အသူရာဟိုတယ် (၄)
Vol. 1 Ch. 52
ဒီဟိုတယ်မှာ အလုပ်စရတုန်းက ကျွန်မသိပ်ပျော်နေခဲ့တာ။
ဝါသနာလို့ပြောရမလားမသိပေမဲ့ ဟိုးအရင်ကတည်းက ကျွန်မက ဟိုတယ်အကြီးကြီးတွေကို သဘောကျခဲ့တာ။ အိမ်က ငွေကြေးမတက်နိုင်တာမလို့ ဘွဲ့မရခဲ့ပေမဲ့ ဟိုတယ် သင်တန်းတက်ပြီးတော့ နိုင်ငံရပ်ခြားက ဟိုတယ်တစ်ခုခုမှာ အလုပ်ရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်မရဲ့ကိုယ်ရေးအကျဥ်းကို ရှိသမျှအလုပ်ရှာတဲ့ websiteတွေနဲ့ အေဂျင်စီတွေဆီ ပို့ထားခဲ့တာ။
ပြန်ပြီးအကြောင်းကြားစာရလာတဲ့ဟိုတယ်က ကြယ်ငါးပွင့် ဟိုတယ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
“အမေရေ၊ အမေ့သမီး လူတွေ့အင်တာဗျူးရတော့မယ်။”
ကျွန်မစိတ်ထဲမှာ ပျော်ရွှင်မှုတွေပဲ ကြီးစိုးနေခဲ့တာပေါ့။ ကျွန်မလို ဘာလုပ်ငန်းအတွေ့အကြုံမှ မရှိတဲ့ လူငယ်တစ်ယောက်အဖို့ ဟိုတယ်လုပ်ငန်းခွင်မှာ အလုပ်ဝင်ဖို့ဆိုတာ အလုပ်သင်အဖြစ်ကနေ စမှဖြစ်တာမျိုးပါ။ ပြီးတော့ အခုလိုနိုင်ငံရပ်ခြားက ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်ခုမှာ လုပ်ခွင့်ရတယ်ဆိုတာ အတွေ့အကြုံကောင်းတစ်ခုပဲလေ။ နောင်အနာဂတ်မှာ ကိုယ့်ရဲ့ကိုယ်ရေးအကျဥ်းမှတ်တမ်းထဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထည့်လို့ရတဲ့အရာမျိုး။
အင်တာဗျူးတော့လည်း သိပ်ပြီးထွေထွေထူးထူးမရှိဘူး။ ဖုန်းကနေတစ်ဆင့် ဗီဒီယိုကောလ်ခေါ်ပြီး လူချင်းတွေ့ နှုတ်ဆက်စကားပြော။ အခြေခံဟိုတယ်အသုံးအနှုန်းတွေကို မေးရုံလောက်ပဲရှိခဲ့တာ။
“မင်းက ဟိုတယ်နဲ့ပတ်သက်ပြီး တော်တော်ဗဟုသုတရှိတာ တွေ့ရတယ်။ လက်တွေ့လုပ်ပြီး နှစ်နည်းနည်းလောက် ကြိုးစားလိုက်တာနဲ့ ကျွမ်းကျင်ဝန်ထမ်းတစ်ယောက် ဖြစ်လာမှာသေချာတယ်။”
အင်တာဗျူးတဲ့ မန်နေဂျာက ကျွန်မကိုချီးကျူးလိုက်ပေမဲ့ သူက တခြားကိစ္စတစ်ခုလုပ်ချင်သေးဟန်နဲ့ ပြောပါတယ်။
“ဒါနဲ့၊ ငါတို့ကုမ္ပဏီက အထက်အရာရှိကြီးတွေက ဒီနှစ် အလုပ်သင်တွေကို ကိုယ်တိုင်တွေ့ချင်နေကြတယ်။ သူတို့ကို ပုံမှန်အတိုင်းပဲ နှုတ်ဆက်ကြည့်လိုက်ပါ။ လန့်မသွားပါနဲ့။”
နောက်တော့ သူတို့ပြောတဲ့ အထက်အရာရှိတွေဆိုတဲ့ လူတွေက ကျွန်မကိုတစ်ယောက်ချင်းထွက်လာပြီး နှုတ်ဆက်ကြတယ်။ သူတို့အများစုက အေးတိအေးစက် ဖြစ်နေပြီး ကုမ္ပဏီရဲ့ပေါ်လစီအရ လာနှုတ်ဆက်ရုံသက်သက် ဖြစ်ပုံပေါ်ပြီး ရင်ထဲကမပါဘူးလို့ ကျွန်မတွေးမိတယ်။
ဇာပုဝါနဲ့မျက်နှာကို ဖုံးထားပြီး ဂေါ့သစ်ဆန်ဆန်ဂါဝန်ကို ဝတ်ထားတဲ့ အမျိုးသမီး ရောက်မလာခင်အထိပေါ့။
အဲဒီအမျိုးသမီးရဲ့ခန္ဓာကိုယ်က ပိန်လှီသေးသွယ်ပြီး အသားအရေက ကြွေလိုပဲ။ ဆံပင်တွေက ရွှေရောင်ဖြစ်ပြီး ဂုတ်ဝဲညှပ်ထားတယ်။ အခုခေတ်စားတဲ့ အတိုအဖြောင့် မဟုတ်ဘဲ မာလင်မွန်ရိုးလိုမျိုး အကြေကောက်ထားတာ။ မျက်နှာကို သေချာမမြင်ရပေမဲ့ သိပ်ကိုလှပတယ်လို့ ပြောနိုင်တယ်။ တစ်ခုပဲ။ သူ့မျက်လုံးတွေက ပုံမှန်နဲ့ မတူဘဲ အနီရောင်ဖြစ်နေခဲ့တာ။ အပြင်မှာမြင်ရတာမဟုတ်ပေမဲ့ ဖုန်းထဲက တွေ့ရုံနဲ့တင် အရှိန်အဝါအလွန်ပြင်းထန်တဲ့ အမျိုးသမီးမှန်းသိနိုင်တယ်။
“ဒီက ဂုဏ်သရေရှိအမျိုးသမီးကတော့ ကျုပ်တို့ရဲတိုက်နက် ဟိုတယ်ရဲ့ပူးတွဲပိုင်ရှင် လေဒီ ကလာဒီယာပါပဲ။ ဟိုတယ်မှာ အမြဲတမ်းမရှိပေမဲ့ နှစ်တိုင်းဒီလိုအချိန်ဆိုရင် လာရောက် စစ်ဆေးတတ်ပါတယ်။ လူသစ်တွေကို အင်တာဗျူးနေတာနဲ့ ကြုံလို့ မင်းတို့ကို လာနှုတ်ဆက်တာပါ။”
အဲဒီအမျိုးသမီးက ပတ္တမြားလိုမျက်လုံးတွေနဲ့ ကျွန်မကို အကဲခတ်ပြီးနောက် နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ရင်း ပြောလာတယ်။
“တကယ့်ကို ပြစ်မျိုးမှဲ့မထင်အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပဲ။ အသက် ၁၈ နှစ်နဲ့ အပျိုစင်စစ်စစ်တဲ့လား။ အခုခေတ်မှာရခဲတဲ့ ရှားပါးရတနာဆိုပါတော့။”
ဒီအချက်အလက်တွေက သူတို့ဟိုတယ်အတွက် ဘယ်လို အရေးကြီးလို့ ထည့်ပြောတာလဲ ကျွန်မ နားမလည်ခဲ့ပေမဲ့ ဟိုတယ်ပိုင်ရှင်ဆီကနေ တိုက်ရိုက်ချီးကျူးခံရလို့ အဲဒီ အချိန်တုန်းက ပျော်နေခဲ့တာ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လေဒီကလာဒီရာရဲ့အသံက နည်းနည်းဩသလို ခံစားမိတယ်။ ပြီးတော့ သူ့လည်ချောင်းပေါ်မှာ သိပ်မထင်ရှားပေမဲ့ နည်းနည်းဖောင်းထွက်နေတဲ့ အရာတစ်ခုရှိနေပြီး အဲဒါကို ဇာသားလည်ပတ်နဲ့ဖုံးထားတယ်။ ‘လည်စေ့’လားလို့ တွေးမိပေမဲ့ တခြားနေရာတိုင်းက မိန်းကလေးနဲ့တူလွန်းတာကြောင့် ကျွန်မမရေမရာဖြစ်လာတယ်။
“ဒီတော့ ငါ့ရဲ့နှင်းပွင့်လေးရေ၊ နောက်နှစ်ဒီလိုအချိန်ကျရင် ပြန်တွေ့ကြမယ်နော်။”
အဲဒီနောက်တော့ သူက ကျွန်မကိုဆက်မပြောတော့ဘဲ ထွက်သွားခဲ့တယ်။
...
ဟိုတယ်ကို ရောက်ရောက်ချင်းတော့ သူတို့က ဟိုတယ်ကို တစ်ပတ်ပတ်ပြပါတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဟိုတယ်က နေ့ခင်းပိုင်းအချိန်မှာ ဝန်ထမ်းရောဧည့်သည်ပါ မရှိဖြစ်နေရတာလဲ ကျွန်မ နားမလည်ဘူး။ ကျွန်မတို့ကို ဦးဆောင်တဲ့သူကလည်း အမျိုးသမီးတစ်ယောက်တည်းပဲ ဖြစ်ပြီးတော့ သူ့ဆီကနေ ထူးဆန်းတဲ့ ရေမွှေးနံတစ်မျိုးကို ရနေတယ်။ ခွေးတစ်ကောင်ဆီက ရတဲ့အနံလိုမျိုးပဲ။
အလုပ်သင်အများစုက နိုင်ငံပေါင်းစုံက လာတာဖြစ်ပြီး ကျွန်မက သူတို့ထဲက တစ်ယောက်နဲ့အလျင်အမြန်ပဲ ခင်မိသွားခဲ့ပါတယ်။ သူ့ကိုတော့ ဒါရိုက်တာတစ်ယောက်က သေချာနှုတ်ဆက်ခဲ့တယ်လို့ပြောပါတယ်။
ဟိုတယ်တစ်ပတ် လိုက်ပြတ်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့ကို ယူနီဖောင်းတွေ ထုတ်ပေးမယ့်အချိန် ရောက်လာပါတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်မစိတ်ထဲ မေးခွန်းတစ်ခုပေါ်လာပြီး အဲဲဒီဦးဆောင်တဲ့ အမျိုးသမီးကို မေးလိုက်ပါတယ်။
“ကျွန်မတို့က အလုပ်သင်တွေဆိုတော့ ကျွန်မတို့ရှေ့က စီနီယာအလုပ်သင်တွေလည်း ရှိမှာပေါ့နော်။ သူတို့ဆီက အများကြီးပြန်သင်ယူရမယ်ထင်တယ်။”
ကျွန်မက အဖြူထည်အတွေးနဲ့ပြောလိုက်တာဆိုပေမဲ့ ထူးဆန်းတဲ့ရေမွှေးနံနဲ့အမျိုးသမီးက ကျွန်မကို ထူးဆန်းတဲ့ အကြည့်နဲ့ကြည့်ပြီး ပြောလိုက်တယ်။
“ညီမလေး၊ စိတ်မကောင်းပေမဲ့ အစ်မတို့ဟိုတယ်က ပထမဆုံးအကြိမ်အနေနဲ့ အလုပ်သင်ခေါ်တာဖြစ်လို့ အရင်အလုပ်သင်ဆိုတာမျိုး မရှိပါဘူး။”
နောက်တော့ သူက ကျွန်မတို့ကို မျက်မမြင်အပ်ချုပ်ဆရာကြီး တစ်ယောက်ဆီခေါ်သွားပေးပြီး ယူနီဖောင်းတွေကို အသင့် ပြင်ပေးပါတယ်။ ယူနီဖောင်းတွေက အရင်ဝန်ထမ်းဟောင်း တွေကနေ အဟောင်းတွေဖြစ်ပုံရပြီး နံပါတ်ဟောင်းတွေကို ဖြုတ်ပစ်နေတာ မြင်ရတယ်။
“မင်းရဲ့အိုင်ဒီနံပါတ်က ၁၃၆၈။ ယူနီဖောင်းထုတ်ရင် အဲဒီနံပါတ်ကို ပြောဖို့လိုတာမလို့ မမေ့နဲ့။”
ယူနီဖောင်းခန်းထဲလှည့်ပတ်ကြည့်နေရင်းကနေ အလုပ်သင်တွေအားလုံးရဲ့နံပါတ်က ၁၃နဲ့စမှန်း ကျွန်မ သတိထားမိလိုက်တယ်။ သာမန်ဝန်ထမ်းတွေအတွက်က ၄၅ နဲ့စထားတာ။ အဲဲဒီနောက်တော့ ကျွန်မမျက်လုံးတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ နံပါတ်ဟောင်းတွေဆီ ရောက်သွားပြီး စိတ်ရှုပ်သွားတယ်။
‘အရင်ကအလုပ်သင်မရှိဘူးဆိုရင် ဘာလို့နံပါတ်ဟောင်းတွေက အလုပ်သင်နံပါတ်တွေ ဖြစ်နေရတာလဲ။’လို့ ကျွန်မတွေးမိပေမဲ့ ကြိုက်ပုံမပေါ်တာနဲ့ မမေးဖြစ်လိုက်ဘူး။
...
အလုပ်သင်အနေနဲ့ပထမဆုံးလမှာ လုပ်ရတာက အခန်း သန့်ရှင်းရေးမဟုတ်ဘဲ စားသောက်ဆိုင်၊ ဧည့်ခန်းမနဲ့ အခြားပြင်ပဧရိယာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ တာဝန်ပါ။ မနက်ပိုင်း လူမရှိပေမဲ့ ညပိုင်းလူများတတ်တဲ့ ဟိုတယ်ရဲ့ ထုံးတမ်းအစဥ်အလာကိုလည်း ကျွန်မ နားလည်စပြုနေပါပြီ။ သောကြာနေ့ညတိုင်း ပင်မစားသောက်ဆိုင်မှာ ညစာစားပွဲ အကြီးစားတစ်ခုလုပ်လေ့ရှိပြီး အဲဒီနေ့ကို ပထမဆုံးကြုံဖူးတဲ့ အတွေ့အကြုံကြောင့် ဒီဟိုတယ်ဟာ ပုံမှန်မဟုတ်မှန်း ကျွန်မ သတိထားမိလိုက်တာ။
လူများတဲ့အတွက်ကြောင့် အဲဒီနေရာမှာ တစ်ခုခုဖိတ်ကျရင် သန့်ရှင်းရေးတန်းလုပ်ဖို့ အဲဒီညက ကျွန်မကို အဲဒီနေရာမှာ အသင့်အနေအထားနဲ့ စောင့်ခိုင်းထားခဲ့တယ်။
အဲဒီမှာ သူတို့စားသောက်နေတဲ့အရာတွေက ပုံမှန်မဟုတ်မှန်း သတီထားခဲ့မိတာပဲ။ အရက်ဘားကောင်တာမှာ ချိတ်ထားတဲ့ မီနူးက သောက်စရာတိုင်းရဲ့ဘေးမှာ သွေးပါဝင်မှုပမာဏလို့ ရေးထားပြီး အယ်ကိုဟောလ်ပါဝင်မှုပမာဏလို့ ရေးထားတာ မဟုတ်ဘူး။
ပါဝင်မှုပမာဏများလေ စျေးကြီးလေဖြစ်ပြီး ရာနှုန်းပြည့်က စျေးအကြီးဆုံးပါ။ အို၊ အေဘီ စသည်ဖြင့်လည်း အမျိုးမျိုး ရွေးလို့ရနေသေးတယ်။ ပထမတော့ ဟောလိုးဝင်းပွဲတော်လို ပုံစံမျိုးကျင်းပတယ်ထင်ခဲ့ပေမဲ့ ဧည့်သည်တွေက သူဌေး တစ်ယောက်က ရာနှုန်းပြည့်သွေးကိုမှာလိုက်ချိန်မှာတော့ ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရ တော့တာပါပဲ။
ဘားတိန်တာတွေက စားသောက်ဆိုင်နောက်ကနေ တစ်စုံတစ်ခုကို ဆွဲယူလာကြတယ်။ တစ်ကိုယ်လုံး ကြိုးအပြည့်တုပ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့တစ်ကိုယ်လုံးမှာ ကိုက်ရာတွေ၊ အစွယ်ရာတွေနဲ့ပြည့်နေတယ်။
အဲဒီလူအုပ်စု စားသောက်ဆိုင်ထဲဝင်လာတာနဲ့ သွေးရာနှုန်းပြည့် မမှာနိုင်တဲ့ ဧည့်သည်တွေက အသံကျယ်ကြီးတွေပြုလုပ်ပြီး အဲဒီသူဌေးကို ဩဘာပေးကြတယ်။
နောက်တော့ အဲဒီသူဌေးပါးစပ်ကနေ အစွယ်တွေငေါထွက်လာပြီး အဲဒီအမျိုးသမီးနဲ့လည်ပင်းကို ကိုက်ချလိုက်တယ်။ ကျွန်မရှေ့မှာတင် အဲဲဒီအမျိုးသမီး အကြောဆွဲပြီးလဲကျသွားတာ မြင်ရတယ်။ ကျန်တဲ့သူတွေက တားမြစ်မယ့်ပုံမရှိဘဲ လွှတ်ပေးထားကြတယ်။ နောက်ဆုံးတော့ အမျိုးသမီးရဲ့လှုပ်ရှားမှုတွေက ငြိမ်ကျသွားပြီး သေဆုံးသွားပြီဖြစ်မှန်း ကျွန်မသိလိုက်ရတယ်။ ဘားတိန်တာတွေက အဲဒီ အမျိုးသမီးရဲ့သက်မဲ့ခန္ဓာကိုယ်ကို နောက်ကိုပြန်ဆွဲထုတ်သွားတယ်။ ကျွန်မကတော့ အဲဒီမြင်ကွင်းကြောင့် နေရာမှာတင် အကြောင်သား ရပ်နေခဲ့မိတော့တာပါပဲ။
...
တော်ဝင်အခန်းကိုသွားတဲ့လမ်းတစ်လျှောက်မှာ နှင်းက ကျွန်မတို့ကို ဒီဟိုတယ်နဲ့ပတ်သက်တဲ့ သူ့ရဲ့အတွေ့အကြုံတွေ ပြောပြခဲ့ပြီး အားလုံးနီးပါးက သွေးပျက်စရာပါပဲ။ ကျွန်မ ကိုယ်တိုင်လည်း စင်္ကြန်လမ်းတွေပေါ်မှာလျှောက်နေရင်း အေးစိမ့်စိမ့်ခံစားချက်တစ်ခုကို စရလာတယ်။
စင်္ကြန်လမ်းကြီးက အစကနေအဆုံး တစ်ပုံစံတည်းဖြစ်ပြီး အဆုံးမရှိသလိုပါပဲ။ အစပိုင်းလူတွေသွားလာလှုပ်ရှားနေတာမြင်ရပေမဲ့ တော်ဝင်ခန်းနဲ့နီးလာလေလေ လူမရှိတော့လေလေပါပဲ။
“ပြောရရင်တော့ အလုပ်သင်အင်တာဗျူးတိုင်းက အဆင့်မြင့်မိစ္ဆာမျိုးနွယ်တွေအတွက် မီနူးကိုကြည့်ပြီး စားစရာမှာသလိုဖြစ်နေတာပေါ့။ ပူးတွဲပဒေသရာဇ် မင်းဆက်က ဒီနေရာကို တကယ့်စီးပွားရေးတစ်ခုလို လည်ပတ်နေတာပဲ။”
မော်လီက သက်ပြင်းချလိုက်တယ်။ နက်ဆန်ကတော့ လေးနက်တဲ့မျက်နှာထားနဲ့ လမ်းလျှောက်နေတာကို ရပ်လိုက်တယ်။ ကျွန်မတို့တွေ တော်ဝင်အခန်းရဲ့တံခါးဝကို ရောက်လာပြီ။ အောက်က ဧည့်ကြိုအမျိုးသမီးနဲ့တူညီတဲ့ ရနံရှိတဲ့ အမျိုးသားနှစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး သက်တော်စောင့်တွေပုံစံနဲ့ တံခါးဝရှေ့မှာ ရပ်နေကြတယ်။
“ဒါက သူတို့ပိုင်နက်နယ်မြေပဲ။ ရှေးကတည်းက တည်ရှိနေတဲ့ စာချုပ်တွေအရ မိစ္ဆာမျိုးနွယ်တွေက သူတို့ပိုင်နက်အတွင်း လှုပ်ရှားချင်သလို လှုပ်ရှားလို့ရတယ်။ အမှောင်ကျောင်းတော်က ဝင်ပါမယ်ဆိုရင် စစ်ဖြစ်လိမ့်မယ်။”
မိုနီကာကတော့ နက်ဆန်ကို ထပ်ပြီးသတိပေးလိုက်တယ်။ ဒါပေမဲ့ နက်ဆန်က ခေါင်းခါလိုက်ပြီး
“ငါ့ကို ဖျောင်းဖျစရာမလိုဘူး။”
“ဒါပေမဲ့ ရှင်တစ်ယောက်တည်းနဲ့...” မိုနီကာက သူ့စကားကို တစ်ဝက်တစ်ပျက်နဲ့ရပ်လိုက်ပြီး ဆွဲဆောင်မှုရှိတဲ့လေသံနဲ့ စကားလမ်းကြောင်းပြောင်းလိုက်တယ်။
“ဒါပေမဲ့... ဒါလင်သာအလိုရှိမယ်ဆိုရင်... တစ်ယောက်တည်း မဟုတ်တာလည်းဖြစ်နိုင်တာပဲ။”
“ငါမင်းအကူအညီမလိုဘူး....” နက်ဆန်က ငြင်းလိုက်တယ်။ မိုနီကာကတော့ ရယ်မောလိုက်ပြီး ရှေ့ကိုတက်သွားကာ အစောင့်နှစ်ယောက်ကိုပြောလိုက်တယ်။
“ငါက စကူးဘတ်မျိုးနွယ်မင်းသမီး မိုနီကာ မာဂရေ့ပဲ။ လမ်းဖယ်ကြ။”
အစောင့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြန်ဖြေတယ်။ “အရှင့်သမီး၊ အရှင့်သမီးက ဘုရင်ကြီးနဲ့ အရေးတကြီးဆွေးနွေးစရာရှိလို့ ချိန်းထားမှန်း သိပေမဲ့ အဲဒီကိစ္စမှာ တခြားသူတွေကို ခေါ်လာခွင့်မပေးထားပါဘူး။”
သူတို့က ကျွန်မတို့ကို ကြည့်ရင်းပြောလိုက်တာ။ မိုနီကာက မျက်စိကိုမှေးလိုက်ပြီး “အရှင်နက်ဆန်က အမှောင်ကျောင်းတော်ရဲ့အမှောင်မင်းသားပဲ။ ပြီးတော့ ကျွန်မရဲ့ဧည့်သည်လည်းဟုတ်တယ်။ သူလည်း ရှင်တို့ဘုရင်နဲ့တွေ့ဖို့ကိစ္စရှိလို့လာတာ။ သူဝင်ခွင့်မရဘူးဆိုရင် ကျွန်မလည်းမဝင်တော့ဘူး။”
အစောင့်နှစ်ယောက်က စိတ်ရှုပ်သွားဟန်နဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး သူတို့ထဲကတစ်ယောက်က အခန်းတံခါးကိုဖွင့်ကာ အခန်းထဲဝင်သွားပါတယ်။ ပြီးတဲ့ နောက်တော့ ပြန်ထွက်လာကာ ကျွန်မတို့ကိုကြည့်ပြီး ပြောလိုက်တယ်။
“အရှင်မင်းကြီးက ခင်ဗျားတို့ကို ဝင်ခွင့်ပေးလိုက်ပါတယ်။”
ဒီလိုနဲ့ပဲ ကျွန်မတို့ဝင်ခွင့်ရသွားတယ်။ အစောင့်တွေက ကျွန်မတို့အတွက် တံခါးဖွင့်ပေးပါတယ်။ အထဲကို ဝင်လိုက်ပြီးပြီးချင်း သတိထားမိတာက တော်ဝင်အခန်း ဆိုတဲ့အတိုင်းပဲ အလွန့်အလွန်ကို ခမ်းနားလှပါတယ်။ ဝင်ဝင်ချင်းနေရာမှာတင် ကော်ဇော်နီအပြည့်ခင်းထားတဲ့ ဧည့်ခန်းမကျယ်ကြီးရှိပြီး ခန်းမကျယ်ကြီးရဲ့အလယ်မှာ စားပွဲခုံရှည်ကြီးရှိပါတယ်။ ခုံကြီးရဲ့ထိပ်ဆုံးမှာတော့ ငွေရောင်ဆံပင်နဲ့အရပ်မြင့်မြင့်အမျိုးသားနဲ့ ရွှေရောင်ဆံပင် အနီရောင်မျက်လုံးနဲ့ အမျိုးသမီးတို့က တစ်ခုံတည်းမှာ အတူထိုင်နေကြတယ်။ အမျိုးသမီးက အမျိုးသားရဲ့ပေါင်ပေါ်မှာရှိနေတာဖြစ်ပြီး အမျိုးသားက သူ(မ)ရဲ့ဆံပင်တွေကို ဆော့ကစားနေတယ်။ အမျိုးသားကတော့ ဝိုင်ခွက်ကိုမြှောက်လိုက်ပြီး ကျွန်မတို့ကို နှုတ်ခွန်းဆက်လိုက်တယ်။
“ကြိုဆိုလိုက်ပါတယ် မိတ်ဆွေဟောင်းကြီး မိုနီကာ။ ပြီးတော့ မျှော်လင့်မထားဘဲရောက်လာတဲ့ မင်းသားနက်ဆန်ရောပဲ။ မင်းက မင်းကိုယ်ရံတော်တပ်ဖွဲ့တစ်ခုလုံးကိုခေါ်ပြီး အခန်းထဲဝင်လာတာဆိုတော့ နည်းနည်းရိုင်းရာမကျဘူးလားကွ။”