← Chapters

ပြဿဒါးနေ့ (၇)

Vol. 1 Ch. 60

ပြဿဒါးနေ့ (၇)

Vol. 1 Ch. 60

ကျွန်မနိုးလာပြီဆိုပေမဲ့ နက်ဆန်ကတော့ နိုးမလာခဲ့ပါဘူး။ အဲဒီအစား သူ့တစ်ကိုယ်လုံးတုန်ယင်နေတယ်။ သူ့နဖူးကို စမ်းကြည့်လိုက်တော့ ကိုယ်တွေပူနေလို့။ ကံကောင်းစွာနဲ့ အိုလီရာနာရဲ့အခြေအနေကတော့ တည်ငြိမ်နေပြီဖြစ်ပြီး ဖြည်းဖြည်းချင်းနိုးလာတယ်။

“အိုလီရာနာ၊ နင်အဆင်ပြေလား။” ကျွန်မမေးလိုက်တော့ သူက ခေါင်းညိတ်ပြပါတယ်။ နောက်တော့ သူက ကားထဲက ထွက်လိုက်တယ်။

“လောလောဆယ်တော့ စွမ်းအားတွေမသုံးနိုင်သေးဘူး။ သခင့်ရဲ့မှော်စွမ်းအားတွေက နည်းနည်းတည်ငြိမ်သွားပြီ ဆိုပေမဲ့ ငါ့ကိုယ်ထဲက သူ့အစီအရင်ရဲ့တည်ရှိမှုက မှေးမှိန်နေတုန်းပဲ။”

အိုလီရာနာရဲ့ဝိညာဥ်အပိုင်းအစနှစ်ခုက နက်ဆန်ကြောင့် ပေါင်းစည်းနေတာပါ။ ဒါကြောင့် နက်ဆန်တစ်ခုခုဖြစ်တိုင်း အိုလီရာနာကိုပါ ထိခိုက်စေပုံပေါ်တယ်။ အိုလီရာနာတင် မဟုတ်ဘဲ နက်ဆန်ရဲ့အစေခံတိုင်း သက်ရောက်မှုကို ခံစားရပုံပဲ။

ကျွန်မ ကိုယ်တွေပူပြီးကယောင်ကတမ်းတွေပြောနေတဲ့ နက်ဆန်ကိုကျောပိုးပြီး ဗီလာထဲက သူ့အခန်းဆီ ခေါ်လာခဲ့တယ်။ သူ့စကားတွေက ဗလုံးဗထွေးဆန်လွန်းလို့ ဘာတွေပြောနေမှန်း ကျွန်မမသိဘူး။

သူ့ကိုမွေ့ရာပေါ်တင်ပြီးပြီးချင်း ကျွန်မလုပ်တာကတော့ အပူချိန်တိုင်းစက်နဲ့ နဖူးကိုချိန်လိုက်တာပါပဲ။

“ဟမ်... ကိုယ်အပူချိန်က တစ်ရာ့ခုနစ်တောင်ကျော်နေပြီ။”

အသက်အန္တရာယ်ရှိလောက်တဲ့အထိ သူ့ကိုယ်အပူချိန်က မြင့်တက်နေတာ သတိထားမိပြီးနောက်မှာ ကျွန်မ ဒီအတိုင်း မနေရဲတော့ဘူး။ စတီးဗလုံတစ်ခုထဲ ရေထည့်ပြီးအဝတ်စ ထည့် သူ့တစ်ကိုယ်လုံးကိုစပြီး ရေပတ်ဝတ် စတိုက်ပေးရတယ်။ နဖူးကပ်တဲ့ပလာစတာက ဒီအဆင့် အဖျားမျိုးကို ကူညီပေးနိုင်တော့မှာမဟုတ်ဘူး။

ရေဓာတ်ခမ်းခြောက်သွားမှာ စိုးရိမ်တဲ့အတွက်လည်း ဓာတ်ဆားဖျော်ပြီး သူ့ပါးစပ်ထဲဝင်အောင် တိုက်ခဲ့ရသေးတယ်။ ကျွန်မလုပ်နိုင်သမျှအရာအားလုံး လုပ်ပြီးချိန်မှာတော့ နံနက်ဆယ့်တစ်နာရီထိုးသွားပြီ ဖြစ်ပြီးတော့ အခန်းနံရံကိုမှီကာ နားနေမိလိုက်တယ်။ တအားပင်ပန်းနေပြီ။ ကျွန်မ လေပူတွေကို မှုတ်ထုတ်ရင်း အနည်းငယ်အခြေအနေ တည်ငြိမ်သွားပြီဖြစ်တဲ့ နက်ဆန်ကို ကြည့်ကာ စဥ်းစားလိုက်တယ်။

“မော်လီအခုထိ ပြန်မရောက်လာသေးပါလား။”

တကယ်လို့သူသာ ကျွန်မတို့နောက်ကိုလိုက်လာမယ်ဆိုရင် နေမထွက်ခင်ကတည်းက ကျွန်မတို့ဆီကို ရောက်နေလောက်ပြီ။ အခုထိရောက်မလာသေးတာကြောင့် ကျွန်မစိတ်ထဲ စိုးရိမ်လာပါတယ်။

“အဟွက်... အဟွက်...”

မကြာခင်မှာပဲ ချောင်းဆိုးသံနဲ့အတူ နက်ဆန်နိုးလာပြီး အိပ်ရာပေါ်ကနေ ထထိုင်လိုက်တယ်။ ကျွန်မလည်း စိုးရိမ်ပြီး သူ့ကိုတွဲထားလိုက်တာပေါ့။

“အဲဒီလိုရုတ်တရက်ကြီး ထမထိုင်နဲ့လေ။ ရှင်အပြင်းဖျားနေတာ။”

ဒါပေမဲ့ သူက ကျွန်မစကားတွေကို နားဝင်ပုံမရပါဘူး။ သူက သူ့နဖူးကိုလက်တစ်ဖက်နဲ့ နာကျင်စွာဆုပ်ကိုင်ထားပြီးတော့ ပြောလိုက်တယ်။

“မော်လီဘယ်မှာလဲ... ငါသူ့တည်ရှိမှုကို အာရုံခံလို့ မရတော့ဘူး။”

သူ့အကြည့်တွေက သိပ်ကိုတုပ်လှုပ်နေပုံပဲ။ ကျွန်မလည်း သူအစိုးရိမ်လွန်နေမှာစိုးတဲ့အတွက် အခုလိုပြောလိုက်တယ်။ “သူခဏနေရင် ရောက်လာမှာပါ။ မစိုးရိမ်ပါနဲ့။ အခုတော့ အိပ်ရာထဲလှဲနေပြီး ခဏနားလိုက်ဦး။”

ကျွန်မသူ့ကို အိပ်ရာပေါ်မှာပြန်စောင်ခြုံပေးပြီးတဲ့နောက် အခန်းအပြင်ဘက်ကို ထွက်လာတယ်။ အိုလီရာနာက အခန်း အပြင်ဘက်က နံရံကိုမှီရပ်နေပြီး ကျွန်မကိုကြည့်ကာ ပြောလိုက်ပါတယ်။

“ဆယ်ဗီ... အဲဒါက ဗြောင်လိမ်သလိုဖြစ်မနေဘူးလား။ သခင်က သူ့ကျေးကျွန်တွေအဆင်ပြေမပြေကို အလိုလို သိနိုင်တဲ့သူလေ။”

ကျွန်မ ကိုယ့်ခြေထောက်ကိုယ် အားအင်ကင်းမဲ့စွာ ပြန်ပြီး ငုံကြည့်လိုက်တယ်။ အိုလီရာနာဆိုလိုတာကို ကျွန်မ နားလည်လိုက်တယ်။ မော်လီက ကျွန်မတို့နဲ့အတူ ရှိမနေတော့ဘူး ဆိုတဲ့သဘောပဲ။

“မဟုတ်တာ... မော်လီက ဒီလောက်သန်မာတာ။ သူသေချာပေါက် ပြန်လာပါလိမ့်မယ်။”

“နင့်ကိုယ်နင်လိမ်လို့မရဘူးဆိုတာ မေ့နေတာလား။”

အိုလီရာနာရဲ့မျက်လုံးတွေက အရောင်ပြောင်းသွားပြီး ကျွန်မကို လေသံမာမာနဲ့ပြောလိုက်တယ်။ တစ်အောင့်ကြာတော့ သူ့မျက်လုံးတွေက ပုံမှန်ပြန်ဖြစ်သွားပြီး လေသံပျော့ပျော့နဲ့ပြောလိုက်တယ်။

“စိတ်မရှိပါနဲ့... ငါ့စိတ်တွေက အခုထိမတည်ငြိမ်သေးဘူး။”

...

အဲဒီနောက်တော့ ကျွန်မ မီးဖိုချောင်ထဲဝင်ပြီး အသင့်စား ခေါက်ဆွဲခြောက်ထုပ်တချို့ကိုဖောက်ကာ ရေနွေးအိုးထဲ ပစ်ထည့်လိုက်တယ်။ ကျွန်မကိုယ်တိုင်လည်း မနက်စာ မစားရသေးသလို နက်ဆန်ဆေးသောက်ဖို့အတွက် သူ့ကို တစ်ခုခုကျွေးဖို့လိုတယ်လေ။

ခေါက်ဆွဲပြုတ်အသင့်ဖြစ်တာကိုစောင့်နေရင်း ကျွန်မ ဆေးအိတ်ထဲက ခွဲစိတ်ခန်းသုံးဓားကို ထုတ်ပြီး ကြည့်ဖြစ်တယ်။ မနေ့ကညက ကျွန်မဒီဓားနဲ့ တစ်ခုခု လုပ်နိုင်ခဲ့တယ်။ တကယ်လို့ ကျွန်မသာ အဲဒီညက ဒီထက် ပိုပြီးအသုံးဝင်ခဲ့ရင် အခြေအနေက ပိုကောင်းရင်ကောင်းခဲ့မှာ။

ဒီလိုအတွေးနဲ့ကျွန်မ ပြတင်းပေါက်ကိုဖွင့်ပြီး သစ်ပင်တစ်ပင်ကိုချိန်ကာ ဓားကိုဝေ့ယမ်းကြည့်ပေမဲ့ ဘာမှဖြစ်မလာဘူး။

“ဟမ်... ညတုန်းက အရိုးစုမြင်းတောင်ပံကိုတောင် ဖြတ်ချနိုင်ခဲ့တာပါ။” ကျွန်မ တကယ်ပဲ နားမလည်နိုင်ဘူး။

“အဲဒီဓားထဲက ဝိညာဥ်က စွမ်းအားအကုန်သုံးလိုက်လို့ အိပ်မောကျနေပြီ။”

မီးဖိုချောင်ထဲကို လိုက်ဝင်လာတဲ့ အိုလီရာနာက ကျွန်မကို ပြောလိုက်တယ်။ ဆိုလိုတာက အခုလောလောဆယ် သုံးဖို့ မဖြစ်နိုင်သေးဘူးပေါ့။

“ဒီတော့ ဘယ်တော့မှာ ငါဒါကိုပြန်သုံးနိုင်မှာလဲ။”

ကျွန်မမေးတာကို အိုလီရာနာက ချက်ချင်းပြန်မဖြေဘူး။ အဲဒီအစား ထိုင်ခုံလေးတစ်ခုကိုဆွဲယူ မီးဖိုချောင်ထဲက နံရံကပ်ဗီရိုအမြင့်အောက်မှာထား အဲဒီထိုင်ခုံပေါ်တက်ပြီး ဗီရိုတံခါးကို မမီတမီဖွင့်တယ်။ အဲဒီနောက် အထဲက နို့နဲ့ တွဲသောက်တဲ့ ပြောင်းဖူးဖက်ဘူးကိုယူပြီး အောက်ကိုပြန် ဆင်းလာတယ်။

“စကားမစပ်၊ နင်ငါ့ကို ရေခဲသေတ္တာထဲက နွားနို့ပုလင်း ယူပေးလို့ရမလား။”

ကျွန်မ မျက်ခုံးပင့်လိုက်တယ်။ ဒီကောင်မလေးက လူကို ဘယ်လိုခိုင်းရမလဲ သိသားပဲ။ ဒါပေမဲ့ သူလည်းဗိုက်ဆာ နေလောက်ပြီလို့တွေးမိတော့ ပန်းကန်လုံးကြီးကြီးတစ်ခုယူ စားပွဲပေါ်တင်လိုက်ပြီး ရေခဲသေတ္တာထဲက နွားနို့ပုလင်းကို ဖွင့်ကာ လောင်းထည့်ပေးလိုက်တယ်။

“မိုက်ခရိုဝေ့ထဲ ထည့်ပေးရဦးမလား။” ခွက်ထဲကို ပြောင်းဖူးဖက်တွေ အများကြီးထပ်လောင်းထည့်နေတဲ့ အိုလီရာနာကိုကြည့်ရင်း မေးလိုက်ပေမဲ့ မယ်မင်းကြီးမက

“အေးအေးလေးသောက်တာ ပိုကောင်းတယ်။”လို့ ပြန်ဖြေတယ်လေ။

အိုလီရာနာက ခုံပေါ်မှာအထိုင်ကျသွားပြီးတဲ့နောက်မှာ ခွက်ထဲက နွားနို့နဲ့ပြောင်းဖူးဖက်တွေကို ဇွန်းနဲ့ခပ်ခပ်စားရင်း ကျွန်မကို ဒီလိုမျိုးပြောပြတယ်။

“ဓားအကြောင်းဆက်ရရင် နင့်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မှော်စွမ်းအားက သိပ်နည်းတယ်။ နောက်တစ်လလောက် ကြာတဲ့အထိ အဲဒီဓားကို အားအပြည့်ပြန်ဖြည့်နိုင်မှာ မဟုတ်ဘူး။”

ကျွန်မ အလိုလိုနေရင်းမဲ့လိုက်မိတယ်။ ကျွန်မအဲဒီညက ထုတ်နိုင်ခဲ့တဲ့ဓားချက်က အင်အားကြီးတယ်လို့တောင် မဆိုနိုင်ဘူးလေ။ အဲဒါမျိုးကိုတောင်သုံးဖို့ တစ်လကြာမယ်။ ပြီးတော့ မော်လီအဆိုအရ လက်နက်အသုံးပြုတွေက မှော်စွမ်းအားရှိစရာမလိုဘူးမဟုတ်လား။ ဒါပေမဲ့ အိုလီရာနာကတော့ ကျွန်မကိုလက်ညိုးထိုးပြီး ကျွန်မမျှော်လင့်ချက်ကို ရိုက်ချိုးနိုင်မယ့် စကားမျိုးကိုထပ်ပြောလိုက်တယ်။

“ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအားဆိုတာ အနည်းနဲ့ အများတော့ရှိကြတာပဲ။ မှော်ပညာကိုသုံးနိုင်တဲ့ ပါရမီပါတဲ့သူနဲ့ မပါတဲ့သူပဲကွာတာ။ နောက်ဆုံးတော့ မာနာဆိုတဲ့ မှော်စွမ်းအင်က လူသားတစ်ယောက်မှာရှိနေတဲ့ ဝိညာဥ်မီးတောက်ကနေ ဖြာထွက်လာတဲ့ ဘေးထွက်စွမ်းအင်တစ်ခုပဲလေ။

ဒီတော့ပါရမီမပါတဲ့ မှော်မသုံးနိုင်တဲ့ သူအများစုတောင် သူတို့ကိုင်တဲ့လက်နက်တွေကို အားဖြည့်ပေးဖို့လုံလောက်တဲ့ မှော်စွမ်းအားမျိုးရှိတယ်။ နင်က အဲဒီလိုပမာဏလောက်တောင်မရှိဘူး။ သုညနားကို ကပ်နေလို့ လူသားရောဟုတ်ရဲ့လားလို့ပြောရမလိုပဲ။”

“အဲဒါကြောင့်နင်က အဲဒီဓားချက်ကို တစ်ချက်ပဲသုံးနိုင်ပြီး ဓားကိုယ်တိုင်ကလည်း အားပြန်ပြည့်ဖို့ သူ့ဘာသာသူ ပတ်ဝန်းကျင်က မှော်စွမ်းအားတွေကို စုပ်ယူဖို့လိုနေတာ။ ဒီတော့ အကြာကြီးနေမှတစ်ခါပဲ သုံးလို့ရတော့တာပဲ။”

ကြည့်ရတာ ကျွန်မက ကိုယ့်နတ်အစွမ်းကိုယ်နားမလည်၊ မှော်ပညာလည်းမသုံးနိုင်တဲ့အပြင် မှော်လက်နက်တွေကိုပါ သုံးနိုင်မယ့်ပုံမပေါ်ဘူး။ ဒီနေရာမှာ ကျွန်မက မသန်မစွမ်း ဖြစ်နေသလိုပဲ။ မသန်စွမ်းတောင်မဟုတ်ဘဲ မသန်မစွမ်း တကယ်ဖြစ်နေတာ။

ခေါက်ဆွဲပြုတ်အသင့်ဖြစ်တော့ ကျွန်မကိုယ်တိုင်အတွက်ရော နက်ဆန်အတွက်ပါ ပန်းကန်လုံးထဲထည့်ပြီး သူ့အခန်းထဲကို ခေါ်သွားပေးတယ်။ သူ့ကြည့်ရတာ သက်သာနေပြီဆိုပေမဲ့ စိတ်အခြေအနေကတော့ တည်ငြိမ်နေသေးပုံမပေါ်ဘူး။ ခေါက်ဆွဲပြုတ်စားပြီး ဆေးသောက်ပြီးတဲ့နောက်မှာတော့ သူက အနက်ရောင်ဂျာကင်ကို လှမ်းယူလိုက်တယ်။

“ရှင်နေမကောင်းသေးဘဲ အပြင်ထွက်လို့မရသေးဘူးလေ။”

ကျွန်မက သူ့ကိုတားဖို့လုပ်ပေမဲ့ သူ့မျက်လုံးတွေထဲမှာ ရှိနေတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့် ဆက်တားနိုင်စွမ်း ပျောက်ဆုံးသွားတယ်။

“မော်လီအခုထိပြန်မလာသေးဘူးမဟုတ်လား။ ငါတို့ အဲဒီကိုပြန်သွားကြည့်ရမယ်။” နက်ဆန်က မော်လီကို ရှာဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။

“ဒါပေမဲ့ အဲဒီလူက ကျွန်မတို့ကို အဲဒီနေရာမှာ ဆက်စောင့်နေရင် ဘယ်လိုလုပ်မလဲ။” ကျွန်မက မေးလိုက်ပေမဲ့ နက်ဆန်က ခေါင်းခါပြလိုက်တယ်။

“ဒူလာဟမ်ကလည်း အလင်းကိုကြောက်တယ်။ သူ့ရဲ့ စွမ်းအားအကြီးဆုံးအစေခံမရှိဘဲ ငါတို့ကိုစောင့်နေမှာ မဟုတ်ဘူး။ သူတကယ်လို့တိုက်ပွဲဆက်ချင်သေးရင် ဗီလာအထိလိုက်လာပြီးလောက်ပြီ။”

အခြေအနေကို သုံးသပ်ပြီးတဲ့နောက်မှာတော့ ကျွန်မတို့ သုံးယောက် ငှားထားတဲ့ကားပေါ်ကို ပြန်တက်လာခဲ့တယ်။ နက်ဆန်က ကားဒရိုက်ဘာနေရာမှာထိုင်နေတဲ့ ကျွန်မကို ကြည့်လိုက်ပြီး

“ဆယ်ဗီ၊ မင်းမှာ ကားမောင်းလိုင်စင်ရှိတာလား။”လို့ မေးတော့ ကျွန်မလည်းရှက်သွားပြီး အမှန်အတိုင်း ဖြေလိုက်ပါတယ်။

“ဖွန်တီနာဆေးရုံမှာတုန်းက လူနာတင်ကားမောင်းတဲ့ အစ်ကိုတစ်ယောက်သင်ပေးထားတာလေ။ လိုင်စင်တော့ မဖြေရသေးဘူး။”

“....” နက်ဆန်က ကျွန်မကို ယုံရမလား မယုံရဘူးလား ဆုံးဖြတ်ရခက်နေပုံပေါ်ပေမဲ့ ကျွန်မကိုခေါင်းညိတ်ပြပြီး

“ယာဥ်ထိန်းရဲမတွေ့အောင်တော့ရှောင်။”လို့ ပြောလိုက်တယ်။

အခုသူက ဒူလာဟမ်ကျိန်စာသင့်နေတဲ့အပြင် နေလည်း မကောင်းတော့ ကျွန်မကိုမောင်းခိုင်းဖို့အပြင် ရွေးစရာ ရှိမနေပါဘူး။

...

ဒီလိုနဲ့ကားက မနေ့ကရောက်ခဲ့တဲ့ သချိုင်းရှေ့ကိုထပ်ပြီး ရောက်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ တစ်နေရာလုံးကို မြူတွေ ထူထပ်စွာဖုံးအုပ်နေပြီး ဆောက်လုပ်ရေးသမားလို ဝတ်ထားတဲ့ လူတချို့က လမ်းကိုပိတ်ထားတယ်။ ဒါကြောင့် ကျွန်မလည်း ကားကိုရပ်လိုက်တော့...

“ညီမလေး၊ အချိန်အခါမဟုတ် မြူထူထပ်စွာကျဆင်းနေလို့ ဒီလမ်းကိုအသုံးပြုခွင့်ပိတ်ထားပါတယ်။ တခြားလမ်းကနေ မောင်းပါ။”ဆိုပြီး လာပြောကြတယ်။

ကျွန်မလည်း တခြားလမ်းမသိလို့ စိတ်ပျက်နေချိန်မှာပဲ နက်ဆန်က သူထိုင်နေတဲ့နေရာရဲ့ကားမှန်တံခါးကို ဖွင့်ပြီး အဲဒီလူတွေကို လှမ်းပြောလိုက်တယ်။

“နက်ဆန်ဒီကိုရောက်နေတယ်လို့ နာတာရှာကိုပြောလိုက်။”

သူတို့အားလုံးက အဲဒီနာမည်ကိုကြားတာနဲ့ တောင့်ခနဲ ဖြစ်သွားကြတယ်။ အဲဒီနောက် သူတို့ထဲက တစ်ယောက်က မြူတွေဖုံးနေတဲ့ လမ်းအတိုင်းလျှောက်သွားတယ်။

ငါးမိနစ်လောက်ကြာတော့ စစ်ယူနီဖောင်းနဲ့တူတဲ့ အနက်ရောင် ယူနီဖောင်းကိုဝတ်ထားတဲ့ အရပ်မြင့်မြင့် အမျိုးသမီးတစ်ယောက်က အရာရှိဦးထုပ်ကိုရင်မှာပိုက်ရင်း ကျွန်မတို့ဆီကိုလျှောက်လာတယ်။ အနားကိုရောက်လာတော့ ကျွန်မ ချက်ချင်းမှတ်မိသွားတော့တာပဲ။

“နေပါဦး၊ ရှင်က ရထားပေါ်မှာ ကျွန်မကိုပက်စ်ပို့ ကမ်းပေးတဲ့သူပဲ။”

ကျွန်မ သူ့ကိုမြင်မြင်ချင်း မှတ်မိသွားတယ်။ ရွှေရောင်ဆံပင် ငွေနက်ရောင်မျက်လုံးတွေကိုပိုင်ဆိုင်ထားပြီး ကျစ်ဆံမြီး ကျစ်ထားတဲ့ဆံပင်ကို နောက်မှာစုချည်ထားတဲ့ သူပါ။ ရုရှားသူမျက်နှာပေါက်မျိုးနဲ့လေ။ မိန်းမချင်း ပြေးဖက်ချင်စရာကောင်းတဲ့သူလို့တောင် ကျွန်မပြောခဲ့ဖူးတယ်။

“နင်က ထင်တာထက်ပိုပြီး မှတ်ဉာဏ်ကောင်းတာပဲ။ ငါက နာတာရှာ ဒီမီဗရော့။ ဥရောပသမဂ္ဂ သဘာဝလွန်ဆိုင်ရာ ကောင်မရှင်ရဲ့စစ်ဆင်ရေးမှူးပဲ။”

သူက ကျွန်မတို့ကို ကားပေါ်ကနေ လမ်းဆင်းလျှောက်ဖို့ အကြံပေးတယ်။ ကျွန်မတို့တွေ သချိုင်းမြေထဲကို ဝင်လာတဲ့ အခါမှာတော့ လက်နက်ကိုင်တပ်သားအများအပြားကို စတင်မြင်လာရတယ်။ သုတေသနသမားဝတ်စုံနဲ့လူတချို့ မြေပြင်မှာတစ်စစီဖြစ်နေတဲ့ အရိုးစုတွေကို လေ့လာနေတာလည်း တွေ့ရပါတယ်။

“မနေ့ညကဖြစ်သွားတဲ့ ရှင်တို့ရဲ့တိုက်ပွဲက သိပ်ကိုပြင်းလို့ ပြည်သူတွေ သတိမထားမိအောင် မိုးကြိုးမုန်တိုင်းကျနေတယ်လို့ပဲ သတင်းထုတ်ပြန်ထားလိုက်တယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ တိုက်ပွဲအကြွင်းအကျန်တွေကတော့ ရှင်းဖို့အချိန်အတော်ယူတယ်။”

ပြောရရင် သူတို့က မနေ့ညကဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် ဖုံးဖိဖို့ကြိုးစားနေတာပေါ့။ ကျွန်မ နာတာရှာကို ထပ်ပြီး ကြည့်လိုက်တယ်။ သူ့ခါးမှာ အနီရောင်မှောင်တောင်ဝှေးကို သေနတ်ချိတ်သလို ချိတ်ထားတာမြင်တော့ မှော်ဆရာမှန်း ကျွန်မသိလိုက်ရတယ်။ ဥရောပသမဂ္ဂရဲ့သဘာဝလွန် စစ်ဆင်ရေးမှူးက ဘယ်လိုလုပ်ပြီး သာမန်လူဖြစ်နိုင်မှာလဲ။

“နာတာရှာ၊ ငါမေးချင်တာ နှစ်ခုရှိတယ်။ တစ်ခုက ရော့ဝဲလ်ဆိုတဲ့ကောင် ဘယ်ကိုသွားလဲ။ နောက်တစ်ခုက မော်လီကို မင်းတွေ့မိသလားဆိုတာပဲ။”

နက်ဆန်က တည့်တိုးမေးလိုက်တော့ နာတာရှာက လက်နှစ်ဖက်လုံးကို နောက်ပစ်လိုက်ရင်း လည်ချောင်း ရှင်းလိုက်တယ်။

“ရှင်တို့ရဲ့ဆီးနိတ်တာရော့ဝဲလ်က တိုက်ပွဲပြီးပြီးချင်း အရိုးစုမြင်းပျံကိုသုံးပြီး ထွက်ပြေးသွားတယ်။ ရှင့်ရဲ့ ကိုယ်ရံတော်ကတော့... အင်း၊ တိုက်ပွဲအဖြေက သိသာနေတာပဲဥစ္စာ။ ကျွန်မနောက်လိုက်ခဲ့ပါ။”

နာတာရှာက ကျွန်မတို့ရှေ့ကနေလျှောက်တယ်။ သချိုင်းရဲ့ အနက်ပိုင်းကိုရောက်လာလေ ကျိုးပဲ့နေတဲ့ အုတ်ဂူတွေကို ပိုတွေ့ရလေပါ။ တစ်နေရာရောက်တော့ ကျွန်မမြင်ရတဲ့ မြင်ကွင်းကြောင့် မနေနိုင်ဘဲ ပါးစပ်ကို လက်နဲ့အုပ်ထားမိလိုက်တယ်။

အိမ်စေဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အုတ်ဂူတစ်ခုကိုပြီး ထိုင်လျက်အနေအထားမှာရှိနေတယ်။ သူ့တစ်ကိုယ်လုံးတောင့်တောင့်ကြီးဖြစ်နေတယ်။ အိမ်စေဝတ်စုံရဲ့ညာဖက်အပေါ်ပိုင်းက လုံးဝပျက်စီးနေပြီး ပြာနှမ်းနေတဲ့ အသားအရောင်ကို မြင်နိုင်တယ်။ တစ်ချက်ကြည့်ရုံနဲ့တင် မော်လီမှန်း ကျွန်မသိလိုက်တယ်။

သုတေသီတချို့က မော်လီအနားမှာရှိနေပေမဲ့ နာတာရှာက သူတို့ကို ခေါင်းမော့ပြတာနဲ့ ချက်ချင်းထွက်သွားတယ်။ သူတို့တင်မကဘဲ အနားမှာရှိနေတဲ့အစောင့်တွေပါ သုတ်သုတ်ပျာပျာနဲ့ထွက်သွားတာ။ မသိရင် နက်ဆန်တစ်ခုခုလုပ်မှာ ကြောက်နေတဲ့အလားပဲ။

ကျွန်မတို့အနားကိုပိုရောက်လာတော့ မော်လီရဲ့ခန္ဓာကိုယ်က ရစရာမရှိအောင်ပျက်စီးနေတာ တွေ့လိုက်ရတယ်။ လက်တွေ ခြေတွေအားလုံးအချိုးခံထားရပြီး မျက်လုံးတစ်လုံးက ဖောက်ထုတ်ခံထားရတယ်။ တခြားမျက်လုံးတစ်လုံးက ပွင့်နေသေးပေမဲ့ ဘာကိုမှ မြင်နိုင်ပုံမပေါ်ဘူး။

“ရန်သူက သူ့ဘယ်ဘက် မျက်လုံးကနေတစ်ဆင့် ဦးနောက်ကို ထိခိုက်အောင်လုပ်ခဲ့တယ်လို့ ယူဆရတယ်။ ဒီနည်းလမ်းနဲ့မှ ဖုတ်ကောင်တစ်ကောင်ကို သတ်နိုင်တာလေ။” နာတာရှာက ပြောလိုက်တယ်။

ကျွန်မနှုတ်ခမ်းကို ဖိကိုက်ထားမိလိုက်တယ်။ မော်လီသေပြီလို့ ပြောချင်တာလား။ ကျွန်မ တုန်လှုပ်နေတုန်းမှာပဲ နက်ဆန်က ရှေ့ကိုတက်လာပြီး သူ့လက်ကို မော်လီဆီဆန့်ထုတ်လိုက်တယ်။

“ထတော့....” သူအမိန့်ပေးလိုက်တယ်။ နေခင်းပိုင်း ဖြစ်ပေမဲ့ နက်ဆန်ရဲ့အမိန့်ဆန်ဆန်စကားနဲ့အတူ ပတ်ဝန်းကျင်အပူချိန်ကျဆင်းသွားတယ်။ မော်လီရဲ့ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားပေမဲ့ ထမလာဘူး။

“ထတော့၊ ငါအမိန့်ပေးနေတယ်။” နက်ဆန်က ထပ်ကြိုးစားပေမဲ့ ဒီအတိုင်းပဲထူးမလာဘူး။ ထပ်ခါထပ်ခါ ကြိုးစားလွန်းလို့ သူ့နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတာပဲရှိတယ်။

“ရပ်လိုက်တော့ အကျိုးမထူးဘူး။ ကျွန်မသိထားသလောက် ဒီအမျိုးသမီးရဲ့ဝိညာဥ်က အနီးအနားမှာရှိမနေတော့ဘူး။ တရားခံက အစီအရင်တစ်ခုခုနဲ့ ရှင်သူ့ကို ပြန်အသက်သွင်း မရတော့အောင်လုပ်ခဲ့ပုံပဲ။”

နာတာရှာက ရှင်းပြလေလေ နက်ဆန်ရဲ့မျက်နှာ အမူအရာက ပိုမှောင်မိုက်လာလေလေပဲ။

“သူ့ရဲ့ဝိညာဥ်ကို ချုပ်နှောင်ထားတာ၊ ဒါမှမဟုတ် မရဏပြည်ကို တိုက်ရိုက်ပို့လိုက်တာမျိုး ဖြစ်နိုင်တယ်။”

နာတာရှာရဲ့လေသံက ဘာခံစားချက်မှမပါဘဲ စက်ရုပ် တစ်ရုပ်ကနေ ထွက်လာတဲ့လေသံလိုပဲ။ သူက အသက်ရှုဖို့ ခဏနားလိုက်ပြီး ခဏနေတော့ထပ်ပြောပြန်တယ်။ “ ရှင့်အနေနဲ့သူ့ကိုအသက်သွင်းလို့ရမယ့် အခြေအနေမျိုး ရှိတယ်ဆိုရင်တောင်မှ မလုပ်ဖို့အကြံပေးချင်တယ်။ သူ့ဦးနောက်က ပျက်စီးနေပြီ။ ပြန်လာရင်တောင်မှ မှန်ကန်တဲ့အသိစိတ်မျိုး ရှိတော့မှာမဟုတ်ဘူး။ သူ့ကို အေးအေးချမ်းချမ်းနားပါစေတော့။”

နက်ဆန်ကတော့ လက်ကာပြလိုက်ပြီး “မင်းမပြောလဲ ငါနားလည်ပြီးသားပါ။”လို့ ပြန်ဖြေတယ်။

အဲဒီနောက်တော့ သူက မော်လီရှေ့မှာဒူးထောက်ချပြီး မော်လီရဲ့ကိုယ်ကို ပွေ့ဖက်ထားလိုက်တယ်။ “အိမ်ကို ပြန်ကြရအောင်။”

နောက်တော့ သူ့အရိပ်က ကျယ်ပြန့်လာတယ်။ နေရောင်ကြောင့် သူ့ခန္ဓာကိုယ်ကနေ အငွေ့တွေထွက်လာပေမဲ့ နက်ဆန်က မော်လီရဲ့ခန္ဓာကိုယ်ကို သူ့အရိပ်ထဲ အပြီးပို့ပြီးတဲ့အထိ တောင့်ခံထားလိုက်တယ်။

“ဒါကတော့ ရှင်သုံးနေကျ မှော်လက်နက်တွေပါ။ နည်းနည်း ထိခိုက်ထားပေမဲ့ ပြန်သုံးလို့တော့ရပါသေးတယ်။”

နာတာရှာက တစ္ဆေစုံတွဲရဲ့လက်စွပ်နှစ်ကွင်းကို နက်ဆန်ကို ကမ်းပေးလိုက်တယ်။ နက်ဆန်ကတော့ တည်ငြိမ်လွန်းလို့ လန့်ဖို့ကောင်းတဲ့မျက်နှာနဲ့ ပစ္စည်းတွေကိုလက်ခံယူရင်း ကျွန်မကို ပြောလိုက်တယ်။

“ဆယ်ဗီ၊ ခရီးဆက်ကြစို့။”

အပြန်လမ်းမှာ ကျွန်မမငိုမိအောင် စိတ်ကိုထိန်းထားရင်း ကားကိုမောင်းခဲ့ပေမဲ့ ကိုယ့်အခန်းကိုယ်ပြန်ရောက်တဲ့ အချိန်မှာတော့ ဟန်မဆောင်နိုင်တော့ပါဘူး။ ဒါက ဘာကို ဆိုလိုလဲ ကျွန်မနားလည်တယ်။ အဲဲဒီညကကျွန်မရဲ့ကျိန်စာက နက်ဆန်ဆီရောက်သွားလို့ သူတို့အကုန်လုံးအားနည်းသွားတာ။ ဒါကြောင့်မလို့ မော်လီက မခုခံနိုင်ဘဲ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာ။

ဒါတွေအားလုံးက ကျွန်မကိုယ်တိုင်ရဲ့အားနည်းချက်ကြောင့် ဖြစ်လာတာတွေပါပဲ။

ပထမတွဲ ပြီး၏။

ပေးလိုက်တယ်။ နက်ဆန်ကတော့ တည်ငြိမ်လွန်းလို့ လန့်ဖို့ကောင်းတဲ့မျက်နှာနဲ့ ပစ္စည်းတွေကိုလက်ခံယူရင်း ကျွန်မကို ပြောလိုက်တယ်။

“ဆယ်ဗီ၊ ခရီးဆက်ကြစို့။”

အပြန်လမ်းမှာ ကျွန်မမငိုမိအောင် စိတ်ကိုထိန်းထားရင်း ကားကိုမောင်းခဲ့ပေမဲ့ ကိုယ့်အခန်းကိုယ်ပြန်ရောက်တဲ့ အချိန်မှာတော့ ဟန်မဆောင်နိုင်တော့ပါဘူး။ ဒါက ဘာကို ဆိုလိုလဲ ကျွန်မနားလည်တယ်။ အဲဲဒီညကကျွန်မရဲ့ကျိန်စာက နက်ဆန်ဆီရောက်သွားလို့ သူတို့အကုန်လုံးအားနည်းသွားတာ။ ဒါကြောင့်မလို့ မော်လီက မခုခံနိုင်ဘဲ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတာ။

ဒါတွေအားလုံးက ကျွန်မကိုယ်တိုင်ရဲ့အားနည်းချက်ကြောင့် ဖြစ်လာတာတွေပါပဲ။

ပထမတွဲ ပြီး၏။

All Chapters