ပြဿဒါးနေ့ (၅)
Vol. 1 Ch. 58
“ငါတို့အခုလုပ်မယ့် အစီအရင်ကို ကံကြမ္မာချုပ်နှောင်ခြင်း အစီအရင်လို့ခေါ်တယ်။”
နောက်တစ်နေ့ နေ့လယ်ပိုင်း နက်ဆန်နိုးလာတော့ သူက ကျွန်မတို့အားလုံးကိုခေါ်ပြီး သူလုပ်မယ့် အစီအရင် အကြောင်းကို ကျွန်မတို့ကိုရှင်းပြပါတယ်။ ထုံးစံအတိုင်းပဲ ဂရိဒဏ္ဍာရီနဲ့အစချီတော့တာပေါ့။
“ဟိုးရှေးရှေးတုန်းက ဂရိဒဏ္ဍာရီလာ အာမိဒက်ဆိုတဲ့ ဘုရင်တစ်ပါးက ဖဲလ်ရာမြို့ကို စိုးစံတယ်။ အဲဒီဘုရင်က သူ့ဆီကိုလာတဲ့ ဧည့်သည်တွေကို အလွန်ဧည့်ဝတ်ကျေပွန်တယ်ဆိုတယ်။ တိုက်ဆိုင်တော့ အာမိဒက်မင်းအုပ်စိုးနေချိန်ကာလမှာ နေနတ်ဘုရား အပိုလိုဟာ ဒယ်ဖိုင်တောင်ထွပ်က ဒယ်ဖိုင်မြွေနဂါးကြီးကို သတ်မိလို့ သေမျိုးအဖြစ် လူ့ပြည်မှာ ပြစ်ဒဏ်ကျခံနေရချိန် ဖြစ်တယ်။”
နက်ဆန်က သူ့စကားကို ခဏရပ်လိုက်ပြီး စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို လက်နဲ့ကိုင်ကာ တစ်ချက်တည်း မော့ချလိုက်တယ်။ သူ့နောက်မှာရပ်နေတဲ့ မော်လီကတော့ လက်ဖက်ရည်ခရားကိုကိုင်ပြီး ထပ်ဖြည့်ပေးရတာပေါ့။
“အင်း၊ ဟုတ်ပါပြီ။ ထုံစံအတိုင်းပဲ သေမျိုးအဖြစ် ဟန်ဆောင်ထားတဲ့နတ်ဘုရားနဲ့ လူသားဘုရင်နဲ့ တွေ့ကြပြီဆိုပါတော့။” ကျွန်မက နည်းနည်းခနဲ့ပြီး ပြောလိုက်တယ်။ ကျွန်မက ဂရိဒဏ္ဍာရီတွေအကြောင်း သေချာသိတဲ့သူမဟုတ်ပေမဲ့ ဇာတ်လမ်းတိုင်းလိုလိုက အဲဒီလိုချည်းပဲဆိုတော့ ခေါက်ရိုးကျိုးနေပြီ။ နက်ဆန်က ကျွန်မစကားကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပုံ မရပေမဲ့ မော်လီကတော့ ကျွန်မကို မျက်စောင်းကြီး ထိုးလို့ရတယ်။ နက်ဆန်ကတော့ လက်ဖက်ရည်နဲ့ လည်ချောင်းကိုဆေးကြောပြီးတဲ့နောက် သူ့ဇာတ်လမ်းကို ဆက်ပါတယ်။
“အပိုလိုက လူသားသိုးထိန်းအယောင်ဆောင်ပြီး အာမိဒက်မင်းဆီကိုရောက်လာတော့ ဘုရင်က နိမ့်ကျတဲ့ ဆင်းရဲသားလို့မမှတ်ယူဘဲ ကောင်းမွန်စွာ ဧည့်ခံသတဲ့။ ဒီတော့ နတ်ဘုရားကလည်း သဘောတကျနဲ့ ဘုရင်ဆီမှာ အမှုတော်ထမ်းဖို့ တောင်းဆိုတော့တာပေါ့။ ဘုရင်ကလည်း အပိုလိုကိုသဘောကျတဲ့အတွက် သူ့နွားခြံကိုစောင့်ရတဲ့ ခြံစောင့်အဖြစ် ခန့်လိုက်တယ်ဆိုပါတော့။”
“ဟုတ်ပြီ၊ လူသားဘုရင်က ဧည့်ဝတ်ကျေတော့ နတ်ဘုရား တောင်မှ သူ့ကိုအလုပ်အကျွေးပြုဖို့ ရွေးချယ်လုပ်တယ် ဆိုပါတော့။”
နက်ဆန်က ခေါင်းကိုအသာညိတ်ပြပြီး သူ့ဇာတ်လမ်းကို ဆက်ပါတယ်။ “ဒါတင်မကဘဲ ကျေးဇူးဆပ်တဲ့အနေနဲ့ နွားတွေကို အမွှာတွေချည်းမွေးအောင် ဇီးတင်ပေးသတဲ့။”
ခိခိခိ...
ကျွန်မလည်း မနေနိုင်ဘဲ အူတက်တော့တာပေါ့။ နတ်ဘုရားက နွားကျောင်းရုံတင်မကဘဲ တိရစ္ဆာန် သားဖွားမီးယပ်ဆရာဝန်ပါ လုပ်ပေးနေရတယ်လို့။ ဒါပေမဲ့ နက်ဆန်ရောမော်လီရောက မရယ်ဘူးရယ်။ ကျွန်မဘေးမှာ ထိုင်ပြီးတော့ ရေခဲမုန့်စားနေတဲ့ အိုလီရာနာလည်း ကျွန်မ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး နားနားကပ်ကာ တီးတိုးပြောလိုက်တယ်။
“ဆယ်ဗီ၊ နတ်ဘုရားတွေကို နင်ဒီလိုပြက်ရယ်ပြုလို့မရဘူး။ ထပ်ပြီးကျိန်စာတိုက်ခံရရင် ဘယ်လိုလုပ်မလဲ။ နတ်ဘုရား ကျိန်စာဆိုတာက ဘယ်လိုမှဖြေလို့ရတာမျိုးမဟုတ်ဘူးနော်။ မီဒူဆာတို့၊ အာရန်ကာတို့လိုဖြစ်သွားမှာ။”
နောက်ဆုံးတော့ သူတို့အကြည့်ကို ကျွန်မနားလည်သွားပြီ။ သူတို့က ကျွန်မကို ကျိန်စာသံလိုက်ကြီးလို့ ထင်နေကြတာပဲ။ မော်လီကတော့ ရုတ်တရက် တိတ်ဆိတ်သွားတဲ့လေထုကို ဖြိုခွင်းဖို့အတွက် ချောင်းဟန့်လိုက်ပြီးတော့
“သခင်၊ သခင်ပြောတဲ့ပုံပြင်က နားထောင်လို့ ကောင်းပါပေတယ်။ ကျေးဇူးပြုပြီး ဆက်ပါဦး။”
“ဒါပေမဲ့ အာမိဒက်မင်းက သေမျိုးလူသားဆိုတော့ အသက်ကြီးလာပြီး သေမယ့်နေ့ကို ရောက်လာတော့တာပေါ့။ ဒါပေမဲ့ အပိုလိုက သူ့မိတ်ဆွေကြီးကို မသေစေချင်ဘူး။ ဒီတော့ သူက ကံကြမ္မာကိုချုပ်နှောင်ပြီး အာမိဒက်ရဲ့ သေနေ့ကိုရွှေ့ဖို့ ကြိုးစားတော့တာပဲ။”
သေမယ့်နေ့ကိုရွှေ့ဖို့ ကြိုးစားတယ်။ ဒါက တွေးကြည့်ရုံနဲ့ ကြောက်ဖို့ကောင်းတဲ့ အတွေးမျိုးပဲ။ နက်ဆန်က အဝေးကို လှမ်းမျှော်ကြည့်လိုက်ရင်း တစ်ခုခုကို လေးလေးနက်နက် တွေနေဟန်နဲ့ ပြောလိုက်ပါတယ်။
“လောကကြီးမှာ ကံကြမ္မာကို ထိန်းချုပ်နေတဲ့ အဖွားအို သုံးပါးရှိတယ်။ တချို့ဒဏ္ဍာရီတွေမှာ လူတွေရဲ့ကံကြမ္မာကို ရက်ကန်းစင်ပေါ်က ချည်မျှင်တွေလို ဖော်ပြကြပေမဲ့ ဒါက နိမိတ်ပြသဘောပါပဲ။ ကံကြမ္မာဆိုတာက အကောင်အထည် မရှိတဲ့ အဓိပ္ပါယ်ဖော်ပြရခက်တဲ့အရာတစ်ခုပဲ။ ဒီလိုအရာကို ထိန်းချုပ်ထားနိုင်တဲ့ တည်ရှိမှုတွေက ဘယ်လောက်တောင် စွမ်းအားကြီးမလဲ တွေးကြည့်ပေါ့။”
ခေတ်သစ်လူသားတစ်ယောက်အနေနဲ့ ကျွန်မက ကံကြမ္မာ တည်ရှိတယ်ဆိုတာကို ယုံကြည်တဲ့အထဲမှာ မပါပါဘူး။ ကံဆိုတာ ကိုယ်လုပ်လိုက်တဲ့အရာကြောင့် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုတွေလို့ပဲ ယုံကြည်ထားတာပါ။ ဒါပေမဲ့ နက်ဆန်က နတ်တစ်ပိုင်းဖြစ်နေပြီး ဒဏ္ဍာရီထဲက အရာတွေ တည်ရှိနေတယ်ဆိုတော့ ကျွန်မတို့ ကိုယ်တိုင်လုပ်နေတယ်၊ ကိုယ်တိုင်ဖြစ်ပျက်စေတယ်လို့ ထင်နေတဲ့အရာတွေက ကျွန်မတို့နားမလည်နိုင်တဲ့ တည်ရှိမှုတစ်ခုခုရဲ့ထိန်းချုပ်မှု အောက်မှာရှိနေတယ်လို့ ဆိုလိုတာပေါ့။ ဒါက တကယ့်ကို ရူးသွပ်လောက်စရာ အတွေးပါပဲ။ ကျွန်မ လေပူတွေကို မှုတ်ထုတ်ရင်း နက်ဆန်ကို မေးလိုက်တယ်။
“ သူတို့တွေကရော နတ်ဘုရားတွေလား။”
“ သူတို့တွေက ကံကြမ္မာကိုယ်တိုင်ကနေ သရုပ်သဏ္ဍာန် ဖွဲ့စည်းဖြစ်တည်လာတဲ့အရာတွေပဲ။ တချို့ကတော့ ငါ့ရဲ့ ခေါင်းကိုင်မိခင်(ညနတ်သမီးကိုဆိုလို)ကနေ မွေးဖွားလာတဲ့ အရာတွေလို့ပြောပေမဲ့ ဘယ်သူမှ အသေးစိတ်သိတာ မဟုတ်ဘူး။ အမှောင်ကျောင်းတော်မှတ်တမ်းတွေအရတော့ သူတို့က ခေးအော့ခ်ကိုယ်တိုင်ကနေ မွေးဖွားလာတာဖြစ်ပြီး ခေါင်းကိုင်မိခင်က သူတို့ကိုထိန်းကျောင်းပေးခဲ့ရုံပဲလို့ ဆိုတယ်။”
ကြည့်ရတာ အိုလံပီယံနတ်ဘုရားတွေထက်ရော တိုက်တန် တွေထက်ပါ ပိုရှေးကျတဲ့ပုံပဲ။ နက်ဆန်က သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး
“အဲဒါကြောင့်လဲ နတ်ဘုရားတွေတောင်မှ လူသားတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး ဝင်မစွက်ဖက်ရဲကြတာ။ ဒါပေမဲ့ အပိုလိုကတော့ ညီအစ်မသုံးယောက်ကို အရက်အမူးတိုက် မူးနေချိန်မှာ သေနေ့ကိုရွှေ့ပေးဖို့ ပြောခဲ့တော့တာပဲ။”
အင်း၊ ကံကြမ္မာကို အရက်မူးအောင်လုပ်တယ်။ ဆိုတော့ နက်ဆန်ကတော့ ကျွန်မကံကြမ္မာကို ပြောင်းလဲပေးဖို့ အဲဒီညီအစ်မတွေကို ထပ်ပြီးအရက်တိုက်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်။ ကျွန်မလည်း ဇာတ်လမ်းကို စိတ်ဝင်စား လာတဲ့အတွက်ကြောင့် မေးလိုက်ပါတယ်။
“နောက်တော့ ဘာဆက်ဖြစ်သွားလဲ။”
“ညီအစ်မတွေက သဘောတူပေမဲ့ ကံကြမ္မာဆိုတာက သူတို့ ပြောင်းလဲချင်တိုင်း ပြောင်းလဲလို့မရတာကြောင့် အစားထိုး သေပေးမယ့်လူတစ်ယောက်ကို တောင်းဆိုခဲ့တယ်။ ဒီလိုနဲ့ အာမိဒက်အစား အာမိဒက်ရဲ့မိဖုရား အာလိစတစ်က သေသွားရတယ်။”
ကျွန်မ ခေါင်းကိုငုံထားလိုက်တယ်။ ဒါကြောင့် နက်ဆန်က ဒီကိစ္စကိုအရေးတယူလုပ်ပြီး ပြောနေတာလဲဆိုတာကို ကျွန်မ နားလည်စပြုလာပါပြီ။ သူလုပ်မယ့်ကိစ္စက သိပ်ကို ပေးဆပ်မှု ကြီးပါတယ်။
“မတရားလိုက်တာ...” ကျွန်မ ပြောလိုက်မိတယ်။ ဘာမှမဆိုင်တဲ့ အာလိစတစ်က သေရမယ့်သူအစား သေသွားရတယ်တဲ့။ မတရားလိုက်တာ။
“ရှင်က ကျွန်မဆီက ကံဆိုးမှုတွေကို အစားခံပေးဖို့အတွက် စဥ်းစားနေတာလား။” ကျွန်မ သူ့ကိုမေးလိုက်တယ်။ သူက အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ အတက်အကျမရှိတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
“အစကတည်းက ကျိန်စာတိုက်တဲ့သူက ငါ့ကိုရည်ရွယ်ပြီး ကျိန်စာတိုက်ခဲ့တာ။ ဒါကြောင့်မလို့ ဒီကျိန်စာကို ငါလွှဲယူတာ အဖြစ်သင့်ဆုံးပဲ။”
ကျွန်မ ခေါင်းခါလိုက်တယ်။ ဒါပေမဲ့ နက်ဆန်က ကျွန်မပါးကို လက်နဲ့ထိကိုင်လိုက်ပြီး...
“ငါမနေ့ကတည်းက ပြောခဲ့ပြီးသား။ ဒီကျိန်စာကြောင့် မင်းတစ်ခုခုဖြစ်သွားရင် ငါတစ်ဘဝလုံး နောင်တရနေလိမ့်မယ်။”
ကျွန်မသိတယ်။ ဒါကို ကျွန်မသိပါတယ်လို့။ ဒါပေမဲ့ သူ့အဖို့ မတရားဘူးလို့ ကျွန်မခံစားနေရတုန်းပဲ။ သူလိုလူက ကျွန်မလို အဖိုးမတန်တဲ့လူတစ်ယောက်ရဲ့အသက်ကို.. တကယ်ပဲ ကျွန်မရူးတော့မယ်။ တစ်ဘဝလုံး အခုလိုမျိုး ဂရုစိုက်မှုမျိုးကို မခံခဲ့ရတဲ့အတွက် ကျွန်မ ဘယ်လိုတုံ့ပြန်ရမလဲမသိဘူး။ ဒီလိုကြင်နာမှုမျိုးနဲ့ကျွန်မက ထိုက်တန်တယ်လို့ ပြောနိုင်ပါ့မလား။
“နားထောင်.... ငါက မင်းထက်ပိုပြီးစွမ်းအားကြီးတယ်။ မင်းကိုသေစေနိုင်တဲ့ ကံဆိုးမှုမျိုးက ငါ့အတွက်အလားတူ သက်ရောက်မှုမျိုးရှိမှာမဟုတ်ဘူး။”
သူကတော့ ကျွန်မကို အယုံသွင်းဖို့ ကြိုးစားနေတုန်းပဲ။ ဒါပေမဲ့ ကျွန်မတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီ။ ကျွန်မ အတင်းငြင်းရင်တောင်မှ သူက ဒါကိုမဖြစ်ဖြစ်အောင် လုပ်တော့မယ်ဆိုတာ ကျွန်မသိနေတယ်။ ဒါက သူဆုံးဖြတ်ပြီးသားကိစ္စ။
“နတ်ဘုရားတွေတောင်မှ ကံကြမ္မာကိုဝင်မစွက်ဖက်ရဲတာ သူတို့ကိုယ်တိုင် ကံကြမ္မာရဲ့ထိန်းချုပ်မှုကို ခံထားရလို့ မဟုတ်လား။”
ကျွန်မ မေးလိုက်တယ်။ ကျွန်မအသံတွေက ကွဲအက်နေပြီး လည်ချောင်းသံပါနေတယ်။ ဒီလူက ဘာလို့ဒီလောက်တောင် ရူးမိုက်ရတာလဲ။
“အရာအားလုံးက အဆင်ပြေသွားမှာပါ။ ဒီကျိန်စာက ဖြေလို့မရတဲ့အရာမျိုး မဟုတ်ဘူးလေ။ ငါတို့ရေစင်ကို ရတဲ့အချိန်ကျရင် ဘယ်သူမှ ဘာမှဖြစ်တော့မှာမဟုတ်ဘူး။”
ကျွန်မ ခေါင်းညိတ်လိုက်တယ်။ တကယ်ပဲ သူပြောသလို သူက ကျိန်စာရဲ့ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိတယ်ဆိုရင်တော့ ဒီဖြေရှင်းနည်းက အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ ခွန်အားမဲ့တယ်လို့ ခံစားနေရတုန်းပဲ။
...
ဆွေးနွေးအဖြေရှာလို့ ပြီးသွားတဲ့နောက် ညပိုင်းမှာတော့ ကျွန်မတို့ အဲဒီအစီအရင်ကိုစတင်ဖို့အတွက် ပြင်ဆင်ကြပါတယ်။ မော်လီက ကျွန်မတို့နားမှာရနိုင်သမျှ အကောင်းဆုံးဆိုတဲ့ ဝိုင်တွေကို ဝယ်ယူခဲ့တယ်။ နက်ဆန်ကတော့ ကိုယ်တိုင်အပြင်ထွက်သွားပြီး အရိုးစု သုံးစုနဲ့အတူ ပြန်လာပါတယ်။
“ဒီနယ်မှာသေသွားတဲ့ အသက်အကြီးဆုံးအမျိုးသမီး သုံးဦးရဲ့ရုပ်အလောင်းပဲ။ ကံကြမ္မာသုံးပါးရဲ့ခန္ဓာကိုယ် အစစ်တွေက သိပ်ကိုစွမ်းအားကြီးလွန်းလို့ သေမျိုးဘုံကို လာချင်တိုင်းလာလို့မရဘူး။ ဒီတော့ သူတို့ကို ဝင်ပူးမယ့် ရုပ်ခန္ဓာတစ်ခုပေးဖို့လိုတယ်။”
ကျွန်မကတော့ ခေါင်းကုတ်လိုက်ပြီး “ဟိုလေ၊ သေပြီးသား လူတွေကို အေးအေးချမ်းချမ်း နားပါစေလား။”လို့ ပြောလိုက်ပေမဲ့ ပြန်ရောက်နေပြီဖြစ်တဲ့မော်လီက... “အဲဒီအဖွားအိုကြီးတွေက လူရှင်တွေကိုဝင်ပူးရတာ ပိုကြိုက်ပေမဲ့ သခင်က သာမန်လူတွေကို ဒီကိစ္စမှာ ဝင်မပါစေချင်ဘူး။ ဒါကြောင့် လူသေတွေကိုသုံးတာပဲ။”
ဒါလည်းဟုတ်တာပဲ။ လူတွေတစ်ခုခု ထိခိုက်သွားရင် မခက်ပေဘူးလား။ နက်ဆန်ကတော့ စားပွဲခုံမှာ ဝင်ထိုင်ပြီး အရိုးတွေကို စားပွဲပေါ်မှာဖြန့်ကျဲကာ သူ့လက်ကိုဖောက် ရွှေခွက်လေးထဲကို သွေးတွေထည့်လိုက်တယ်။ ပြီးနောက် မင်နက်တချို့နဲ့ရောပြီး စုတ်တံကိုခွက်ထဲနှစ်ကာ အရိုးတွေ ပေါ်မှာ ကျွန်မနားမလည်နိုင်တဲ့ လက်တင်စာသားတွေကို စတင်ရေးသားပါတော့တယ်။
ညနက်ပိုင်းရောက်မှပဲ သူရေးနေတာ ပြီးပါတော့တယ်။ သူက အကြောဆန့်လိုက်ပြီး ခုံကနေထလိုက်တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က ရုတ်တရက်ယိုင်လဲသွားတဲ့အတွက် ဘေးမှာ ရှိနေတဲ့မော်လီက ဖေးမထားလိုက်တယ်။
“သခင်...” သူက စိုးရိမ်စွာနဲ့ပြောလိုက်ပေမဲ့ နက်ဆန်က သူ့ခေါင်းကို လက်နဲ့ဖိထားရင်း လေသံပျော့ပျော့နဲ့ ပြန်ဖြေတယ်။
“ဘာမှမဖြစ်ပါဘူး... အာရုံစိုက်တာများသွားလို့ပါ။”
“သခင့်ကို နားဖို့ခေါ်သွားပေးပါ့မယ်။ ကျန်တာ မနက်ဖြန်မှ ဆက်လုပ်ပါ။” မော်လီက နက်ဆန်ကို ပခုံးကနေတွဲခေါ်ပြီး အခန်းထဲခေါ်သွားပေးတယ်။ ပြီးတဲ့နောက်တော့ ကျွန်မဆီ ပြန်ရောက်လာပြီး...
“ငါ့ရဲ့သခင်က နင့်ကိုအများကြီးဂရုစိုက်ပေးနေလို့ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ထင်မယ်မကြံနဲ့။ ဒီကိစ္စပြီးရင် သူ့ကိုဘယ်လို ပြန်ကျေးဇူးဆပ်မလဲဆိုတာသာ စဥ်းစားထား။”
ကျွန်မ ခေါင်းကိုငုံထားမိလိုက်တယ်။ ဟုတ်ပါ့၊ ပြန်တွေး ကြည့်လိုက်တော့ သူလုပ်ပေးခဲ့တာတွေအတွက် ကျွန်မ ဘယ်လိုပေးဆပ်ရမလဲတောင် မသိတော့ဘူး။
...
ပြင်ဆင်စရာရှိတာတွေအားလုံး ပြင်ဆင်ပြီးတဲ့နောက်နေ့။ နက်ဆန်အိပ်ရာထစောတယ်လို့ပြောနိုင်တဲ့ နေ့လယ် ဆယ့်နှစ်နာရီအချိန်မှာ ကျွန်မတို့တွေ ဗီလာကိုစွန့်ခွာပြီး အမည်မသိတစ်နေရာကို ထွက်လာခဲ့ကြတယ်။
ညနေစောင်းလို့ နေလုံးကြီးကောင်းကင်ပေါ်ကနေ ပျောက်သွားတဲ့အချိန်မှ နက်ဆန်ရည်မှန်းထားတဲ့ နေရာကို ရောက်လာပါတယ်။ ဒီနေရာက မြို့နဲ့တော်တော်လေးလှမ်းတဲ့ စွန့်ပစ်ထားပုံပေါ်တဲ့ သချိုင်းဟောင်းကြီးပါ။
အခုမော်လီက သချိုင်းကုန်းအပြင်ဘက်က ကမူလေး တစ်ခုပေါ်မှာ စားပွဲဝိုင်းတစ်ခုကိုခင်းလိုက်ပြီး ထိုင်ခုံတွေ ဘေးက ပတ်ချလိုက်တယ်။ အဲဒီနောက်တော့ အရိုးစု သုံးစုကို အနက်ရောင်အဝတ်အစားတွေ ဝတ်ပေးပြီး ဟင်းပွဲနဲ့အရက်တွေကို စားပွဲပေါ်မှာ တည်ခင်းလိုက်တယ်။
နက်ဆန်ကိုယ်တိုင်ကတော့ ဟိုးတစ်ရက်ကလုပ်ထားတဲ့ မှော်ဝင်ဆားလက်ကျန်နဲ့ ကမူတစ်ဝိုက်ကို စည်းလိုက်တား နေပါတယ်။
“ကံကြမ္မာအဖွားအိုတွေရောက်လာရင်တော့ ပြင်ပ အနှောင့်အယှက်မရှိလောက်တော့ပေမဲ့ သူတို့ကို ဆင့်ခေါ်နေတုန်းအချိန်မှာတော့ တော်တော်အန္တရာယ် များလိမ့်မယ်။”
အဲဒီနောက်တော့ သူက အစီအရင်တွေရဲ့နိယာမတစ်ခု ဖြစ်တဲ့ အနှောင့်အယှက်တွေအကြောင်းကို ပြောပြတယ်။
“ မှော်အစီအရင်တွေက အဆင့်မြင့်လေလေ သူတို့ဆီက ထွက်လာတဲ့ မှော်စွမ်းအားလှိုင်းတွေက မြင့်မားလေလေပဲ။ အဲဒီမှော်စွမ်းအားလှိုင်းတွေက သဘာဝလွန်တည်ရှိမှုတွေ ဖြစ်တဲ့ တစ္ဆေသရဲတွေကို အလွန်အမင်းဆွဲဆောင်နိုင်တယ်။ ဒါကြောင့် အစီအရင်အဆင့်မြင့်တာတွေကို စီရင်မယ်ဆိုရင် အတားအဆီးကို ခိုင်ခိုင်မာမာချဖို့လိုတယ်။”
သူက ဆားနဲ့အတားအဆီးကို လုပ်ပြီးတဲ့အချိန်မှာလည်း အနားမယူသေးဘဲ အရိုးနဲ့လုပ်ထားတယ်လို့ထင်ရတဲ့ ထူးဆန်းတဲ့ ဓားမြှောင်တစ်ဒါဇင်လောက်ကို ထုတ်ပြီးတော့ စားပွဲဝိုင်း ပတ်ပတ်လည်မှာ လိုက်စိုက်လိုက်တယ်။
“သဘာဝအတိုင်းသေသွားတဲ့ ဝံပုလွေဖြူရဲ့အရိုးနဲ့လုပ်ထားတဲ့ ဓားမြှောင်တွေပဲ။ မှော်ဝင်ဆားထက် ပိုအဆင့်မြင့်တဲ့ အဆောင်ပေါ့။” လုပ် ကျွန်မက ဒီမှော်ဝင်ပစ္စည်းတွေရဲ့နောက်က အဓိပ္ပါယ်တွေနဲ့ အလုပ်လုပ်ပုံတွေကို နားမလည်ပေမဲ့ မော်လီကတော့ အမြဲတမ်း ရှင်းပြပေးဖို့အသင့်ရှိပါတယ်။
“ ဝံပုလွေတွေက လနတ်သမီးအားတီးမစ်ခင်တွယ်တဲ့ သတ္တဝါတွေပဲ။ သူတို့က သေမျိုးဘုံက မကောင်းတဲ့ အရာတွေကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့ အစောင့်အရှောက်တွေလည်းဖြစ်တယ်။”
“အကာအကွယ်နှစ်ထပ်တောင် ချထားတယ်ဆိုတော့ ဒီအစီအရင်က တော်တော်အန္တရာယ်များမယ့်ပုံပဲ။” ကျွန်မ သက်ပြင်းချလိုက်တယ်။ မော်လီကတော့ ခေါင်းကို ခါယမ်းရင်း...
“နှစ်ထပ်မဟုတ်ဘူး၊ သုံးထပ်ပါ။ တတိယမြောက်အထပ်က ငါ၊ အိုလီရာနာနဲ့ တစ္ဆေစုံတွဲလေ။”
ဒီတော့မှ ကျွန်မ သဘောပေါက်သွားတယ်။ ဒီကိစ္စက နက်ဆန်ရဲ့ကိုယ်ရံတော်တွေ ဝင်ပါရလောက်တဲ့အထိ အန္တရာယ်များလိမ့်မယ် ဆိုတာကိုပေါ့။
“အစီအရင်ကိုယ်တိုင်ကြောင့်ဖြစ်လာတဲ့ အနှောင့်အယှက် ကတော့ ငါတို့ဝင်ပါရလောက်တဲ့အထိ အန္တရာယ်မများသေးဘူး။ ငါက တခြားအင်အားစုတွေ ဝင်ပါလာမှာမျိုးကိုပဲ ကြောက်တာ။”