်တဲ့ ပန်နိုရီးယားနဲ့ ဒယ်မေးရှား စီရင်စုနှစ်ခုကို ပေါင်းစည်းထားတဲ့နိုင်ငံပဲ။ အနောက်ရောမအင်ပါယာပြိုလဲပြီးနောက် ဗင်းဆင့်ဂေါ့တွေက သိမ်းထားတယ်ဆိုပေမဲ့ အရှေ့ရောမအင်ပါယာက ပြန်တိုက်ယူပြီးထိန်းချုပ်ခဲ့တာလေ။ ဒါကြောင့်မလို့ ရောမလက်ရာအဆောက်အဦးအတော်များများ ကျန်ရစ်ခဲ့တယ်။”
ထုံးစံအတိုင်း မော်လီက အစ်မကြီးဂိုဂဲလ်ပါပဲ။ ကျွန်မ ဘာမှမမေးရင်တောင် သူ့မှာအဖြေက ရှိပြီးသားရယ်။ ပြီးတော့ ကျွန်မတို့တွေ ဒီညဘယ်မှာနားရမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ပါ စိတ်ဝင်စားမိနေပြီ။
“ဒီညစတည်းချမယ့် မြို့ကရော ဘယ်လိုမြို့မျိုးဖြစ်မလဲ သိချင်လိုက်တာ။”
ကျွန်မက သိပ်ကိုပျော်မြူးနေခဲ့ပေမဲ့ နက်ဆန်ကတော့ သိပ်ပြီးအကောင်းမြင်ပုံ မရပါဘူး။ အဲဒါနဲ့ ကျွန်မလည်း စားပွဲခုံပေါ် လက်နှစ်ဖက်ထောက် ခါးကိုရှေ့ကိုင်းပြီး သူ့ကိုမေးလိုက်တယ်။
“ဒီမယ် ကိုနက်ဆန်၊ ရှင်တစ်မနက်လုံး အိပ်ပြီးပြီမဟုတ်လား။ ဘာလို့အခုထိ အိပ်ချင်မူးတူးပုံစံနဲ့ ငေးငိုင်နေတာလဲ။”
“ငါက စိုးရိမ်နေရုံပါ။” သူက တီးတိုးလေး ပြန်ဖြေတယ်။
“ငါတို့တွေက အခုအရှေ့ဥရောပကို ရောက်လာကြပြီ။ တိတိကျကျပြောရရင် ဘော်လကန်ဒေသပေါ့။”
ဒါပေါ့၊ ကျွန်မလိုမျိုး သာမန်လူတစ်ယောက်က နက်ဆန်လို လူလွန်မသားတစ်ယောက်ရဲ့စိုးရိမ်မှုတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ မော်လီကတော့ ကျွန်မသိထားဖို့ လိုအပ်တဲ့ အချက်အလက်တွေကို ရှင်းပြပေးပါတယ်။
“ဘော်လကန်ဒေသက အမှောင်ထုကြီးစိုးတဲ့နေရာ ဖြစ်ခဲ့ဖူးတယ်။ တစ်ချိန်က ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့နယ်နိမိတ် အဆုံးအစွန်ဖြစ်ခဲ့ပြီး ဥရောပရဲ့ချောင်အကျဆုံးနေရာလို့ လူတွေက သတ်မှတ်ခဲ့တာ။ တစ်ဖက်ကိုဆက်သွားရင် အော့တိုမန်တွေ ထိန်းချုပ်ထားတဲ့ အာရပ်ကမ္ဘာထဲ ရောက်သွားတော့မှာလေ။ အမြဲတမ်း နယ်မြေအငြင်းပွားမှုတွေနဲ့ ဥပဒေမဲ့နေခဲ့တာဆိုတော့ အမှောင်ထုကလည်း ကြီးစိုးလာတယ်။ သွေးစုပ်ဖုတ်ကောင်တွေ၊ သမန်းဝံပုလွေတွေနဲ့ တခြားမိစ္ဆာမျိုးနွယ်စုတွေက ဒီနေရာမှာလာပြီး စတည်းချကြတယ်။”
တစ်နည်းအားဖြင့် ဒီနေရာမှာက ပြဿနာဖြစ်နိုင်ခြေ ပိုပြီး များတယ်ဆိုပါတော့။ နက်ဆန်က ခေါင်းညိတ်လိုက်ပြီး မော်လီရဲ့စကားကို ဆက်ပါတယ်။
“အဖိုးရဲ့အရင် အယ်ဒါလက်ထက်တုန်းကတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ သမန်းဝံပုလွေတွေက အမှောင်ကျောင်းတော်လက်အောက်မှာ ရှိခဲ့တာ။ ဒါပေမဲ့ အဖိုးလက်ထက်မှာ သွေးစုပ်ဖုတ်ကောင် အာဏာပိုင်မင်းသားနဲ့ သမန်းဝံပုလွေဘုရင်က လက်ထပ်သွားပြီး ပူးတွဲပဒေသရာဇ် အုပ်ချုပ်မှုကိုကြေညာခဲ့တယ်။ နောက်တော့ ရိုမြူလက် ဘုရားကျောင်းနဲ့ပေါင်းပြီး ပုန်ကန်တော့တာပဲ။”
“နေပါဦး... မင်းသားနဲ့ဘုရင်... သဘာဝလွန်ကမ္ဘာမှာလည်း အဲဒီလိုကိစ္စမျိုးရှိတာလား။”
အရင်က ရိုမြူလက်ချက်ကျောင်းနဲ့အမှောင်ကျောင်းတော် စစ်ဖြစ်ဖူးတာ ကျွန်မသိပြီးသား။ ဒါပေမဲ့ ဒီလိုကိစ္စမျိုး ရှိလိမ့်မယ်လို့တော့ ကျွန်မထင်မထားခဲ့ဘူး။
“အဟမ်း... အဲဒီလိုစုံတွဲမျိုး ရှင်တို့လောကမှာ ဘယ်လောက်ရှိတာလဲဟင်။”
“ဒီဖူဂျိုရှီ အပုပ်မကတော့ ရန်သူ့နယ်မြေထဲရောက်နေတာဂရုမစိုက်ဘဲ ပေါက်ကရတွေ လျှောက်တွေးနေတာလား။” မော်လီလည်း ကျွန်မဒဏ် မခံနိုင်တော့ဘဲ ထကျိန်ဆဲပါလေရော။
ဒီလိုနဲ့ကျွန်မတို့တွေ နားမယ့်မြို့မှာ ရထားဆိုက်ပြီး ရထားပေါ်ကနေ ဆင်းလိုက်တယ်။ ခါတိုင်းလိုပဲ ကမ်းခြေမြို့လေးတစ်မြို့ဆိုပေမဲ့ ဒီနေရာက ပိုပြီးတော့တောင် ရောမဆန်တယ်လို့ ခံစားရတယ်။ လမ်းတွေအားလုံးက ကျောက်ခင်းလမ်းတွေဖြစ်နေပြီးတော့ အဆောက်အဦးတွေကလည်း အသစ်တွေမဟုတ်တဲ့ ရှေးအဆောက်အဦးတွေပါ။ အားလုံးက ယနေ့ခေတ်အုတ်ထက် အများကြီးပိုကြီးတဲ့ ကျောက်ထွင်း အုတ်သားတွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး အုပ်ကြွပ် ခေါင်မိုးနီနီတွေက နေရာအနှံမှာ။ လမ်းကလေးတွေက ကားတစ်စီးမောင်းသာရုံသာရှိပြီး လမ်းမကျယ်ကြီးတောင် ကားနှစ်စီးရှောင်စာပဲရှိတယ်။ ဒီနေရာမှာ ကားတွေ အများကြီးမတွေ့ရဘဲ လမ်းလျှောက်နေတဲ့သူတွေနဲ့ စက်ဘီးစီးပြီး လျှောက်သွားနေတဲ့ သူတွေကိုသာ တွေ့ရတယ်။
ကုန်းတွင်းပိုင်းကိုကြည့်လိုက်ရင် ဧရာမတောင်ကြီးတစ်ခုက ခိုင်မာစွာရပ်တည်နေပြီး မွန်းလွဲပိုင်းအချိန်မလို့ တောင်အရိပ်က မြို့ပေါ်ကိုရိပ်မိုးကျနေတယ်။ ပင်လယ်ဘက်ကို ကြည့်လိုက်ရင်တော့ စိမ်းပြာရောင် သန်းနေတဲ့ ပင်လယ်ကြီးနဲ့ ရှေးကတည်းက တည်ရှိနေတဲ့ ကျောက်သားတံတိုင်းမြင့်ကြီးတွေကို မြင်တွေ့နိုင်တယ်။
“ဒါက ဒယ်မေးရှားဒေသရဲ့သမိုင်းဝင်မြို့တော်ဟောင်း ဒူဘရိုဗစ်လား။”
“အေး၊ ရောမတွေကတော့ ရာဂူဆာလို့ ခေါ်ကြတယ်။ အနောက်ရောမကျအပြီးမှာ တည်ထောင်ခဲ့တာဆိုပေမဲ့ အရှေ့ရောမရဲ့ရင်ခွင်ပိုက် အုပ်ချုပ်ရေးအောက်မှာ ရှိခဲ့တာ။ နောက်ပိုင်းဗင်းနစ်တွေက လွှဲပြောင်းအုပ်ချုပ်ပေမဲ့ အချိန်တစ်ခုအထိ ရာဂူဆာသမ္မတနိုင်ငံအဖြစ် လွတ်လပ်စွာ ရပ်တည်ခဲ့ဖူးတယ်။”
နေရောင်အောက်က လှိုင်းတွေတလိပ်လိပ်တက်နေတဲ့ ပင်လယ်ပြင်မှာ ရပ်ထားတဲ့ အပျော်စီးလှေငယ်လေးတွေနဲ့ ပြည့်နေတဲ့ ဆိပ်ကမ်းကျယ်ကြီးရယ်၊ ခမ်းနားလှတဲ့ ရဲတိုက်သဖွယ် အဆောက်အဦးကြီးတွေရယ်ကြောင့် ကျွန်မရင်တွေ တလှပ်လှပ်တုန်လာတယ်။
“ဒါမှ ခရိုအေးရှားရဲ့သရဖူထက်က ကျောက်မျက်ပဲ။”
...
ကျွန်မတို့တွေ တည်းစရာနေရာရှာဖို့အတွက် မြို့ရဲ့လမ်းကျဥ်းလေးတွေထဲမှာ လျှောက်သွားဖြစ်ကြတယ်။ နဂိုကတော့ Booking appကိုသုံးဖို့ အကြံပေးခဲ့ပေမဲ့ ကိုယ်တော်ချောက မသုံးချင်ပါဘူး။ ပိုပြီးသိုသိုသိပ်သိပ် ဖြစ်တဲ့နေရာတစ်ခုကို ရှာချင်တယ်ဆိုလား။ ဒီလိုနဲ့ ကျွန်မတို့တွေ ရွက်ပုန်းသီးဟိုတယ်တစ်ခုကိုရှာဖို့ မြို့ထဲက နောက်လမ်းတွေပါမကျန် လမ်းလျှောက်ဖြစ်ခဲ့ကြတယ်။
“ဒီလမ်းလေးတွေက ကျဥ်းရတဲ့အထဲ လှေကားထစ်တွေက မြင့်မြင့်နဲ့။”
တောင်ခြေမြို့လေးတစ်မြို့အနေနဲ့ ဒီမြို့လေးက ကုန်းတွင်းဘက်ကို လိုက်ပြီးတော့ ပိုပိုမြင့်သွားတယ်။ ဒီတော့ နေရာတိုင်းမှာ လှေကားထစ်တွေနဲ့ဖြစ်နေပြီး အများစုက ရှေးကတည်းကဆောက်ခဲ့ဟန်နဲ့ ကျောက်သားလှေကားထစ်ကြီးတွေနဲ့ပါ။
လူတွေကတော့ ကျွန်မတို့ကို ဝိုင်းကြည့်လို့။” ကျွန်မပုံစံက ထူးဆန်းနေလားဟင်။ ဘာလို့သူတို့က ကျွန်မကို ဝိုင်းကြည့်နေတာလဲ။”
“မင်းက သူနာပြုဝတ်စုံဝတ်ပြီး မြို့ထဲလျှောက်သွားနေတာကိုး။” နက်ဆန်က ရယ်သံသဲ့သဲ့ ပါတဲ့လေသံနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ သဘောမကျတဲ့ပုံ တော့မပေါ်ပါဘူး။
“နားလည်ပြီ၊ သူတို့က ကျွန်မကို သူနာပြုဆိုပြီး လေးစားနေတာ ဖြစ်ရမယ်။”
ကျွန်မပြောလိုက်တာ ဘာမှားသွားမှန်းမသိပေမဲ့ နက်ဆန်က သူ့နဖူးသူ ဖြောင်းခနဲနေအောင် ရိုက်လိုက်ပြီး ရှေ့ကနေ ခပ်သုတ်သုတ်လျှောက်သွားတယ်။
“ဘာဖြစ်လို့လဲ၊ ဒီလောက်ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စကို။” ကျွန်မလည်း မကျေမနပ်ရေရွတ်ရင်း သူ့နောက်ကနေပြီး ဆက်လိုက်ပါတယ်။
တစ်နေရာကိုရောက်တော့ လမ်းကြားတစ်ခုထဲကနေပြီး အမယ်အိုကြီးတစ်ယောက်ထွက်လာတယ်။ လက်ထဲမှာတော့ လက်ကမ်းစာစောင်တွေကိုသယ်လာလို့။
“ချစ်စရာကောင်းတဲ့ ဆံနက်ပြာနဲ့ကောင်မလေး။ ခဏလောက် စောင့်ပါဦး။”
ကျွန်မလည်း အမယ်အိုကြီးက တောင်းဆိုတဲ့အတွက် ခဏရပ်လိုက်တယ်။ နက်ဆန်ကတော့ အမယ်အိုကြီးကို သံသယနဲ့ကြည့်လိုက်ပေမဲ့ ကျွန်မတော့ ဘာသံသယဖြစ်စရာမှ မတွေ့ပါဘူး။
“လက်ကမ်းစာစောင်လေး ကမ်းပေးရုံပါကွယ့်။ တစ်စုံတစ်ယောက်က အခပေးပြီး ကြော်ငြာထားတာ ဆိုတော့လေ။”
ကျွန်မလည်း ငြင်းမနေတော့ဘဲ လက်ကမ်းစာစောင်ကို ယူလိုက်ပါတယ်။ ကြည့်ရတာ အမယ်အိုကြီးမှာ သားထောက်နောက်ခံမရှိဘဲ ကျရာအလုပ်ကိုပဲ လုပ်နေရပုံပေါ်ပါတယ်။
“သမီးက ကြင်နာတတ်လိုက်တာ၊ တခြားတစ်ယောက်နဲ့ ကွာပါပေ့။ ကံမကုန်ရင် ထပ်တွေ့ရဦးမှာပါ။”
အမယ်အိုက နှုတ်ဆက်စကား ပြောပြီးတဲ့နောက် လာတုန်းကလိုပဲ ရုတ်တရက် ထွက်သွားတယ်။ နက်ဆန်ကတော့ အဖွားအိုကို မမြင်ရတော့တဲ့အထိ မျက်စိဒေါက်ထောက်ကြည့်လို့။
“ရှင်ဘာလို့ သူ့ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေတာလဲ။ ဟိုမှာ သူကြောက်သွားပြီ။”
ကျွန်မက အထွန့်တက်လိုက်တော့ နက်ဆန်က လက်ပိုက်ပြီး “ဒီအဖွားကြီးက သာမန်မဟုတ်ဘူး။ မင်းရဲ့ဆံပင်တွေ ပုံမှန်အရောင်မဟုတ်တာ သူမြင်နိုင်တယ်။”
ကျွန်မကတော့ သူ့စကားတွေကို ဘယ်ဘက်နားက နားထောင်ပြီး ညာဘက်နားကနေ ပြန်ထုတ်လိုက်တယ်။ အဲဒီနောက် လက်ကမ်းစာစောင်ကို သေချာဖွင့်ကြည့်လိုက်တော့...
“ဝိုး... အလယ်ခေတ်ရဲတိုက်ကြီးစတိုင် ကြယ်ငါးပွင့် ဟိုတယ်လား။ ကျွန်မတို့ ဒီညအဲဒီမှာ တည်းကြမယ်။”
ကျွန်မက နက်ဆန်ကို လက်ကမ်းစာစောင် ကမ်းပေးတယ်။ လက်ကမ်းစာစောင်ပေါ်မှာ ဧရာမရဲတိုက်နက်ကြီးတစ်ခုရဲ့ ပုံပါပြီး ကြယ်ငါးပွင့်ဟိုတယ် ရဲတိုက်နက်လို့ ရေးထားတယ်။ တခြားစာမျက်နှာတွေမှာတော့ ရနိုင်တဲ့ဝန်ဆောင်မှုတွေ အများကြီးကိုရေးထားတယ်။ နက်ဆန်ကတော့ သူ့ဖုန်းကို ထုတ်ပြီး အင်တာနက်မှာ ရှာကြည့်ပါတယ်။
“ထူးဆန်းတယ်၊ အင်တာနက်မှာ ဘာမှရှာမတွေ့ဘူး။”
“အဲဒါပိုမကောင်းဘူးလား။ လူသိပ်မသိဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။ ရှင်ရှာနေတာ ဒါမျိုးမဟုတ်လား။”
ကျွန်မက ပြောလိုက်ပေမဲ့ နက်ဆန်ကတော့ လက်ခံပုံ မရဘူး။ “ဒါဆိုရင် ဘာလို့ကြယ်ငါးပွင့် ဖြစ်နေတာလဲ။”
“ကြယ်ငါးပွင့် ရဲတိုက်နက် ဟိုတယ်ဆိုပြီး နာမည်နှစ်လုံး ဖြစ်နေတာမဖြစ်နိုင်ဘူးလား။ လူတွေမျက်စိလည်ပြီး လာတည်းအောင်လုပ်ထားတာနေမယ်။”
“ဒါဆိုရင်လည်း အင်တာနက်ပေါ်မှာ တစ်ယောက်ယောက် reviewပေးထားတာ ရှိသင့်တယ်။”
ကျွန်မကတော့ သူလေရှည်နေတာကို စိတ်မရှည်တော့ဘဲ သူ့အင်္ကျီလက်ကို ဖမ်းဆွဲလိုက်ပြီး စာထဲမှာရေးထားတဲ့ လိပ်စာအတိုင်း ပြေးသွားလိုက်တယ်။
ဟိုတယ်ကိုရောက်တော့ စာထဲမှာပြောထားတဲ့အတိုင်းပဲ တော်တော်ကြီးတယ်။ လေးထပ်မြင့်ပြီး အခန်းရှစ်ဆယ်ပဲ ပါတယ်ဆိုပေမဲ့ အခန်းအားလုံးက တကယ့်ရှယ်တွေချည်းပဲ ဖြစ်နေမှာသေချာတယ်။
ခြံဝန်းကိုက တော်တော်ကျယ်ပြီးတော့ ခြံဝန်းထဲမှာ နှင်းဆီပန်းခြုံတွေနဲ့တည်ဆောက်ထားတဲ့ ဝင်္ကပါကြီး တစ်ခုရှိတယ်။ ဟိုတယ်ရဲတိုက်ဝန်းကျင်မှာ ပိုးသတ်ဆေး ခတ်ထားတဲ့ ရေကန်ရှိပြီး မြို့ကျုံးတစ်ခုလိုမျိုး ရဲတိုက်ကို ဝန်းရံထားတယ်။
ရဲတိုက်ကိုယ်တိုင်ကတော့ အနက်ရောင်ကျောက်အုတ်သားနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ရုပ်ရှင်တွေထဲက အလယ်ခေတ်ရဲတိုက်နဲ့ သိပ်ကိုဆင်တူတယ်။ ကျွန်မတို့ ဧည့်ခန်းမထဲ ဝင်သွားလိုက်တော့ လူတစ်ယောက်ကိုမှ မတွေ့ရဘူး။ ဝန်ထမ်းရော ဧည့်သည်တွေပါ ရှိမနေပါဘူး။
ကောင်တာမှာတောင် လူမရှိဘူး။ ဒါပေမဲ့ လူခေါ်ခေါင်းလောင်း ရှိနေတာသတိထားမိတဲ့အတွက် ကျွန်မက လူခေါ်ခေါင်းလောင်းကို ဆယ့်ငါးစက္ကန့်ဆီ ခြားပြီးတော့ သုံးကြိမ်တီးလိုက်တယ်။
“ကြိုဆိုပါတယ်ရှင့် ဘာများကူညီပေးရမလဲ။” မကြာခင်မှာပဲ အနက်ရောင်နဲ့အဖြူရောင် ရောစပ်ထားတဲ့ ဆံပင်ပိုင်ရှင် မိန်းမလှတစ်ယောက် နောက်ခန်းထဲကနေ ထွက်လာတယ်။ ဝတ်ထားတာက ဧည့်ကြိုဝတ်စုံဖြစ်ပြီး အနံက ထူးဆန်းနေပါတယ်။
“ဒီအနံက အယ်ဇေးရှင်းနံလိုပဲ။ သူသုံးတဲ့ရေမွှေးက ထူးဆန်းလိုက်တာ။” လို့ တွေးမိပေမဲ့ တခြားတော့ မသင်္ကာဖြစ်စရာမရှိပါဘူး။
“နေ့ခင်းဘက် တည်ခိုးဖို့ရောက်လာတဲ့ ထူးထူးခြားခြား ဧည့်သည်တွေပါပဲ။ ပုံမှန်ဆိုရင် ကျွန်မတို့ဟိုတယ်က မနက်ပိုင်းသိပ်အလုပ်မများဘူးလေ။”
အမျိုးသမီးက ပြောလိုက်တယ်။ ကျွန်မလည်း လက်နှစ်ချောင်းထောင်ပြပြီး တစ်ယောက်ခန်းနှစ်ခန်း ရှိမရှိ မေးဖို့ပြင်လိုက်တယ်။ ဒီတစ်ခါတော့ ဟိုသေနာလေးနဲ့ တစ်ခန်းတည်းအတူမနေနိုင်ပေါင်။
“ဒါဆိုရင် တစ်ယောက်ခန်း....”
“ ကျေးဇူးပြုပြီး ပြင်သစ်Suiteအခန်းတစ်ခန်းပေးပါ။”
နက်ဆန်က ကျွန်မကိုဖြတ်ပြောလိုက်တယ်။ ဒါတော့ တမင်သက်သက် လုပ်တာမှန်းကျိန်းသေသွားပြီ။
“ရှင်...” ကျွန်မက တစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ မော်လီက ကျွန်မကို စိတ်ချင်းဆက်သွယ်ပြီး “ဒီလိုလုပ်တာ အကြောင်းရှိတယ်။ အခန်းထဲရောက်မှပြော”လို့ သတိပေးလာတယ်။
ဒီလိုနဲ့ကျွန်မအခန်းထဲရောက်တော့အထိ သည်းခံနေခဲ့တယ်။ အထုပ်အပိုးတွေလိုက်ပို့တဲ့သူကလည်း အဲဒီထူးဆန်းတဲ့ ရေမွှေးနံနဲ့အမျိုးသမီးကိုယ်တိုင်ဖြစ်နေတာကြောင့် ဝန်ဆောင်မှုဝန်ထမ်းမရှိဘူးလို့တောင် တွေးမိလာပြီ။ ပြီးတော့ စင်္ကြန်လမ်းတွေပေါ်မှာ လူသူကင်းမဲ့နေတယ်။ အခန်းသန့်ရှင်းရေးသမား တစ်ယောက်ကိုတောင်မှ မတွေ့ရဘူး။
“ကဲ.. ဒီတော့ ရှင်က ဘာဖြစ်လို့ နောက်တစ်ခါ မိသားစုခန်း တစ်ခုထပ်ယူရပြန်တာလဲ။ ကြည့်ရတာ အခန်းလွတ်တွေလည်း ရှိတဲ့ပုံပဲဥစ္စာ။”
ကျွန်မက ဟိုတယ်ဧည့်ခန်း စားပွဲပေါ်တင်ထားတဲ့ ကမ္ဘာလုံး အရုပ်ကလေးကို လှည့်ကစားရင်းမေးလိုက်တယ်။ အခန်းက လှပါတယ်။ ပြောစရာမရှိလောက်အောင်ကို လှနေတာ။ ဘာပဲပြောပြော သာမန်မိသားစုခန်းတောင်မဟုတ်ဘဲ Suite Roomလေ။ ဒီအထက်မှာ တော်ဝင်အခန်းပဲ ရှိတော့တာ။
“မင်းကို တစ်ယောက်တည်း ဒီဟိုတယ်မှာထားရင် တစ်ခုခုဖြစ်သွားမှာစိုးလို့။” သူက ပြန်ဖြေတယ်။ ကျွန်မ နားမလည်နိုင်ဘူး။ မော်လီကတော့
“နင်သတိမထားမိဘူးလား။ အဲဒီဧည့်ကြိုက သာမန်လူ မဟုတ်ဘူး။ ကိုယ်နံရတာနဲ့တင် သိသင့်တယ်။ အဲဒါက သမန်းဝံပုလွေပဲ။ ပြီးတော့ ဟိုတယ်အခန်းအများစုက ပြည့်နေပြီး မတူညီတဲ့မိစ္ဆာအငွေ့အသက်တွေရှိနေတယ်။”
“အဲဒီလိုလား” ဟိုတယ်ရဲ့ခမ်းနားမှုအောက်မှာ သတိလက်လွတ်ဖြစ်သွားလို့ ကျွန်မသေချာ သတိမထားမိခဲ့ပေမဲ့ တကယ်လည်း ကျောချမ်းစရာ ခံစားချက်တစ်ခုကို အခန်းတံခါးတွေရဲ့နောက်ကွယ်ကနေ ရနေတယ်။
“ဆယ်ဗီ၊ လန့်မသွားနဲ့။ ငါတို့တွေက အခု မကောင်းဆိုးဝါးနဲ့ မိစ္ဆာတွေတည်းခိုတဲ့ ဟိုတယ်ကိုရောက်လာတာပဲ။” နက်ဆန်က နေ