မှတ်တမ်းထဲမှ ဖယောင်းတိုင်
Vol. 97 Ch. 1494
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေသည် ဝိညာဉ်စုစည်းခြင်းအဆင့်၌ မဟာလောကအသစ်များ ဖွဲ့စည်းရာတွင် ကြီးကြီးမားမား အကူအညီပေးနိုင်သောကြောင့် အရှေ့ပိုင်းမိစ္ဆာငှက်မွှေးတွင် နာမည်ကျော်ကြားသည်။
လန်မိသားစု၏ ပိုင်နက်ထဲမှ မြောက်ဘက် ကီလိုမီတာ(၃၅၀၀)အကွာတွင် လောကဇစ်မြစ်တောမြေရိုင်းက တည်ရှိသည်။ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေသည်တော့ ထိုတောမြေရိုင်းထဲမှာ တည်ရှိသည်။
အပြင်ဘက်မှကြည့်လျှင် ထိုတောမြေရိုင်းက စွန့်ပစ်ခံထားရသော အန္တရာယ်ကုန်းမြေတစ်ခု ဖြစ်သည်။ ထိုနေရာမှာ ရက်စက်ကြမ်းကြုတ်သော သားရိုင်းကောင်များနှင့် အဆိပ်ငွေ့များဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် အစွမ်းထက်ချိပ်တံဆိပ်များကလည်း ထိုနေရာမှာ တည်ရှိကြသည်။ ယင်းတို့က ကျင့်ကြံသူများ အထဲသို့ မဝင်ရောက်လာနိုင်စေရန် တားဆီးပိတ်ပင်ထားကြသည်။
အစွမ်းထက်သော ပညာရှင်ကျင့်ကြံသူတစ်ယောက်က ချိပ်တံဆိပ်ကို အတင်းအဓမ္မ ချိုးဖြတ်ပြီး အထဲသို့ ဝင်ရောက်မည်ဆိုလျှင်ပင် အချည်းနှီးသာ ဖြစ်လိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် လန်မိသားစုမှ မဟာဧကရာဇ်ငရဲမီးတောက်က အတိတ်မှာ သန့်စင်ပေးခဲ့သော တုံကင်များမရှိလျှင် မဟာဧကရာဇ်အောက်မှ မည်သည့်ကျင့်ကြံသူမှ ဤနေရာ၏ အနှစ်သာရကို မြင်နိုင်လိမ့်မည် မဟုတ်ချေ။
တုံကင်မရှိလျှင် သူတို့က အန္တရာယ်များသော ဤနယ်မြေထဲမှာ ပိတ်မိနေပြီး မည်သည့်အကျိုးအမြတ်မှ ရရှိနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အကယ်၍ သူတို့က လန်မိသားစု၏ တုံကင်ကို ကိုင်ဆောင်ထားပြီး ဤလောကဇစ်မြစ်တောမြေရိုင်းဆီသို့ ဝင်ရောက်မည်ဆိုလျှင် သူတို့အရှေ့မှ မြင်ကွင်းက လုံးဝခြားနားသွားလိမ့်မည်။
သူတို့မြင်ရသည်မှာ တောင်တန်းများနှင့် မြစ်ချောင်းများမဟုတ်တော့ပေ။ သားရိုင်းကောင်များနှင့် အဆိပ်ငွေ့များသည်လည်း ဆက်ပြီး မတည်ရှိတော့ပေ။ ယင်းအစား အလွန်ကျယ်ပြောသော မြစ်ဝကျွန်းစုတစ်ခုက ထွက်ပေါ်လာလိမ့်မည်။
မြစ်ဝကျွန်းစု၏ အလယ်တွင် အလွန်ကြီးမားသော ပစ္စည်းတစ်ခုရှိသည်။
ထိုပစ္စည်းက အလွန်အမင်း ကြီးမားပြီး ပေတစ်သိန်းနီးပါး ရှည်လျားသည်။ ၎င်း၏ အသွင်သဏ္ဍာန်သည်တော့ ကျောက်ပြားတစ်ခုနှင့် ဆင်တူပြီး ၎င်း၏ မျက်နှာပြင်ပေါ်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများကို ရေးထွင်းထားကြသည်။
မည်သူမဆို ထိုပစ္စည်းကို ပထမဆုံး မြင်လိုက်ရသည့်အခါ သူတို့၏ အသိစိတ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြည်ဟိန်းသံက ပဲ့တင်ထပ်သွားလိမ့်မည်။ အံ့ဩထိတ်လန့်မှုက အဆုံးမဲ့သော လှိုင်းလုံးများနှင့်အတူ သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက ကျောက်စိမ်းပြားတစ်ခု ဖြစ်သည်။
အတိအကျဆိုရလျှင် ယင်းက ရှေးခေတ် မှတ်တမ်းတင်ကျောက်စိမ်းပြား ဖြစ်သည်။
ယင်း၏ ပိုင်ရှင်က မည်သူဖြစ်ကြောင်း မသိရသော်လည်း ကျောက်စိမ်းပြား၏ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ထိုသူက အလွန်ထူးခြားသူဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ယင်း၏ ဇစ်မြစ်သည်တော့ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ မှတ်တမ်းများအရ ရှေးဘုရင်ရွှမ်ယုံခေတ်တွင် ထိုကျောက်စိမ်းပြားက ကောင်းကင်အလွန်မှ ကျဆင်းလာပြီး မိစ္ဆာငှက်မွှေးမျိုးနွယ်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ယင်းကို ရှေးဘုရင်ရွှမ်ယုံက ငှားယူသွားခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ထိုခေတ်တုန်းက မိစ္ဆာငှက်မွှေးမျိုးနွယ်မှ မဟာဧကရာဇ်၏ ကြိုးစားအားထုတ်မှုအောက်တွင် သူတို့က တိုက်ပွဲအကျိုးဆောင်မှုအမှတ်အများအပြားဖြင့် ထိုကျောက်စိမ်းပြားကို ရှေးဘုရင်ရွှမ်ယုံထံမှ ပြန်လည်ရယူနိုင်ခဲ့ကြသည်။
ထို့နောက် ကျောက်စိမ်းပြားသည် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်လာသည်။
နတ်ဘုရားမျက်နှာပျက်ကြီး မရောက်လာခင် မိစ္ဆာငှက်မွှေးမျိုးနွယ်သည် ရှေးဘုရင်ရွှမ်ယုံနှင့်အတူ ထွက်သွားခဲ့ပြီး အပြင်ဘက် အာကာသထဲမှာ သူတို့၏ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေကို တည်ထောင်ခဲ့ကြသည်။ နောက်ပိုင်းနှစ်များတွင် အလှည့်အပြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး ထိုကျောက်စိမ်းပြားက မဟာဧကရာဇ်ငရဲမီးတောက်၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
နောက်ဆုံးမှာတော့ ယင်းက လန်မိသားစု၏ ရတနာတစ်ခု ဖြစ်လာခဲ့သည်။
ထူးဆန်းသည်မှာ ထိုထဲမှာ ထည့်သွင်းထားသော ပုံရိပ်ဖြစ်သည်။
လန်မိသားစု၏ တုံကင်ကို ဆုပ်ကိုင်ထားပြီး ထိုကျောက်စိမ်းပြားထဲသို့ ခြေချလိုက်မည်ဆိုလျှင် တစ်စုံတစ်ယောက်သည် အစစ်အမှန်မှ ပုံရိပ်ယောင်ထဲသို့ ကူးပြောင်းသွားလိမ့်မည်။ သူတို့က ပစ္စုပ္ပန်လောကမှတဆင့် မှတ်တမ်းတင်ထားသော မြင်ကွင်းထဲသို့ ရောက်ရှိသွားလိမ့်မည်။
ထိုမှတ်တမ်းသည်တော့…
တချို့က ယင်းကို လောကဖြစ်တည်ခြင်းဟု ခေါ်ကြသည်။
နှစ်ပေါင်းမြောက်များစွာကြာအောင် ထိုလျှို့ဝှက်နယ်မြေကို လန်မိသားစုက ထိန်းချုပ်ထားခဲ့သည်။ အပြင်လူများက ထိုနေရာသို့ ဝင်ရောက်ချင်သည်ဆိုလျှင် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးချေရလိမ့်မည်။ ထို့ပြင် သူတို့က လန်မိသားနှင့် အဆက်အသွယ်ကောင်းရှိရလိမ့်မည်။
အကယ်၍ လန်မိသားစုသာ ဆန္ဒမရှိဘူးဆိုလျှင် တန်ဖိုးမည်မျှ ပေးချေပါစေ ယင်းက အချည်းနှီးသာဖြစ်လိမ့်မည်။
ဤအခိုက်အတန့်မှာ လောကဇစ်မြစ်တောရိုင်းမြေ၏ အပြင်ဘက်တွင် ရွှီချင်း၏ ပုံရိပ်က လေတိုးသံကြားထဲမှာ ထွက်ပေါ်လာသည်။ သူက လေထဲမှာ မတ်တတ်ရပ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
ဤနေရာမှာ လူအနည်းငယ် ရှိသော်လည်း မည်သူမှ ယင်းကို စောင့်ကြပ်မနေကြပေ။
မည်သို့ဖြစ်ပါစေ လျှို့ဝှက်နယ်မြေဆီသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသူများက အနည်းငယ်သာ ရှိကြသည်။ ထို့ပြင် ဤနေရာ၏ ထူးခြားမှုကြောင့် အစောင့်အကြပ်များထားရန် မလိုအပ်ပေ။
အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်မြှောက်လိုက်ပြီး ဧကရီပေးခဲ့သော တုံကင်ကို ထုတ်လိုက်သည်။ သူက လုံးဝတုံ့ဆိုင်းမနေဘဲ မြေပြင်ဆီသို့ လျှောက်သွားသည်။
ဤသည်မှာ သူက ရေကန့်လန့်ကာကို ဖြတ်ကျော်သွားသည့်အလား သူ၏ မြင်ကွင်းထဲမှ တောင်တန်းများ၊ မြစ်ချောင်းများ၊ သားရိုင်းကောင်များနှင့် အဆိပ်ငွေ့များက ချက်ချင်း ပျောက်ကွယ်သွားကြသည်။
နောက်အခိုက်အတန့်မှာ အလွန်ကြီးမားသော မြစ်ဝကျွန်းစုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မြစ်ဝကျွန်းစု၏ အလယ်တွင် အလွန်အံ့ဖွယ်ကောင်းသော ကျောက်စိမ်းပြားတစ်ခု ရှိသည်။
“ မှတ်တမ်းထဲကို လျှောက်သွားခြင်း… ”
ရွှီချင်းက ကြီးကျယ်ခမ်းနားသော ထိုကျောက်စိမ်းပြားကို စိုက်ကြည့်လိုက်ပြီး ယင်းပေါ်မှ ရှေးဟောင်းအရှိန်အဝါကို အာရုံခံလိုက်သည်။ နောက်ဆုံးမှာတော့ သူ၏ အကြည့်က မြေပြင်ပေါ်သို့ ကျရောက်သွားသည်။
“ ကျောက်စိမ်းပြားရဲ့ (၃၀)ရာခိုင်နှုန်းက မြေကြီးထဲမှာ နစ်မြုပ်နေပြီး (၇၀)ရာခိုင်နှုန်းက အပေါ်မှာ ထွက်ပေါ်နေတယ် ”
“ ဘယ်လိုတည်ရှိမှုက ဒီလောက်ကြီးတဲ့ ကျောက်စိမ်းပြားကို လိုအပ်တာလဲ ”
“ ဘယ်လိုတည်ရှိမှုက လောကဖြစ်တည်မှုကို မှတ်တမ်းတင်နိုင်တာလဲ ”
မျှော်လင့်သော အရိပ်အမြွက်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရွှယ်ချန်းဇီ၏ မှတ်ဉာဏ်များမှတဆင့် ဤလျှို့ဝှက်နယ်မြေအကြောင်းကို အနည်းအကျဉ်း သူနားလည်ထားသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ယင်းကို သူ့ကိုယ်ပိုင်မျက်စိဖြင့် မမြင်ဖူးသေးပေ။
သူက အတိတ်မှာ လျှို့ဝှက်နယ်မြေအများကြီးဆီသို့ ဝင်ရောက်ခဲ့ဖူးသော်လည်း ဤကဲ့သို့ လျှို့ဝှက်နယ်မြေကိုတော့ ပထမဆုံးအကြိမ် သူတွေ့ကြုံဖူးခြင်း ဖြစ်သည်။
သို့ဖြစ်၍ ဘေးပတ်ဝန်းကျင်တွင် မည်သည့်အမှားအယွင်းမှမရှိကြောင်း အတည်ပြုပြီးနောက် ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက တုံကင်ကို ဆုပ်ကိုင်ထားလျက် ကျောက်စိမ်းပြားဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
သူက ဧရာမကျောက်စိမ်းပြားနှင့် ထိတွေ့သွားသည့်အခိုက် သူ၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူက ကျောက်စိမ်းပြားထဲသို့ မပေါင်းစပ်သွားပေ။ ယင်းအစား သူက ဖယ်ရှားခံလိုက်ရသည့်အလားပင်။
သူက လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းဖြင့် ပစ္စုပ္ပန်လောကထဲမှ ပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာသည့်အခါ သူက မှတ်တမ်းထဲသို့ ရောက်ရှိသွားသည်။
သူ၏ အရှေ့မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ရွှီချင်း၏ နှလုံးသည် ဆက်လက် မတည်ငြိမ်နိုင်တော့ပေ။ ပြင်းထန်သော တုန်လှုပ်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက… ”
သူက အသက်ရှူရန်ပင် သတိမေ့လျော့သွားသည်။
ရွှီချင်းသည် အတွေ့အကြုံများပြားသူဖြစ်လေရာ ပုံမှန်အားဖြင့် ထိုသို့မဖြစ်သင့်ပေ။ သို့သော်လည်း သူ၏ အရှေ့မှ မြင်ကွင်းက အလွန်အမင်း အံ့ဖွယ်ကောင်းလှသည်။
ယင်းက အာကာသဟင်းလင်းပြင် ဖြစ်သည်။
အာကာသဟင်းလင်းပြင်၏ အနက်ပိုင်းထဲတွင် ဧရာမဖယောင်းတိုင်တစ်တိုင်ရှိနေကြောင်း ရွှီချင်း မြင်တွေ့သွားသည်။
ဖယောင်းတိုင်သည် အနီရောင်ဖြစ်ပြီး တောက်လောင်နေသည်။
ဖယောင်းတိုင်က လောင်ကျွမ်းနေစဉ် ၎င်း၏ မီးတောက်က အရပ်မျက်နှာပေါင်းစုံကို ထွန်းလင်းတောက်ပသွားစေသည်။ ယင်းက အာကာသဟင်းလင်းပြင်တစ်ခုလုံးကို မှိတ်တုတ်မှိတ်တုတ် လင်းလက်စေသည်။ အဘယ့်ကြောင့်ဆိုသော် မီးတောက်က အနည်းငယ် မှေးမှိန်သွားတိုင်း ပြန်လည်အားကောင်းလာသောကြောင့် ဖြစ်သည်။
ထိုဖြစ်စဉ်အတွင်း မရေမတွက်နိုင်သော ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များက စုဝေးနေကြသော ဖုန်များမှတဆင့် စတင်ဖြစ်ပေါ်လာကြသည်။
၎င်းတို့၏ အရေအတွက်သည် မရေမတွက်နိုင်အောင် များပြားလှသည်။
သူက အာကာသဟင်းလင်းပြင်၏ အစွန်းအဖျားမှတဆင့် ထိုအရာအားလုံးကို မြင်နေရသည်။ ဖုန်များသည် တဖြည်းဖြည်း စုဝေးသွားကြပြီး မရေမတွက်နိုင်သော ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များကို ဖွဲ့စည်းသွားကြသည်။
သို့သော်လည်း မကြာမီ ၎င်းတို့က အကန့်အသတ်သို့ ရောက်ရှိသွားသည့်အလား ပြိုကွဲပျက်စီးသွားကြပြီး ဖုန်အဖြစ်သို့ ပြန်ပြောင်းလဲသွားကာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပြန့်ကျဲသွားကြသည်။
ထိုဖြစ်စဉ်အတွင်း၌ ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များ ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း မရေမတွက်နိုင်သော ဥပဒေသများနှင့် နိယာမများက မွေးဖွားလာကြလိမ့်မည်။ ထို့အတူ ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များက ပြိုကွဲပျက်စီးသွားသည့်အခါ ထိုဥပဒေသများနှင့် နိယာမများသည်လည်း ၎င်းတို့နှင့်အတူ ဖုန်အဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။
ထိုသံသရာက အဆုံးမဲ့စွာ ထပ်ခါတလဲလဲ ဖြစ်ပျက်နေသည်။
အကြည့်တစ်ချက်ဖြင့် ရွှီချင်းက အနည်းဆုံး ကမ္ဘာငယ်တစ်သိန်း၏ မွေးဖွားလာမှုနှင့် ပျက်စီးသွားပုံကို မြင်တွေ့လိုက်သည်။
သို့သော်လည်း ထိုသဘာဝလွန်အဖြစ်အပျက်က မီးတောက်၏ အလင်းရောင်ပေါ် မူတည်၍ ကန့်သတ်ခံထားရသည်။
တစ်စုံတစ်ယောက်က အနီရောင်ဖယောင်းတိုင်နားသို့ ပိုပြီးချဉ်းကပ်သွားလေ ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များ၏ ဖွဲ့စည်းမှုက ပိုပြီးနှေးကွေးသွားလေ ဖြစ်သည်။ ထို့အတူ ၎င်းတို့၏ ပျက်စီးသွားသော ဖြစ်စဉ်သည်လည်း နှေးကွေးသွားသည်။
သို့ဖြစ်၍ ရွှီချင်းက အနီရောင်ဖယောင်းတိုင်နားတွင် ပြီးပြည့်စုံလုနီးပါး ဖြစ်တည်နေကြသော ကြယ်ဂြိုလ်အများအပြားကို မြင်တွေ့သွားသည်။
“ ဒီမြင်ကွင်းက… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယင်းက စစ်မှန်သော လောကဖြစ်တည်ခြင်းဟုတ်မဟုတ် သူသေချာမပြောနိုင်ပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ ထိုမြင်ကွင်းထဲတွင် အလွန်သိပ်သည်းသော လောကအရှိန်အဝါဖြင့် ပြည့်နှက်နေကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။
ဥပဒေသများ၊ နိယာမများ၊ မူလဇစ်မြစ်များနှင့် အရာအားလုံးကို ဤနေရာမှာ မြင်တွေ့နိုင်သည်။
“ ဒါပေမဲ့ အဲ့ဒါက ပုံရိပ်ယောင်တစ်ခုပဲ… ”
ရွှီချင်း၏ အကြည့်က ဘေးပတ်ဝန်းကျင်ဆီသို့ ကျရောက်သွားသည့်အခိုက် သူက တီးတိုးရေရွတ်လိုက်သည်။
သို့သော်လည်း ယင်းက ပုံရိပ်ယောင်ဖြစ်သည့်တိုင်အောင် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် ဆင်ခြင်နားလည်ရန် အလွန်အသုံးဝင်သော နေရာတစ်နေရာဖြစ်ကြောင်း ရွှီချင်း နားလည်သည်။
“ ဒါပေမဲ့ ဒီနေရာမှာ အန္တရာယ်တွေလည်း ရှိတယ် ”
ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ပျံ့နှံ့ထွက်သွားပြီး ဘေးပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အရှေ့သို့ ဂရုတစိုက် ရွေ့လျားသွားသည်။
ရွှယ်ချန်းဇီ၏ မှတ်ဉာဏ်အရ သူ၏ ကံကြမ္မာကို ပြောင်းလဲပစ်ခဲ့သော တောင်ကြားက ဖယောင်းတိုင်အလင်း၏ အလယ်နားမှ ကြယ်ဂြိုလ်တစ်ခုပေါ်မှာ တည်ရှိသည်။
ထိုကြယ်ဂြိုလ်က ဤလအနည်းငယ်အတွင်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီး ဖုန်အဖြစ်သို့ ပြိုကွဲပျက်စီးသွားပြီလော ရွှီချင်း မသေချာပေ။
သို့ဖြစ်၍ သူက နောက်ထပ် အချိန်မဖြုန်းတော့ဘဲ မှတ်တမ်းအတွင်းမှာ အရှိန်မြှင့်တင်လိုက်သည်။
သူက အလင်းရောင်နှင့် ပိုပြီးနီးကပ်လာလေ ပူလောင်သော စိတ်ခံစားမှုက ပိုပြီးပြင်းထန်လာလေ ဖြစ်သည်။ ဤသည်မှာ အဝေးရှိ အနီရောင်ဖယောင်းတိုင်မှ ထုတ်လွှတ်နေသော အပူလှိုင်းဖြစ်သည်။ သူက မရေမတွက်နိုင်သော ဥပဒေသများနှင့် နိယာမများ၏ ဇစ်မြစ်အပြောင်းအလဲများကိုလည်း အာရုံခံမိသွားသည်။
သူက ပြိုကွဲပျက်စီးနေသော ကမ္ဘာငယ်များကို ဂရုတစိုက် ရှောင်ရှားလိုက်ပြီး သူ၏ ဦးတည်ရာဆီသို့ ချဉ်းကပ်သွားသည်။
တစ်နာရီကြာပြီးနောက် ရွှီချင်းက ရွှယ်ချန်းဇီ၏ မှတ်ဉာဏ်များထဲမှ ကြယ်ဂြိုလ်ကို အဝေးတွင် မြင်တွေ့သွားသည်။
ထိုကြယ်ဂြိုလ်သည် လောလောဆယ် ပြိုကွဲပျက်စီးနေသည့်အခြေအနေမှာ တည်ရှိ၏။
သို့သော်လည်း ဤဧရိယာတွင် အချိန်စီးဆင်းမှုက အတော်လေး နှေးကွေးသည်။ သို့ဖြစ်၍ ကြယ်ဂြိုလ်၏ တစ်ဝက်သာလျှင် ပြိုကွဲပျက်စီးသေးသည်။
ထိုနေရာက အန္တရာယ်များသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်ရှိသေးသည်။
ထိုကြယ်ဂြိုလ်ကို မြင်တွေ့သွားသောအခါ ရွှီချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ထိုကြယ်ဂြိုလ်ဆီသို့ ဦးတည်သွားတော့မည့်အချိန် နောက်အခိုက်အတန့်မှာ သူ၏ မျက်နှာက မည်းမှောင်သွားသည်။ သူက ဘေးမှ ဟင်းလင်းပြင်ကို အကြမ်းပတမ်း ဖမ်းဆုပ်လိုက်သည်။
အေးစက်သော ခံစားမှုက သူ၏ လက်ဖဝါးထဲမှာ ဖြတ်သန်းသွားသည်။
ထိုနေရာတွင် မည်သည့်အရာမှ မရှိပေ။
ရွှီချင်း၏ မျက်လုံးထဲမှ တာအိုအမှတ်အသားက တလက်လက် လင်းလက်သွားသည်နှင့် သူက ဘေးပတ်ဝန်းကျင်ကို အာရုံစူးစိုက်လိုက်သည်။ ရွှယ်ချန်းဇီ၏ မှတ်ဉာဏ်များထဲမှ အန္တရာယ်နှင့်ပတ်သက်သော သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
၎င်းက ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။
၎င်း၏ တိကျသော အသွင်သဏ္ဍာန်နှင့် အရေအတွက်ကိုတော့ ရွှယ်ချန်းဇီ မသိထားပေ။
သူသိထားသည်မှာ ထိုတည်ရှိမှုကို မမြင်တွေ့နိုင်သော်လည်း ၎င်းနားသို့ ချဉ်းကပ်သွားသည့်အခါ ဤနေရာ၌ အပူဓာတ်ဖြင့် ပြည့်နှက်နေသဖြင့် အေးစက်စက် စိတ်ဆန္ဒကို သူခံစားရလိမ့်မည်။
ထိုစိတ်ခံစားမှုမှတဆင့် ၎င်းတို့ကို အာရုံခံနိုင်သည်။
၎င်းတို့၏ အစစ်အမှန်အသွင်သဏ္ဍာန်ကို ရွှယ်ချန်းဇီက မသိသော်လည်း ၎င်းတို့၏ ဇစ်မြစ်ကိုတော့ သိထားသည်။
ထူးဆန်းသော အအေးဓာတ်သည် တစ်ချိန်က ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။
ယင်းက ဤလျှို့ဝှက်နယ်မြေထဲတွင် စိုးရိမ်ရသော နောက်ထပ်အန္တရာယ်တစ်မျိုး ဖြစ်သည်။
ယင်းက အမြစ်ဖြတ်သုတ်သင်ခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာမှာ အချိန်အတော်ကြာ နေထိုင်မည်ဆိုလျှင် သို့မဟုတ် အနီရောင်ဖယောင်းတိုင်နားသို့ ချဉ်းကပ်သွားမည်ဆိုလျှင် သူတို့က ဤနေရာထဲမှာ အမြစ်ဖြတ်သုတ်သင်ခံရလိမ့်မည်။ အမြစ်ဖြတ်သုတ်သင်ခံရပြီးနောက် ထိုကျင့်ကြံသူ၏ တည်ရှိမှုက ဖယ်ရှားခံလိုက်ရပြီး သူက အမည်မသိတည်ရှိမှုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။
ထို့ပြင် ၎င်းတို့က ဤပုံရိပ်ယောင်မြင်ကွင်းထဲမှာ ထာဝရ ပိတ်လှောင်ခံထားရပြီး မူလလောကဆီသို့ ပြန်မသွားနိုင်ကြတော့ပေ။
ဤနေရာသို့ ရောက်လာကြသော ကျင့်ကြံသူအများစုက ထိုအန္တရာယ်ကို ကြိုသိထားကြသော်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည့် လူများက တဖြည်းဖြည်း များပြားလာကြသည်။
သူတို့က ဖယ်ရှားခံလိုက်ရပြီးနောက် ဝိညာဉ်အဖြစ် ပြောင်းလဲသွားခြင်းလော သို့မဟုတ် တခြားတည်ရှိမှုအဖြစ် ပြောင်းလဲသွားခြင်းလော သေချာမသိနိုင်ပေ။ ယင်းကို မဟာဧကရာဇ်က သိထားလောက်သော်လည်း ရွှယ်ချန်းဇီက မသိထားသည်မှာ ထင်ရှားသည်။
သို့ဖြစ်၍ ရွှီချင်း၏ အေးစက်စက် အကြည့်က ဘေးပတ်ဝန်းကျင်ကို ဖြတ်သန်းသွားသည့်အခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ သွေးနှင့်ချီက ပရမ်းပတာ ဖြစ်သွားသည်။ သူ့ရုပ်ခန္ဓာကိုယ်၏ ထူးခြားမှုကြောင့် ထူးဆန်းသော ထိုတည်ရှိမှုများက သူ့ကို မထိနိုင်ကြောင်း ရွှီချင်းက ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိသည်။
ထို့ကြောင့် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် ရွှီချင်းက အရှေ့သို့ ဆက်လက် အရှိန်မြှင့်လိုက်သည်။ သူက ပြိုကွဲပျက်စီးနေသော ကြယ်ဂြိုလ်ဆီသို့ နီးသထက် နီးကပ်သွားသည်။
ရွှီချင်းက ကြယ်ဂြိုလ်၏ အပေါ်သို့ ရောက်ရှိသွားသည့်အခိုက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကြယ်ဂြိုလ်ပေါ်သို့ တိုက်ရိုက် ခြေချလိုက်သည်။
သူက ခြေချလိုက်သည်နှင့်ချက်ချင်း အပူဓာတ်က ချက်ချင်း ပျောက်ကွယ်သွားပြီး အဆုံးမဲ့သော အအေးဓာတ်က အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။
သူက ဗလာနတ္ထိမှလွဲ၍ တခြားမည်သည့်အရာကိုမှ မမြင်နိုင်ပေ။ သို့သော်လည်း မရေမတွက်နိုင်သော ထူးဆန်းသတ္တဝါများက သူ၏ ဘေးပတ်ပတ်လည်မှာ တည်ရှိနေကြကြောင်း ရွှီချင်း အာရုံခံနိုင်သည်။
ဤကြယ်ဂြိုလ်သည် ထူးဆန်းသတ္တဝါများဖြင့် ပြည့်နှက်နေသည်။
…..
တစ်ချိန်တည်းမှာ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေ၏ အပြင်ဘက် အနောက်ပိုင်းမိစ္ဆာငှက်မွှေးထဲတွင်…
အနာက်ပိုင်းမိစ္ဆာငှက်မွှေး၏ နယ်နိမိတ်အတွင်း၌ အတောင်ပံပုံသဏ္ဍာန်ရှိသော တာအိုယဇ်ပလ္လင်သည် ရောင်ဝါထွန်းလင်းတောက်ပနေသည်။
တာအိုယဇ်ပလ္လင်ပေါ်မှ အမြင့်ဆုံးနေရာ၌ ပုံရိပ်တစ်ခုက အဌဂံယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသည်။
သူ၏ ခန္ဓာကိုယ်က ဝေဝါးနေလေရာ သူ့ကို အသေးစိတ် မမြင်တွေ့နိုင်ပေ။ သူ၏ ကိုယ်ထည်ကို အကြမ်းဖျဉ်းသာ မြင်တွေ့နိုင်သည်။
ယင်းက အကြမ်းဖျဉ်းမျှသာ ဖြစ်သော်လည်း သူ့ထံမှ ထုတ်လွှတ်နေသော စွမ်းအင်အတတ်အကျများက ဖော်မပြနိုင်အောင် အလွန်ကြောက်စရာကောင်းသည်။ ယင်းက အရိုအသေပေးရန် ရောက်ရှိလာသူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။ မည်သူမှ သူ့အား မော်မကြည့်ဝံ့ကြချေ။
ဥပမာ အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှ အုပ်ချုပ်သူတစ်ပါးသည် ယဇ်ပလ္လင်၏ ဘေးမှာ ဒူးထောက်နေသည်။
သူက ဖော်မပြနိုင်အောင် နှလုံးတုန်လှုပ်နေပြီး တိုးညင်းစွာ ပြောသည်။
“ မဟာဧကရာဇ်… ဒီအတောအတွင်း သူတော်စင်ကုန်းမြေရဲ့ ဧရိယာအားလုံးကို ကျုပ်တို့ အသေးစိတ် ရှာဖွေခဲ့ကြပါတယ်… မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာကလွဲပြီး ကျန်တဲ့နေရာအားလုံးကို ရှာဖွေခဲ့ကြပေမဲ့ အရှင်ပြောတဲ့ ပစ္စည်းကိုတော့ ရှာမတွေ့ခဲ့ကြပါဘူး ”
မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက နှုတ်ဆိတ်သွားသည်။
ထိုအုပ်ချုပ်သူက အချိန်အတော်ကြာအောင် ဆက်လက် ဒူးထောက်နေသည်။ ထို့နောက် မဟာဧကရာဇ်ထံမှ မည်သည့်တုံ့ပြန်မှုမှ မရသောအခါ သူက ရိုသေလေးစားစွာ ပြန်မတ်တတ်ရပ်လိုက်ပြီး တိတ်တဆိတ် ထွက်ခွာသွားသည်။
အုပ်ချုပ်သူထွက်သွားပြီး အချိန်အတော်ကြာပြီးနောက် မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ နက်ရှိုင်းသော အသံက တိတ်ဆိတ်နေသော ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာသည်။
“ အဲ့ဒီပစ္စည်းက တကယ်တည်ရှိတာ ဟုတ်လို့လား ”
သူ၏ အသံက ပျံ့လွင့်သွားသည့်အခါ သံကြိုးလှုပ်ခတ်သံက ယဇ်ပလ္လင်၏ အပေါ်မှ ပဲ့တင်ထပ်လာသည်။ ထို့နောက် သံကြိုးများဖြင့် တန်းလန်းချိတ်ဆွဲခံထားရသော အနက်ရောင်ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ကျဆင်းလာသည်။
သူ၏ တစ်ကိုယ်လုံးကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး သူ၏ ခန္ဓာကိုယ်က သံကြိုးများ၏ တိုက်စားခံနေရသည်။ သို့သော်လည်း ဝတ်ရုံနက်ပုံရိပ်က ယင်းတို့ကို လုံးဝဂရုမစိုက်ဟန် ရသည်။ ဤအခိုက်အတန့်မှာ သူက တည်ငြိမ်စွာ ပြောသည်။
“ ငါမင်းကို မပြောခဲ့ဘူးလား… အဲ့ဒီဆန္ဒမျက်နှာဖုံးက ကိုယ်ပိုင်အသိစိတ်ရှိပါတယ်လို့… အဲ့ဒါက သူ့ကို တခြားလူတွေ ဘယ်တော့မှ ရှာမတွေနိုင်အောင်လို့ လုပ်ထားတယ်… သူက သင့်တော်မယ့်လူကို သူကိုယ်တိုင်ပဲ လိုက်ရှာဖွေတယ် ”
“ တကယ်လို့ အဲ့ဒါက မင်းကို မမြင်ချင်ဘူးဆိုရင် မင်းရဲ့ မဟာဧကရာဇ်ကျင့်ကြံခြင်းအဆင့်နဲ့တောင် မင်းရဲ့ အရှေ့မှာ သူထွက်ပေါ်လာမယ်ဆိုရင်တောင် အဲ့ဒါကို မင်းမြင်နိုင်မှာ မဟုတ်ဘူး ”
“ ပြီးတော့ အဲ့ဒါကို မင်းရှာဖွေနေတာ ဒီလောက်နှစ်တွေကြာနေပြီ… အခုထိ ရှာမတွေ့သေးဘူး… အဲ့လိုဆိုမှတော့ အဲ့ဒီပစ္စည်းက မင်းနဲ့ ကံမစပ်လို့ပေါ့ ”