← Chapters

ပြဿဒါးနေ့

Vol. 1 Ch. 54

ပြဿဒါးနေ့

Vol. 1 Ch. 54

တစ်ယောက်ယောက်က ကျွန်မဆံပင်ကို လာထိနေတဲ့ အတွက်ကြောင့် ကျွန်မ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ မျက်စိထဲကို အလင်းရောင်ဝင်ဝင်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ကိုယ်တော်ချောနက်ဆန်ရဲ့ မျက်နှာပါပဲ။ ပြီးတော့ ကျွန်မ သတိထားမိလိုက်တာက၊ ကျွန်မပါးစပ်ကနေ သွားရည်တွေ အမြောင်းလိုက် စီးကျနေတာပဲ။

“အိုး... သေပါပြီ။” ကျွန်မလည်း ချက်ချင်းသတိဝင်လာပြီး စားပွဲပေါ်တင်ထားတဲ့ တစ်ရှူးထုပ်ကိုဖောက်ပြီး သွားရည်တွေ သုတ်လိုက်တယ်။ ပြီးတဲ့နောက်တော့ ကျွန်မ ခါးကိုထောက် နက်ဆန်ကို မကျေမနပ်ကြည့်လိုက်မိတယ်။

“ဒီမယ်၊ ရှင်က ကျွန်မအိပ်နေတာကို ခိုးကြည့်ပြီး.ရယ်နေရုံ မကဘဲ ဆံပင်ကိုပါ လာကလိနေတယ်ပေါ့။ ရဲတိုင်လိုက်လို့ စခန်းမှာ တစ်ညအိပ်နေရမယ်။”

ကျွန်မက ဒေါနဲ့မောနဲ့ပြောလိုက်တော့ နက်ဆန်က နားမလည် နိုင်စွာနဲ့ ခေါင်းကိုစောင်းပြီး ကျွန်မကို ပြန်ပြောတယ်။ “ငါက မင်းရှေ့မှာထိုင်နေတာမလို့ မင်းကို ဒီအတိုင်းမြင်နေရတာ မှန်ပေမဲ့ ဆံပင်ကို ကလိနေတာတော့ ငါမဟုတ်ဘူးနော်။”

ဒီတော့မှ ကျွန်မလည်းရှက်သွားပြီး ဘေးကိုကြည့်တော့ ဟိုအိုလီရာနာမက ကျွန်မဆံပင်အဖျားကိုကိုင်ထားဆဲ ဖြစ်နေတာ တွေ့လိုက်ရတယ်။ ပြီးတော့ သူက ကျွန်မ ဒေါသထွက်နေတဲ့ပုံစံကိုကြည့်ပြီး ကျိတ်ရယ်နေတာ။

“သေနာမလေး၊ လူကြီးကို စစရာလား။” ကျွန်မလည်း သူ့ဆံပင်တွေကို လက်နဲ့ပြန်ဆောင့်ဆွဲလိုက်တယ်။ ဖုန်းက နာရီကိုကြည့်လိုက်ပြီးနောက်တော့ သက်ပြင်းချလိုက်မိပါရော။ မနက်ကိုးနာရီထိုးနေပြီ။ မနေ့က အိပ်ရာဝင်နောက်ကျရာကနေ အခုလိုဖြစ်လာတာ။

“ကျွန်မလည်း ရှင့်နောက်လိုက်ရင်းနဲ့ နေ့နဲ့ညနဲ့ ပြောင်းပြန် ဖြစ်ကုန်ပြီ။”

“ငါမအိပ်ရသေးဘူး။ ပြန်အိပ်လိုက်ဦးမယ်။” နက်ဆန်က ကျွန်မစကားကို ခါတိုင်းလိုပဲ ဂရုမစိုက်သလိုပြုမူရင်း ရထားနံရံကိုမှီကာ မျက်လုံးကိုမှိတ် အိပ်ဖို့ကြိုးစားတယ်။ ပုံမှန် မနက်စာစားချိန်တောင် ကျော်သွားပြီဖြစ်တဲ့အတွက် ကျွန်မဗိုက်က သံစုံမြည်နေပြီ။ အိုလီရာနာကတော့ ကျွန်မ ဗိုက်ကထွက်တဲ့ အသံပေါင်းစုံကိုနားထောင်ရင်း ကျွမ်းထိုးမှောက်ခုံ ရယ်နေပါတယ်။

“အားဟားဟား... ရှင်သာ ကျွန်မနဲ့ခေတ်ပြိုင်မွေးလာရင် အိန္ဒြေမရှိတဲ့မိန်းမဆိုပြီး ယောက်ျားတစ်သက်လုံး ရတော့မှာ မဟုတ်ဘူး။”

“ဘယ်သူကရော နင်နဲ့အတူအလယ်ခေတ်မှာ ခေတ်ပြိုင် မွေးချင်တယ်ပြောလို့လဲ။ လျှပ်စစ်မီးမရှိ အင်တာနက်မရှိနဲ့ ပျင်းစရာကြီး။”

ကျွန်မလည်း ဘုကန့်လန့်ပြန်ပြောလိုက်ပြီး အိုလီရာနာကို ချိုင်းကနေမြှောက်ကာ စားပွဲပေါ်တင်ပေးလိုက်တယ်။ ပြီးတဲ့နောက် ထိုင်နေတဲ့ထိုင်ခုံကနေထပြီး ရထားစင်္ကြ့လမ်းပေါ် ထွက်လိုက်ပါတယ်။

မနက်အိပ်ရာထနောက်ကျတဲ့အတွက် ခံတွင်းမကောင်း ဖြစ်နေပြီ။ ညကလည်း ပြေးလွှားထားရတာမလို့ တစ်ကိုယ်လုံးချွေးတွေနဲ့နေလို့ထိုင်လို့ ကောင်းတာမဟုတ်ဘူးရယ်။

“ ရေချိုးခန်းပါတဲ့ရထားကို ရွေးယူမိတာ ကောင်းတယ်။”

ကျွန်မလည်း တစ်ကိုယ်တည်းပြောလိုက်ရင်း သွားတိုက်တံနဲ့ တခြားတစ်ကိုယ်ရေသုံးပစ္စည်းတွေထုတ်ဖို့ မျက်နှာကျက်က အံံ့ဝှက်ကို ဖွင့်လိုက်ပါတယ်။

ဂျိန်းဂလိန်း...

“အောင်မလေး...”

ကံဆိုးတယ်လို့ပြောရမလား မသိပေမဲ့ ရုတ်တရက် ရထားက သွားနေတဲ့လမ်းကြောင်းပြောင်းသွားပြီး နည်းနည်းယိုင် သွားတယ်။ အကျိုးဆက်အနေနဲ့ အိနားရှားသက်ရောက်မှု ဖြစ်ပေါ်လာတာကြောင့် အံ့ဝှက်ထဲထည့်ထားတဲ့ ကျွန်မရဲ့ ခရီးဆောင်အိတ်က မျက်နှာပေါ်ပြုတ်ကျပါလေရော။

“အဆင်ပြေရဲ့လား....” ရထားစင်္ကြ့ပေါ်မှာသွားနေတဲ့ ရထားမယ်လေးလည်း သတိထားမိသွားပြီး ကျွန်မကို လာကူညီပါတယ်။ ဆိုးတာက အနာထဲထည့်တဲ့ အိုင်အိုဒိုင်းဆေးနီလေး ပုလင်းအကြီးက အဖုံးပွင့်ပြီး ကျွန်မ ယူနီဖောင်းပခုံးပေါ် မှောက်ကျသွားတာပဲ။

“ကောင်းရော၊ ပင်မင်းဆိုင်မှာ အစွန်းချွတ်မှ ရတော့မယ်။”

ကျွန်မလည်း ကိုယ့်ဘာသာစိတ်ပျက်လက်ပျက် ပြောလိုက်ရင်း ပစ္စည်းတွေကူကောက်ထည့်ပေးနေတဲ့ ရထားမယ်လေးကို ကျေးဇူးတင်လိုက်ပါတယ်။ ပြီးတဲ့နောက် ရေချိုးခန်းဆီကို တန်းသွားတော့တာပဲ။

“ဟောတော့....”

အထဲရောက်ပြီး ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့ ရေတစ်စက်မှ ကျမလာဘူး။ ဒီတော့မှ သတိထားမိတာက ရေဘုံပိုင်ခေါင်းမှာစာကပ်ထားပြီး ‘ပြုပြင်နေပါသည်’တဲ့။ ဒါနဲ့ပဲ ရေချိုးမယ့်အကြံကို ခဏမေ့ထားပြီး အဝတ်ပဲ လဲလိုက်ရတယ်။ မျက်နှာသစ်သွားတိုက်ကတော့ ရေသန့်ဘူးနဲ့ပဲ ကိစ္စပြီးသွားရော။

“နောက်တစ်မြို့မှာနားမှပဲ ရေကောင်းကောင်းချိုးတော့မယ်။” လို့ ကိုယ့်ဘာသာ ရေရွတ်ရင်းနဲ့ပေါ့။

ကျွန်မတို့ခုံကိုပြန်ရောက်တော့ ကျွန်မ ပထမဆုံးလုပ်တာက အိပ်မောကျနေတဲ့ နက်ဆန်ကို အတင်းလှုပ်နှိုးတာပါ။

“ဟေး၊ ညမအိပ်ကောင်ကြီး။ ထဦး၊ မနက်စာမစားဘဲ ရှင်ပြန်အိပ်ရင် အစာအိမ်ရောဂါရလိမ့်မယ်နော်။”

ကျွန်မက သူ့ကို ညမအိပ်ကောင်ကြီးလို့ ခေါ်မိလို့လား၊ အတင်းလှုပ်နှိုးလို့လားတော့မသိပေမဲ့ ချက်ချင်းနိုးလာပြီး ကျွန်မကို မကျေမနပ်စိုက်ကြည့်တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို အလေးအနက်စိုက်ကြည့်လိုက်တော့ သူဘာမှ မပြောဘဲ ငြိမ်ကျသွားရော။

အဲဒီအချိန်မှာပဲ ရထားအင်တာကွန်းကနေပြီး ကြေညာသံ ထွက်လာပါတယ်။

“ခရီးသည်များရှင့်၊ မကြာခင်မှာ ကျွန်မတို့ရထားကြီးဟာ ခရိုအေးရှားနယ်စပ်ကိုဖြတ်ကျော်ပြီး ဘော့စနီးယားပိုင်နက် အတွင်းဖြတ်ကျော်ဝင်ရောက်တော့မှာ ဖြစ်သည့်အတွက် နောက်တစ်မှတ်တိုင်တွင် သက်ဆိုင်ရာအရာရှိများက စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့၏ ဆိုင်ရာအထောက်အထားလက်မှတ်များကို မိမိနှင့်အတူ ယူဆောင်ထားကြပါရန် မေတ္တာရပ်ခံပါသည်။”

“မနက်စာ နောက်မှမှာရအောင်။” နက်ဆန်က ပြောလိုက်ပြီး သူ့အိတ်ထဲကို လက်နှိုက်လိုက်တယ်။ မကြာဘူး၊ ပက်စ်ပို့အပြာလေးနဲ့ ရထားလက်မှတ်က သူ့စားပွဲရှေ့မှာ ရောက်လာတယ်။ ကျွန်မလည်း ကျွန်မပိုက်ဆံအိတ်ကို ဖွင့်ပြီးလိုက်ရှာပေမဲ့ ဘာမှ ရှာလို့မတွေ့ဘူးရယ်။

“အယ်... ခါတိုင်းပိုက်ဆံအိတ်ထဲ ထည့်ထားနေကျပါ။” ကျွန်မ စဥ်းစားတာမှ ဘယ်လိုနည်းနဲ့မှ စဥ်းစားလို့မရ။ ခရီးဆောင်အိတ်ထဲများ ထည့်မိလေသလားဆိုပြီး ထရှာတော့လည်း ရထားရပ်သွားတဲ့အထိ ဘာမှရှာမတွေ့ဘူး။

“ဘုရားရေ၊ ဟိုသောက်ကျိုးနည်းဟိုတယ်မှာ ကျန်ခဲ့ပြီလား မသိဘူး။”လို့ တစ်ကိုယ်တည်းပြောလိုက်မိပေမဲ့ ကျွန်မ နောက်မှာ တစ်ယောက်ယောက်လာရပ်တာ သတိထားမိ လိုက်ပါတယ်။

“တစိတ်လောက်၊ ကျွန်မခုံနားမှာ ဒီပက်စ်စပို့လေး ရှာတွေ့လို့။ ရှင့်ဟာများ ဖြစ်နေမလားမသိဘူး။”

အဲဒီလေသံက အေးမြ ယဥ်ကျေးပုံပေါ်ပေမဲ့ ပြတ်သားပြီး စည်းစနစ်ကြီးတယ်လို့ ခံစားရစေတယ်။ ပြန်လှည့်ကြည့် တော့ ရွှေရောင်ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး သေသေသပ်သပ် ဆံထုံးထိုးထားတဲ့ ငွေနက်ရောင် မျက်လုံးတွေပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရတယ်။ အသက်က သုံးဆယ်ကျော်စပဲ ရှိသေးပုံပေါ်ပြီး အတော်လေးလှတယ်။ မျက်နှာပုံစံက ကျွန်မတို့ ဥရောပတောင်ပိုင်းသားတွေနဲ့မတူဘဲ ရုရှားသူ မျက်နှာမျိုးထွက်နေတယ်။ အနောက်တိုင်း ဝတ်စုံကို စနစ်တကျဝတ်ထားပြီး စီးပွားရေးသမား တစ်ယောက်လိုလို ရုပ်ရှင်ထဲက အက်ဘီအိုင်အေးဂျင့် လိုလိုနဲ့ပါ။

“ဟုတ်ကဲ့၊ ကျေးဇူးပါရှင့်။” ကျွန်မ ပက်စ်ပို့စ်ကိုယူပြီး ဖွင့်ကြည့်ကာ ကျွန်မဟာဟုတ်မဟုတ် အတည်ပြုလိုက်ရင်း သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။

သူကတော့ ကျွန်မကို ပြုံးရုံလေးပြုံးပြတယ်။ ဘယ်ဘက်ပါး ပါးချိုင့်လေးက ထင်းနေတာပဲ။ ရထားတံခါးတွေ ပွင့်သွားတဲ့အချိန်မှာတော့ သူက ကျွန်မကို ယဥ်ယဥ်ကျေးကျေးပဲ နှုတ်ဆက်ပြီး ရထားပေါ်က ဆင်းသွားပါတယ်။

“လူကလည်းလှ စိတ်ထားကလည်း နူးညံ့ပြီးတော့ ပြီးပြည့်စုံလိုက်တာ။ ကျွန်မသာ ယောက်ျားလေးဆိုရင် အဲဒီလိုမိန်းကလေးမျိုးကို အရယူမှာပဲ။”

တကယ်လည်း မိန်းမချင်းပြေးဖက်ချင်လောက်အောင် လှတဲ့ ကောင်မလေးမျိုးလေ။ နက်ဆန်ကတော့ သက်ပြင်းချရင်း ရထားပြတင်းပေါက်အပြင်ကို လှမ်းငေးကြည့်ပါတယ်။

“သူက ငါတို့အလစ် မင်းပက်စ်ပို့စ်ကို ပိုက်ဆံအိတ်ထဲကနေ နှိုက်ယူခဲ့တဲ့သူဆိုတာ မင်းသိခဲ့ရင်ရော အဲဒီလိုပြောမှာလား။”

“ဟင်...” ကျွန်မ နားမလည်နိုင်စွာနဲ့ နက်ဆန်ကို ကြောင်ကြည့်လိုက်မိတယ်။

“အဲဒါက EUOCရဲ့အေးဂျင့်ကွ။ မင်းက ငါနဲ့အတူရှိနေလို့ စုံစမ်းရအောင်လာခဲ့တာ။ အကြာကြီး နောက်ယောင်ခံ လိုက်နေတာမျိုးမဟုတ်လို့ တော်သေးတယ်ပြောရမှာပဲ။”

ကျွန်မ ကျောချမ်းသွားတယ်။ နက်ဆန်ရဲ့သိုသိုသိပ်သိပ် ရထားနဲ့ခရီးသွားတဲ့အစီအစဥ်က အလုပ်ရောဖြစ်ရဲ့လားလို့ ကျွန်မတွေးမိလာတယ်။

“မင်းစိတ်မပူနဲ့၊ တစ်ခါတလေမှာ အခုလိုမျိုး ပြောင်တင်းတင်းခရီးသွားတာက ခိုးကြောင်ခိုးဝှက် သွားတာထက် ပိုအလုပ်ဖြစ်တယ်။ အင်အားစုအများစုက ငါတို့ခရီးသွားနေတာကိုသိပြီး နောက်ယောင်ခံလိုက်နေပေမဲ့ ငါတို့ရည်ရွယ်ချက်ကို မသိကြဘူး။ ဒီအတိုင်း အတွေ့အကြုံယူနေတယ်လို့ပဲ တွေးကြတာ။”

ကျွန်မခုံမှာပြန်ထိုင်လိုက်တယ်။ ပက်စ်ပို့ကိုတော့ စားပွဲပေါ် တင်ထားလိုက်တာပေါ့။ သိချင်စိတ်ကတော့ ကြီးစိုးနေပြီ။

“EUOCက ရှင့်အတွက် ရန်သူလား၊ မိတ်ဆွေလား။”

“မရှိမဖြစ် ရှိမဖြစ်ဆိုတဲ့ဟာမျိုးလို့ ပြောရင်နားလည်မလား။”

ကျွန်မ သူပြောတာကို နားမလည်ဘူး။ မော်လီကတော့ ဖြည့်ပြောလိုက်ပါတယ်။ “ သူတို့က သခင်ငယ်ငယ်က ကျောင်းမှာဖြစ်ခဲ့တဲ့ပြဿနာတစ်ခု ပြီးကတည်းက နောက်ကနေ လိုက်နေတာ။ အကြိမ်အများစုမှာ သခင့်ကို ကူညီခဲ့တာမျိုးရှိပေမဲ့ တစ်ခါတလေ အန္တရာယ်ပေးဖို့ ကြိုးစားတာမျိုးလည်းရှိတယ်။ ဒီတော့ အကူအညီရပေမဲ့ မယုံရတဲ့ဟာမျိုးပဲ။”

“နားလည်ပြီ။” အမေရိကန်တွေပြောလေ့ရှိတဲ့ Frenemy ဆိုတာမျိုးပေါ့။

ငါးမိနစ်လောက်ကြာတော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေ ကျွန်မတို့ဆီရောက်လာပြီး လာစစ်ဆေးတယ်။ မသင်္ကာစရာ ဘာမှမတွေ့တော့ သူတို့က ခေါင်းညိတ်ပြပြီး တခြားသူတွေဆီ ဆက်သွားပါတယ်။ စစ်ဆေးမှုအားလုံးပြီးချိန်မှာတော့ ရထားက ဆက်ထွက်ပါတယ်။ နားမယ့်မြို့ရောက်ဖို့ လိုသေးတာနဲ့ ကျွန်မတို့တွေ ရထားပေါ်မှာပဲ မနက်စာစားဖို့ဆုံးဖြတ်ပြီး စားစရာတချို့ မှာလိုက်ကြပါတယ်။

...

“ဒီနေ့တော့ ဂရိစာမှာကြည့်ကြတာပေါ့။ မကြာခင် ဂရိရောက်တော့မှာဆိုတော့ ကြိုမြည်းစမ်းကြည့်တာ ကောင်းတယ်လေ။”

ကျွန်မလည်း တစ်ယောက်တည်းပြော တစ်ယောက်တည်း မှာမှာလိုက်တာ။ မကြာခင်မှာပဲ စားစရာတွေရောက်လာတယ်။ အများစုကတော့ ဂရိစတိုင် ကိတ်မုန့်လေးတွေပါပဲ။ ထူးခြားတာဆိုလို့ ဂရိကော်ဖီပဲ ရှိမယ်။ ကော်ဖီမှုန့်အစစ်နဲ့ဖျော်ပြီး ဇကာမစစ်ဘဲ ကော်ဖီခွံတွေကိုပါသောက်ရတဲ့ဟာမျိုး။ အရသာကလည်း ပြင်းတယ်။ တော်ရုံကော်ဖီသမားတွေမကပ်နိုင်ပေမဲ့ ကျွန်မက တစ်ခါတလေဆိုပြီး မှာလိုက်မိတာ။

နောက်တော့ ကော်ဖီကိုအရသာခံပြီးသောက်ဖို့ ခွက်ကို မြှောက်လိုက်ပေမဲ့ လက်က ရုတ်တရက်အားလွန်သွားပြီး အင်္ကျီတွေပေါ် ဖိတ်ကျပြန်ရော။

“အောင်မလေး၊ သေပါပြီ။ ပူလိုက်တာ...”

ကျွန်မလည်း ထခုန်မိလုမတတ်ဘဲ။ ပြီးတော့ ဒါက နှစ်ကြိမ်မြောက် အဝတ်အစားတွေအပေါ် ဖိတ်ကျတာလေ။ ကျွန်မ စိတ်ညစ်သွားတော့တာပေါ့။

“ဒီနေ့တစ်နေ့လုံး ဘာဖြစ်နေတာပါလိမ့်။ တကယ်ပါပဲ။”

ကျွန်မက အဝတ်သွားလဲပြီးပြန်လာတော့ ဒီကိစ္စကို မေ့မေ့လျော့လျော့ပဲ ထားလိုက်ပေမဲ့ နက်ဆန်က သူ့လက်နှစ်ဖက်လုံးကို စားပွဲပေါ်တင် အချင်းချင်းဆုပ်ကိုင်ထားပြီး စိုးရိမ်နေတဲ့လေသံနဲ့ ကျွန်မကို တည့်တည့်ကြည့်ပြောတယ်။

“ဆယ်ဗီ... မင်းတစ်နေကုန် အမှားတွေဖြစ်နေတာ အကြိမ်ဘယ်လောက်ရှိသွားပြီလဲ။”

“အယ်... ဘာကိုဆိုလိုတာလဲ။”

“ မျက်နှာပေါ် ခရီးဆောင်အိတ်ပြုတ်ကျတာ၊ ဆေးပုလင်း မှောက်ကျတာ၊ ရေချိုးဖို့သွားပေမဲ့ ရေမချိုးရဘဲ ပြန်လာတာ၊ ပက်စ်ပို့ပျောက်တာ၊ ကော်ဖီမှောက်ကျတာ...”

သူက ကျွန်မဖြစ်ခဲ့သမျှအကုန်လုံးနီးပါးကို တစ်ခုချင်းစီ ရွတ်ပြတယ်။ ပြီးတဲ့နောက်...

“ဒါတွေအားလုံးက ပုံမှန်လို့ငါမထင်ဘူးနော်၊ ဆယ်ဗီ။” ဆိုတဲ့စကားနဲ့ အဆုံးသတ်လိုက်တယ်။

ဒါပေမဲ့ ကျွန်မက သူ့ကိုခေါင်းခါပြလိုက်တယ်။ ဒါတွေက ဘာများထူးဆန်းလို့လဲ။ နေ့တိုင်းဖြစ်တတ်နေကျ အလွဲလေးတွေပဲမဟုတ်လား။

“ဘာမှမဖြစ်ပါဘူး၊ ကျွန်မက ဒီအတိုင်း ကပျက်ကချော် နေနေကျမလို့ ဒီလိုမျိုးက ဖြစ်တတ်ပါတယ်။”

“တစ်ခေါက်နှစ်ခေါက်က မတော်တဆဖြစ်တာလို့ ပြောလို့ရတယ်ဆိုပေမဲ့ အကြိမ်ကြိမ်အခါခါဖြစ်တာက မတူဘူးနော်။”

ကျွန်မတို့စကားပြောနေရင်း ရထားမယ်လေးတစ်ယောက် အနားကဖြတ်သွားတယ်။ သူက သတိမထားမိဘဲ ကျွန်မ ခြေထောက်ကို တက်နင်းလိုက်မိတာကြောင့် နာသွားပြီး ကျွန်မ အော်လိုက်မိတာပေါ့။

“သေပါပြီ....”

“တောင်းပန်ပါတယ်ရှင့်၊ ကျွန်မ ဂရုမစိုက်လိုက်မိလို့ပါ။”

ကျွန်မလည်း ရထားမယ်လေးကို အဆင်ပြေကြောင်း ပြန်ပြောရတာပေါ့။ နက်ဆန့်မျက်နှာကတော့ ပိုပြီး မဲမှောင်လာနေပါပြီ။

“ငါတော့ သိပ်မသင်္ကာဘူး။ မင်းရဲ့ကျိန်စာက ငါတို့ မသိလိုက်ခင်မှာ ပြန်အသက်ဝင်လာတာမျိုးလည်း ဖြစ်နိုင်တယ်။ နောက်ကျမသွားခင် သေချာစစ်ကြည့်ဖို့လိုတယ်။ နောက်မြို့ကိုရောက်ရောက်ချင်း မှော်အစီအရင်တစ်ခုခုနဲ့စစ်ကြည့်ကြတာပေါ့။”

ကျွန်မ စားပွဲကိုပဲ စိုက်ကြည့်နေမိတယ်။ ဟုတ်တာပေါ့၊ ကျွန်မဆီမှာ ကျိန်စာဆိုတဲ့အရာကြီး ကပ်ပါနေတာပဲ။ ဒါကြောင့် နက်ဆန်က ကျွန်မကို အမြဲစိုးရိမ်နေခဲ့တာ။ အခုလည်း ဘာမှမဟုတ်ဘဲ သူ့ကို စိုးရိမ်အောင် လုပ်မိပြန်ပြီ။

အစကတည်းက ဒီခရီးက ကျွန်မရဲ့ကျိန်စာအတွက် ထွက်လာတဲ့ခရီးလေ။

All Chapters