← Chapters

ပြဿဒါးနေ့ (၆)

Vol. 1 Ch. 59

ပြဿဒါးနေ့ (၆)

Vol. 1 Ch. 59

ညနက်လာချိန်မှာတော့ နက်ဆန်က စပြီးဂါထာတွေ ရွတ်တယ်။ ဂါထာစရွတ်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လေအေးတွေစတိုက်လာပါတယ်။ တိတ်ဆိတ်လွန်းလို့ ပိုးကောင်သံတစ်သံတောင်မှ မကြားရတဲ့ အတွက်ကြောင့် ကျွန်မကျောချမ်းလာပြီး ဆေးအိတ်ထဲက ခွဲစိတ်ခန်းသုံးဓားလေးကို အသင့်ဆွဲထုတ်ထားလိုက်မိတယ်။

အဲဒီဓားရဲ့အစွမ်းက မဖြစ်စလောက်ဆိုပေမဲ့ အနည်းဆုံး သုံးလို့တော့ရသေးတယ်ဆိုတဲ့စိတ်နဲ့ ထုတ်ထားလိုက်တာပါ။

“လာကြပြီ။” မော်လီက သူ့လက်ထဲက ကြိုးတပ်တံစဥ်ကို စလှည့်လိုက်ရင်း ပြောလိုက်တယ်။ ကျွန်မလည်း ဘေး ပတ်ဝန်းကျင်ကို သေချာဂရုစိုက်ကြည့်တော့ အဝေးကနေပြီး ဖုန်လုံးကြီးတွေတလိပ်လိပ်တက်လာတာကို မြင်ရတယ်။ အရပ်မျက်နှာပေါင်းစုံကို ဖုန်လုံးကြီးတွေက ဖုံးလွှမ်းထားပြီး အနီးကပ်ရောက်ချိန်မှာတော့ ဖုံလုံးကြီးတွေဖြစ်မနေဘဲ အငွေ့လိုလိုအစိုင်အခဲလိုလိုဖြစ်နေတဲ့ လူပုံရိပ်တွေမှန်း သိလိုက်ရပါတယ်။

“ မှော်စွမ်းအင်လှိုင်းတွေကြောင့် အသိစိတ်လွတ်ကုန်တဲ့ လေလွင့်တစ္ဆေတွေပဲ။”

မော်လီက ပြောလိုက်တယ်။ တစ္ဆေတိမ်တိုက်ကြီးက ကျွန်မတို့နဲ့ နီးသည်ထက်နီးလာပြီး ပထမဆုံးအတားအဆီး ဖြစ်တဲ့ဆားအတားအဆီးနဲ့ထိတွေ့မိချိန်မှာတော့။

ဝုန်း...

အပြာရောင်မီးတောက်တွေ ဆားကနေထတောက်လာပြီး လေလွင့်တစ္ဆေတွေဟာ ပေါက်ကွဲအားကြောင့် နောက်ကို လွင့်ပျံထွက်ကုန်ပါတယ်။ ဒါပေမဲ့ ဆားအတားအဆီး ကိုယ်တိုင်လည်း များပြားလွန်းတဲ့တစ္ဆေတွေကြောင့် နောက်ကို ညွှတ်ဝင်လာတယ်။ မော်လီက ခေါင်းကိုခါလိုက်ရင်း လက်တစ်ဖက်ကိုမြှောက်လိုက်တယ်။

“ သူတို့အရေအတွက်ကများတယ်။ ဒီအတိုင်းလွှတ်ထားလို့ မဖြစ်သေးဘူး။”

ဝံပုလွေအရိုးနဲ့လုပ်ထားတဲ့ ဓားမြှောင်တွေက လေထုထဲမှာ စတင်လွင့်မျောလာပြီး တစ္ဆေတိမ်တိုက်ထဲကို လှစ်ခနဲတိုးဝင် သွားပါတယ်။ သိပ်မကြာခင်မှာပဲ တစ္ဆေတွေအပိုင်းအပိုင်း အစစဖြစ်ကုန်ပြီး ပျောက်ကွယ်သွားတယ်။

နက်ဆန်လည်း ဂါထာရွတ်တာရပ်သွားပြီ။ အေးစိမ့်စိမ့် လေထုကို ကျွန်မမခံစားမိတော့ဘူး။ ဒါပေမဲ့ အဲဒီအစား ကျွန်မတစ်ကိုယ်လုံးကို အင်အားကြီးတဲ့တစ်စုံတစ်ရာက ဖိနှိပ်ထားတယ်လို့ ခံစားလိုက်ရပြီး အလိုလိုနေရင်း စားပွဲခုံမှာထိုင်လျက်အနေအထားနဲ့ရှိနေတဲ့ အရိုးစု သုံးစုကို ကြည့်လိုက်ပါတယ်။ အရိုးစုပေါ်က စာလုံးတွေကနေ ခရမ်းရောင်အလင်းတွေထုတ်လွှင့်နေပြီး အရိုးစုတွေက အဆက်မပြတ်လှုပ်ခါနေတယ်။

အဲဒီနောက်တော့ အရိုးစုတွေရဲ့ခေါင်းက ကောင်းကင်ပေါ်ကို အလိုလိုမော့သွားပြီး မေးတွေကိုမော့ထားလိုက်ကြတယ်။

“မကြည့်နဲ့။” ရုတ်တရက် နက်ဆန်က ကျွန်မကိုပြောလိုက်ပြီး သူကိုယ်တိုင်လည်း မျက်လုံးကို လက်မောင်းနဲ့ဖုံးအုပ်လိုက်ပါတယ်။ ကျွန်မကတော့ သူဆိုလိုတာ ဘာမှန်းမသိဘဲ ဆက်ကြည့်နေမိပေမဲ့ နောက်မှာ ရှိနေတဲ့မော်လီက ကျွန်မျက်လုံးတွေကို လက်ဖဝါးတွေနဲ့ အုပ်ထားလိုက်တယ်။

မျက်စိမှိတ်ထားတာတောင်မှ ပျိုးပျိုးပျက်ပျက်အရောင်တွေ မြင်လိုက်ရပြီးတဲ့နောက်တော့ မော်လီက သူ့လက်တွေကို ကျွန်မမျက်လုံးပေါ်က ဖယ်ပေးလိုက်တယ်။ နောက်တော့ သူက လေသံနဲ့ သတိပေးလိုက်လေရဲ့။

“ နတ်ဘုရားတွေရဲ့ခန္ဓာကိုယ်အစစ်ကို လူတွေကြည့်လို့ မရဘူး။ ချက်ချင်းပြာဖြစ်သွားလိမ့်မယ်။”

အဲဒီရှင်းပြချက်နဲ့အတူ ကျွန်မရင်ထဲမှာ အေးခနဲ ခံစားလိုက်ရတယ်။ အရိုးစုတွေကို နောက်တစ်ခါ ကြည့်လိုက်ချိန်မှာတော့ အရိုးစုတွေအစား ဆံပင်တွေ ဖွေးဖွေးစွတ်ဖြူနေပြီး ပါးရေနားရေတွေတွန့်လိုက်နေတဲ့ အဖွားအိုသုံးပါးကို မြင်လိုက်ရတယ်။

“နက်ဆန်က ကံကြမ္မာအဖွားအိုသုံးပါးကို တကယ်ကြီး ဆင့်ခေါ်လိုက်တာလား။” ကျွန်မ မအံ့ဩဘဲမနေနိုင်ဘူး။ နတ်တစ်ပိုင်းတွေရဲ့တည်ရှိမှုကိုသိရရုံနဲ့တင် အတော်လေး အံ့ဩစရာကောင်းနေပြီ။ ဒါပေမဲ့ ဒီတစ်ခါကျတော့ တကယ့် နတ်ဘုရားတွေကို ပင့်ဖိတ်လိုက်တာလေ။

“ သူတို့အကုန်လုံးရောက်လာတာတော့မဟုတ်ဘူး။ သူတို့ရဲ့ အစစ်အမှန်တည်ရှိမှုရဲ့အစိတ်အပိုင်းလေးတစ်ခုစာပဲ ဒီကို ရောက်လာတာ။ ဒီအရိုးစုတွေက သူတို့ရဲ့တည်ရှိမှုအပြည့်ကို မခံနိုင်ဘူး။ အပြည့်အဝဝင်လိုက်တာနဲ့ ပေါက်ကွဲသွားလိမ့်မယ်။”

ကံကြမ္မာအဖွားအိုတွေက ဘာမှမပြောသေးပေမဲ့ နက်ဆန်က သူတို့ရှေ့က ခွက်တွေထဲ ဝိုင်ငှဲ့ပေးလိုက်ပါတယ်။ “ကြီးမြတ်တဲ့ ကံကြမ္မာထိန်းကျောင်းသူတို့။ ကျေးဇူးပြုပြီး သောက်ကြပါ။”

နက်ဆန်က တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်တယ်။ သူက အလုပ်ကိစ္စကိုအရင်မပြောသေးဘူး။ အဖွားအိုတွေကလည်း ငြိမ်သက်စွာနဲ့ ဝိုင်ခွက်တွေကိုကောက်ယူပြီး မော့ချလိုက်တယ်။ ပြီးတော့ နက်ဆန်ကိုယ်တိုင်လည်း သောက်တယ်။ သူတစ်ခါမှ ဝိုင်သောက်တာ ကျွန်မ မမြင်ဖူးသေးဘူး။ အခုက ပထမဆုံးအကြိမ်ပါပဲ။

အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ယူလာတဲ့ ဝိုင်ပုလင်းတွေ တစ်ခုပြီးတစ်ခု ပြောင်သလင်းခါကုန်တယ်။ နက်ဆန်က သောက်တော့သောက်ပေမဲ့ အများကြီးမဟုတ်ဘူး။ သူ့ရှေ့က ပထမဝိုင်ခွက်တောင်မကုန်သေးဘူး။ ကံကြမ္မာ အဖွားအိုတွေပဲ ဆက်တိုက်သောက်နေကြတာ။ နောက်တော့ သူတို့အကန့်အသတ်ရောက်သွားဟန်နဲ့ အရိုးစုတွေဟာ ယိမ်းထိုးလာကြပါတယ်။ ဒီတော့မှ နက်ဆန်က အလုပ်ကိစ္စကို စပြောတယ်။

“ကြီးမြတ်တဲ့ ကံကြမ္မာထိန်းကျောင်းသူတို့။ ဒီမိန်းကလေး ပေါ်မှာကျရောက်နေတဲ့ ကံကြမ္မာဆိုးတွေကို ဖယ်ရှားပေးပါ။”

အဲဒီအချိန်မှာပဲ အဖွားအိုတွေရဲ့ပါးစပ်က ပြိုင်တူဆိုသလို ပွင့်လာပြီး အက်ကွဲနေတဲ့ စကားသံတွေကို စကြားရတယ်။

“ကံကြမ္မာဆိုတာ ပြောင်းလဲလို့မရဘူး။ ကံဆိုးမိုးမှောင် ကျရမယ့်သူက ကံဆိုးမိုးမှောင်ကျလိမ့်မယ်။”

“အစားထိုးလို့တော့ရတယ်မဟုတ်လား။ ကျွန်တော် ကိုယ်စားဝင်ခံပါရစေ။”

ဒါပေမဲ့ အရိုးစုတွေကတော့ လက်မခံကြသေးဘဲ ငြင်းဆန် နေကြဆဲပါ။ သူတို့တွေက ပါးစပ်ကြီးတွေကို မလှုပ်ဘဲ ဟရုံသာဟထားပြီး အသံအက်အက်ကြီးတွေနဲ့ အော်ဟစ် နေကြပါတယ်။

“သေမျိုးလူသားတစ်ယောက်က ငါတို့ကို ဘာလုပ်ပါ ညာလုပ်ပါ စေခိုင်းလို့မရဘူး။ သွားမယ်။”

သူတို့တွေက လာတုန်းကလိုပဲ ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး ပါးစပ်ကြီးတွေဟထားကြတယ်။ ဒါပေမဲ့ သူတို့ကိုယ်ပေါ်က မှော်စာလုံးတွေက လင်းလက်လာပြီး အရူးအမူး အော်ဟစ်တော့တာပဲ။

နက်ဆန်က သူ့မှော်တောင်ဝှေးနဲ့သူတို့ကိုထောက်လိုက်ပြီး

“မင်းတို့အသိစိတ်တွေ မူရင်းခန္ဓာကိုယ်ထဲ ပြန်သွားလို့ မရအောင်ချုပ်ထားတယ်။ အတင်းရုန်းရင် ဒီခန္ဓာကိုယ်တွေ ပေါက်ကွဲပြီး မင်းတို့ကိုထိခိုက်စေလိမ့်မယ်။ အစိတ်အပိုင်း သေးသေးလေးဆိုရင်တောင်မှ နာကျင်တာက နာကျင်တာပဲ မဟုတ်လား။”

ဒီလူ။ တကယ့်ကို ရူးနေပြီ။ နတ်ဘုရားအစစ်တွေကို သူက ခြိမ်းခြောက်ချင်နေတာလား။

“နိမ့်ကျတဲ့လူသား... မင်းကများ ငါတို့ကို ချုပ်နှောင်ဝင့်တယ်။ ကျိန်စာသင့်ချင်နေပြီလား။”

“ငါ့ကိုကျိန်စာတိုက်ချင်တယ်ဆိုရင် အလွယ်လေးလေ။ ဒီမိန်းကလေးရဲ့ကျိန်စာကို ငါ့ဆီလွှဲပေးရုံပဲ။ မင်းတို့ကိုယ်တိုင်တောင် ငါ့ကိုကျိန်စာတိုက်စရာမလိုဘူး။”

“ကောင်းပြီ၊ နောက်မှ နောင်တမရလေနဲ့။”

အဖွားကြီးတွေက နက်ဆန်နဲ့ဆွေးနွေးပြီးတဲ့နောက်မှာ ကျွန်မကို ပြိုင်တူကြည့်လိုက်ကြတယ်။ အဲဒီနောက်တော့ သူတို့ထဲက အလယ်မှာထိုင်နေတဲ့တစ်ယောက်က လက်ယပ်ပြီး ကျွန်မကိုခေါ်ပါတယ်။ ကျွန်မလည်း အနားကိုကပ်သွားတော့ အဖွားအိုကြီးတွေထဲက ညာဖက် တစ်ယောက်က စားပွဲခုံကို လက်နဲ့လှန်ကာ အဝေးကြီးရောက်သွားတဲ့အထိ လွှင့်ပစ်လိုက်ပြီး အလယ်က တစ်ယောက်ကတော့ ကျွန်မကို သူ့ရှေ့မှာဒူးထောက်ခိုင်းတယ်။

အဲဒီနောက်တော့ ကျွန်မနဖူးကို သူ့လက်နဲ့ထိလိုက်တယ်။ ကျွန်မခန္ဓာကိုယ်ကနေ တစ်စုံတစ်ခုစီးထွက်နေတယ်လို့ ခံစားရပြီး တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်က ပေါ့ပါးလာနေတယ်။

ဟားဟားဟား...

ဒါပေမဲ့ အဲဒီအချိန်မှာပဲ အပြင်ဘက်ကနေ ရယ်သံကျယ်ကြီး တစ်ခုကိုကျွန်မတို့ ကြားလိုက်ရတယ်။

“ဘယ်သူလဲ၊ ဘာလို့ တစ်ချိန်လုံး ပုန်းလျှိုးကွယ်လျှိုးနဲ့ အဲဒီနေရာမှာ ရပ်နေတာလဲ။” မော်လီရဲ့အသံကို ကျွန်မ ကြားလိုက်ရပြီး တစ်ခုခုနားနားကနေ ဖြတ်သွားတဲ့အသံ ကြားလိုက်ရတယ်။ သေချာပေါက် ကြိုးတပ်တံစဥ်ပဲ ဖြစ်မှာ။

ကလန်...

သတ္တုချင်းထိခတ်မိသံထွက်ပေါ်လာပြီး ကြိုးတပ်တံစဥ်က မော်လီလက်ထဲ ပြန်ရောက်လာပုံပေါ်တယ်။ ဒါပေမဲ့ တစ်ဖက်လူက ရယ်ရုံပဲရယ်ပြနေတာ။ ဒါပေမဲ့ ဒီရယ်သံကို ကျွန်မသေသေချာချာကို ရင်းနှီးနေတာ။ ဒါကြောင့် ကံကြမ္မာအဖွားအိုကြီးနဲ့လက်ဝါးနဲ့ကျွန်မနဖူး ကွာမသွားအောင်ဂရုစိုက်ရင်း ဖြည်းဖြည်းချင်း မျက်လုံးကိုစောင်းကြည့်လိုက်တော့...

“မစ္စတာအမ်မရေ...” ကျွန်မ သူ့ကိုချက်ချင်း မှတ်မိသွားတယ်။ တစ်ချိန်တည်းဆိုသလိုပဲ မော်လီဆီကနေ စကားသံတစ်ပြိုင်နက်တည်း ထွက်လာတယ်။

“အဖေ...”

အဲဒီလူက အနက်တိုင်းဝတ်စုံကို ကျကျနနဝတ်ထားပြီး လက်ထဲမှည လခြမ်းပုံတွေပါတဲ့ တုတ်ကောက်ကို ကိုင်ထားတယ်။ ကျွန်မဒီလူကို ရင်းနှီးတာပေါ့။ ဖွန်တီနာ ဆေးရုံမှာ အလုပ်လုပ်တုန်းက ကျွန်မရဲ့အထက်လူကြီးလေ။ အရိပ်နက်တွေကိစ္စဖြစ်အပြီးမှာ ထူးဆန်းစွာနဲ့ ပျောက်သွားတဲ့ သူပေါ့။

သူက ကျွန်မတို့ဆီက တုံ့ပြန်သံကို ကြားပြီးတဲ့နောက်မှာ ထပ်ပြီးရယ်မောလိုက်ပြီး ကျွန်မကိုကြည့်ကာ ပြောလိုက်တယ်။

“ဒါပေါ့၊ ဒါပေါ့။ မင်းကတော့ ငါ့ကို မစ္စတာအမ်မရေလို့ သိမှာပေါ့။ ငါအဲဒီမှာနှစ်ပိုင်းလောက် ဆရာဝန်လို အယောင်ဆောင်ပြီး မှော်နက်အစီအရင်တစ်ခုလုပ်နေခဲ့တာပဲ။”

ဖွန်တီနာဆေးရုံက မှော်အစီအရင်က သူ့လက်ချက်လား။ ကျွန်မ မျက်လုံးတွေပြူးကျယ်သွားတယ်။ ကျွန်မချစ်ရတဲ့ စီနီယာတစ်ယောက်က အဲဒီမှာအသက်ပေးခဲ့ရတာလေ။ ဒါတွေအားလုံးကို ကျွန်မလေးစားရတဲ့ စီနီယာဆရာဝန် တစ်ယောက်က လုပ်နေခဲ့တာလား။

“ပြီးတော့ မော်လီ။ ဒါပေါ့၊ မင်းက ငါချစ်ရတဲ့သမီးလေးပဲ။ အများကြီးပြောင်းလဲသွားပေမဲ့ ငါမှတ်မိတာပေါ့။”

နက်ဆန်ကလည်း အဲဒီလူကို သတိထားမိသွားပြီး သေချာ စိုက်ကြည့်လိုက်တယ်။ အဲဒီနောက်တော့ သူ့ဆီကနေပြီး နာမည်တစ်ခု ထွက်လာခဲ့ပါတယ်။

“ဆီးနိတ်တာ ရော့ဝဲလ် ကာတီရာ။”

ကျွန်မမှတ်မိသလောက် ကျောင်းတော်တွေမှာ ဆီးနိတ်တာတွေက အရေးပါတဲ့အရာရှိကြီးတွေပါ။ ကျွန်မ အဲဒီကိစ္စကိုအာရုံရောက်နေတုန်း ကံကြမ္မာအဖွားအိုက ကျွန်မ နဖူးပေါ်ကနေ လက်ဖယ်လိုက်တယ်။

“ကျိန်စာကို ကလေးမဆီက ဖယ်လို့ပြီးပြီ။ မင်းအလှည့်ပဲ။”

အဖွားအိုက နက်ဆန်ကို လက်ယပ်ပြီးခေါ်ပါတယ်။ ဒါပေမဲ့ နက်ဆန်က အေးစက်စက်နဲ့ ရော့ဝဲလ်ကို ဆက်ပြီးစိုက်ကြည့် နေပါတယ်။

“ခင်ဗျားက ဒီကိုဘာလာလုပ်တာလဲ ဆီးနိတ်တာ။”

“ဟားဟားဟား...” ဆီးနိတ်တာရော့ဝဲလ်က မရယ်ချင့်ရယ်ချင်ပုံစံနဲ့ ခပ်ခြောက်ခြောက် ရယ်မောပြီး အဖြေပြန်ပေးလိုက်တယ်။

“ကျုပ်တိုက်လိုက်တဲ့ ဒူလာဟမ်ကျိန်စာကို ကံကောင်းလို့ရှောင်နိုင်သွားတဲ့ သခင်လေးက ကိုယ်တိုင်ကိုယ်ကျ ဒုက္ခအဆင်းရဲခံပြီး လွှဲပြောင်းယူဖို့ လုပ်နေတဲ့မြင်ကွင်းကို လာကြည့်တာလေ။”

ကျွန်မပါးစပ်အဟောင်းသားဖြစ်သွားတယ်။ ဒီတော့ ကျွန်မကို ကျိန်စာတိုက်လိုက်တာ သူပေါ့။ ပထမတော့ ကျွန်မ မယုံနိုင်ဖြစ်နေသေးပေမဲ့ အဲဒီလူကြီးရဲ့နောက်မှာ မြင်းစီးနေတဲ့ ခေါင်းပြတ်စစ်သူကြီးရဲ့ပုံရိပ် ပေါ်လာတော့မှ သူအမှန်ကိုပြောနေမှန်း သေချာကောက်ချက်ချနိုင်သွားတယ်။

မော်လီကတော့ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပါတယ်။ “အဖေက ဘယ်လိုလုပ်ပြီး ဒီကိစ္စတွေမှာ တရားခံဖြစ်နေတာလဲ။ တစ်ချိန်လုံး သခင်လေး အခက်တွေ့နေခဲ့တာတွေက အဖေ့ကြောင့်ပေါ့။”

မော်လီက ကျွန်မကိုကျောခိုင်းထားတဲ့အတွက် သူ့မျက်နှာကို သေချာမမြင်ရပေမဲ့ တော်တော်ကြီးဒေါသထွက်နေမှန်း လေသံကနေတစ်ဆင့် ကျွန်မခန့်မှန်းနိုင်တယ်။

“အကြောင်းအရင်းက မရိုးရှင်းဘူးလား။ တော်ဝင်မင်းသား မရှိတော့ရင် အစွမ်းအထက်ဆုံးဆီနိတ်တာက ဂိုဏ်းထဲမှာ အယ်ဒါဖြစ်လာမှာမလို့လေ။”

ဝှစ်...

မော်လီက နေရာကနေပျောက်သွားပြီး ရော့ဝဲလ်ဆိုတဲ့ အဖိုးကြီးရှေ့မှာပြန်ပေါ်လာတယ်။ မော်လီ့လက်ထဲမှာ ကြိုးတပ်တံစဥ်ကိုကိုင်ထားပြီး ရော့ဝဲလ်ကို တိုက်ခိုက်လိုက်တယ်။

“သခင်ကြီးက အဖေ့ကို ဒီလောက်ယုံကြည်ခဲ့တာ။ ဘာလို့ အဖေက သစ္စာဖောက်ဖြစ်နေရတာလဲ။”

ထန်း...

ဒူလာဟမ်ကလည်း ဓားကိုမြှောက်လိုက်ပြီး သူ့သခင်ကို ကာကွယ်ပေးလိုက်တယ်။ မော်လီက ဒူလာဟမ်ရဲ့သန်မာတဲ့ ခွန်အားကြောင့် နောက်ကိုပြန်ဆုတ်လိုက်ရပေမဲ့ သူ့အသိစိတ် တစ်ခုလုံးကို ဒေါသတွေက ဖုံးလွှမ်းထားတဲ့အတွက် ရှေ့ကို ချက်ချင်းပြန်တက်လာတယ်။

“ဘယ်လိုဖြစ်တာလဲ ငါ့သမီးလေး။ မင်းကိုကြည့်ရတာ တော်တော်ဒေါသထွက်နေပါရောလား။ ငါက မင်းကို ငယ်ငယ်လေးနဲ့ ထားခဲ့လို့စိတ်တိုနေတာလား။ ဒါမှမဟုတ် မင်းရဲ့သခင်လေးကို ငါကသတ်ချင်နေလို့ စိတ်တိုနေတာလား။”

မော်လီက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ပြန်မဖြေဘူး။ အဲဒီအစား ဒူလာဟမ်ဖန်တီးထားတဲ့ခံစစ်ကို ချိုးဖျက်ဖို့ သည်းကြီးမည်းကြီးတိုက်ခိုက်နေတယ်။ ဒူလာဟမ်က ကျွန်မတို့ နောက်ဆုံးတစ်ကြိမ်တွေ့ခဲ့တုန်းကထက် ပိုပြီး သန်မာလာသလိုပဲ။

ဘုန်း...

သတိတစ်ချက်လွတ်သွားတဲ့မော်လီက ဒူလာဟမ်ရဲ့ဓားပြားကြီးနဲ့ရိုက်တာခံလိုက်ရပြီး နောက်ကို လွင့်ထွက်သွားတယ်။ နက်ဆန်က ဝင်ပါချင်ပေမဲ့ ကံကြမ္မာ အဖွားအိုကြီးထံကနေ အသံနက်နက်ကြီးတစ်ခု ထွက်လာတယ်။

“လာခဲ့... ငါတို့ကိုအကြာကြီးစောင့်ခိုင်းထားရင် ဘာဖြစ်သွားမယ် ထင်နေလဲ။” ဒီတော့ နက်ဆန်လည်း ကံကြမ္မာအဖွားအိုဆီကနေ ကျိန်စာကိုလွှဲပြောင်းယူဖို့ လုပ်ရတယ်။

မော်လီက ပြန်ကုန်းထပြီးဆက်တိုက်ပေမဲ့ အောက်စည်းမှာ ရောက်နေတုန်းပဲ။ အဖိုးကြီးက ရယ်မောလိုက်ရင်းကနေ

“ငါ့မှာ မင်းနဲ့ရင်ဆိုင်နေဖို့အချိန်မရှိဘူး။ သခင်လေး ဘာမှမလုပ်နိုင်ဖြစ်နေတုန်း သတ်ရဦးမယ်။”

ရော့ဝဲလ်က ကျွန်မတို့ဘက်ကို လက်ညိုးညွန်လိုက်တယ်။ ဒူလာဟမ်ကြီးက မော်လီကို လစ်လျူရှုပြီးတော့ ကျွန်မတို့ဆီ ပြေးလာတယ်။ အိုလီရာနာလည်း ရပ်ကြည့်မနေတော့ဘဲ သူ့ဆံနွယ်တွေနဲ့တိုက်ခိုက်လိုက်ပေမဲ့ ဒူလာဟမ်က နွယ်တွေကို တစ်ခုချင်းစီပိုင်းဖြတ်ပြီး ရှေ့ကိုဆက်တက်လာနေတယ်။

မော်လီက ကျွန်မတို့ကို လာကူချင်ပေမဲ့ ရုတ်တရက်သူရှိနေတဲ့ မြေပြင်ကို အနက်ရောင်အရိပ်တစ်ခုက ဖုံးလွှမ်းသွားပြီး အရိပ်ထဲကနေ အရိုးခြောက်လက်တစ်ဖက်ထွက်လာကာ မော်လီခြေထောက်ကို ဖမ်းဆွဲလိုက်တယ်။

“သမီးလေး၊ မင်းက ငါ့ရဲ့ပြိုင်ဘက်ပဲ။”

အရိုးခြောက်လက်က မော်လီကိုလေထုထဲ ဆွဲမြှောက်လိုက်ပြီး အဝေးကို ပစ်လွှတ်လိုက်တယ်။ မော်လီ့ခန္ဓာကိုယ်က အုတ်ဂူတစ်ခုနဲ့ဝင်တိုက်မိပြီး ပြန်ပြုတ်ကျလာတယ်။ ပြန်ထလာပေမဲ့ သူ့ခန္ဓာကိုယ်က လက်တွေခြေတွေက အနေအထားလွဲနေပြီး မော်လီက ကောင်းနေသေးတဲ့လက်တစ်ဖက်နဲ့ အကုန်လုံးကို ပြန်တည့်ပေးလိုက်တယ်။

ဖျောက်... ဖျောက်...

မော်လီ့အရိုးတွေဆီကနေ အသံကျယ်တွေထွက်လာတယ်။ ရော့ဝဲလ်ကတော့ ထပ်မံရယ်မောလိုက်ပြီး

“ပုံမှန်ဆိုရင်တော့ မင်းက ငါ့သမီးမလို့ ကျော်သွားပေးမိမှာပဲ။ ဒါပေမဲ့ မင်းက သေပြီးသား ဖုတ်ကောင်တစ်ကောင်ဖြစ်နေတယ်။ ဒီတော့ ငါ့သမီးအရင်းလို့ ပြောလို့မရတော့ဘူး။ ငါ့သမီးပုံစံရှိနေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပါပဲ။”

ဘုတ်ဘုတ်...

ရော့ဝဲလ်က တောင်ဝှေးကို မြေပြင်နဲ့ဆောင့်ချလိုက်တယ်။ အရိပ်နက်ကြီးက မြေပြင်ကိုလွှမ်းမိုးထားပြီး အဲဒီအရိပ်ထဲက အရိုးစုစစ်သားတွေရာချီထွက်ပေါ်လာကာ မော်လီကိုဝိုင်းထားလိုက်တယ်။

“ဖုတ်ကောင်ဘုရင်မကို ဖုတ်ကောင်တွေနဲ့ရင်ဆိုင်ချင်တာလား။” မော်လီက မျက်ခုံးပင့်ရင်း ဖုတ်ကောင်တွေကို စတင်တိုက်ခိုက်တယ်။ ဖုတ်ကောင်အတော်များများ စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်စစီဖြစ်ကုန်ပေမဲ့ ရော့ဝဲလ်က ဒီအခွင့်အရေးကို စောင့်နေခဲ့ပုံပါ။ သူက ပြုံးလိုက်ပြီး ဂါထာတစ်ခုကို ရွတ်ဆိုလိုက်တယ်။ အရိပ်နက်ထဲကနေ အတောင်ပံပါတဲ့ အရိုးစုမြင်းတစ်ကောင်ထွက်လာပြီး သူက အရိုးစုမြင်းကိုစီးကာ ကျွန်မတို့ဆီကို ပျံသန်းလာတယ်။

“တိုက်ကြတော့...” နက်ဆန်က ကျိန်စာကိုလွှဲပြောင်း ခံယူနေရင်းကနေ တစ္ဆေစုံတွဲကိုအမိန့်ပေးလိုက်တယ်။ တစ္ဆေနှစ်ကောင်က စတင်ပျံသန်းပြီး ဆီးနိတ်တာရော့ဝဲလ်ကို တားဆီးပါတယ်။ အစပိုင်းမှာတော့ ရော့ဝဲလ်ကို သူတို့တွေ အသာစီးရနေပေမဲ့ ခဏနေတော့ နက်ဆန်ဆီကနေ အော်သံကျယ်ကြီးထွက်လာပြီး သူတို့နှစ်ယောက်လုံး လက်စွပ်တွေအဖြစ်ကို အလိုလိုပြန်ပြောင်းသွားတယ်။

“အား....”

ကျွန်မနက်ဆန်ကို လှည့်ကြည့်လိုက်တော့ နက်ဆန့်ရဲ့ဒွာရာ ကိုးပေါက်ကနေ သွေးတွေစီးကျနေပြီး ဒူလာဟမ်ကို တိုက်ခိုက်နေတဲ့ အိုလီရာနာလည်း ဒူးထောက်ကျသွားပြီ။ အခုအိုလီရာနာက သူ့ရင်ဘတ်ကိုသူ ဆုပ်ကိုင်ထားရပြီး မျက်လုံးတွေက အဆက်မပြတ်အရောင်ပြောင်းလဲနေတယ်။ ပြီးတော့ မြင်းစီးလာတဲ့ရော့ဝဲလ်က ကျွန်မတို့နဲ့နီးလာနေပြီ။

“ဒီတစ်ခါတော့ တကယ်လုပ်မှဖြစ်မယ် ဆယ်ဗီရေ။”

ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ်အားတင်းထားလိုက်ပြီး လက်ထဲက ခွဲစိတ်ခန်းသုံးဓားနဲ့ မြင်းပျံကြီးကိုဦးတည် ခုတ်ချလိုက်တယ်။ ဒါပေါ့၊ ဓားက သေးသေးလေးဆိုပေမဲ့ မော်လီပြောသလို ဓားထဲမှာသရဲရှိတယ်ဆိုရင် အဲဒီသရဲ မစပါစေဆိုပြီး ခုတ်ချလိုက်တာ။

ရွှမ်း...

ရုတ်တရက် ငွေရေုာင်အလင်းတန်းတစ်ခုဖြာထွက်သွားတာ ကျွန်မမြင်လိုက်ရတယ်။ ကျွန်မတစ်ကိုယ်လုံး အေးစိမ့်ပြီး ကျောချမ်းသွားတာ။ ဒါပေမဲ့ အလင်းရောက်ပျောက်သွားပြီး ပတ်ဝန်းကျင်ကို ပုံမှန်အတိုင်းပြန်မြင်ရချိန်မှာတော့ ဟိုလူကြီးစီးနေတဲ့ အရိုးစုမြင်းပျံက အတောင်ပံတစ်ဖက် ပြတ်သွားပြီး မြေပြင်ပေါ်ကို ထိုးစိုက်ကျနေပြီ။ မော်လီလည်း ဒဏ်ရာရမှာကြောက်မနေတော့ဘဲ အရိုးစုတွေကို ဖောက်ထွက်ကာ ကျွန်မတို့နားကိုရောက်လာတယ်။

“မော်လီ... ရှင့်မှာ ဒဏ်ရာတွေအများကြီးပဲ။” ကျွန်မရှေ့မှာ မားမားမတ်မတ်ရပ်နေတဲ့ မော်လီရဲ့ခန္ဓာကိုယ်ကိုကြည့်ရင်း ကျွန်မကြောက်လန့်မိသွားတယ်။ ဝတ်ထားတဲ့ အိမ်စေဝတ်စုံက ရစရာမရှိလောက်အောင် စုတ်ပြဲနေပြီး ခြေတွေလက်တွေနဲ့ပခုံးမှာပါ လက်သည်းရာတွေထင်ကျန်နေရစ်တယ်။ ဒဏ်ရာတွေကနေ အနက်ရောင်သွေးတွေစီးကျနေပေမဲ့ မော်လီက မျက်နှာ တစ်ချက်တောင်မပျက်ဘူး။

“ငါတို့ကိစ္စပြီးပြီ...” တစ်ပြိုင်နက်တည်းလိုလိုမှာပဲ အဖွားအိုက နက်ဆန်ရဲ့နဖူးပေါ်ကနေ လက်ကိုဖယ်လိုက်တယ်။ နက်ဆန်ကတော့ သတိလုံးဝ လစ်နေပါပြီ။ အဖွားအိုတွေကတော့ သူ့ကိုဂရုမစိုက်ဘဲ ပါးစပ်တွေကိုကောင်းကင်ပေါ်ဦးတည်ဟလိုက်တယ်။ ကျွန်မလည်း မျက်လုံးကိုမှိတ်ထားလိုက်ရတာပေါ့။ နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်ကြည့်တော့ အဖွားအိုတွေက သာမန်အရိုးစုတွေဖြစ်နေပြီ။

မော်လီကတော့ အနားရောက်လာြပီဖြစ်တဲ့ ဒူလာဟမ်ကို ခုခံနေပြီး အိုလီရာနာကတော့ အခုထိမလှုပ်နိုင်သေးဘူး။ ရော့ဝဲလ်ကလည်း သူ့အပေါ်ပိနေတဲ့မြင်းကို ပြန်ဖယ်ပြီး ထလာဖို့ကြိုးစားနေဆဲပါ။ ကျွန်မ နက်ဆန်ကိုလှုပ်နှိုးပေမဲ့ နိုးမလာပါဘူး။

“သခင့်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားတွေက ကျိန်စာကို ခုခံဖို့အလိုလိုကြိုးစားရင်း အခုလိုဖြစ်နေတာ။ လောလောဆယ် သူ့စွမ်းအားတွေက မတည်ငြိမ်ဘူး။ အိုလီရာနာနဲ့သခင့်ကိုဒီကနေ ခေါ်ထုတ်သွားတော့။”

မော်လီရဲ့လေသံထဲမှာ အားနည်းတဲ့အရိပ်အယောင်ကို မြင်နိုင်တယ်။ သူက နက်ဆန်ရဲ့အုပ်စုထဲမှာ မတ်တပ်ရပ်ပြီး တိုက်နိုင်တော့ တစ်ယောက်တည်းသောသူပဲ။ ဒါပေမဲ့ သူကိုယ်တိုင်လည်း သက်ရောက်မှုကို ခံစားနေရပုံပေါ်တယ်။

“ရှင်ကိုယ်တိုင်ကရော...”

“ငါကတော့ အချိန်ဆွဲဲပြီး နောက်ကနေလိုက်လာမယ်။”

ဒူလာဟန်က နောက်တစ်ကြိမ်တိုက်စစ်ပြန်စတဲ့အတွက် ကျွန်မတို့ စကားစပြတ်သွားတယ်။ ရော့ဝဲလ်ကလည်း ပြန်ထလာပြီဖြစ်ပြီး ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တယ်။

“ဒူလာဟမ်... မင်းသားကိုအရင်သတ်။”

ကျွန်မလည်း အခြေအနေမကောင်းတော့မှန်းသိတာကြောင့် အိုလီရာနာကိုခါးကနေမြှောက်ချီ၊ နက်ဆန်ကို ကုန်းပိုးပြီး သချိုင်းကုန်းထဲကနေ ထွက်ပြေးဖို့လုပ်တယ်။ မော်လီက ဒူလာဟန်နဲ့ရော့ဝဲလ်ကို တားဆီးနေဆဲဖြစ်ပြီ “ သူတို့နောက်ကိုလိုက်ချင်ရင် ငါ့အလောင်းကို ကျော်သွားမှရမယ်။”လို့ အော်လိုက်တယ်။

နောက်တော့... ကျွန်မဘာတွေဆက်ဖြစ်မှန်းမသိတော့ဘူး။ အရင်ဆုံး ကားဆီကိုအရောက်ပြေးခဲ့ပြီး ကားကို မမောင်းတတ်မောင်းတတ်နဲ့ ဗီလာဆီအရောက် မောင်းခဲ့တာပဲ ကျွန်မမှတ်မိတော့တယ်။ နောက်တစ်ခါ သတိပြန်ဝင်လာတော့ နေရောင်က မျက်နှာကိုလာထိုးနေပြီ ဖြစ်ပြီးတော့ ကျွန်မကားထဲမှာတင် အိပ်ပျော်သွားခဲ့မှန်း သိလိုက်ရပါတော့တယ်။

...

All Chapters