လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဖုန်(ဃ)
Vol. 97 Ch. 1492
အဖြူရောင်ဖုန်က ကံကြမ္မာဆိုး၊ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး၏ ကျူးကျော်ဝင်ရောက်မှုကို ဖြည်းညင်းစွာ ဝါးမျိုလိုက်သည်။
“ အဲ့ဒါကို ခွဲမထုတ်နိုင်ဘူး… ဒီတော့ အခု လမ်းစဉ်နှစ်ခုပဲ ကျန်တော့တယ် ”
“ ဘယ်လမ်းစဉ်ပဲ အောင်မြင်ပါစေ အဲ့ဒါက ငါလက်ခံနိုင်တဲ့အရာပဲ ”
ရွှီချင်း၏ အကြည့်က ရွှယ်ချန်းဇီပေါ်သို့ ကျရောက်သွားသည်။
ဤအခိုက်အတန့်မှာ တစ်ဖက်လူက လူသားပုံမပေါ်တော့ချေ။ အသွေးအသားများ၏ ဖရိုဖရဲကြီးထွားမှုအောက်မှာ သူက သားရဲတစ်ကောင်နှင့် ဆင်တူလာသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှာ ပြတ်တောက်နေသော ခြေလက်များနှင့် အသွေးအသားများက တောင်ငယ်တစ်လုံးပမာ စုပုံနေကြသည်။
သူ၏ ဝိညာဉ်က လုံးဝမှေးမှိန်နေသည်။
သူက သေအံ့ဆဲဆဲအခြေအနေမှာ ရှိသည်။
သို့သော်လည်း သူ၏ အသက်မီးတောက်က ရွှီချင်း၏ နည်းလမ်းအမျိုးမျိုးအောက်မှာ ဆက်လက် တောက်လောင်နေဆဲပင်။
ယခု ရွှီချင်း၏ စိုက်ကြည့်ခံလိုက်ရသည့်အခါ ရွှယ်ချန်းဇီက နှလုံးတုန်သွားသည်။ ဤတစ်လအတွင်းမှာ သူတွေ့ကြုံခဲ့ရသော အတွေ့အကြုံများက သူ့အား ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် ဖြစ်ပေါ်လာစေသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ သူက ရွှယ်ချန်းဇီ၏ ဝိညာဉ်ကို ဆွဲထုတ်လိုက်ပြီး ၎င်းကို သူ့ဘေးမှာ ချိပ်ပိတ်လိုက်သည်။
ပထမလမ်းစဉ်မှာ ရွှယ်ချန်းဇီ၏ ခန္ဓာကိုယ်ကို သန့်စင်ပြီး မူကွဲအင်မော်တယ်ကျောင်းတော်မှ လျှို့ဝှက်အတတ်ပညာဖြင့် ၎င်းကို သူ၏ ကိုယ်ပွားအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
ထိုလမ်းစဉ်၏ ခက်ခဲမှုက သူ့မူလခန္ဓာကိုယ်နှင့် လိုက်လျောညီထွေရှိမရှိပေါ်မှာ မူတည်သည်။ ထို့ပြင် အဖြူရောင်ဖုန်၏ တမူထူးခြားမှုက သူ့အား ကိုင်တွယ်ရခက်ခဲစေသည်။ သို့သော်လည်း အကယ်၍ သူအောင်မြင်သွားမည်ဆိုလျှင် ကမ္မဆက်နွယ်မှုများနှင့် ကင်းလွတ်သော ကိုယ်ပွားတစ်ခုကို ရွှီချင်းက ပိုင်ဆိုင်သွားလိမ့်မည်။ ထိုအချိန်မှစ၍ သူက ကိုယ်ပွားကို သူ၏ ကျင့်ကြံခြင်းအတွက် အသုံးပြုပြီး မူလခန္ဓာကိုယ်၏ အချုပ်အနှောင်များကို ကျော်လွှားနိုင်လိမ့်မည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းက ချိပ်တံဆိပ်လက်ဟန်များကို လက်နှစ်ဖက်စလုံးဖြင့် ဆက်တိုက်ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို ဝိညာဉ်ချည်မျှင်များက သူ့ထံမှ ပျံသန်းထွက်လာကြပြီး သူ၏ အရှေ့မှ အသွေးအသားများဖြင့် ပေါင်းစပ်သွားကာ ယင်းတို့ကို စတင်သန့်စင်လိုက်သည်။
သုံးရက်ကြာပြီးနောက် ရွှီချင်း၏ အရှေ့မှ လူသားပုံရိပ်သည် အသွေးအသားဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲသွားသည်။ ရွှီချင်း၏ သန့်စင်မှုက ကျရှုံးသွားသည်။
“ နောက်ဆုံးတော့ အဲ့ဒါက မူလခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေ မဖြစ်နိုင်ဘူးပဲ… တကယ်လို့ ငါက ဝိညာဉ်ချည်မျှင်တွေကို အသုံးပြုပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့ ဝိညာဉ်ကို ပြန်လည်ဖွဲ့စည်းမယ်ဆိုရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး… ပြီးတော့ အဖြူရောင်ဖုန်က အရမ်းထူးခြားတယ်… အဲ့ဒါက ငါကျရှုံးသွားရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ ”
ရွှီချင်းက သက်ပြင်းချလိုက်ပြီး သူ၏ နဖူးကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က ဘေးမှာ ချိပ်ပိတ်ခံထားရသော ရွှယ်ချန်းဇီ၏ ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည်။
“ အဲ့လိုဆိုမှတော့ နောက်ဆုံးလမ်းစဉ်တစ်ခုပဲ ကျန်တော့တယ် ”
စိတ်ဆုံးဖြတ်ထားသော အကြည့်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နောက်ဆုံးလမ်းစဉ်က ရွှယ်ချန်းဇီ၏ ဝိညာဉ်ပေါ်မှာ ဝိညာဉ်ရှာဖွေခြင်းကို အသုံးပြုရန် ဖြစ်သည်။
သူက ကမ္မချည်မျှင်များပေါ်မှ အဖြူရောင်ဖုန်၏ ဇစ်မြစ်ကို ရှာဖွေချင်သည်။
ထိုသို့တွေးမိသောအခါ စိတ်ဓာတ်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး ရွှယ်ချန်းဇီ၏ ဝိညာဉ်ကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။
သူ၏ နတ်ဘုရားစိတ်အာရုံက ပျံ့နှံ့ထွက်လာသည်။ ရွှယ်ချန်းဇီ၏ ဝိညာဉ်က အော်ဟစ်ညည်းတွားနေစဉ် နတ်ဘုရားစိတ်အာရုံက တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်သွားသည်။ သူက မည်သည့်မှတ်ဉာဏ်အပိုင်းအစကိုမှ အလွတ်မပေးဘဲ အားလုံးကို အသေးစိတ် စစ်ဆေးသည်။
သူက ရွှယ်ချန်းဇီ၏ ကလေးဘဝကိုသော်လည်းကောင်း၊ သူ၏ အရွယ်ရောက်လာမှုကိုသော်လည်းကောင်း၊ သူနှင့် ယွဲ့တုန်ကြားမှ ရန်ငြိုးကိုသော်လည်းကောင်း၊ စစ်မြေပြင်မှာ သူသတ်ဖြတ်ခဲ့သော လူသားကျင့်ကြံသူများကိုသော်လည်းကောင်း မြင်တွေ့သွားသည်။
မရေမတွက်နိုင်သော မှတ်ဉာဏ်အပိုင်းအစများက ရွှိချင်း၏ အရှေ့မှာ ဒီရေအလား ထွက်ပေါ်လာကြသည်။
နောက်ဆုံးမှာတော့ ရွှီချင်းက လွန်ခဲ့သော သုံးလတုန်းက မှတ်ဉာဏ်များကို အာရုံစိုက်လိုက်သည်။
လွန်ခဲ့သော သုံးလတုန်းက ရွှယ်ချန်းဇီသည် သူ၏ အကျိုးဆောင်မှုအမှတ်များကို အသုံးပြု၍ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေဆီသို့ ဝင်ရောက်ခွင့်အား လဲလှယ်ခဲ့သည်။
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေသည် အရှေ့ပိုင်းမိစ္ဆာငှက်မွှေးတွင် အလွန်တန်ဖိုးကြီးမားသော နေရာတစ်နေရာ ဖြစ်သည်။ ထိုနယ်မြေထဲမှာ အလွန်သိပ်သည်းသော လောကအရှိန်အဝါဖြင့် ပြည့်နှက်နေပြီး ထိုထဲမှာ အသေးစား ဥပဒေသအများအပြားလည်း တည်ရှိကြသည်။ ယင်းက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် မဟာလောကအသစ်ကို ဖန်တီးရာတွင် ကြီးကြီးမားမား အထောက်အကူပေးနိုင်သည်။
အတိတ်တွင် ယင်းကို လန်မိသားစုက ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း ယခု လန်မိသားစုက ကျရှုံးသွားသောကြောင့် လောကဇစ်မြစ်လျှို့ဝှက်နယ်မြေက လုလင်းဇီ၏ လက်ထဲသို့ ကျရောက်သွားသည်။
အတိတ်တွင် ထိုလျှို့ဝှက်နယ်မြေကို အပြင်လောကဆီသို့ မထုတ်ဖော်ခဲ့ပေ။ စစ်ပွဲကာလအတွင်းမှာသာ အရင်းအမြစ်များအတွက် ယင်းကို ဖွင့်လှစ်ခဲ့သည်။ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေမှ ကျင့်ကြံသူများသည် အကျိုးဆောင်မှုအမှတ်များကို အလုံအလောက် စုဆောင်းပြီးသည့်အခါ ထိုနေရာသို့ ဝင်ရောက်နိုင်သည်။
ရွှယ်ချန်းဇီက သူ၏ သတ္တမမြောက် မဟာလောကကို ထိုနေရာမှာ ဖွဲ့စည်းနိုင်ခဲ့သည်။
ထိုလျှို့ဝှက်နယ်မြေထဲမှ သူပြန်ထွက်လာပြီးမှသာ အဖြူရောင်ဖုန်က ရွှယ်ချန်းဇီ၏ ကမ္မချည်မျှင်များထဲမှာ ထွက်ပေါ်လာခဲ့သည်။
အသေးစိတ် စစ်ဆေးပြီးနောက် ရွှီချင်းက ထိုအချက်ကို အတည်ပြုနိုင်သွားသည်။ သူက မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ ရွှယ်ချန်းဇီ၏ ဝိညာဉ်က အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။
“ ရွှယ်ချန်းဇီက အဲ့ဒီလျှို့ဝှက်နယ်မြေထဲက တောင်ကြားထဲကို ဝင်ရောက်သွားပြီးတဲ့နောက် ပြောင်းလဲသွားခဲ့တယ်… ကံမကောင်းစွာပဲ တောင်ကြားထဲကို သူဝင်ရောက်သွားပြီး ပြန်ထွက်လာတဲ့အတောအတွင်း သူ့ရဲ့ မှတ်ဉာဏ်တွေက ဗလာဖြစ်နေတယ် ”
“ ဒါပေမဲ့ အဖြူရောင်ဖုန်ရဲ့ ဇစ်မြစ်က လောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲမှာဆိုတာ ငါအတည်ပြုနိုင်ခဲ့တယ်… ”
“ ကြည့်ရတာ အဲ့ဒီလျှို့ဝှက်နယ်မြေဆီ ငါခရီးထွက်ပြီးတော့ တောင်ကြားထဲမှာ ရွှယ်ချန်းဇီက ဘယ်လိုအရာကို တွေ့ကြုံခဲ့လဲဆိုတာ သွားကြည့်ရလိမ့်မယ်… ”
ရွှီချင်းက နှုတ်ဆိတ်သွားပြီး ရွှယ်ချန်းဇီ၏ တာဝန်ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။
အကယ်၍ သူက လောကဇစ်မြစ်လျှို့ဝှက်နယ်မြေဆီသို့ သွားရောက်ချင်လျှင် နယ်မြေဝင်ရောက်ခွင့်အတွက် အကျိုးဆောင်မှုအမှတ်အများကြီးကို လိုအပ်လိမ့်မည်။
ကျောက်စိမ်းပြားထဲမှ နံပါတ်တစ်ချိတ်သော တာဝန်သည် ဖုန်းလင်းတောင်၏ အလိုရှိဝရမ်းသာ ဖြစ်သည်။
ရွှီခင်းက ယင်းကို တစ်ချက်ကြည့်ပြီးနောက် သူ၏ နတ်ဘုရားစိတ်အာရုံကို တခြားတာဝန်များဆီသို့ ရွှေ့ပြောင်းလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
သို့ဖြစ်၍ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး လှိုဏ်ဂူထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူက ကောင်းကင်ပေါ်မှာ ပြန်ပေါ်လာသည့်အခါ ရွှယ်ချန်းဇီ၏ အသွင်သဏ္ဍာန်သို့ ပြောင်းလဲထားနှင့်ပြီး ဖြစ်သည်။
ဝတ်ရုံမျိုးနွယ်စုထံမှ ဆေးလုံးသည် ရွှီချင်း၏ အရှိန်အဝါကိုပင် ရွှယ်ချန်းဇီနှင့် တစ်ပုံစံတည်း တူညီစေသည်။ တစ်လကြာ လေ့ကျင့်ပြီးနောက် ရွှီချင်းက ရွှယ်ချန်းဇီ၏ အလေ့အကျင့်အားလုံးကို ပုံတူကူးနိုင်သွားသည်။ ထို့ပြင် သူ့မှာ မဟာဧကရာဇ်၏ အပ်လည်း ရှိသေးသည်။ သို့ဖြစ်၍ သူ၏ သရုပ်ပြောင်းလဲမှုက လုံးဝပြီးပြည့်စုံသည်။
နံနက်ခင်းအချိန်တွင် နေလုံးက ထိန်ထိန်လင်းစွာ တောက်ပနေသည်။ နံနက်ခင်းနေရောင်ခြည်အောက်မှာ ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည်။ သွေးမြူခိုးက ဘေးပတ်ပတ်လည်မှာ ပေါ်လျှိုးလာသည်နှင့် သူက အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းသွားသည်။