အသူရာဟိုတယ် (၅)
Vol. 1 Ch. 53
“ထိုင်ကြပါ။” သမန်းဝံပုလွေဘုရင်က လက်ကိုဖြန့်ရင်းနဲ့ ကျွန်မတို့တွေကို ခုံမှာထိုင်ခွင့်ပြုလိုက်တယ်။ မိုနီကာက ညာဘက် ထိပ်ဆုံးကခုံမှာ ဝင်ထိုင်ပါတယ်။ နက်ဆန်လည်း ဘယ်ဘက်ထိပ်ဆုံးခုံမှာ ဝင်ထိုင်ဖို့ကြိုးစားပေမဲ့ ဘုရင် အဲဘတ်ပေါင်ပေါ်က အမျိုးသမီးက လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ နက်ဆန်ထိုင်မယ့် ထိုင်ခုံက ကျိုးကျသွားတယ်။
ဒါကြောင့် ထိုင်လျက်သားဖြစ်နေပြီဖြစ်တဲ့ မော်လီလည်း ထိုင်ခုံကနေ ပြန်ထရပ်လိုက်ပြီး ကျွန်မတို့တွေလည်းပဲ အလားတူပြန်ရပ်လိုက်ရပါတယ်။ တမင်ရည်ရွယ်ပြီး လုပ်တယ်ဆိုတာ အသိသာကြီးမဟုတ်လား။
နောက်တော့ အဲဘတ်က ခပ်ဟဟရယ်မောလိုက်ပြီး သူကိုယ်တိုင်က ဘာမှမပြောပေမဲ့ မျက်နှာကို ဇာပုဝါနဲ့ ဖုံးထားတဲ့ အမျိုးသမီးကတော့ ပြောလိုက်ပါတယ်။
“ဘုရင်တစ်ပါးနဲ့ခုံမှာထိုင်ပြီး စကားပြောတယ်ဆိုတာက အဆင့်တူတဲ့သူတွေအတွက်ပဲ ဖြစ်သင့်တာလေ။ အမှောင် မင်းသားလေး။ ရှင့်က တော်ဝင်မျိုးဆိုတာတော့ ဟုတ်ပါရဲ့၊ ရှင်က ရှင့်အဖွဲ့အစည်းအတွင်းမှာ ဩဇာအာဏာမရှိတဲ့ လူတစ်ယောက် သက်သက်ပဲလေ။ ရှင့်မှာ အဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့အာဏာရှိလို့လား။”
ပြောရရင်တော့ သူတို့က နက်ဆန်ကို ချိုးနှိမ်ချင်တဲ့ သဘောမျိုးနဲ့ ဒီလိုအပြုအမူမျိုးကို ပြုလုပ်နေတာပါ။ နက်ဆန်က သူတို့ဆီကနေ ရချင်တာတစ်ခုရှိမှန်း သူတို့ သိနေပြီးသား။ ဒါကြောင့် အယ်ဒါရာထူးကို တရားဝင် မရသေးတဲ့ နက်ဆန်ကို အခုလိုနှိမ်ကြတာ။
“မော်လီ၊ မင်းကတော့ တခြားသူတွေလိုပဲ ထိုင်လို့ရပါတယ်။ မင်းက သေသူတွေကိုကိုယ်စားပြုနိုင်တဲ့ အစစ်အမှန် အုပ်ချုပ်သူပဲဥစ္စာ။ မင်းလိုလူမျိုးက အသုံးမကျတဲ့ လူတစ်ယောက်ရဲ့အစေခံလုပ်ဖို့ ဆုံးဖြတ်လိုက်တာ စိတ်မကောင်းစရာပဲ။”
အဲဘတ်က မော်လီကိုကြည့်ပြီး ပြောလိုက်တယ်။ မော်လီက မျက်မှောင်ကြုတ်ထားလိုက်ပြီး လျှာကိုလိပ်ကိုက်လိုက်တယ်။ ကျစ်ခနဲ သူ့ပါးစပ်ကနေ အသံထွက်လာပြီး လက်ထဲမှာ ကြိုးတပ်တံစဥ် ပေါ်လာပါတယ်။
“သခင့်ကို စော်ကားပိုင်ခွင့် ရှင်တို့မှာ ဘယ်တုန်းက ရှိသွားတာလဲ။”
မော်လီ့လက်ထဲမှာ လက်နက်ပေါ်လာတာနဲ့ ကျွန်မတို့တွေ ခြေသံ တချို့ကြားလိုက်ရပြီး တော်ဝင်ခန်းရဲ့ အမှောင်ရိပ် တွေမှာ ပုန်းကွယ်နေတဲ့ လူရိပ်တချို့ထွက်လာတာ မြင်လိုက်ရတယ်။
“ငါတို့က ပူးတွဲပဒေသရာဇ်ရဲ့ဦးသျှောင်ပဲ။ ဒီနေရာက ငါတို့ပိုင်နက်။ ထုံးတမ်းအစဥ်အလာအရ ညီလာခံ ခန်းမထဲ လက်နက်ယူဆောင်ခွင့်မရှိဘူး။ ချိုးဖောက်ရင် မင်းတို့ ဘယ်သူပဲဖြစ်ဖြစ် နေရာမှာတင် ကွပ်မျက်ခံရမယ်။”
နက်ဆန်က မျက်လုံးတစ်ချက်မှေးလိုက်တယ်။ နောက်တော့ သူက မော်လီကို လက်နက်ကို ပြန်သိမ်းခိုင်းပြီးတဲ့နောက် မြေပြင်ကို ခြေဆောင့်လိုက်တယ်။ သူ့အရိပ်က ရုတ်တရက် ကြီးမားလာပြီး ကျိုးသွားတဲ့ထိုင်ခုံကို ဝါးမျိုသွားပါတယ်။ အဲဒီနောက်တော့ ထိုင်ခုံက မှော်ဆန်ဆန်ပဲ အလိုလျောက် ပြန်ကောင်းလာပြီး နက်ဆန်က သူ့အရိပ်နက်လွှမ်းမိုးထားတဲ့ ထိုင်ခုံပေါ်မှာ ဘုရင်တစ်ပါးပုလ္လင်ပေါ်ထိုင်သလို အမူအရာမျိုးနဲ့ ပေါင်ချိတ်ထိုင်တယ်။ မော်လီကတော့ အဲဒီအရှင်သခင်ရဲ့ဘေးမှာ အသင့်ရပ်လို့။
“ပူးတွဲပဒေသရာဇ်ရဲ့အာဏာရှင်တွေက မောက်မာလှချေလား။ ငါတို့အမှောင်ကျောင်းတော်က မင်းတို့လိုကျေးကျွန်ဟောင်းလေးတွေအပေါ် သဘောထား ကြီးပေးထားတာ ကြာသွားတဲ့ပုံပဲ။ ငါဒီကိုလာတာ ဆွေးနွေးဖို့မဟုတ်ဘူး၊ ရာဇသံပေးဖို့လာတာ။”
နက်ဆန်ရဲ့လေသံက ပြောင်းသွားတယ်။ နဂိုက သူကိုယ်တိုင် ဆွေးနွေးမှဖြစ်မယ်လို့ ကျွန်မကိုပြောခဲ့ပေမဲ့ တစ်ဖက်က လူတွေရဲ့အပြုအမူကြောင့် သူ့ဗျူဟာပြောင်းသွားပုံပါပဲ။ အနုနည်းမရရင် အကြမ်းနည်းကိုသုံးမယ်ဆိုတဲ့ သဘောပေါ့။
“ဟေ့၊ မျိုးနွယ်ရဲ့ဦးသျှောင်တောင် မဟုတ်တဲ့ကောင်က လေကြီးလေကျယ်နဲ့ပါလား။”
နက်ဆန်ကတော့ အဲဘတ်စကားကို လစ်လျူရှုထားလိုက်ပြီး သူတို့ကိုကြီးစိုးနိုင်စွမ်းရှိတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။
“ငါ့ရဲ့ခေါင်းကိုင်မိခင်က ကြီးမြတ်တဲ့ ရှေးဟောင်းနတ်ဘုရားမNyx။ ငါက အမှောင်မျိုးနွယ်စု အားလုံးရဲ့စစ်မှန်တဲ့အုပ်ချုပ်သူ၊ ညမင်းသား ဗင်းဆင့် နက်ဆန်ပဲ။ ဒီညအတွက် ငါ့ရဲ့တော်ဝင်အမိန့်က မင်းတို့တွေ ဒီဟိုတယ်ကိုဖျက်သိမ်းပြီး နောက်ထပ်ဒီလိုနေရာမျိုး မဖွင့်အောင် တားမြစ်ခြင်းပဲ။ ဒီလိုမှမဟုတ်ရင်တော့ ငါ့ရဲ့ဆာတန်ဝင်စားတဲ့ဘက်ခြမ်းကို မင်းတို့မြင်ရလိမ့်မယ်။”
အခန်းတစ်ခုလုံး နက်ဆန်ရဲ့ကြီးမားတဲ့ အရှိန်အဝါကြောင့် လှုပ်ခါလာတယ်။ မော်လီက ကျွန်မကိုနောက်ဆုတ်နေဖို့ အချက်ပြတဲ့အတွက် ကျွန်မလည်း နှင်းရဲ့လက်ကိုကိုင်ပြီး စားပွဲဝိုင်းနဲ့ဝေးတဲ့နေရာကို လျှောက်သွားလိုက်ပါတယ်။ ဘုရင်အဲဘတ်ကတော့ မျက်မှောင်ကြုတ်လိုက်ပြီး
“မင်းတို့က ငါတို့မျိုးနွယ်နှစ်ခုကို တိရစ္ဆာန်သွေးသောက်ပြီး တိရစ္ဆာသားစားရတဲ့ နိမ့်ကျတဲ့ဘဝကိုပြန်သွားဖို့ ဖိအားပေးချင်တာလား။ သေလိုက်တော့....”
အဲဘတ်ရဲ့လက်သည်းတွေက ရုတ်တရက်ရှည်ထွက်လာပြီး နက်ဆန့်လည်ပင်းကို လှမ်းကုတ်တယ်။ နက်ဆန်ကတော့ လက်ကိုအသာမြှောက်လိုက်ပြီး သူ့အရိပ်ကိုထိန်းချုပ် ထားတယ်။ အရိပ်တစ်ဖြစ်လည်း နတ်ဘုရားခန္ဓာကိုယ်ရဲ့လက်က ရုတ်တရက်လှုပ်ရှားလာပြီး အဲဘတ်ကို ရိုက်ချပစ်လိုက်တယ်။
ဘုန်း...
ပူးတွဲပဒေသရာဇ်ရဲ့ဘုရင်အဲဘတ်က နက်ဆန့်ရိုက်ချက်နဲ့ အဝေးကိုလွှင့်ထွက်သွားပြီး နံရံတစ်ခုကိုဝင်တိုက်မိသွားတာ ကျွန်မမြင်ရတယ်။ နံရံက ထုတ်ချင်းပေါက်ပြီး လူကတော့ ဆက်လွင့်သွားတယ်။ ဘယ်ရောက်သွားလဲတော့ ကျွန်မ မသိပေမဲ့ ကြားနေရတဲ့အသံကျယ်တွေအရ နောက်ထပ် နံရံတွေကိုပါ ဖောက်ဝင်သွားတဲ့ပုံပဲ။
“ရဲတင်းလိုက်တာ...” သွေးစုပ်ဖုတ်ကောင်မင်းသား ကလာဒီရာကလည်း လှုပ်ရှားလာတယ်။ သူက လင်းနို့တွေအဖြစ်ပြောင်းပြီး နက်ဆန်ကို တိုက်ဖို့ ကြိုးစားပေမဲ့ မော်လီက လင်းနို့အုပ်ကို ကြိုးတပ်တံစဥ်နဲ့ ဝေ့ယမ်းလိုက်တာကြောင့် ပုံစံပြန်ပြောင်းလိုက်ရတယ်။
ကိုယ်ရံတော်တပ်တွေကလည်း သူတို့နှစ်ယောက်ကို ဝင်ပြီး လုံးပေမဲ့ နက်ဆန်ကအရိပ်ကိုပြန်သိမ်းကာ လက်ထဲမှာ ဓားနှစ်လက်ကိုဆင့်ခေါ်လိုက်ပြီး သူတို့ကိုဆက်တိုက် တန်ပြန်တိုက်ခိုက်တယ်။ သူ့ပုံစံက လွှမ်းမိုးမှုရှိတယ်ဆိုပေမဲ့ ပါးစပ်ထောင့်ကနေ သွေးတချို့စီးကျနေတဲ့အတွက်ကြောင့် အစစ်အမှန်ခန္ဓာကိုယ်ကိုထုတ်သုံးရင်း ဒဏ်ရာရသွားမှန်း ကျွန်မသိလိုက်တယ်။
“အချစ်ရေ၊ ကျွန်မအကူအညီလိုရင် ပြောလိုက်နော်။” မိုနီကာက တိုက်ပွဲကို ပြုံးပြုံးကြီးထိုင်ကြည့်နေရင်းနဲ့ သူ့ရှေ့က ကော်ဖီခွက်ကို ဇွန်းအသေးလေးနဲ့မွှေနေပါတယ်။ တစ်ဖက်မှာတော့ အိုလီရာနာက စားပွဲဝိုင်းပေါ်က ကိတ်မုန့်တချို့ကို ယူလာပြီး ကျွန်မတို့ရှေ့မှာ ဝင်ရပ်ပါတယ်။
“အိုလီရာနာက ရှင်တို့ကိုကာကွယ်ပေးမယ်။ ဒါပေမဲ့ အဲဒီအတွက် မုန့်စားလို့ရတယ်မဟုတ်လား။”
ကောင်မလေးက ကျွန်မတို့ကိုကာကွယ်ပေးဖို့ လာတာဆိုပေမဲ့ အစားမက်နေတဲ့အတွက် ကျွန်မသူ့ကို ရိုက်ချင်စိတ်ပေါက်သွားတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။
မိနစ်အနည်းငယ်အတွင်းမှာပဲ နက်ဆန်က ကိုယ်ရံတော်တပ် တပ်သားအများစုကို အမှောက်သိပ်လိုက်ပြီ။ သမန်းဝံပုလွေဖြစ်ဖြစ် သွေးစုပ်ဖုတ်ကောင်ဖြစ်ဖြစ် နှလုံးတွေ ထိုးဖောက်ခံထားရပြီး သူ့ပုံစံက အရှုံးမရှိနိုင်တဲ့ စစ်သူကြီးလိုပဲ။ ဒါပေမဲ့ တစ်ဖက်မှာ မော်လီကတော့ အခြေအနေမကောင်းပါဘူး။
“နင့်လိုနိမ့်ကျတဲ့ ဖုတ်ကောင်မျိုးနွယ်က ကောင်မက ငါ့ကို ယှဥ်တိုက်ချင်တာလား။”
သွေးစုပ်ဖုတ်ကောင်မင်းသားဖြစ်တဲ့ ကလာဒီရာက သိပ်ကို မြန်လွန်းတယ်။ ကျွန်မအနေနဲ့ သူချန်ထားခဲ့တဲ့ နောက်ချန် အရိပ်တွေကိုပဲ မြင်ရတဲ့အထိပဲ။ မော်လီက အားပိုသန်ပေမဲ့ အမြန်နှုန်းမှာနောက်ကျကျန်နေရစ်ပြီး ဖိအားပေးခံနေရတယ်။
ထန်... ထန်... ထန်...
မော်လီက ကြိုးတပ်တံစဥ်နဲ့ ကလာဒီရာရဲ့ထိုးကွက်ကန်ကွက် အားလုံးကို ကာကွယ်နေရပြီး လက်နက်ကနေ မီးပွားတွေ ခဏခဏဖြာကျနေတယ်။ ဒါပေမဲ့တစ်ချက်မှာတော့ သတိလစ်သွားပြီး ခံစစ်ကျိုးပေါက်သွားတယ်။
“ကဲ... သေလိုက်တော့....” ကလာဒီရာက မော်လီရဲ့ညာလက်ကို သူ့ဘယ်လက်နဲ့ ဖမ်းဆွဲကာ ဘေးဖယ်လိုက်ပြီး တခြားလက်တစ်ဖက်ကတော့ မော်လီရဲ့ခေါင်းကို ဖမ်းဆုပ်လိုက်တယ်။
ဘုန်း...
အားပြင်းလွန်းတာကြောင့် မော်လီရဲ့ခေါင်းက ကြမ်းပြင်နဲ့ ရိုက်မိသွားတယ်။ ကံကောင်းတာက မော်လီက အတင်းကို ပြန်ဆန့်ကျင်နေလို့ အကျနာသက်သာသွားပြီး ကြီးကြီးမားမားထိခိုက်မသွားဘူး။
“ဖုတ်ကောင်ဘုရင်မဆိုတဲ့အတိုင်းပဲ သတ်ရခက်တာပဲ။ နင့်နေရာမှာ တခြားဖုတ်ကောင်တွေသာဆိုရင် ခေါင်း စိစိညက်ညက်ကျေနေလောက်ပြီ။”
ဒီတော့မှ သူဘာလုပ်ချင်လဲ ကျွန်မသဘောပေါက်သွားတယ်။ သူက မော်လီရဲ့ခေါင်းကို ဖျက်ဆီးချင်နေတာပဲ။
“မင်းရဲ့လက်ညစ်ပတ်တွေကို လွှတ်လိုက်စမ်း။” ရုတ်တရက် နက်ဆန်က ကလာဒီရာရှေ့မှာပေါ်လာတယ်။ ကလာဒီရာက ထိတ်လန့်တကြား နောက်ဆုတ်လိုက်ပေမဲ့ နည်းနည်း နောက်ကျသွားတဲ့အတွက် နက်ဆန်ရဲ့ဓားနှစ်လက်က သူ့လက်တစ်ဖက်ကပေါ်ကို ကျရောက်ပြီးသားဖြစ်နေပြီ။
ရွှတ်...
ကလာဒီရာရဲ့ဘယ်လက်က မြေပြင်ပေါ်ကို တိခနဲ ပြတ်ကျသွားတယ်။ လက်က မူလခန္ဓာကိုယ်နဲ့ ကွဲသွားပြီးနောက် မြေပြင်ပေါ်မှာ ထိတ်လန့်စွာ ကောင်းလောက်အောင် တဆတ်ဆတ်ခုန်ပေါက်နေတယ်။ ကလာဒီရာကတော့ ပြတ်ထွက်သွားတဲ့သူ့လက်နေရာကနု လက်နဲ့ဖိကာ သွေးထွက်မလွန်အောင်ထိန်းထားရင်း နက်ဆန်ကို အငြိုးတကြီးနဲ့ကြည့်လိုက်တယ်။
“နက်ဆန်... ဗင်းဆင့်... မင်းကများ....” လူ့လေသံက မာကျောနေပြီး အရင်ကလိုမျိုး မိန်းကလေးမဆန်တော့ဘူး။
ကျွန်မ အဲဒီတိုက်ပွဲဘက်ကို အာရုံရောက်နေတဲ့အချိန်မှာပဲ ကျွန်မဘေးကနေ လေတိုးသံကြားလိုက်ရလို့ လှည့်ကြည့်မိ လိုက်တယ်။ တစ်ကိုယ်လုံးအဖြူရောင်အမွှေးတွေနဲ့ ပြည့်နေတဲ့ ဝံပုလွေကြီးတစ်ကောင်က ကျွန်မနားကို ရောက်နေပြီး ကျွန်မတို့ကိုလက်သည်းနဲ့ကုတ်ချလိုက်တယ်။ အိုလီရာနာက ချက်ချင်းသတိဝင်လာပြီး သူ့ဆံနွယ်တွေနဲ့ ကာလိုက်ပေမဲ့ အကျိုးဆက်အနေနဲ့ သူ့လက်ထဲက မုန့်တွေ ပြုတ်ကျသွားရော။
“မင်းရဲ့နောက်တန်းက ပွင့်နေတယ်ကွ။” အဲဘတ်ရဲ့အသံကြီး ဝံပုလွေဆီကနေ ထွက်လာတယ်။ ဝံပုလွေက ခြောက်ပေလောက်အရပ်မြင့်ပြီး မားမားမတ်မတ်ကြီးရပ်နေတာ။ ပြီးတော့ သူက အိုလီရာနာကို အဆက်မပြတ်တိုက်ခိုက်နေတယ်။ အိုလီရာနာရဲ့ဆံပင်နွယ်တွေ တစ်စစီကျိုးပဲ့သွားပြီး နောက်ဆုတ်လိုက်ရပေမဲ့ ကောင်မလေးက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဝံပုလွေဖြစ်နေတဲ့ အဲဘတ်ကို ကြည့်လိုက်တယ်။
“နင်... ငါ့မုန့်တွေကို ပြုတ်ကျအောင်လုပ်တယ်။” အဲဒီနောက်တော့ အိုလီရာနာရဲ့မျက်လုံးနှစ်ဖက်လုံး ခရမ်းရောင် ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်ကိုအရိပ်နက်ကြီး ဖုံးလွှမ်းသွားတယ်။ ပြီးတဲ့နောက် အဲဘတ်ကိုပြင်းပြင်းထန်ထန် စတိုက်ခိုက်တော့တာပဲ။
“ကောင်မလေး မင်းက ကြမ်းသားပဲ။ ဒါပေမဲ့ အားနည်းပြီး ဒီအတိုင်းတည့်ဝင်တိုးနေတာပဲ။”
တစ်ဖက်မှာတော့ အဲဘတ်က ပိုအတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမားဖြစ်တယ်လို့ ပြောရမလား။ သူက နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး အိုလီရာနာရဲ့ဆံနွယ်တွေကို ဖမ်းကိုင်လိုက်တယ်။ အဲဒီနောက် ဆံဖျားကနေကိုင်ပြီး လူတစ်ကိုယ်လုံးကို ချာလည်လှည့်ကာ ပြတင်းပေါက်ကနေ အပြင်ကို လွှဲပစ်လိုက်တယ်။
ခလွမ်း...
ပြတင်းပေါက်မှန်တွေကွဲသွားသံနဲ့အတူ အိုလီရာနာရဲ့ခန္ဓာကိုယ်လေး တော်ဝင်ခန်းအပြင်ဘက် အဝေးကြီးကို လွင့်ပျံထွက်သွားတာ ကျွန်မမြင်လိုက်ရတယ်။
“သေစမ်း... ငါတို့ကို ကာကွယ်ပေးမယ့်သူ မရှိတော့ဘူး။”
ကျွန်မ ကြောက်ကြောက်နဲ့နှင်းကို ဖက်ထားမိလိုက်တယ်။ သူလည်း ကြောက်လွန်းလို့တုန်နေတာပဲ။ အဲဘတ်က ကျွန်မတို့ဆီကို လျှောက်လာပြီ...
“မင်းကာကွယ်ပေးချင်နေတဲ့သူတွေကို ငါအရင်သတ်မယ်။ ပြီးရင် ငါမင်းတို့ကိုသတ်မယ်။”
သူက ပြောလိုက်တယ်။ နက်ဆန်က ဒေါသတကြီး အော်ဟစ်ပြီး ကျွန်မတို့ဆီပြေးလာပေမဲ့ သူသတိလွတ်သွားတဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာတင် ကလာဒီရာက ပြတ်ကျနေတဲ့လက်ကို ပြန်ရသွားပြီး ပြန်ဆက်လိုက်တယ်။ အဲဲဒီနောက် နက်ဆန် ကျွန်မတို့ဆီ ရောက်မလာနိုင်အောင် စတားဆီးတော့တာပဲ။
နက်ဆန်နဲ့မော်လီက ကလာဒီယာကို အနိုင်ပိုင်းဖို့ကြိုးစားပေမဲ့ အချိန်တိုအတွင်းမဖြစ်နိုင်သေးဘူး။ တစ်ဖက်မှာတော့ အဲလတ်က လက်ကိုမြှောက်လိုက်ပြီ။
“မလုပ်နဲ့....” နက်ဆန်ရဲ့အော်သံနဲ့အတူ ကျွန်မတို့ရှေ့မှာ ဓားနှစ်ချောင်းက ကြမ်းပြင်မှာလာစိုက်တယ်။ အဲဒီနောက် သရဲသတို့သားနဲ့သတို့သမီးပေါ်လာပြီး အဲဘတ်ကို တားဆီးပေမဲ့ သူတို့က ဒီအတွက်အားနည်းလွန်းတယ်။ အဲဘတ်က သူတို့ကို တစ်ယောက်တစ်ချက်စီရိုက်နှက်ရုံနဲ့ လက်ထပ်လက်စွပ်တွေအဖြစ် ပြန်ပြောင်းသွားတယ်။
“နက်ဆန်...” ကျွန်မတို့ကိုကယ်နိုင်မယ့် တစ်ယောက်တည်းသောလူကို ကြည့်လိုက်တော့ လက်နက်မရှိတော့တဲ့နက်ဆန်က သွေးစုပ်ဖုတ်ကောင်မင်းသား ကလာဒီရာရဲ့ဖိအားပေးခြင်းကို ခံနေရပြီး မလာနိုင်သေးဘူး ဆိုတာပါပဲ။
“သေလိုက်တော့...” အဲဘတ်က တတိယအကြိမ်အဖြစ် လက်ကိုမြှောက်လိုက်တယ်။ ကျွန်မလည်း သေပြီထင်ပြီး မျက်လုံးကို မှိတ်လိုက်ပေမဲ့ သက်ပြင်းချသံတစ်ချက်ကို ကြားလိုက်ရပါတယ်။
ဟင်း...
“နင်က သူတို့ခေါ်သလိုပဲ တကယ့်ကို အမှိုက်မပဲ။”
ရင်းနှီးနေတဲ့ စကားသံကြောင့် ကျွန်မ မျက်လုံးကို ဖွင့်ကြည့်တော့ မိုနီကာက ကျွန်မတို့နဲ့အဲဘတ်ကြားမှာ ရပ်နေတယ်။ သူ့လက်တစ်ဖက်က အဲဘတ်ရဲ့လက်ကို လေထုထဲမှာ ဟန့်တားထားပြီး ကြည့်ရတာ သက်သောင့် သက်သာပါပဲ။ အဲဘတ်က သူ့ကို မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။
“ဒါဘာလုပ်တာလဲ မိုနီကာ။ စကူးဘတ်မျိုးနွယ်စုက ပူးတွဲပဒေသရာဇ်အပေါ် စစ်ကြေညာချင်တာလား။”
မိုနီကာကတော့ တခစ်ခစ်ရယ်မောလိုက်ပြီး ခန့်မှန်းရခက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ “ကျွန်မက ရှင်အစောပိုင်းက ပြောခဲ့သလိုပဲ မျိုးနွယ်ရဲ့ဦးသျှောင်မဟုတ်တဲ့ သာမန် မင်းသမီးတစ်ပါးပါပဲ။ ဒါကြောင့် မျိုးနွယ်တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ဘူးလေ။”
မိုနီကာက အဲဘတ်ရဲ့ရင်ဝကို ဒူးနဲ့တိုက်လိုက်တယ်။ အဲဘတ် ဒူးထောက်ကျသွားပြီးနောက် မိုနီကာက အဲဘတ်ရဲ့ခေါင်းကို လက်ပြန်ရိုက်ချလိုက်တာကြောင့် ဧရာမဝံပုလွေကြီး အဝေးကို လွင့်ထွက်သွားပြန်တယ်။
“မိုနီကာ” နက်ဆန်ကတော့ ဒေါသတကြီးနဲ့ မိုနီကာကို အော်ဟစ်လိုက်တဲ့အတွက် မိုနီကာက သူ့ရဲ့တိုက်ခိုက်လိုစိတ်ကို ပြန်ထိန်းထားလိုက်ပါတယ်။ သူ့စကူးဘတ်ပုံစံလုံးဝပျောက်သွားပြီး ဆံပင်အနက်ရောင်နဲ့ ပိန်ပိန်ပါးပါး လူသားမိန်းကလေးအသွင် ပြန်ဖြစ်သွားတယ်။
“ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ ရှင်က ကျွန်မအကူအညီမလိုပါဘူး။ ဟုတ်တယ်မဟုတ်လား။”
သူတို့အချင်းချင်းစကားပြောနေတုန်းမှာပဲ အဲဘတ်နဲ့ ကလာဒီရာက လူပြန်စုလိုက်တယ်။ သူတို့က ကျွန်မတို့ကို စိုက်ကြည့်နေပြီး မော်လီနဲ့နက်ဆန်က ကျွန်မတို့ရှေ့မှာ လာရပ်ပါတယ်။ အိုလီရာနာကလည်း ဝရန်တာပေါ်ကို ပြန်ခုန်တက်လာပြီဖြစ်ပြီး အတော်လေးဒေါသထွက်နေပုံပဲ။ ဒီတစ်ခါတော့ ကလာဒီရာက သက်ပြင်းချလိုက်ပြီး အဲဘတ်ရဲ့ လည်ပင်းကိုဖက်ထားလိုက်တယ်။
“ကြည့်ရတာ သူတို့က အရေအတွက်ပိုသာသွားတဲ့ပုံပဲ။”
အခုထိတိုက်ပွဲက အနိုင်အရှုံးဆုံးဖြတ်လို့ မရသေးဘူး ဆိုပေမဲ့လို့ ကျွန်မတို့အဖွဲ့က လူပိုများနေပါပြီ။ သူတို့က နည်းနည်းလေးပိုအားကောင်းပေမဲ့ နိုင်ဖို့မသေချာဘူး။ မိုနီကာက နက်ဆန်စကားနားထောင်ပြီး ထပ်ဝင်မပါဘူး ဆိုရင်တောင်မှ သုံးယောက်နှစ်ယောက်ဖြစ်တဲ့အတွက် ဖိအားက ပိုများပါတယ်။
တိုက်ပွဲခဏရပ်သွားချိန်မှာ ကျွန်မ ပတ်ဝန်းကျင်ကို ပိုသတိထား ကြည့်မိတယ်။ နဂိုက ခမ်းနားလှတဲ့ တော်ဝင်အခန်းက အခုဆိုရင် စုတ်ပြတ်သတ်နေပြီး မီးဆိုင်းတွေက မြေပေါ်ပြုတ်ကျ၊ စားပွဲခုံတွေကျိုးပဲ့၊ နံရံတွေ အက်ကွဲနဲ့ နေရာတိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်နဲ့ သမန်းဝံပုလွေအလောင်းတွေပြည့်လို့။
“ဧည့်သည်တွေလည်းထွက်ပြေးကုန်ပြီ၊ ဒီလောက်ရုန်းရင်း ဆန်ခတ်ဖြစ်ထားတော့ ဘုရားကျောင်းကလည်း မျက်နှာပန်းလှဖို့ ငါတို့ကိုကာကွယ်ပေးတော့မှာ မဟုတ်ဘူး။ ဒီဟိုတယ်ကို စွန့်ခွာကြတာပေါ့။”
အဲဘတ်က ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီနောက်တော့ သူတို့က တစ်ယောက်ကိုတစ်ယောက် နမ်းလိုက်ကြပြီး နှစ်ယောက်လုံးကို လင်းနို့တွေက ဖုံးလွှမ်းသွားကာ ကျွန်မတို့ မြင်ကွင်းရှေ့ကနေ ပျောက်ကွယ်သွားတယ်။
...
တိုက်ပွဲပြီးတဲ့နောက်တော့ ရဲတိုက်နက်ဟိုတယ်က စွန့်ပစ်တာ ခံလိုက်ရပါတယ်။ ဝန်ထမ်းတွေရော ဧည့်သည်တွေပါ ထွက်ပြေးသွားခဲ့ပြီး နှင်းရဲ့အကူအညီနဲ့ပိတ်မိနေတဲ့ သာမန်လူရာနဲ့ချီကို ကျွန်မတို့တွေ လွှတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေက မကောင်းဘူးလို့ပြောရမလား၊ သာမန်လူတွေထဲကတချို့က စိတ်ပိုင်းဆိုင်ရာထိခိုက်သွားပြီး ပြန်ကောင်းလာဖို့ မလွယ်တော့ပါဘူး။
“ဒါပေမဲ့ ဒီလူတွေကို ကျွန်မတို့ ဒီအတိုင်းထားခဲ့လို့ ဖြစ်ပါ့မလား။ တစ်ယောက်ချင်းစီကိုလည်း ပြန်လိုက်ပို့ပေးဖို့ ဖြစ်မယ့်ပုံမပေါ်ဘူး။”
ကျွန်မ ခေါင်းကုပ်လိုက်မိတယ်။ ဒီလူတွေကို ဘေးကင်းရာစီ စေလွှတ်ဖို့က ကျွန်မတို့လုပ်နိုင်တာထက် ကျော်လွန်နေတဲ့ အရာမျိုးပါ။ ဒါပေမဲ့ နက်ဆန်ကတော့ သိပ်ပြီးစိတ်ပူပုံ မပေါ်ဘူး။ သူက ဖုန်းကိုထုတ်လိုက်ပြီး နံပါတ်ဆန်းတစ်ခုကို ရိုက်ထည့်လိုက်တယ်။ ပြီးတဲ့နောက် တစ်ဖက်က အသံထွက်လာတာနဲ့ သူက တုံးတိပဲပြောလိုက်တယ်။
“ငါအခု ရဲတိုက်နက်မှာ၊ နစ်နာသူတွေကို လာခေါ်။” လို့ ပြောပြီးတာနဲ့ သူက ဟိုတယ်ဂိတ်ဝအပြင်ကို စခြေလှမ်းတယ်။
“နက်ဆန်... ရှင်သူတို့ကို ဒီအတိုင်းထားခဲ့မလို့လား။”လို့ ကျွန်မမေးတော့ သူက ခေါင်းခါလိုက်ပြီး...
“ဒီကိစ္စက အစိုးရအေဂျင်စီတွေအလုပ်ကွ။”လို့ ပြန်ဖြေပါတယ်။ ကျွန်မ စိတ်ရှုပ်ထွေးစွာနဲ့မော်လီကို ကြည့်လိုက်တော့...
“သဘာဝလွန်ကိစ္စတွေကို အစိုးရတွေက သတိမထားမိဘူး ထင်နေတာလား အမှိုက်မ။ ဥရောပသမဂ္ဂမှာ EUOC [European Union’s Occult Commission] ဆိုတဲ့ အုပ်စုတစ်ခုရှိတယ်။ သူတို့က အားနည်းလို့ ထိပ်ပိုင်းသဘာဝလွန်တည်ရှိမှုတွေရဲ့ကိစ္စအများစုကို လစ်လျူရှုထားပေမဲ့ နစ်နာသူတွေရှိလာရင် ဝင်ပါတတ်တယ်။ သခင်က သူတို့နဲ့အနည်းနဲ့အများ ပူးပေါင်းမှုရှိတယ်။”
ကျွန်မ နည်းနည်းတော့ နားလည်လာသလိုပဲ။ ပြောရရင် အမှိုက်ရှင်းတဲ့အုပ်စုလိုဖြစ်နေတာပေါ့။ မိုနီကာကို ကျွန်မ လိုက်ရှာကြည့်တော့ မတွေ့ရတော့ဘူး။ ထွက်သွားတာ ကြာပြီဖြစ်တဲ့ပုံပဲ။ နောက်တော့ ကျွန်မ နက်ဆန်သုံးသုံးနေတဲ့ သဘာဝလွန်ကျွမ်းကျင်သူ အကူအညီတောင်းဝက်ဆိုက်ကို ပြန်သတိရသွားပြီး...
“နက်ဆန်... အဲဒါဆိုရင် အဲဒီဟိုကျွန်မအကူအညီတောင်းနေကျ ဝက်ဆိုက်က...”
“ဟုတ်တယ်၊ အဲဒါက သူတို့ငါ့အတွက် ဒီဇိုင်းဆွဲပေးထားတာ။”လို့ ပြန်ဖြေတယ်။