လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဖုန်(က)
Vol. 97 Ch. 1489
အရှေ့ပိုင်းမိစ္ဆာငှက်မွှေးတွင်ဖြစ်စေ သို့မဟုတ် အနောက်ပိုင်းမိစ္ဆာငှက်မွှေးတွင်ဖြစ်စေ အင်မော်တယ်အတတ်ပညာခန်းမက အထွတ်အမြတ်နေရာ ဖြစ်သည်။
မျိုးဆက်တိုင်းမှ ကြီးမြတ်သော အင်မော်တယ်သခင်များအတွက်တော့ သူတို့၏ ကျင့်ကြံခြင်းက အုပ်ချုပ်သူအဆင့်မှာမဟုတ်သော်လည်း သူတို့၏ အဆင့်အတန်းက အုပ်ချုပ်သူများနှင့် နှိုင်းယှဉ်နိုင်ကြသည်။
သို့သော်လည်း အရှေ့ပိုင်းမိစ္ဆာငှက်မွှေးက အင်အားလျော့နည်းလာပြီး အရှေ့ပိုင်း အင်မော်တယ်အတတ်ပညာခန်းမ၏ ကြီးမြတ်သော အင်မော်တယ်သခင်က သေဆုံးသွားသည့်အခါ အင်မော်တယ်အတတ်ပညာခန်းမက ယခင်ဂုဏ်ကျက်သရေကို ဆုံးရှုံးသွားသည်။
ယခု ကြီးမြတ်သော အင်မော်တယ်သခင်ရာထူးအတွက် အင်မော်တယ်သခင်အားလုံးက ပေါ်တင်ဖြစ်စေ လျှို့ဝှက်စွာဖြစ်စေ အပြန်အလှန် တိုက်ခိုက်နေကြသည်။
ယွဲ့တုန်သည် ယခင်မျိုးဆက်မှ ကြီးမြတ်သော အင်မော်တယ်သခင်၏ တပည့်ဖြစ်သော်လည်း ထိုရာထူးကို ဆက်ခံရန် သူတစ်ယောက်တည်း အရည်အချင်းပြည့်မီခြင်း မဟုတ်ပေ။
ထို့ကြောင့် သူက မဟာဧကရာဇ်ငရဲမီးတောက်၏ အလောင်းကို ရယူရန် လန်မိသားစုနှင့် ရူးမိုက်စွာ ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ အစီအစဉ်သာ အောင်မြင်သွားမည်ဆိုလျှင် အင်မော်တယ်အတတ်ပညာခန်းမကို စကားထဲ ထည့်ပြောနေစရာ မလိုတော့ပေ။ အရှေ့ပိုင်းမိစ္ဆာငှက်မွှေးတစ်ခုလုံးက သူနှင့် လန်မိသားစု၏ လက်အောက်သို့ ကျရောက်သွားလိမ့်မည်။
သို့သော်လည်း ယခု အရာအားလုံးက ပြောင်းလဲသွားသည်။
ကံကောင်းစွာဖြင့် အားညိုရှိနေသေးသည်။
အားညိုသည် ကြင်နာသနားစိတ်ရှိပြီး သူတပါးကို ကူညီရန် အမြဲတမ်း စိတ်အားထက်သန်သူ ဖြစ်သည်။ ထို့ကြောင့် သူက ယွဲ့တုန်၏ မပြီးဆုံးသေးသော အိမ်မက်ကို အကောင်အထည်ဖော်ပေးရန် စိတ်ဆုံးဖြတ်ထားသည်။
ဤအခိုက်အတန့်မှာ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ အရှေ့ပိုင်း အင်မော်တယ်အတတ်ပညာခန်းမနှင့် အနီးဆုံးဖြစ်သော မြို့တော်ထဲတွင် အားညို၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။ ရွှီချင်းက သူနှင့်လိုက်ရန် အစီအစဉ်မရှိကြောင်း ကြားသောအခါ သူက ပြောသည်။
“ မင်းပြောတာ မှန်တယ်… အခုချိန်မှာ မင်းအတွက် အရေးကြီးဆုံးက သရုပ်အသစ်ကို ရဖို့ပဲ ”
“ ဒီတော့ သရုပ်အသစ်ကို မင်းရပြီးသွားရင် ငါ့ကို လာရှာမှာလား ”
အားညိုက မေးသည်။
ရွှီချင်းက ခေါင်းခါလိုက်သည်။
စီနီယာအကိုကြီးက အင်မော်တယ်အတတ်ပညာခန်းမဆီ သွားချင်သကဲ့သို့ သူ့မှာလည်း ကိုယ်ပိုင်အစီအစဉ်ရှိသည်။ ရွှီချင်း လုပ်ဆောင်ချင်သည်မှာ အချိန်အတော်ကြာ သူ့ကို ဒုက္ခပေးနေသော ပြဿနာတစ်ခုကို ဖြေရှင်းရန် ဖြစ်သည်။
သူက ထိုပြဿနာကို အကြိမ်ကြိမ် စဉ်းစားခဲ့သော်လည်း ဖြေရှင်းနည်းကို ရှာမတွေ့ခဲ့ပေ။ ရွှယ်ချန်းဇီ ထွက်ပေါ်လာသည့်အခါမှသာ ရွှီချင်းက သဲလွန်စတချို့ကို ရှာတွေ့ခဲ့သည်။
ထို့ကြောင့် ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။
“ ပြန်လာမယ်လို့ သေချာ ငါမပြောနိုင်ဘူး ”
“ ရွှယ်ချန်းဇီက ငါ့ရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ အရည်အချင်းပြည့်မီတယ်… စီနီယာအကိုကြီး… အဲ့ဒါကို အသေးစိတ် စုံစမ်းလေ့လာဖို့ ငါစီစဉ်ထားတယ် ”
“ ငါ့ကိစ္စတွေ ပြီးသွားတဲ့အခါကျရင် မင်းကို လာရှာမယ် ”
ရွှီချင်း၏ စကားက အားညို၏ စိတ်ဝင်စားမှုကို ချက်ချင်း မြင့်တတ်သွားစေသည်။
“ ဘယ်လို အရည်အချင်းပြည့်မီတာလဲ ”
ရွှီချင်းက အဝေးသို့ ကြည့်လိုက်သည်။ ရွှယ်ချန်းဇီ၏ ခန္ဓာကိုယ်ပေါ်မှ သူ၏ အမှတ်အသားက ၎င်းဘာသာ ပျောက်ကွယ်နေကြောင်း သူအာရုံခံမိသည်။ သို့သော်လည်း သူက အရိပ်လေး၏ မျက်လုံးတစ်လုံးကိုလည်း ချန်ထားခဲ့သေးသည်။
သို့ဖြစ်၍ သူက ရွှယ်ချန်းဇီကို ခြေရာခံနိုင်သေးသည်။
သူ၏ စိတ်အာရုံကို အသုံးပြုပြီးနောက် ထူးဆန်းသော အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ ကမ္မနဲ့ ချည်နှောင်မခံရဘူး ”
ရွှီချင်းက စကားဆုံးအောင် ပြောပြီးနောက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။
အားညိုက ရွှီချင်းထွက်ခွာသွားသော ဦးတည်ရာသို့ ကြည့်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်သည်။
“ ကိစ္စမရှိပါဘူး… ဂျူနီယာညီလေးရဲ့ လက်ရှိကျင့်ကြံခြင်းအရ သူသာ ဂရုတစိုက် လှုပ်ရှားမယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး… ပြီးတော့ ဒီနေရာက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးပဲ… လုလင်းဇီက ဒီမှာ ရှိနေတယ်မဟုတ်လား ”
အားညိုက နှုတ်ခမ်းသပ်လိုက်ပြီး အင်မော်တယ်အတတ်ပညာခန်းမ၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။ ထို့နောက် သူက အရှိန်မြှင့်တင်လိုက်ပြီး ထွက်ခွာသွားသည်။
ထိုသို့ဖြင့် ချင်းနှင့် ညိုသည် ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် လူစုခွဲလိုက်ကြသည်။
နာရီများစွာ ကြာပြီးနောက် အရှေ့ပိုင်းမိစ္ဆာငှက်မွှေး၏ ကောင်းကင်ပေါ်တွင် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားသော ရွှီချင်းက အရိပ်မျက်လုံး၏ လမ်းပြပေးမှုမှတဆင့် အရှေ့သို့ ဆက်လက် ရွေ့လျားသွားနေသည်။
တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူ၏ နှလုံးသားထဲမှာ လှိုင်းများ ထွက်ပေါ်လာသည်။
ရွှယ်ချန်းဇီနှင့် တွေ့ဆုံပြီး သူ၏ ထူးခြားမှုကို အာရုံခံမိသွားခြင်းက ရွှီချင်းအတွက် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။
ထိုအံ့ဩမှုက သူ၏ အတွင်းစိတ်ကို ပရမ်းပတာဖြစ်စေသည်။
ဤအတောအတွင်း သူ့ကို အကြီးမားဆုံး ဒုက္ခပေးနေသည်မှာ သူ၏ ကျင့်ကြံခြင်း ဖြစ်သည်။
နန်းမြို့တော်ထဲမှာ သူသေဆုံးသွားပြီးနောက် ဆရာက နတ်ဘုရားမျက်နှာပျက်ကြီး၏ အသွေးအသားကို အသုံးပြု၍ သူ့အတွက် ရုပ်ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပေးခဲ့သည်။ ရွှီချင်းက ထိုရုပ်ခန္ဓာကိုယ်ထံမှ ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့သော်လည်း ယင်းကြောင့် သူက အတားအဆီးများစွာကို ရင်ဆိုင်ခဲ့ရသည်။
ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်၏ ပေါင်းစပ်မှုက ထိုထဲမှ တစ်ခုသာ ဖြစ်သည်။
သူ့ကို အဓိက စိုးရိမ်ကြောင့်ကြစေသည်မှာ သူ၏ ကျင့်ကြံခြင်း ဖြစ်သည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် သူ၏ ကျင့်ကြံခြင်းက ရပ်တန့်နေသည်။
အကယ်၍ သူက ဗလာနတ္ထိအဆင့်မှ ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ချိုးဖြတ်ချင်သည်ဆိုလျှင် သူ၏ အသိစိတ်ပင်လယ်ထဲမှ နတ်ဘုရားအခွင့်အာဏာတစ်ရာကို ထွန်းလင်းတောက်ပစေရန် လုပ်ဆောင်ရလိမ့်မည်။
ယင်းက အလွန်အမင်း ခက်ခဲသည်။
သို့သော်လည်း သူက ပိုပြီးသန်မာလာချင်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ ခြေချချင်သည်။ ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသား၏ အန္တရာယ်ကြောင့်ဖြစ်စေ လက်ရှိဝမ်ကူးကုန်းမြေ၏ စစ်ပွဲအခြေအနေကြောင့်ဖြစ်စေ သူက အမြန်ဆုံး ပိုပြီးသန်မာလာရန် လိုအပ်သည်။ သို့မှသာလျှင် သူက ဤကပ်ဘေးမှ လွတ်မြောက်နိုင်ပြီး အရှေ့သို့ ဆက်သွားနိုင်လိမ့်မည်။
ဆရာ၏ အကာအကွယ်အောက်မှာ နေခြင်းက ရွှီချင်းလိုချင်သော လမ်းစဉ်မဟုတ်ပေ။
သို့သော်လည်း နတ်ဘုရားအခွင့်အာဏာများသည် အလုပ်ကြိုးစားရုံဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။
ယင်းတို့ကို ဆင်ခြင်နားလည်ခြင်း သို့မဟုတ် လုယက်ခြင်းဖြင့်သာ ရရှိနိုင်သည်။ ထို့ပြင် ယင်းက မသေချာသောအရာ ဖြစ်သည်။
ဤအဆင့်ထိ ချောချာမွေ့မွေ့ အဆင့်တတ်လာခဲ့သော ရွှီချင်းက ‘ မသေချာဘူး ’ဟူသော စကားလုံးကို လက်မခံပေ။
“ ဒီရုပ်ခန္ဓာကိုယ်ကြောင့် အုပ်ချုပ်သူအဆင့်အောက်က ဘယ်သူမှ ငါ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး… အဲ့ဒါက ငါ့ကို အဆုံးမဲ့တဲ့ အလားအလာကို ပေးတယ်… ဒါပေမဲ့ အဲ့ဒါကပဲ ငါ့ကို အဟန့်အတားဖြစ်စေတယ် ”
“ နတ်ဘုရားအခွင့်အာဏာတွေကျတော့… အဲ့ဒါတွေက ငါ့ရဲ့ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်ဆိုပေမဲ့ နတ်ဘုရားအခွင့်အာဏာတစ်ခုစီအတွက် အခွင့်အရေးတစ်ခုကို လိုအပ်တယ် ”
“ အခွင့်အရေးက အောင်မြင်မှုကို ပေးနိုင်တယ်ဆိုပေမဲ့ အဲ့ဒီအတွက် စိန်ခေါ်မှုတွေ ရှိသေးတယ် ”
ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
သူက ထိုပြဿနာကို ဖြေရှင်းရန် လေးလေးနက်နက် စဉ်းစားခဲ့သည်။
အမှန်မှာ နန်းဟွမ်ကုန်းမြေမှာ သူရှိနေခဲ့စဉ် ဤပြဿနာအတွက် သတ္တမသခင်ကြီးကိုပင် မေးမြန်းခဲ့သည်။
ယင်းက အဆုံးမဲ့သော အလားအလာဖြင့် ပြည့်နှက်နေသည့် လမ်းစဉ်အသစ်ဖြစ်သည်ဟု သတ္တမသခင်ကြီးက ရွှီချင်းကို ပြောခဲ့သည်။ သို့ဖြစ်၍ မည်သူမှ သူ့ကို အပြည့်အဝ လမ်းမညွှန်ပေးနိုင်ပေ။ အရာအားလုံးကို သူ့ဘာသာ စူးစမ်းရှာဖွေရလိမ့်မည်။
ရွှီချင်းကို သူကူညီပေးနိုင်သည်မှာ ဝိညာဉ်နှင့် ခန္ဓာကိုယ်၏ ပေါင်းစပ်မှုကို မြှင့်တင်ပေးနိုင်သော ရွှမ်သူရိန်အင်မော်တယ်အလင်းကျင့်စဉ်အား ပေးအပ်ခြင်း ဖြစ်သည်။
လူသားနန်းမြို့တော်ထဲမှာ သူနေထိုင်ခဲ့သည့်အတောအတွင်း ရွှီချင်းက ဖုန်းလင်းတောင်၏ ကိစ္စကို အာရုံစိုက်ထားခဲ့သည့်အပြင် ထိုပြဿနာအတွက်လည်း စဉ်းစားခဲ့သည်။ နောက်ဆုံးမှာတော့ သူက ဖြေရှင်းနည်းတစ်ခုကို ရှာတွေ့သွားသည်။
ယင်းမှာ ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး ကျင့်ကြံရန် ဖြစ်သည်။
ယင်းက သူ့အား အဆင့်ချိုးဖြတ်နိုင်စေလိမ့်မည်။
သို့သော်လည်း နောက်ဆုံးမှာတော့ သူက ထိုအကြံကို လက်လျော့ခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ သုံးသပ်မှုအရ ကိုယ်ပွားတစ်ခုကို ဖန်တီးပြီး ကျင့်ကြံရန်သည် အောင်မြင်နိုင်ခြေ သုညသာ ရှိသောကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်ရခြင်းမှာ များပြားလှသော ကမ္မများက သူ့ကို ချည်နှောင်ထားသောကြောင့် ဖြစ်သည်။
အပြင်ပိုင်းပင်လယ်မှ ကမ္မသော်လည်းကောင်း၊ နတ်ဘုရားများနှင့် ကမ္မသော်လည်း သို့မဟုတ် ကျစ်လွီဆဲ့အိမ်ရှေ့စံမင်းသားနှင့် ကမ္မသော်လည်းကောင်း ယင်းတို့က လွန်စွာ ကြီးမားကြသည်။ အရေးကြီးဆုံးမှာ နတ်ဘုရားမျက်နှာပျက်ကြီးနှင့် သူကြားမှ ကမ္မဖြစ်သည်။