အသူရာဟိုတယ် (၃)
Vol. 1 Ch. 51
အခန်းထဲကိုရောက်ရောက်ချင်း ကျွန်မတို့တွေမေးဖြစ်တဲ့ အကြောင်းအရာက ဒီမိန်းကလေး ဘယ်ကနေဘယ်လို ဒီကိုရောက်လာလဲဆိုတာပါပဲ။ မိန်းကလေးက အတော်လေး တိတ်ဆိတ်နေခဲ့ပေမဲ့ ကျွန်မတို့မေးသမျှကိုတော့ ကောင်းကောင်းမွန်မွန် ပြန်ဖြေပါတယ်။
“ဒီက ညီမလေးနာမည်က။”
“နှင်းပါ။”
“နာမည်က ဆန်းသားပဲ။ ဘယ်ကနေ လာတာလဲဟင်။”
ကျွန်မက မေးလိုက်တော့ မိန်းကလေးက ရှက်သွားဟန်နဲ့ မျက်လွှာကို ချထားလိုက်ပြီး အခုလိုပြောပါတယ်။
“မြန်မာကနေပါ။ ကျွန်မနိုင်ငံမှာ ဟိုတယ်သင်တန်း တစ်လတက်ပြီးတဲ့နောက် အလုပ်သင်လျှောက်ခဲ့ပါတယ်။ ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ အလုပ်သင်ရတယ်ဆိုလို့ ပျော်နေခဲ့ပေမဲ့ ဒီနေရာက အဲဒီလိုနေရာမျိုး ဖြစ်နေမယ် မထင်ခဲ့ဘူးလေ။”
ကျွန်မက ဒီလိုလုပ်ငန်းခွင်မျိုးနဲ့မရင်းနှီးပေမဲ့ နိုင်ငံခြား ဟိုတယ်တစ်ခုမှာ အလုပ်သင်အဖြစ်လုပ်ရဖို့ဆိုတာ မလွယ်မှန်းတော့ နားလည်တယ်။ ဒါကြောင့် ဒီမိန်းကလေးက ဒီမှာအလုပ်ရတုန်းက သိပ်ပျော်နေခဲ့မှာ ကျိန်းသေတယ်။
“လာတုန်းကရော တစ်ယောက်တည်းပဲလား။”
“ကျွန်မနဲ့အတူ တခြားမိန်းကလေးနှစ်ယောက် ပါပါတယ်။ တစ်ယောက်က Room Diningပါ။ တခြားတစ်ယောက်က ဘားတိန်တာပါ။ ရောက်ရောက်ချင်း ကျွန်မတို့ကို ဒီရင်ထိုးလေးတွေ ပေးပါတယ်။”
နှင်းဆိုတဲ့ကောင်မလေးက သူ့ရင်ဘတ်မှာထိုးထားတဲ့ ရင်ထိုးကိုပြတယ်။ နှင်းဆီပုံရင်ထိုးလေးဖြစ်ပြီးတော့ အတော်လေးကြည့်ကောင်းတယ်။
“စာချုပ်ကတော့ တစ်နှစ်ပါရှင့်။ အထက်လူကြီးတွေက လိုအပ်သမျှသင်ပေးပေမဲ့ မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မစပ်စုဖို့ ပြောပါတယ်။”
မစပ်စုဖို့ပြောကတည်းက ကျောချမ်းစရာကောင်းတဲ့ နေရာတစ်ခုမှန်းသိနိုင်သားရယ်။ ဒါပေမဲ့ ကျွန်မမှာ မေးစရာ ကိစ္စတွေအများကြီးရှိနေသေးတယ်။
“ဒါဆို အဲဒီတခြားမိန်းကလေးနှစ်ယောက်ကရော...”
“ပြီးခဲ့တဲ့ လကပဲ ဆုံးသွားကြပါပြီ။”
“ဘယ်လိုဘယ်လို။”
“ သူတို့ရင်ထိုးတွေက သွေးစုပ်ဖုတ်ကောင်မင်းသားဖို့ မဟုတ်ဘဲ တခြားမျိုးရိုးမြင့်မကောင်းဆိုးဝါးတွေအဖို့ပါ။ အဲဒီလူတွေက အရင်လက ရောက်လာတာမလို့ သူတို့အစာ ဖြစ်သွားတာပါ။”
အဲဒီနောက် သူက ကျွန်မတို့ကို ဟိုတယ်ရဲ့လည်ပတ်ပုံ အကြောင်းရှင်းပြပါတယ်။
“ဒီဟိုတယ်မှာက အလုပ်သင်နဲ့အမြဲတမ်းဝန်ထမ်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အလုပ်သင်တွေက အမြဲတမ်းလူသားတွေ ဖြစ်ပြီးတော့ တစ်နှစ်စာချုပ်နဲ့ပါ။ အမြဲတမ်းဝန်ထမ်းတွေက မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေဖြစ်ပြီး နှစ်ရာနဲ့ချီအလုပ်လုပ်နေသူတွေတောင် ရှိကြပါတယ်။”
“အလုပ်သင်တိုင်းမှာရင်ထိုးရှိပြီး မျိုးရိုးမြင့်တစ်စုံတစ်ယောက်က သူတို့အစာအဖြစ် မှာယူထားတဲ့သဘောပါပဲ။”
“ သူတို့သတ်မှတ်ထားတဲ့အစားအစာရဲ့အရည်အသွေး ပြည့်မီမှသာ အလုပ်သင်အဖြစ်ခန့်ပါတယ်။ သာမန် စားသောက်ဆိုင်မှာမှာစားတဲ့ သာမန်လူတွေမစားအပ်တဲ့ အရာတွေကတော့ ကျပန်းဖမ်းလာတဲ့သူတွေဆီကပါ။”
ကြားရရုံနဲ့တင် ကြောက်စရာပါပဲ။ ဒီဟိုတယ်တစ်ခုလုံးက လူသတ်စက်လိုဖြစ်နေတာပေါ့။ နှင်းတို့လို အလုပ်သင်တွေက ခြံထဲမွေးထားတဲ့ ကြက်တွေနဲ့ ဆင်တူနေတယ်။
“ထွက်ပြေးဖို့ရော မကြိုးစားဖူးဘူးလား။” ကျွန်မ မေးကြည့်တော့
“တချို့အလုပ်သင်တွေ ထွက်ပြေးဖို့ကြိုးစားပေမဲ့ နေရာမှာပဲ အသတ်ခံရပါတယ်။ ပြီးရင် လူမြင်ကွင်းမှာ ပြထားတတ်တယ်။ ကျွန်မတို့ကို သတိပေးတဲ့အနေနဲ့ပေါ့။”
“ရက်စက်လိုက်တာ...” ကျွန်မ တုန်လှုပ်လွန်းလို့ ကိုယ့်ဒူးကိုယ်တောင် ပြန်ဖမ်းချုပ်ထားလိုက်မိပါတယ်။
“လွန်ခဲ့တဲ့လက Room Diningက ညီမလေးကို သူတို့တွေ အခန်းတစ်ခန်းစီ ခေါ်သွားကြပါတယ်။ သမန်းဝံပုလွေ တစ်ကောင်ရဲ့အခန်းပါ။ အခန်းထဲကို အပို့ခံရပြီးနောက် ပြန်မထွက်လာတော့ပါဘူး။ အဲဒီသမန်းဝံပုလွေ ဟိုတယ်က ထွက်သွားပြီး ကျွန်မအခန်းရှင်းတော့ သူ့ရဲ့တစ်စစီဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ကျွန်မမြင်ခဲ့ရပါတယ်။ အထက်လူကြီးတွေက ဒါကျွန်မအလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ပြောပြီး ရှင်းခိုင်းပါတယ်။”
“.....” နက်ဆန်က အဲဒီမိန်းကလေးကို ကြည့်လိုက်တယ်။ မိန်းကလေးက ကြောက်လွန်းလို့ တစ်ကိုယ်လုံး တုန်ယင်လို့။ ကိုယ့်သူငယ်ချင်းက ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး တစ်နေ့ကျရင် ကိုယ်လည်းဒီလိုကြုံရမယ်ဆိုတာ သိနေရတဲ့အတွက် အဲဒီအတွေ့အကြုံက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ။
“ကျွန်မလည်း အိပ်ရာခင်းနဲ့ ခြေတွေလက်တွေကိုထုတ်ပြီး လွှင့်ပစ်ခဲ့ရပါတယ်။”
ဒီအခိုက်အတန့်လေးမှာ ဖြစ်နိုင်ရင် ကျွန်မမှာ နားမပါပါစေနဲ့လို့ ဆုတောင်းမိတယ်။ ဒီမိန်းကလေးလည်း ဒီညမှာ အဲဒီလိုကံကြမ္မာမျိုးနဲ့ ကြုံရတော့မှာ သိရတဲ့အတွက် ကျွန်မ နက်ဆန်ကို ကြည့်လိုက်တယ်။
ပထမတော့ နက်ဆန်က ကူညီပေးချင်တဲ့ရုပ် မရှိဘူး။ သူက မိန်းကလေးရင်ဘတ်က ရင်ထိုးကို လက်ညိုးထိုးပြီးပြတယ်။
“အဲဒါက သွေးစုပ်ဖုတ်ကောင်မင်းသားရဲ့အပိုင်လို့ အဓိပ္ပါယ် ရတယ်။ ဒီနေ့လပြည့်ညမလို့ သူ့ကို မင်းသားက ဒီညသွေးစုပ်မှာပဲ။ ငါတို့သူ့ကိုကယ်လိုက်ရင် သွေးစုပ်ဖုတ်ကောင်တွေနဲ့ရော သမန်းဝံပုလွေတွေနဲ့ပါ စစ်ဖြစ်လိမ့်မယ်။ သွေးစုပ်ဖုတ်ကောင်မင်းသားက ဒီမှာဆိုရင် သမန်းဝံပုလွေဘုရင်ကလည်း ဒီမှာပဲရှိလိမ့်မယ်။”
ဒါကိုတော့ ကျွန်မသိတာပေါ့။ ဒါပေမဲ့ ဒီလိုအားနည်းတဲ့ မိန်းကလေးတစ်ယောက် ဒီနေရာမှာ သေသွားမှာကိုလည်း မကြည့်ရက်ပြန်ဘူး။ ဒါကြောင့် ကျွန်မက သူ့ကို မျက်နှာထား တင်းတင်းနဲ့ကြည့်ပြီး ပြောလိုက်တယ်။
“ဒါဖြင့်ရင် ဘာလို့ရှင့်ကိုယ်ရှင် အမှောင်မင်းသားလို့ ခေါ်နေသေးတာလဲ။ ရှင်မိန်းကလေးတစ်ယောက်ကိုတောင် မကယ်နိုင်ဘူးလား။ ရှင့်အဖိုးကို သစ္စာဖောက်သွားတဲ့ သူပုန်မျိုးနွယ်လေး နှစ်ယောက်ကိုတောင် မကာကွယ်နိုင်ဘူးလား။”
ကျွန်မပြောသမျှကို သူကငြိမ်ခံနေပြီး မျက်နှာကို လွှဲထားတယ်။ ခဏနေတော့ သူ့အရိပ်ထဲကနေ မော်လီ ထွက်သွားပြီး သူ့လက်ဝါးကို မြှောက်လိုက်တယ်။
ဖြန်း...
“နင်က ဘယ်သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာလဲ။ ကိုယ့်နေရာကိုယ်သိ....”
ကျွန်မ အံ့ဩသွားခဲ့တယ်။ မော်လီက ကျွန်မကို အခုလိုမျိုး ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဖူးပါဘူး။ နောက်တော့ သူက နက်ဆန်ရဲ့နောက်မှာရပ်နေလိုက်ပြီး ကျွန်မကို စိတ်ပျက်နေတဲ့လေသံနဲ့ ပြောတယ်။
“သခင်တစ်ယောက်တည်းသာဆိုရင် အဲဒီနှစ်ယောက်ကို ယှဥ်ပြိုင်ပြီးစစ်ခင်းဖို့ဆိုတာ အခက်အခဲမရှိဘူး။ ငါက သူတို့နှစ်ယောက်ထက် အားနည်းတယ်ဆိုပေမဲ့ အနည်းဆုံးတော့ ဖုတ်ကောင်ဘုရင်မ ဖြစ်နေသေးတယ်။ အိုလီရာနာပါပါရင် နိုင်ခြေရှိတယ်။ ဒါပေမဲ့ တကယ့်ပြဿနာက...”
သူက ကျွန်မကို ကြည့်လိုက်တယ်။ ဒီနေရာမှာ ကျွန်မက ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့သူပါ။ နက်ဆန်က ကျွန်မကို စိုးရိမ်နေတဲ့အတွက် တိုက်ဖို့တွန့်ဆုတ်နေတာ။
“ငါတို့ လူတစ်ယောက်ကိုကာကွယ်ကောင်း ကာကွယ်နိုင်ပေမဲ့ နှစ်ယောက်ဆိုရင်တော့....”
သူတို့စကားမဆုံးသေးခင်မှာပဲ ကျွန်မအကြံတစ်ခု ရလာတယ်။ အဲဒီနောက် နက်ဆန်ကို ပြုံးပြုံးကြီးစိုက်ကြည့်ပြီး (ပြုံးထားပေမဲ့ အရိုက်ခံထားရတာကြောင့်နာနေ။)
“ဒါနဲ့လေ ရှင်သိလား၊ ရှင့်အချစ်တော်ကြီး မိုနီကာလည်း ဒီမှာရောက်နေတယ်။ သူက စကူးဘတ်မင်းသမီးမဟုတ်လား။ ကျွန်မတို့ ယာယီ မဟာမိတ်ဖွဲ့ကြရင်ရော။”
ကျွန်မအကြံကိုလည်းကြားရော သူတို့နှစ်ယောက်လုံးက ကျွန်မကို မျက်လုံးတွေမှေးပြီး ကြည့်လိုက်ကြလေရဲ့။ ဘာလဲ၊ ဒီလိုအကြည့်မျိုးက။
“အမှိုက်မ၊ နင်တကယ် ရူးသွားပြီပဲ။” မော်လီက ကောက်ချက် ချလိုက်တယ်။
“မိုနီကာပါ ဒီမှာရှိနေတယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်နဲ့ သမန်းဝံပုလွေအပြင် သူအလစ်ဝင်တိုက်ပြီး နင့်ကိုသတ်မှာ ကိုပါ စိုးရိမ်ရတော့မယ်။”
“.....” ဒါလည်းဟုတ်တာပဲ။ မိုနီကာက ကျွန်မကို အကြောင်းအရင်းမရှိ အသေသတ်ချင်နေတဲ့ အချစ်ရူးမလေ။
“ဒါပေမဲ့၊ ဒါနဲ့ပဲ လက်လျှော့လိုက်တော့မှာလား။” ကျွန်မ ပြောလိုက်တော့ အားလုံးငေးငိုင်သွားကြတယ်။ နက်ဆန်က အဆိုးဆုံးပေါ့။
“ငါ့တာဝန်က အမှောင်ထုကိုအားကိုးပြီး မကောင်းမှုလုပ်နေသူတွေကို ချေမှုန်းဖို့ပဲ။ ဒီနှစ်ယောက်ကို ငါတို့လစ်လျူရှုထားလို့မရဘူး။”
ဒါပေမဲ့ နက်ဆန်ကိုယ်တိုင်မှာလည်း အကြံမရှိဖြစ်နေပုံပါပဲ။ ဒါနဲ့ကျွန်မက အကြံတစ်ခုပေးလိုက်တယ်။
“ သူတို့နဲ့ရင်မဆိုင်ဘဲ ဒီမိန်းကလေးကိုပဲ တိတ်တဆိတ် ခေါ်ထုတ်သွားမယ်ဆိုရင်ရော...”
ဒီတစ်ခါလည်း နက်ဆန်က ခေါင်းခါပြန်တယ်။ “အဲဒီ ရင်ထိုးတွေက မှော်စီရင်ထားတာ။ သူဘယ်မှာရှိနေလဲ ရင်ထိုးရဲ့ပိုင်ရှင်ကသိတယ်။ အခုဒီအခန်းထဲမှာ သူရှိနေတာတောင် သူတို့သိလောက်တယ်။ ဒီအတိုင်း မလှုပ်ရှားသေးတာဖြစ်နိုင်တယ်။ ပြီးတော့...”
နက်ဆန်က သက်ပြင်းချလိုက်ပြီး “ဒီမိန်းကလေးတစ်ယောက်တည်းကိုပဲ ကယ်ရုံနဲ့ ဇာတ်လမ်းက ပြီးမယ်ထင်နေလား။ ဒီနေရာကို ဆက်ဖွင့်ခွင့်ပေးထားရင် အနာဂတ်မှာ နှင်းလိုမိန်းကလေးတွေ ထောင်နဲ့ချီပြီး ဆက်ရှိနေဦးမှာပဲ။”
“ဒါဖြင့်ရင် ဟိုတယ်ကိုဖျက်ဆီးပစ်ရမယ်လို့ ဆိုလိုတာလား။”
ဒါပေမဲ့ နက်ဆန်က ကျွန်မတို့မှာ ဒီမိန်းကလေးကို ကယ်ဖို့တောင် အင်အားလုံလောက်မှု မရှိဘူးလို့ ထောက်ပြခဲ့တဲ့သူလေ။ ဟိုတယ်တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
“နည်းလမ်းတစ်ခုတော့ရှိတယ်။ အဲဒါက သူတို့ဆီကို တိုက်ရိုက်သွားပြီး ညှိနှိုင်းဖို့ပဲ။” နက်ဆန်ပြောတဲ့စကားကြောင့် ကျွန်မ မျက်စိလည်သွားတယ်။ မော်လီကတော့ ရှင်းပြပေးပါတယ်။
“ အမှောင်ကျောင်းတော်က ပြိုကွဲနေပေမဲ့လည်း ကျောင်း ခုနစ်ကျောင်းထဲက တစ်ခုဖြစ်နေဆဲပဲ။ ငါတို့ရဲ့ ခွန်အားအစစ်ကို ငါတို့ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှမသိဘူး။ သခင်ဟာ သူတို့နဲ့ညှိနှိုင်းမယ်ဆိုရင် သူတို့ ဒီကိစ္စကို သဘောတူကောင်းတူတူနိုင်တယ်။”
ညှိနှိုင်းမယ်လို့ ပြောလိုက်တာလား။ ဖိအားပေးတာမျိုး မဟုတ်သလို တောင်းဆိုတာမျိုးလည်းမဟုတ်ဘူး။ တစ်ခုခုကို ပြန်ပေးကိုပေးရမယ်ဆိုတဲ့သဘော။ အမှောင်ကျောင်းတော်က အခုအချိန်မှာ အားနည်းနေတဲ့အတွက် တစ်ဖက်သားကို အတင်းအကျပ် စေခိုင်းဖို့မဖြစ်နိုင်ဘူး။
“မရရင်တော့ အားနည်းနည်းသုံးကြည့်ရတာပေါ့။” နက်ဆန်က ဒေါသနဲ့ပြောလိုက်တယ်။ ပြီးတဲ့နောက် အခန်းတံခါးဝဆီကို သွားလိုက်ပြီး...
“မင်းတို့နှစ်ယောက်လည်း ငါနဲ့လိုက်ခဲ့ရမယ်။” နက်ဆန်က ကျွန်မကိုကြည့်လိုက်တယ်။ ဒီတစ်ခါတော့ သူက ကျွန်မကို ထားခဲ့ဖို့ စိတ်မချပုံပါပဲ။
“ငါတို့အခုချက်ချင်း သွေးစုပ်ဖုတ်ကောင်မင်းသားနဲ့ သမန်းဝံပုလွေဘုရင်ကို တွေ့ကြမယ်။”
နောက်တော့ ကျွန်မတို့အုပ်စု အခန်းထဲကနေ လက်နက် အပြည့်နဲ့ ထွက်လိုက်ကြတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်း ဆိုသလိုပဲ ကျွန်မတို့အခန်းဘေးက အခန်းရဲ့တံခါးလည်း ပွင့်လာပြီး ဂေါ့သစ်ဂါဝန်ကိုလှလှပပ ဝတ်စားထားတဲ့ ခရမ်းရောင်ဆံပင်၊ သိုးချိုနဲ့မိန်းကလေးလည်း ထွက်လာပါလေရော။
“အာ့ရာ့.. တိုက်ဆိုင်လိုက်တာ၊ ဒါလင်ကို ဒီနေရာမှာ တွေ့ရမယ်လို့ ထင်မထားဘူး။”
မိုနီကာက တမင်သက်သက် မြူဆွယ်သံပါတဲ့အသံနဲ့ ပြောလိုက်တော့ နက်ဆန့်လက်ထဲမှာ စုံတွဲဓားက ချက်ချင်း ပျော်လာတယ်။ မိုနီကာကတော့ မကြောက်မရွံ ပြုံးလိုက်ပြီး
“ဒါလင်က ကျွန်မကို တွေ့တွေ့ချင်း ဓားနဲ့နှုတ်ဆက်တော့မလို့လား။ ဒီနေ့က အလုပ်ကိစ္စနဲ့လာတာမလို့ ကျွန်မက ရှင့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးကို မထိပါဘူးနော်။”
သူက ကျွန်မဘက်ကိုကြည့်ပြီး အိမ်မွေးတိရစ္ဆာန်လေးလို့ ပြောလိုက်တဲ့အတွက် နည်းနည်းဒေါသထွက်သွားတယ်။ ဒါပေမဲ့ မိုနီကာကတော့ ကျွန်မခံစားချက်တွေကို လုံးဝ ဂရုမစိုက်ဘူးရယ်။
“ဒီနေ့က သခင်အဲဘတ်နဲ့သခင်ကလာဒီတို့ရဲ့မင်္ဂလာနှစ်ပတ်လည်ပဲ။ ဒီတော့ စင်္ကြန်လမ်းပေါ်မှာ မတိုက်ခိုက်တာကောင်းတယ်။”
ဒီတော့မှ နက်ဆန်လည်း ဓားကိုပြန်သိမ်းထားလိုက်တယ်။ ကျွန်မကတော့ ကလာဒီဆိုတဲ့နာမည်ကို ပြန်တွေးနေတယ်။ ဟိုသွေးစုပ်ဖုတ်ကောင်ကိုပြောတုန်းကကျ ကလာဒီရာလို့ ပြောလိုက်တာမဟုတ်လား။ မော်လီက ကျွန်မစိတ်ရှုပ်နေတာကို သတိထားမိပြီး အသိပေးလိုက်တယ်။
“ကလာဒီရာက ကလာဒီဆိုတဲ့နာမည်ကို မိန်းကလေးဗားရှင်း ပြောင်းခေါ်တာ။ သွေးစုပ်ဖုတ်ကောင်တွေရှေ့မှာ မင်းသား နာမည်ကို ကလာဒီလို့ခေါ်မိရင် မိုးဆုံးမြေဆုံးပြေးလို့လွတ်မှာမဟုတ်ဘူး။ နောက်ကျရင် နင်သူတို့စုံတွဲနဲ့ တွေ့ပါလိမ့်မယ်။”
ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ သိချင်နေတာလေးတွေ အများကြီးရှိသေးတယ်။ ဒါနဲ့ပဲ မော်လီကို တဖြည်းဖြည်းချင်း မေးကြည့်ပါတယ်။
“သွေးစုပ်ဖုတ်ကောင်မင်းသားဆိုတော့ သူ့အထက်မှာ သွေးစုပ်ဖုတ်ကောင်ဘုရင်တို့ဘာတို့ ရှိသေးတာလား။”
“မရှိဘူး။ သွေးစုပ်ဖုတ်ကောင်မင်းသားဆိုတာက အစဥ်အလာအရ သွေးစုပ်ဖုတ်ကောင်တွေရဲ့ဦးလျှောင်ပဲ။ သွေးစုပ်ဖုတ်ကောင်တွေရဲ့ပထမဆုံးအုပ်ချုပ်သူ ဗလက် ဒရယ်ကူလာက ဗလားကီးယားမင်းသားအုပ်ချုပ်ခံတိုင်းပြည်ရဲ့မင်းသား ဖြစ်တဲ့အတွက်ကြောင့် သူတို့အုပ်ချုပ်သူတွေကို မင်းသားလို့ခေါ်တာ။”
အဲဒီလိုလား။ ပြောရရင်တော့ ရိုးရာဂုဏ်ပုဒ်တစ်ခု ဆိုပါတော့။ ကျွန်မတို့စကားပြောနေတုန်း စင်္ကြန်လမ်းအတိုင်း ဆက်လျှောက်ကြတယ်။ နက်ဆန်က ရှေ့ကနေ ဦးဆောင်သွားနေပြီး မိုနီကာက သူ့ဘေးကနေ အတင်းပခုံးချင်းယှဥ်လျှောက်တယ်။ ပထမတော့ လက်ကို ကိုင်ဖို့ကြိုးစားပေမဲ့ ဟိုက ဓားနဲ့ပြန်ထောက်ထားတဲ့အတွက် လက်လျှော့လိုက်ရတာ။
နောက်တော့ ကျွန်မတို့တွေ ဓာတ်လှေကားတစ်ခုထဲ ဝင်ပြီး အပေါ်ဆုံးထပ်ကို တက်လိုက်ကြတယ်။ မိုနီကာက ကျွန်မတို့ကို ကြည့်ပြီးသတိပေးလိုက်တယ်။
“ ပူးတွဲပဒေသရာဇ်မင်းဆက်ရဲ့ဦးလျှောင်နှစ်ယောက်က ဟိုတယ်ရဲ့တော်ဝင်အခန်းမှာ နားနေတယ်။ အခုက ဧည့်တွေ့ချိန်မလို့ အဆင့်အတန်းတူတဲ့ ငါတို့က သူတို့ကို နှုတ်ဆက်တဲ့အနေနဲ့ ဝင်လို့ရတယ်။”
အမှောင်မင်းသား၊ ဖုတ်ကောင်ဘုရင်မနဲ့ စကူးဘတ် မင်းသမီး။ ပြောရရင် သူတို့အားလုံးက တော်ဝင်မျိုးတွေပါ။ ဒါပေမဲ့ ခဏနေတော့ မိုနီကာက ကျွန်မနဲ့အိုလီရာနာကို ကြည့်ပြီး....
“အသေးလေးက သစ်တောသူတော်စင်ဆိုတော့ ထားတော့။ ဆံပင်နက်ပြောလေးနဲ့ဟိုဝန်ထမ်းကတော့ သူတို့ကို ကြမ်းပြင်မှာဒူးတစ်ဖက် ထောက်ပြီးခစားရလိမ့်မယ်။” ဒါက ဓလေ့ထုံးတမ်းဆိုပေမဲ့ ကျွန်မကြမ်းပြင်မှာ ဘယ်လိုဒူးထောက်ပြီး ခစားရမှန်း သိတာမဟုတ်ဘူးရယ်။