← Chapters

ပြဿဒါးနေ့ (၂)

Vol. 1 Ch. 55

ပြဿဒါးနေ့ (၂)

Vol. 1 Ch. 55

ကျွန်မတို့တွေ ဘော့စနီးယားနယ်မြို့လေးတစ်မြို့က စွန့်ပစ် အဆောက်အဦတစ်ခုဆီ ရောက်လာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဖြစ်ခဲ့တဲ့ ဘော့စနီးယားစစ်ပွဲကြောင့် ဒီနိုင်ငံမှာ စွန့်ပစ်ခံထားရတဲ့ အဆောက်အဦများစွာ ရှိတယ်။ ကျွန်မတို့ရောက်လာတဲ့ နေရာကလည်း ဒီလိုနေရာပဲပေါ့။

အဆောက်အဦက လေးထပ်အမြင့်ရှိတယ်။ စစ်အေးခေတ် လက်ရာမလို့ အကြမ်းထည်ဆန်ပြီး လေးထောင့်ကျကျ တိုက်ခန်းတွဲတစ်ခုပါ။ သံချေးကိုက်နေတဲ့ ဝရန်တာတွေရယ်၊ ဒေသခံလူငယ်တချို့ အပြောင်အပျက်အနေနဲ့ဆွဲထားတဲ့ ဂရပ်ဖစ်တီစာသားတွေရယ်ကို မြင်နေရတယ်။

“ဒီရပ်ကွက်တစ်ခုလုံးက စွန့်ပစ်ခံထားရတာ။ လူသိမခံချင်တဲ့ ကိစ္စတစ်ခုခုလုပ်မယ်ဆိုရင် ဒီနေရာက အသင့်တော်ဆုံးပဲ။” မော်လီက ကျွန်မကို လှမ်းဆက်သွယ်ပြီး ပြောလိုက်တယ်။

နေက ခြစ်ခြစ်တောက်ပူနေဆဲဖြစ်လို့ မော်လီက နက်ဆန်ရဲ့ အရိပ်ထဲမှာပုန်းနေရတယ်။ ကျွန်မလည်း သက်ပြင်းချမိ တယ်။ နက်ဆန်က အတွေးလွန်နေတာလားမသိပေမဲ့ ကျွန်မကျိန်စာ ပြန်နိုးထလာနိုင်တဲ့ဖြစ်နိုင်ခြေရှိတယ်လို့ မှန်းဆပြီးတာနဲ့ ရထားမစီးခိုင်းတော့ဘူး။ အခုနေရာကို ဆိုင်ကယ်တစ်စီးငှားပြီး ဖြည်းဖြည်းချင်းမောင်းလာခဲ့တာ။ သူပြောပုံအရတော့ “မင်းကျိန်စာက အတူရှိနေတဲ့ သူတွေကိုပါ ကံဆိုးမိုးမှောင်ကျစေနိုင်လောက်တယ်။” ဆိုပဲ။

ကျွန်မရထားပေါ်မှာရှိနေရင် ရထားလမ်းချော်တာလိုမျိုး မကောင်းတာတစ်ခုခုဖြစ်မှာစိုးလို့လားမသိပေမဲ့ လာရာ လမ်းမှာတော့ ကားတိုက်မလိုဖြစ်တာ နှစ်ကြိမ်လောက် ရှိတယ်။ ဒီတော့ ကျွန်မလည်း အထွန့်မတက်ရဲတော့ဘဲ တိတ်တဆိတ် လိုက်လာရတော့တာပေါ့။

“မှာထားတဲ့ ပစ္စည်းတွေရောက်လာပြီပဲ။” ကျွန်မတို့တွေ စွန့်ပစ်ခံတိုက်ခန်းရဲ့မြေညီထပ်မှာ ထိုင်စောင့်နေကြတုန်း အဖြူရောင်ဗင်ကားတစ်စီးက လမ်းမပေါ်မှာထိုးရပ်တယ်။ နက်ဆန်က အဲဒီကားကိုကြည့်ပြီး ဒီလိုပြောလိုက်တာ။

မကြာခင်မှာပဲ ကားပေါ်ကနေ လူတချို့ဆင်းလာပြီးတော့ ကိုယ်လုံးပေါ် မှန်ချပ်ကြီးငါးချပ်နဲ့ ဂုန်နီအိတ်တစ်အိတ်ကို လာချပေးပါတယ်။ သူတို့က နက်ဆန်ဆီလျှောက်လာပြီး စာရင်းစာရွက်တစ်ရွက်ကိုပြတယ်။ နက်ဆန်ကတော့ သူတို့ကို ယူရိုငွေအထပ်လိုက်ပေးလိုက်ပါတယ်။

“ဒါတွေက ဘာလုပ်ဖို့လဲဟင်။” ကျွန်မ စပ်စုကြည့်တော့။

“မင်းကျိန်စာသင့်နေမနေ စစ်ဆေးဖို့လိုအပ်တဲ့ ပစ္စည်းတွေလေ။”လို့ ပြန်ဖြေတယ်။

ကျွန်မနားမလည်နိုင်ဘူး။ “ကျိန်စာသင့်မသင့်စစ်ဆေးတာ ဒီလောက်ပစ္စည်းတွေ လိုလို့လား။” ဆိုပြီး မေးကြည့်တော့ မော်လီက ကျွန်မကို ရှင်းပြပါတယ်။

“ပုံမှန်ဆိုရင်တော့ တစ်ပါးသူကိုကျိန်စာတိုက်တာနဲ့ ကျိန်စာ အတိုက်မခံရအောင်ကာကွယ်တဲ့ အစီအရင်တွေက အမျိုးမျိုးရှိတယ်။ ဖယောင်းတိုင်လေးတစ်တိုင်နဲ့ မှန်တစ်ချပ်နဲ့တင်ပြီးသွားတဲ့ အစီအရင်တွေရှိသလို လူစတေးရတဲ့အထိ ပေးဆပ်မှုကြီးတဲ့ အစီအရင်တွေလည်း ရှိတယ်။ လူတစ်ယောက်ကို ကျိန်စာသင့်နေမနေ စစ်ဆေးတဲ့ နည်းကတော့ အမှောင်ကျောင်းတော်မှာ တစ်ခုပဲရှိတယ်။ လောကကြေးမုံအစီအရင်ပဲ။”

နောက်ဆက်တွဲအနေနဲ့ မော်လီက ကျွန်မကို ကျိန်စာသင့်ရတဲ့ အကြောင်းအရင်းကို ထောက်လှမ်းတာ ခက်ခဲတဲ့အကြောင်း ဆက်ရှင်းပြပါတယ်။

“ပုံမှန်မှော်ဆရာတွေက ကျိန်စာသင့်မသင့်ကို လူတစ်ယောက်ရဲ့ လက္ခဏာရပ်အမျိုးမျိုးအပေါ်မူတည်ပြီး ဆုံးဖြတ်ကြတယ်။ ဥပမာအနေနဲ့ အကြောင်းအရင်းမရှိ ဖျားနာနေတာမျိုး၊ ဆက်တိုက်ကံဆိုးနေတာမျိုးပေါ့။ သခင်က အဲဒီနည်းနဲ့ နင့်ကျိန်စာပြန်နိုးထလာနိုင်တယ်လို့ မှန်းဆခဲ့တာ။ ဒါက အခြေခံပဲ။”

“ဒါပေမဲ့ ဘယ်လိုအရာမျိုးကနေ ကျိန်စာသင့်လာသလဲဆိုပြီး စစ်ဆေးတာက သိပ်ခက်တယ်။ အတွေ့အကြုံရှိတဲ့ မှော်ဆရာ အများစုတောင်မှ အကြောင်းအရင်းအသေးစိတ်ကို သိနိုင်ဖို့ ခက်ခဲတယ်။ အများစုက ကျိန်စာသင့်နေတဲ့သူကို ဒီလိုမေးလိမ့်မယ်၊ မင်းမှာရန်သူရှိလား၊ မနာလိုတဲ့သူ ရှိလား၊ ရည်းစားဟောင်းဘာညာရှိလား၊ မြေမသန့်တဲ့နေရာတစ်ခုကို သွားဖူးလား စသည်ဖြင့်ပေါ့။ ပြီးရင် ဖြစ်နိုင်ခြေရှိတဲ့တရားခံကို တန်ပြန်ကျိန်စာတွေ၊ အစီအရင်တွေနဲ့ တိုက်ခိုက်တော့တာပဲ။”

ကျွန်မလည်း စဥ်းစားကြည့်တယ်။ ဒါလည်း ဟုတ်တာပဲ။ လက်တွေ့ဘဝက ရုပ်ရှင်မှမဟုတ်တာ။ ကျိန်စာတိုက်တဲ့သူကို ရှာရတာ လူသတ်တရားခံရှာရသလိုပဲ ခက်ခဲတာနေမှာ။ ပိုဆိုးတာက သဲလွန်စရဖို့ ခက်ခဲတယ်။ မော်လီကတော့ ဆက်ပြီး ပေရှည်ရှည်နဲ့ လေရှည်နေတုန်း။

“ဒီတော့အကျိုးဆက်အနေနဲ့ အပြစ်မရှိတဲ့သူတွေကို သွားထိခိုက်တတ်ပြီး ကျိန်စာသင့်တဲ့သူရဲ့ကျိန်စာလည်း မပြေတော့ဘူး။ ပြောရရင် ဘယ်သူ့အတွက်မှအကျိုးမရှိဘူး။”

“ အမှောင်ကျောင်းတော်ရဲ့လောကကြေးမုံအစီအရင်ကတော့ ကျိန်စာတိုက်တဲ့သူနဲ့ တိုက်တဲ့နည်းလမ်းကို ကြေးမုံပြင်မှာ ပေါ်လာအောင် လုပ်နိုင်စွမ်းရှိတယ်လေ။ အကျိုးသက်ရောက်မှုမြင့်သလို စီရင်ဖို့ခက်ခဲတဲ့အရာပဲ။”

ကျွန်မကို ရှင်းပြနေတုန်းမှာပဲ နက်ဆန်က အစီအရင်ကို စီရင်ဖို့အတွက် အလုပ်ရှုပ်နေပါတယ်။ ပထမဆုံးအနေနဲ့ သူက မှန်ချပ်ကြီးတွေကို မြေညီထပ်က နံရံထောင့်တစ်ခုစီမှာ လိုက်နေရာချလိုက်တယ်။ နောက်တော့ သူက အခန်းရဲ့အလယ်မှာ ရပ်ပြီးတော့ သူ့ပုံရိပ် မှန်ချပ်တိုင်းမှာ ပေါ်နေမနေ သေချာစစ်ပြီး မှန်တွေရဲ့အနေအထားကို လိုက်ပြုပြင်တယ်။ အားလုံး အဆင်ပြေပြီလို့ယူဆပြီးမှ သူက ခေါင်းညိတ်ကာ တခြားအဆင့်တစ်ခုကို ဆက်လုပ်ပါတယ်။

“ဒါတွေက ဆားတွေလား...” ကျွန်မ အလုပ်လုပ်နေတဲ့ သူ့နောက်ကနေ လိုက်နေရင်းကနေ သူဂုန်နီအိတ်ကို ဖောက်လိုက်တာ တွေ့ရတယ်။ အထဲမှာ ဖြူဖွေးနေတဲ့ ဆားတွေပါ။

သူက ခေါင်းညိတ်ပြလိုက်ပြီး “သန့်စင်တဲ့ဆားက မကောင်းတဲ့အရာတွေကို တွန်းလှန်ဖို့အတွက် အကောင်းဆုံးအရာပဲ။ ဒါပေမဲ့ ဒီဆားကိုလည်း မှော်ဂါထာတွေနဲ့ပြုပြင်ဖို့လိုသေးတယ်။” လို့ရှင်းပြတယ်။

ပြီးတဲ့နောက်တော့ သူက အနက်ရောင်သစ်သား သေတ္တာလေး တစ်လုံးကို ခရီးဆောင်အိတ်ထဲကနေ ထုတ်လိုက်တယ်။ သေတ္တာအဖုံးကို ဖွင့်လိုက်ပြီးတဲ့နောက်မှာတော့ အထဲမှာ စိတ်ဝင်စားစရာ ပစ္စည်းတချို့ရှိနေတာကို တွေ့လိုက်ရပါတယ်။

ပထမဆုံးတစ်ခုက သားရေအဖုံးအနက်နဲ့ချုပ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး သူ့အဖိုးရဲ့မှော်ဂါထာမှတ်တမ်း စာအုပ်ပါ။ တခြားစိတ်ဝင်စားစရာပစ္စည်းတစ်ခုကတော့ နွယ်ကြိုးတစ်ကြိုးပတ်ထားတဲ့ အနက်ရောင်တုတ်ချောင်း တစ်ချောင်းဖြစ်ပြီး တုတ်ချောင်းရဲ့ထိပ်မှာ နက်ပြာရောင် ဝံသဝဏ်ကျောက်မျက်ကို တပ်ဆင်ထားတယ်။ ငွေသား အစစ်နဲ့လုပ်ထားပြီး ညနတ်ဘုရားမရဲ့ရုပ်ကြွပါတဲ့ ဓားတစ်လက်လည်းရှိနေသလို ဇီးကွက်တစ်ကောင်ရဲ့ရုပ်ပုံပါတဲ့ ရွှေရေခွက်လေး တစ်ခွက်လည်းရှိနေတယ်။ သိပ်အရေးမပါဘူးလို့ ထင်ရတဲ့ ပစ္စည်းတွေထဲမှာ ကတ်သားကောင်းကောင်းနဲ့ လုပ်ထားတဲ့ တဲရော့မေဂျာကတ် ၂၂ ကတ်၊ ဆေးမြစ်နဲ့ဆေးရွက် ထည့်ထားတဲ့ ပုလင်းတစ်ဒါဇင်ကျော်၊ လက်ကိုင်အရွယ် ကြည့်မှန်တစ်ချပ်၊ ဖယောင်းတိုင်းမျိုးစုံ စသည်ဖြင့်ပါပါတယ်။

“ဒါကို မှော်ဆရာသေတ္တာလို့ခေါ်တယ် ဆယ်ဗီ။ မှော်ဆရာ အများစုက ဒီလိုသေတ္တာမျိုးဆောင်ထားတတ်တယ်။”

မော်လီက ပြောလိုက်မှ နက်ဆန်ဟာ နတ်ဘုရားစွမ်းအား တစ်ခုတည်းကိုပဲသုံးတဲ့သူမဟုတ်ဘဲ မှော်ပညာမှာပါ အဆင့်မြင့်မြင့် တက်မြောက်ထားတဲ့သူမှန်း ကျွန်မ သတိပြန်ရလာတယ်။ ဒီလူက လမ်းစဥ်တိုင်းလိုလိုကို လျှောက်တဲ့သူပါ။

နက်ဆန်က အနက်ရောင်တုတ်ကောက်ကို ကောက်ယူလိုက်ပြီး ဆားတွေကို ညွန်ပြလိုက်တယ်။ ပြီးတဲ့နောက် လက်တင်ဘာသာနဲ့မှော်ဂါထာတစ်ခုကို စတင်ရွတ်ဆိုပါတယ်။

“ဟော့ဆာ ရီပဲရို မာရာလက်...” အဲဲဒီနောက်တော့ ဆားထဲကို နောက်ထပ် ဆေးပင်တချို့ထပ်ထည့်ပြီး အဲဒီဂါထာကိုပဲ ထပ်ရွက်တယ်။ ၆၆ ကြိမ်မြောက်မှ သူက ရပ်လိုက်ပြီးတော့ အဆောက်အဦးရဲ့တံခါးတွေ၊ ပြတင်းပေါက်တွေရဲ့အောက်ခြေမှာ စည်းသဖွယ်တားပါတယ်။ ပြီးတဲ့နောက်တော့ သူက မှန်ချပ်တွေတစ်ချပ်နဲ့တစ်ချပ်ကြား အဲဒီဆားနဲ့ပဲ မျဥ်းသဖွယ်တားပြီး စက်ဝိုင်းခြမ်းနဲ့ငါးထောင့်ကြယ်ပုံကို ဖော်လိုက်တယ်။

“ဆယ်ဗီ၊ မင်းက အလယ်မှာရပ်နေလိုက်။”

သူက ကျွန်မကို အမိန့်ပေးတယ်။ ကျွန်မလည်း ခေါင်းညိတ်ပြီး ငါးထောင့်ကြယ်ရဲ့အလယ်မှာ ရပ်နေ လိုက်တယ်။ သူကလည်း အစီအရင်ဗဟိုကိုရောက်လာပြီး သေတ္တာထဲကနေ ငွေဓားနဲ့ရွှေခွက်ကို ထုတ်ပါတယ်။

“ရှင်ဘာလုပ်မလို့လဲ...” ကျွန်မမေးတော့ သူက ပြန်မဖြေနဲ့ ငွေဓားကိုသုံးပြီး သူ့လက်ဝါးကို လှီးချလိုက်တယ်။ သွေးတွေက ခွက်ထဲကိုစီးကျေနေပြီး ခွက်ပြည့်သွားတော့မှ ကျွန်မကို ပက်တီးစည်းပေးခိုင်းပါတယ်။

“ပုံမှန်ဆိုရင် ဒီအစီအရင်မှာ ကြက်တစ်ကောင်ရဲ့သွေးကို သုံးလို့ရတယ်။ ဒါပေမဲ့ သခင်က တခြားသတ္တဝါတွေကို မထိခိုက်စေချင်လို့ သူ့သွေးသူသုံးလိုက်တာ။”

မော်လီက ဖြည့်ပြောလိုက်တော့ ကျွန်မပိုပြီး စိတ်ထဲထိခိုက်သွားတယ်။ ဒီလူက အရာအားလုံးကို သူ့ဘာသာ ခါးစည်းခံနေတာပဲ။

နောက်တော့ သူက ခွက်ထဲကို မှောင်နှင်တံနှစ်လိုက်ပြီး မှန်ချပ်တစ်ချပ်စီလျှောက်သွားတယ်။ ပြီးနောက် သွေးကို မင်အဖြစ်သုံးပြီး လက်တင်စာသားတချို့ကို ရေးလိုက်တယ်။

“ဆဗက်ကူလန် ရီဗယ်လက်ဗစ် မာရွန်”ဒီစာသားကိုပဲ သူ့သွေးနဲ့ မှန်ချပ်ငါးချပ်လုံးမှာ လိုက်ရေးပြီးတဲ့နောက် ဖယောင်းတိုင်တစ်တိုင်စီကို မှန်ချပ်တွေရှေ့မှာ ချတယ်။ နောက်တော့ ကြယ်ရဲ့ဗဟိုချက်ဆီကိုပြန်လာပြီး သေတ္တာကို စားပွဲအဖြစ်သုံးကာ သေတ္တာပေါ် ခြောက်ခုမြောက်ဖယောင်းတိုင်ကို နေရာချလိုက်တယ်။

“အခုရော ဘာဆက်လုပ်မှာလဲ။” ကျွန်မက စိတ်ဝင်တစားနဲ့ မေးလိုက်တော့ သူက ထိုင်ချလိုက်ပြီး

“နေဝင်တဲ့အထိ စောင့်ရမယ်။”လို့ ပြောပါတယ်။

နေဝင်ဖို့ကလည်း အချိန်အတော်ကြာ လိုသေးတာမလို့ ကျွန်မလည်း တခြားကိစ္စတွေတွေးမနေတော့ဘဲ ဖုန်းကို ထုတ် နားကြပ်တပ်ပြီး သီချင်းနားထောင်နေလိုက်တယ်။ နက်ဆန်ကတော့ ကြယ်ရဲ့အလယ်မှာ တပလ္လင်ခွေထိုင်ပြီး မြေပြင်ကိုသာစိုက်ကြည့်နေပါတယ်။ မသိရင် တရားထိုင် နေသလိုပဲ။

“နေဝင်ချိန်ရောက်လို့ အစီအရင်ကိုစရင် ငါတို့ကို မကောင်းတဲ့အရာတွေက လာနှောင့်ယှက်လိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ကြောက်လန့်ပြီး စည်းထဲကနေ ထွက်ပြေးတာမျိုး မလုပ်မိစေနဲ့။”

သူက ကျွန်မကို သတိပေးလိုက်ပေမဲ့ ကျွန်မကတော့ ခပ်ပေါ့ပေါ့ပဲ ခေါင်းညိတ်ပြပြီး လက်မထောင်ပြလိုက်တယ်။ ဒီလိုအပြုအမူမျိုးကို တခြားသက်တူရွယ်တူတစ်ယောက် ရှေ့မှာသာလုပ်ပြရင် ကျွန်မကို သေချာပေါက်ရိုက်လွှတ်မှာ။ ပြောစကားကိုသေချာနားမထောင်ဘဲ လက်မထောင်ပြတာကို ရိုင်းတယ်လို့ ခုခေတ်လူငယ်တွေက ထင်ကြတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ကျွန်မရှေ့က လူလိမ္မာလေးမပါဘူး။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားပြီး အပြင်ဘက်မှာ မှောင်လာတယ်။ အပူချိန်ကလည်း ကျဆင်းသွားပြီးတော့ အေးစိမ့်စိမ့်ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ လေပြင်းတွေ တဟူးဟူးတိုက်လာတယ်။ အကျိုးဆက်အနေနဲ့ ကျွန်မတို့ရှိနေတဲ့ စွန့်ပစ်တိုက်ခန်းရဲ့ပြတင်းပေါက်တံခါးတွေက ပိတ်လိုက်ဖွင့်လိုက်နဲ့ တကျီကျီနားတွေညီးလာတော့တာပဲ။ ဒါပေမဲ့ ထူးဆန်းတာက နက်ဆန်ချထားတဲ့ ဆားတွေက လေနဲ့အတူလွင့်ပါမကုန်တာပဲ။

“အချိန်ကျလာပြီ...” နက်ဆန်က ထိုင်နေရာကနေ ထရပ်တယ်။ သူ့လက်ထဲမှာတော့ မှော်နှင်တံလေး ရှိနေတုန်းပဲ။ သူက သေတ္တာပေါ်က ဖယောင်းတိုင်ကို မှော်နှင်တံနဲ့ညွန်ပြလိုက်ပြီး...

“လစ်ဆက်...” လက်တင်မှော်ဂါထာကို ရွတ်လိုက်တယ်။

ဖျောက်... ဖျောက်... ဖျောက်...

သူ့ရှေ့က ဖယောင်းတိုင်အပါအဝင် ဖယောင်းတိုင် အားလုံးက အလိုလိုနေရင်း ထမီးတောက်တယ်။ မီးတောက်အရောင်က အပြာရောင်ဖြစ်နေပြီး လုံးဝကို မှော်ဆန်တယ်။ အဆောက်အဦးထဲမှာ ဒီဖယောင်းတိုင်တွေရဲ့ အလင်းရောင်ပဲရှိနေတာဖြစ်ပြီး ဖယောင်းတိုင်မီးရောင်က မှန်တွေထဲမှာ ထင်ဟပ်နေကာ ကျွန်မနဲ့နက်ဆန်တို့ရဲ့ပုံရိပ်ကို ပြန်မြင်နေရတယ်။ နောက်တော့ ဖယောင်းတိုင်မီးအားကိုးနဲ့ ပြတင်းပေါက်တွေဆီကို ကျွန်မကြည့်လိုက်တယ်။

“အောင်မလေး...” ရုတ်တရက် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မထခုန်မိလိုက်တယ်။

ပြတင်းပေါက်တွေက လေတိုက်လို့ ပွင့်လိုက်ပိတ်လိုက် ဖြစ်နေတာမဟုတ်ဘဲ အဲဒီအစား ရာထောင်ချီတဲ့လက်တွေ အဆောက်အဦထဲဝင်ဖို့ ကြိုးစားရာကနေ ဖြစ်လာနေတာ။ ပြတင်းပေါက်တွေအပြင်မှာတော့ လက်တွေအများကြီး ရှိနေပြီး ဆိုးဆိုးဝါးဝါးသေဆုံးထားတဲ့သူတွေရဲ့မျက်နှာတွေကိုလည်း မြင်နေရတယ်။

“မော်လီ တစ္ဆေမီးအိမ်ကိုထွန်းလိုက်။” နက်ဆန်က အမိန့်ပေးလိုက်တာနဲ့ မော်လီက နက်ဆန့်အရိပ်ထဲက ထွက်လာပြီး တစ္ဆေမီးအိမ်ကို လက်မှာကိုင်ထားလိုက်တယ်။ နက်ဆန်ကလည်း ပတ်ဝန်းကျင်မှာရှိနေတဲ့ တစ္ဆေသရဲတွေကို ကြည့်လိုက်ပြီးတဲ့နောက်

“မကြောက်နဲ့... သူတို့က သိပ်စွမ်းအားမကြီးဘူး။ အရေအတွက်များတာပဲရှိတာ။ စည်းထဲမှာနေနေသမျှ ဘာမှမဖြစ်ဘူး။” လို့ သတိပေးလိုက်တယ်။

တကယ်လည်း တစ္ဆေတွေက ဆားအရံအတားနဲ့တွေ့တော့ ဓာတ်လိုက်သလိုဖြစ်ပြီး နောက်ကိုပြန်ကန်ထွက်ကုန်တယ်။ နက်ဆန်ကတော့ တစ္ဆေသရဲတွေကို လစ်လျူရှုလိုက်ပြီး မှော်နှင်တံကို နှုတ်ခမ်းရှေ့မှာကန့်လန့်ထောင်ကာ ဂါထာရှည်ကြီးတစ်ပုဒ်ကို စတင်ရွတ်ဆိုပါတော့တယ်။

“ဆဗက်ကူလန် ရီဗယ်လက်ဗစ် မာရွန်” ဒါပေမဲ့ ဂါထာရဲ့ အဆုံးမှာတော့ သူရေးထားတဲ့စာသားနဲ့အတူတူဖြစ်တဲ့ အသံထွက်ကိုရွတ်ဆိုလိုက်ပြီး မှန်ချပ်တွေကို မှော်နှင်တံနဲ့ ညွန်ပြလိုက်တယ်။ ဖယောင်းတိုင်က မီးတောက်တွေက ရုတ်တရက် မြင့်တက်လာပြီးတဲ့နောက်တော့ ကျွန်မတို့နဲ့မော်လီအပြင် အခြားပုံရိပ်တစ်ရိပ်ကိုပါ မှန်တွေထဲမှာ ကျွန်မတို့မြင်လိုက်ရတယ်။

လည်တိုင်အထက်မှာ ဘာမှရှိမနေတဲ့ ပုံရိပ်တစ်ခု။ သံချေး အလိပ်လိုက်တက်နေတဲ့ သံချပ်ကာကို ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခု။ လက်ထဲမှာ တောက်ပနေတဲ့ဓားကြီးတစ်လက်ကို ကိုင်ဆောင်ထားတဲ့ ပုံရိပ်တစ်ခုက ကျွန်မနောက်မှာရပ်နေပြီး ကျွန်မလည်ပင်းပေါ် ဓားနဲ့ထောက်ထားတယ်။ ဒါပေမဲ့ စက္ကန့်အနည်းငယ်အကြာမှာပဲ ဖယောင်းတိုင်တွေက လုံးဝအရည်ပျော်ကျသွားပြီး မီးပါသေသွားတဲ့အတွက် အခန်းတစ်ခုလုံးနီးပါး မှောင်ကျသွားတယ်။ မော်လီ့လက်ထဲက တစ္ဆေမီးအိမ်ကြောင့် လုံးဝ ပိန်းပိန်းပိတ် မှောင်ကျမသွားခဲ့ပေမဲ့ မှန်ချပ်တွေက ပုံရိပ်ကိုမမြင်ရတော့ဘူး။

ချက်... ခရက်... ခလွမ်း...

နောက်စက္ကန့်ပိုင်းအကြာမှာပဲ မှန်တွေက အလိုလိုတုန်ခါလာပြီး မျက်နှာပြင်တွေပေါ်မှာ အက်ကြောင်းတွေပေါ်လာကာ ပေါက်ကွဲထွက်ကုန်တယ်။ နက်ဆန်က ကျွန်မကို မှန်စတွေမစူးအောင် သူ့ခန္ဓာကိုယ်နဲ့ ကာပေးလိုက်ပေမဲ့ ကံကောင်းစွာနဲ့ မှန်ချပ်တွေက ကျွန်မတို့ ရှိနေတဲ့နေရာအထိ ရောက်မလာခဲ့ပါဘူး။

ကျွန်မကတော့ ဖြစ်ပျက်ခဲ့တာတွေအတွက် အခုထိတုန်လှုပ် ချောက်ချားနေတုန်းပဲ။ အဲဒီခေါင်းပြတ်သတ္တဝါကြီးက ကျွန်မကို ဓားနဲ့ရွယ်ထားခဲ့တာ။ နက်ဆန်က စိတ်လေးထင့်နေတဲ့လေသံနဲ့ ပြောလိုက်တယ်။

“ဒူလာဟမ်ကျိန်စာက ပြန်လာပြီ၊ ချပ်ဝတ်တန်ဆာတွေ ဝတ်ထားပုံထောက်တော့ ဒေါသူပုန်ထနေတဲ့ပုံပဲ။

ဒီမှော်အစီအရင်နဲ့တောင်မှ ဒူလာဟမ်ရဲ့သခင်ကို ငါတို့မဖော်ထုတ်နိုင်ခဲ့ဘူး။ ဒီတော့ အဲဒီဒူလာဟမ်ရဲ့သခင်ကလည်း မခေတဲ့မှော်ဆရာပဲ ဖြစ်ရမယ်။”

All Chapters