← Chapters

ပြဿဒါးနေ့ (၄)

Vol. 1 Ch. 57

ပြဿဒါးနေ့ (၄)

Vol. 1 Ch. 57

ငယ်ငယ်ကတည်းက ကျွန်မကိုယ်ကျွန်မ အရေးမပါတဲ့ လူတစ်ယောက်လို့ ထင်နေခဲ့တာ။

ကျွန်မက ကမ္ဘာပေါ်မှာရှိတဲ့ လူသားသန်းထောင်ပေါင်း များစွာထဲက တစ်ယောက်။ ထူးခြားတယ်လို့ ပြောလို့ရတဲ့ အချက်တစ်ခုမှ ရှိမနေခဲ့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ထူးခြားတဲ့ လူတစ်ယောက်လို့ မြင်ကြည့်ဖို့အတွက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ခဲ့ဘူး။

မိဘမဲ့တစ်ယောက်ဖြစ်နေတာကိုရော ကျွန်မရဲ့ထူးခြားချက် လို့ပြောလို့ရမလား။ အနည်းဆုံးတော့ တခြားသူတွေအဖို့ ကျွန်မအတွက် စာနာသနားစရာအချက်တစ်ခုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ ဒါပေမဲ့ ကျွန်မလိုမျိုး ကလေးတွေက ကမ္လာပေါ်မှာ သန်းနဲ့ချီပြီးရှိနေခဲ့တာလေ။

ကျွန်မရှိနေတဲ့ မိဘမဲ့ဂေဟာမှာတောင် ရာနဲ့ချီပြီးရှိနေတာ။ တချို့ကလေးတွေက နိုင်ငံရပ်ခြားတိုင်းတပါးကနေ လာကြတာ။ သူတို့မွေးစတုန်းက မိဘတွေရှိပေမဲ့ စစ်ပွဲကြောင့်ပဲဖြစ်ဖြစ် ကံမကောင်းတဲ့ မတော်တဆမှု တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် မိဘတွေကို ဆုံးရှုံးလိုက်ရတဲ့ သူတွေလည်းရှိကြတယ်။ တချို့ကတော့ မွေးကတည်းက စွန့်ပစ်ခံလိုက်ရပြီး မိဘတွေဘယ်လိုဘယ်ပုံရှိမှန်းတောင် မသိကြဘူး။

ကျွန်မ မိဘမဲ့ဖြစ်လာပုံကတော့ တတိယအကြောင်းအရင်းနဲ့ သက်ဆိုင်တယ်။ ကျွန်မမိဘတွေကို ဘယ်တုန်းကမှ မမြင်ဖူးဘူး။ ဒါပေမဲ့ အဲဒီအချက်ကလည်း ထူးခြားချက် ဖြစ်မလာဘူး။ အကြောင်းက ကျွန်မရှိနေတဲ့ ဂေဟာမှာတင် ဒီလိုကလေးမျိုး ဒါဇင်နဲ့ချီပြီးရှိနေလို့။

ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်မဝမ်းနည်းမှုကို ခံစားရလားမေးရင် ဟင့်အင်းလို့ပြောရမှာပဲ။ လိုအပ်တဲ့ မေတ္တာတွေကို ကျွန်မထက်ကြီးတဲ့ ဂေဟာက အစ်ကိုအစ်မတွေဆီက ရခဲ့ပြီးသား။ အဲဒါက မိဘမေတ္တာမှ မဟုတ်တာလို့ပြောရင် ကျောင်းအုပ်ဆရာမကြီးကို ကျွန်မ လက်ညိုးထိုးပြရမှာပဲ။ သူက ကျွန်မကို ငယ်ငယ်ကတည်းက ထိန်းကျောင်းလာခဲ့တာမလို့ အမေအရင်းတစ်ယောက်လိုပဲ။ ဒါပေမဲ့ ကျွန်မ သူထိန်းကျောင်းပေးခဲ့တဲ့ ကလေးတွေ များစွာထဲကဖြစ်လို့ မထူးခြားလှပါဘူး။

ကျွန်မ နည်းနည်းကြီးလာတော့ ကျွန်မမှာ ထူးခြားချက် တစ်ခုခုရှိရင်ကောင်းမယ်လို့ စဥ်းစားမိခဲ့တယ်။ ချမ်းသာတဲ့ မိသားစုတစ်ခုက လာလှူတဲ့စာအုပ်တွေထဲက ဟယ်ရီပေါ်တာ စာအုပ်တစ်အုပ်ကို ဖတ်မိသွားတာကြောင့်လဲ ပါထင်ပါရဲ့။

ပေါ်တာဆိုတဲ့ကောင်လေးကလည်း ကျွန်မလို မိဘမဲ့တစ်ယောက်။ သူ့အဒေါ်အိမ်မှာ ကပ်နေရတာတစ်ခုပဲ ကျွန်မနဲ့ မတူတာ။ ဒါပေမဲ့ အဲဒီစာအုပ်ကိုဖတ်နေရင်းကနေ ကျွန်မ တွေးမိတာက ကျွန်မဟာ ပေါ်တာထက် အများကြီးကံကောင်း နေပါသေးတယ်ဆိုတာပဲ။

အနည်းဆုံးတော့ ကျွန်မကို အနိုင်ကျင့်မယ့် ဝမ်းကွဲအစ်ကိုဒါစလေမရှိဘူး။ လှေကားအောက်က စတိုခန်းလေးထဲမှာ ကျွန်မမအိပ်ရဘူး။ အခွင့်အရေးရတာနဲ့ သတ်ဖို့စောင့်နေတဲ့ ဗိုဒီမော့ကြီးမရှိဘူး။ ပေါ်တာနဲ့ယှဥ်ရင် ကျွန်မက ပျင်းစရာကောင်းလောက်အောင် သာမန်ဆန်တယ်။

ဒါပေမဲ့ ဆယ့်တစ်နှစ်ပြည့်ရင် ဟော့ဝစ်ကနေ စာတစ်စောင် ရောက်ရင်ရောက်လာမှာလို့တွေးပြီး ကျွန်မရဲ့ထူးခြားချက် ပေါ်လာတာကိုစောင့်ခဲ့ပေမဲ့ ဘာစာမှရောက်မလာခဲ့ပါဘူး။ ပြန်တွေးကြည့်ရင် ရှက်ဖို့ကောင်းတဲ့ ကလေးဘဝက စိတ်ကူးယဥ်မှု တစ်ခုပါပဲ။

ကျွန်မက မထူးခြားပေမဲ့ တခြားသူတွေက မထူးခြားဘူးလို့ ပြောလို့တော့မရဘူး။ ကျွန်မ ဆယ့်နှစ်နှစ်ပြည့်တော့ လူဝီ ဆိုတဲ့ကောင်လေးတစ်ယောက်က စန္ဒရားကိုအဆင့်မြင့်မြင့် တီးတတ်နေပြီ။ သိပ်မကြာခင်မှာပဲ လာလှူနေကျ ချမ်းသာတဲ့ သက်ကြီးစုံတွဲက သူ့ကိုမွေးစားသွားတယ်။

ဖရန့်စစ်ဆိုတဲ့ကောင်လေးဆိုရင် အရုပ်ဆိုးဆိုးလေး။ ဒါပေမဲ့ သင်္ချာသိပ်တော်တော့ ပြင်သစ်သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက သူ့ကိုတစ်သက်တာပညာသင်ဆုချီးမြှင့်ပြီး ကျောင်းအိပ်ကျောင်းစား နာမည်ကြီးမူလတန်းကျောင်း တစ်ခုဆီခေါ်သွားပေးတယ်။

အချိန်တွေကုန်လာတာနဲ့အမျှ မိဘမဲ့ကျောင်းမှာရှိတဲ့ ထူးခြားတဲ့ကလေးတွေအားလုံးနီးပါး မိသားစုသစ်တွေ၊ နေထိုင်စရာအသစ်တွေ ရသွားတယ်။ နောက်ဆုံးတော့ ကျွန်မတို့လို သာမန်ကလေးတွေပဲ ကျန်နေရစ်တော့တာ။

တဖြည်းဖြည်းကလေးငယ်ကနေ ကလေးကြီးဖြစ်လာတယ်။ အထိန်းခံရတဲ့ ကလေးဘဝကနေ အငယ်တွေကို ပြန်ထိန်းပေးရတဲ့ ကလေးကြီးဖြစ်လာတယ်။ ညီမလေးဆယ်ဗီလို့ အကြီးတွေခေါ်ကြရာကနေ အစ်မကြီးဆယ်ဗီလို့ အငယ်တွေခေါ်တာ ခံလာရတယ်။

ကြီးလာတာနဲ့အမျှ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်ဖို့အတွက် ကျွန်မစဥ်းစားလာရပြီ။ ဉာဏ်သိပ်မကောင်းခဲ့ပေမဲ့ စာကို သေချာလုပ်ခဲ့ပြီး နယ်တွင်းက သူနာပြုတက္ကသိုလ်တစ်ခုမှာ စကော်လာရှစ်ရခဲ့တယ်။ သိပ်ထူးခြားနေတာမျိုးတော့ မဟုတ်ပေမဲ့ မထူးခြားတဲ့ကျွန်မအတွက်တော့ ဝမ်းသာစရာပဲ။ ကျောင်းအုပ်ဆရာမကြီးဆိုရင် ပျော်လွန်းလို့ သင်ရိုးစာအုပ်တွေကို ကိုယ်စားဝယ်ပေးလိုက်သေးတယ်။

တက္ကသိုလ်တက်တော့လည်း ကျွန်မက ကျောင်းသားအုပ်ထဲ ဒီအတိုင်းပျောက်သွားတော့တာပါပဲ။ ထူးခြားလောက်အောင် လှပတဲ့ မိန်းကလေးမျိုးမဟုတ်ဘူး၊ ချီးကျူးလောက်အောင် တော်တဲ့ပါရမီရှင်လည်းဖြစ်မနေဘူး။ သူငယ်ချင်းတချို့ ရှိခဲ့ပေမဲ့ သာမန်ဘဝလေးပါပဲ။

ကျောင်းကနေဆင်းရင် အချိန်ပိုင်းလုပ်တယ်။ အခန်းလေး ငှားနေတယ်။ အားလပ်ရက်ရရင် မိဘမဲ့ကျောင်းကိုပြန်ပြီး သွားလည်တယ်။ အငယ်လေးတွေအတွက် လိုအပ်တာတွေ ဝယ်ပေးတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့သာမန်ဘဝကို နေသားကျသွားတယ်။

ထူးခြားချင်တဲ့ ဆယ်ဗီဆိုတာရှိမနေတော့ဘူး။ ဒီအတိုင်း သာမန်ဆယ်ဗီပါပဲ။ ကျွန်မကို အထူးတလည်ဂရုစိုက်ပေးမယ့် လူဆိုတာရှိမနေဘူးလို့ ကိုယ့်ဘာသာလက်ခံလိုက်တယ်။ ဆယ်ဗီဆိုတာ နေ့စဥ်ဘဝကို သာမန်အတိုင်းဖြတ်သန်းဖို့ တည်ရှိနေတာလို့ သတ်မှတ်လိုက်တယ်။

တစ်ခါတလေတော့... အထီးကျန်မိတာပေါ့။

...

သူကျွန်မဘဝထဲကို ဝင်လာတာနဲ့ပတ်သက်ပြီး ကျွန်မ နေသားမကျခဲ့ဘူး။

ဘယ်လိုပြောရမလဲ... နက်ဆန်က... သိပ်ကိုထူးခြားတဲ့ လူတစ်ယောက်လေ။

သူ့ပုံစံက သိပ်ကိုစမတ်ကျတယ်။ ကျွန်မကြည့်ဖူးတဲ့ ရုပ်ရှင် ဇာတ်ကားတွေထဲက ဇာတ်လိုက်သရုပ်ဆောင်လိုမျိုး သိပ်ကို ချောမောခန့်ညားတယ်။ အနက်ရောင်လိပ်ကောက်ကောက် ဆံပင်တွေ။ လူတစ်ယောက်ရဲ့စိတ်ကို ဖောက်ထွင်းပြီးတော့ မြင်ရတယ်လို့ ခံစားရစေတဲ့ အပြာရောင်မျက်လုံးတွေ။ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနဲ့ တည်တံ့တဲ့စကားသံမျိုးကို ပိုင်ဆိုင်ထားတယ်။

သူ့ကိုယ်နှုတ်အမူအရာအပြုအမူတွေက နပိုလီယံခေတ် လူကြီးလူကောင်းတစ်ယောက်လိုမျိုး သိမ်မွေ့ယဥ်ကျေး တယ်။ ဒါပေမဲ့ ခေတ်နောက်ကျနေတာမျိုးလည်းမဟုတ်ဘဲ ခေတ်ဆန်ဆန်အမြင်ရှိနေပြန်တယ်။ ကျွန်မနားမလည်နိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ပြီး သူ့ကိုတန်ဖိုးထားတဲ့ သစ္စာရှိအစေခံတွေလည်း ရှိတယ်။

ကောက်ချက်ချရရင်တော့ သူက သိပ်ကို ထူးခြားတဲ့လူတစ်ယောက်ပဲ။ ထူးခြားလွန်းလို့ သူအနားကို ရောက်သွားရင် နေမင်းကြီးအနားမှာ ရပ်နေရတဲ့အလား ပူလောင်လွန်းတယ်။ ကျွန်မလို ရေအိုင်ထဲပျောက်သွားမယ့် ရေတစ်စက်နဲ့မတူတာက သူဟာ လူသန်းပေါင်းများစွာထဲ ထင်းထွက်နေမယ့် လူတစ်ယောက်ဆိုတာပါပဲ။

ဒီလိုလူမျိုးက ကျွန်မအပေါ်ကြင်နာပြီး အရာရာဂရုစိုက် ပေးနေခဲ့တဲ့အတွက် ကျွန်မကိုယ်ကျွန်မ မယုံနိုင်ခဲ့ပါဘူး။ သူက ကျွန်မကို မလိုအပ်ဘဲ အလုပ်ခန့်ထားခဲ့တယ်။ ကျွန်မဒုဏ္ခရောက်တဲ့အခါတိုင်း အနားမှာရှိနေပေးတယ်။ ‘မင်းကို ရအောင်ကယ်မယ်။’လို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတွေကိုပြောတတ်တယ်။

ဒါပေမဲ့ ကျွန်မက သူ့အတွက် ဘာဆိုဘာမှမဟုတ်တဲ့ လူတစ်ယောက်လေ။ သူ့အနေနဲ့ တန်ဖိုးထားဖို့အတွက် မလိုအပ်တဲ့လူမျိုး။ ဒီလိုလူမျိုးက သူ့ရဲ့ဂရုစိုက်မှုတွေနဲ့ ထိုက်တန်ပါရဲ့လား။ ကျွန်မတော့ မထင်ဘူး။

သူ့ရဲ့ဂရုစိုက်မှုတွေက ကျွန်မထက်ထူးခြားတဲ့ လူနဲ့ပဲ ထိုက်တန်တယ်လို့ ကျွန်မမြင်မိတယ်။ ဥပမာအနေနဲ့ ရိုဆယ်လီယာလိုလူမျိုးပေါ့။ ဒါပေမဲ့ သူက ကျွန်မအတွက်နဲ့ ရိုဆယ်လီယာ သူ့ကိုမုန်းစေမယ့် ကိစ္စမျိုးကိုလုပ်ခဲ့တယ်။

မိုနီကာလို ထူးခြားပြီးတော်ဝင်ဆန်တဲ့ မိန်းကလေးမျိုးက သူ့ကိုကြိုက်နေပြန်တော့လည်း သူက အဲဒိမိန်းကလေးအစား ကျွန်မကို ရွေးချယ်ခဲ့ပြန်တယ်။

ဒီလိုရွေးချယ်မှုတွေကြောင့် ကျွန်မအတိုင်းမသိဝမ်းသာမိပြီး ကျွန်မရင်တွေခုန်လာခဲ့ပေမဲ့ အမြဲတမ်းကိုယ့်ကိုယ်ကိုယ် မေးနေတဲ့မေးခွန်းက... ဒီလိုဂရုစိုက်မှုမျိုးကို ရယူနေတာ ထိုက်တန်ပါရဲ့လား ဆိုတာပါပဲ။

ကျွန်မလိုတန်ဖိုးမရှိတဲ့လူတစ်ယောက်က သူအချိန်မရွေး စွန့်ပစ်လိုက်လို့ရတဲ့ အရာတစ်ခုလေ။ ဒါပေမဲ့ ဘာလို့လဲ။ ကျွန်မ နားမလည်နိုင်ဘူး။ တဖြည်းဖြည်းနဲ့ အတွေးလွန်လာပြီး သူကျွန်မကို အသုံးချဖို့ရှိတဲ့အတွက် ဒီလိုဂရုစိုက်ပြနေတယ်လို့တောင် သံသယဝင်လာတဲ့အထိပဲ။ ဒါပေမဲ့ ဒီနေ့မှာတော့ အဲဲဒီလိုမဟုတ်မှန်း ကျွန်မသိခဲ့ရတယ်။

သူက ကျွန်မကို ဖြစ်နိုင်သမျှနည်းလမ်းတိုင်းနဲ့ ကူညီပေးဖို့ ကြိုးစားနေခဲ့တာ။ ဒီလိုအရာမျိုးက ဟန်ဆောင်လို့ရတဲ့ အပြုအမူမျိုးမဟုတ်ဘူး။ သူကျွန်မကို တကယ်ဂရုစိုက်တာ။ ပြီးတော့ ကျွန်မလို သာမန်ဆန်တဲ့ မိန်းမသားမျိုးက ဒီလိုအရာမျိုးနဲ့ မထိုက်တန်ဘူး။

ဒါကြောင့် ကျွန်မက သူ့မျက်လုံးတွေနဲ့ ရင်မဆိုင်နိုင်တော့ဘဲ ထွက်ပြေးခဲ့တာ။ ကျွန်မရင်ဘတ်တစ်ခုလုံး ဗလာကျင်းပြီး ရင်ထဲမှာ သိမ်ငယ်စိတ်တစ်ခုပဲ ကျန်တော့လောက်တဲ့အထိ သူ့ရဲ့ကြင်နာမှုတွေက စွမ်းအားကြီးလွန်းတယ်။ သိပ်ကို ရက်စက်တယ်လို့ပြောရလောက်တဲ့အထိ စွမ်းအားကြီးလွန်းတယ်။

ကျွန်မအတွေးတွေကို သူ့ရဲ့အကြည့်တွေ၊ မျက်ဝန်းတွေ၊ အပြုံးတွေကပဲ လွှမ်းမိုးထားတဲ့ ခံစားချက်ကို ကျွန်မ မုန်းတီးလာမိတယ်။

ဒီလောက်ထူးခြားပြီးမြင့်မြတ်တဲ့သူမျိုးက ကျွန်မကို ချစ်မိလို့ မဖြစ်ပါဘူး။ ကျွန်မကလည်း သူ့ကိုချစ်မိသွားဖို့ မထိုက်တန်ဘူး။ ဘာလို့ဆိုရင် ကျွန်မက သာမန်လူတစ်ယောက်လေ။

...

အခန်းထဲမှာရှိတဲ့ ငှက်မွှေးမွေ့ရာပေါ်မှာ ကိုယ့်ဒူးကိုယ် ပြန်ဖက်ကာ ငိုကြွေးနေရင်း ရောက်တတ်ရာရာတွေ ကျွန်မ တွေးနေခဲ့မိတယ်။ ဒီကျိန်စာကြောင့် ကျွန်မသေကောင်း သေသွားနိုင်ပေမဲ့ ဒီထက်ပိုပြီးတော့ သူ့ကို မနစ်နာစေချင် တော့တာတော့အမှန်ပါ။ ဘာကြောင့်မှန်းမသိပေမဲ့ သူသုံးမယ့် နည်းလမ်းက သူ့ကိုအများကြီးထိခိုက်စေလိမ့်မယ်လို့ ကျွန်မခံစားနေရတယ်။

ဒီလိုမျိုး ကျွန်မမဖြစ်စေချင်ဘူး။ ဖြစ်သွားလို့လည်း မရဘူး။ အဲဒါကြောင့် ကျွန်မထွက်ပြေးလာခဲ့တာ။

ကျီ...

ရုတ်တရက် ကျွန်မရှိနေတဲ့ သစ်သားကုတင်က ခပ်ပြင်းပြင်း လှုပ်ရှားလာတယ်။ တကယ်တော့ အခန်းထဲမှာရှိနေသမျှ အရာအားလုံးလှုပ်ရှားနေတာဖြစ်ပြီး အိပ်ရာနားကစားပွဲမှာ တင်ထားတဲ့ ဖန်ရေခရားထဲက ရေတွေတောင် ဘောင်ဘင် ခတ်နေတယ်။

‘ငလျင်လှုပ်တာလား။’လို့ ကျွန်မတွေးမိပေမဲ့ အကာအကွယ် ရှာဖို့အတွက် ကျွန်မ မတွေးတော့ပါဘူး။ အဲဒီအစား စိတ်တွေ လေလွင့်နေပြီး နေရာမှာပဲ ဆက်ရှိနေမိတယ်။ နောက်တော့ ကျွန်မ မျက်နှာကျက်မှာချိတ်ထားတဲ့ ဖန်မီးဆိုင်းကြီးကို ကြည့်မိလိုက်တယ်။ ဖန်မီးဆိုင်းကို မျက်နှာကျက်နဲ့ချိတ်ထားတဲ့ချိတ်က တဖြည်းဖြည်း ပြေလျော့လာနေပြီး တော်တော်လေးမယ့်ပုံပေါ်တဲ့ မီးဆိုင်းကြီးက အောက်ကိုနိမ့်ဆင်းလာနေတယ်။

ကျွန်မရဲ့မသိစိတ်က အန္တရာယ်ရှိတယ်လို့သတိပေးနေပေမဲ့ ကျွန်မခန္ဓာကိုယ်က လှုပ်ရှားမလာဘူး။ အန္တရာယ်က တဖြည်းဖြည်းနဲ့နီးကပ်လာပေမဲ့ ကျွန်မဒီအတိုင်းပဲ ကြောင်ပြီးကြည့်နေခဲ့မိတယ်။

နောက်တော့... မီးဆိုင်းက ချိတ်ကနေ လုံးဝလွတ်ထွက်ပြီး ကျွန်မအပေါ်ပြုတ်ကျလာပါတော့တယ်။

...

ခလွမ်း...

တစ်ခုခုပြုတ်ကျပြီး ကွဲသွားတဲ့အသံကို ကျွန်မကြားလိုက်ရတယ်။ ဒါပေမဲ့ ကျွန်မခန္ဓာကိုယ်က အိပ်ရာပေါ်မှာ ရှိမနေတော့ဘူး။ အဲဒီအစား ကျွန်မက တစ်စုံတစ်ယောက်ရဲ့ကျယ်ပြန့်ပြီး နွေးထွေးတဲ့ ရင်ခွင်ထဲမှာ။

မော့ကြည့်လိုက်တော့ မျှော်မှန်းထားတဲ့အတိုင်းပဲ နက်ဆန် ဖြစ်နေတယ်။ အခန်းတံခါးကို ကြည့်လိုက်တော့လည်း ပိတ်ထားဆဲပါပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်ကို အရိပ်နက်ကြီးက လွှမ်းခြုံထားဆဲဖြစ်ပြီး အခန်းထဲမှာရှိနေတဲ့ မှောင်ရိပ် တစ်နေရာကနေ ထွက်ပေါ်လာပုံပေါ်ပါတယ်။

“ဒီအခန်းထဲကို ရှင်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။”

“ငလျင်လှုပ်တာ ခံစားမိလို့ မင်းကိုစိတ်မချတာနဲ့ ဝင်လာလိုက်တာလေ။” လို့ပဲ သူပြန်ဖြေပါတယ်။ သူ့နဖူးကနေ သွေးတချို့စီးကျနေတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မီးဆိုင်းကြီးက ကျွန်မရှိနေခဲ့တဲ့ ငှက်မွှေး အိပ်ရာပေါ်မှာ တင်လျက်သား။ နက်ဆန်ရဲ့နဖူးမှာ ဖန်စတချို့ စိုက်နေပြီး အဲဒီကနေ သွေးတွေစီးကျနေတာ။

“ရှင်ကျွန်မကို ဘာလို့ကယ်လိုက်ပြန်တာလဲ... ကျွန်မက ရှင့်ကိုကယ်ပေးဖို့ တောင်းဆိုဖူးလို့လား။”

ကျွန်မ လက်သီးဆုပ်ပြီး သူ့ရင်ဘတ်ကို ထုရိုက်လိုက်တယ်။ အားပါလို့ သူအသက်ရှုကျပ်သွားခဲ့ပေမဲ့ ကျွန်မကိုသည်းခံပြီး လွတ်မချခဲ့ဘူး။ အဲဒီအစား သူက ကျွန်မအဖို့ နားလည်ရ မလွယ်ကူတဲ့ စကားတွေကိုပဲ ပြောနေခဲ့တယ်။

“မင်းသာတစ်ခုခုဖြစ်သွားရင် ငါတစ်ဘဝလုံး နောင်တရနေမှာမလို့။”

ကျွန်မတစ်ကိုယ်လုံးကို အမျိုးအမည်မသိတဲ့ ခံစားချက်က ဖြတ်သန်းသွားတယ်။ ဒီအတွက် ကျွန်မသူ့ကို မတရားတာ တစ်ခုခုလုပ်မိသလို အပြစ်ရှိသလိုလိုခံစားရတယ်။

‘မတရားဘူး။ တကယ့်ကို မတရားဘူး။ ဒီလိုယောက်ျားမျိုးကို ကျွန်မဘယ်လိုလုပ် မချစ်မိဘဲ နေမှာလဲ။’

ဒီလိုမျိုးကိုယ့်ဘာသာ စိတ်ထဲမှာ ရေရွတ်လိုက်ရင်း ကျွန်မ သူ့ကိုပြောလိုက်မိတယ်။

“ကျွန်မက ရှင့်အတွက် အဲဒီလောက်တောင် အရေးကြီးတဲ့ သူလား။”

“အင်း....” သူက ခေါင်းညိတ်ပြတယ်။

“ကျွန်မ ရှင့်အနားမှာရှိမနေတော့ရင် ရှင်တကယ်ပဲ နောင်တရမှာလား။” ကျွန်မထပ်မေးလိုက်တော့ သူက ထပ်ခေါင်းညိတ်ပြပြီး သက်သေထူလိုက်တယ်။

ကျွန်မသူ့ကို ဆက်မမေးဖြစ်တော့ဘူး။ သူက တကယ့်ကို တည်ကြည်လေးနက်စွာနဲ့ ပြောနေခဲ့တာ။ ဘယ်လိုပဲ မထိုက်တန်ဘူးလို့ ကျွန်မကိုယ်ကျွန်မပြောနေပါစေ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျွန်မ ပြင်လို့မရဘူးလေ။

ပြီးတော့ ကျွန်မက... သူ့ကို တကယ် နက်နက်ရှိုင်းရှိုင်းကို တွယ်တာနေခဲ့မိပါပြီ။

All Chapters