← Chapters

အမှတ်ကိုးကြယ်တာရာစက်ဝန်း

Vol. 97 Ch. 1496

အမှတ်ကိုးကြယ်တာရာစက်ဝန်း

Vol. 97 Ch. 1496

ရွှီချင်းက နှလုံးတုန်သွားသည်။

ထိုမြင်ကွင်းသည် ရွှယ်ချန်းဇီ၏ မှတ်ဉာဏ်ထဲမှာ မရှိပေ။

ဤအခိုက်အတန့်မှာ သူက ကြယ်ဂြိုလ်ပေါ်မှ မျက်နှာကို စိုက်ကြည့်နေရင်း တစ်စုံတစ်ခုကို နားလည်သွားသည်။

ယင်းက အဖြူရောင်ဖုန်က ရွှယ်ချန်းဇီ၏ ကမ္မထဲမှာ မည်သို့ကြောင့် ထွက်ပေါ်လာရသလဲဟူသော မေးခွန်းအတွက် အဖြေဖြစ်သည်။

အဖြူရောင်ဖုန်က မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း ရွှီချင်းက လုံးဝမတုံ့ဆိုင်းနေပေ။ သူက ရုတ်တရက် ညာလက်ကို မြှောက်လိုက်သည်။ နောက်အခိုက်အတန့်မှာ အရွယ်အစား အလွန်ကြီးမားသော ဧရာမလက်က ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

၎င်းက ကြယ်ဂြိုလ်ပေါ်မှ မျက်နှာကို ဖမ်းဆုပ်လိုက်သည်။

လက်က အောက်သို့ ချဉ်းကပ်သွားသည်နှင့်အမျှ တဖြည်းဖြည်း အရွယ်အစား ပိုကြီးလာသည်။ နောက်ဆုံးမှာတော့ ဧရာမလက်က ပြိုကွဲပျက်စီးနေသော ကြယ်ဂြိုလ်ဆီသို့ ရောက်ရှိသွားသည့်အခါ ကြယ်ဂြိုလ်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်သည်အထိ ကြီးမားသွားသည်။

သို့သော်လည်း လက်က မျက်နှာကို ဖုံးလွှမ်းသွားတော့မည့်အချိန် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ယင်းက တိုက်ဆိုင်မှုဟုတ်မဟုတ် မသေချာသော်လည်း ကြယ်ဂြိုလ်က ထိုအခိုက်အတန့်မှာ ၎င်း၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီး ရုတ်တရက် ပြိုကွဲပျက်စီးသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ ၎င်းက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲသွားသည်။

ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ အပိုင်းအစများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပြန့်ကျဲသွားကြသည်။

တစ်ချိန်တည်းမှာ မျက်နှာသည်လည်း အက်ကွဲသွားသည်။

နှာခေါင်းနှင့်ဆင်တူသော တောင်တန်းရှည်က ချက်ချင်း ပျောက်ကွယ်သွားသည်။

မျက်လုံးများဖြစ်သော ရေကန်များသည်လည်း ဖျက်ဆီးခံလိုက်ရသည်။

ထို့အတူ ပါးစပ်ပေါက်ဖြစ်သော တောင်ကြားသည်လည်း တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။

ဧရာမမျက်နှာက ပျောက်ကွယ်သွားသည်။

ကြယ်ဂြိုလ်က ပြိုကွဲပျက်စီးသွားသည်နှင့် အဖျက်စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့်အတူ ပေါက်ကွဲထွက်လာသည်။

ရွှီချင်း၏ ဧရာမလက်က အဖျက်စွမ်းအင်မုန်တိုင်း၏ ရိုက်ခတ်မှုဒဏ်ကို ခံစားရလိုက်သည်။

နောက်အခိုက်အတန့်မှာ ကောင်းကင်တုန်လှုပ်စေနိုင်သော ပေါက်ကွဲမှုက မြည်ဟိန်းထွက်လာသည်။ ဝုန်းခနဲ မြည်သံက နားကွဲလုမတတ် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ အဖျက်စွမ်းအားသည် အရာအားလုံးကို ရိုက်ခတ်သွားသည်။ ဧရာမလက်သည် ယင်းကို မတောင့်ခံနိုင်သောကြောင့် တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။

ရွှီချင်းသည်လည်း ပေတစ်သန်းအကွာသို့ ချက်ချင်း ဆုတ်သွားရသည်။ သို့မှသာ သူက ကြယ်ဂြိုလ်ပေါက်ကွဲမှု၏ အဖျက်စွမ်းအားကို ရှောင်ရှားနိုင်သွားသည်။

သူက အဝေးသို့ နောက်တစ်ကြိမ် ကြည့်လိုက်သည်။

ထိုကြယ်ဂြိုလ်က ဖုန်သို့ ပြောင်းလဲသွားသည်။

ဖုန်သည် အဖြူရောင်ဖြစ်သည်။

ယင်းက ရွှယ်ချန်းဇီ၏ ကမ္မချည်မျှင်များထဲမှာ သူမြင်တွေ့ခဲ့သော ဖုန်နှင့် တစ်ပုံစံတည်း တူညီသည်။

ရွှီချင်းက နှလုံးတုန်သွားသည်။ သူက ဖုန်ကို စုဆောင်းရန် ချက်ချင်း ကြိုးစားလိုက်သည်။

သို့သော်လည်း အဖြူရောင်ဖုန်သည် ထွက်ပေါ်လာပြီးနောက် မြန်ဆန်စွာ လွင့်ပြယ်သွားသည်။

ထို့ပြင် နည်းလမ်းအများစုသည် ထိုဖုန်ကို စုဆောင်းရာတွင် အကျိုးသက်ရောက်မှုမရှိပေ။ မည်သို့ဖြစ်ပါစေ အတိတ်မှာ ရွှီချင်းက ရွှယ်ချန်းဇီ၏ ကမ္မချည်မျှင်များပေါ်မှ အဖြူရောင်ဖုန်ကို သိမ်းဆည်းရန် အကြိမ်ပေါင်းများစွာ ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း သူ၏ ကြိုးစားအားထုတ်မှုတိုင်းက အချည်းနှီးသာ ဖြစ်ခဲ့သည်။

သို့သော်လည်း သူက လက်လျော့ရန် ဆန္ဒမရှိပေ။

အဘယ့်ကြောင့်ဆိုသော် ဤအဖြူရောင်ဖုန်သည် ကမ္မချည်မျှင်များဖြင့် မပေါင်းစပ်ရသေးသောကြောင့် ဖြစ်သည်။ ယင်းက အတိတ်မှာ သူမြင်ခဲ့သော အဖြူရောင်ဖုန်နှင့် ကွဲပြားခြားနားသည်။

သို့ဖြစ်၍ ရွှီချင်းက ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်လိုက်ပြီး အဖြူရောင်ဖုန်ကို အမြန်စုဆောင်းလိုက်သည်။ သို့သော်လည်း သူက အဖြူရောင်ဖုန် အနည်းငယ်ကိုသာ စုဆောင်းနိုင်ခဲ့သည်။ ဤကျောက်စိမ်းပုလင်းက အဖြူရောင်ဖုန်ကို စုဆောင်းနိုင်ခဲ့ခြင်းမှာ ယင်းကို သူ၏ နတ်ဘုရားအရင်းအမြစ်များ၊ အခွင့်အာဏာများဖြင့် အားဖြည့်ထားသောကြောင့် ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက ကျောက်စိမ်းပုလင်းကို စိုက်ကြည့်နေစဉ် အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ယခု သူက ရွှယ်ချန်းဇီ၏ ကမ္မထဲမှ အဖြူရောင်ဖုန်၏ ဇစ်မြစ်ကို သိသွားသည်။

ယခင်က သူသည် တခြားကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များ၏ ပြိုကွဲပျက်စီးမှုကို မြင်တွေ့ခဲ့သော်လည်း အဖြူရောင်ဖုန်က ထွက်ပေါ်မလာခဲ့ပေ။ ဤကြယ်ဂြိုလ် ပျက်စီးသွားသည့်အခါမှသာ အဖြူရောင်ဖုန်က ထွက်ပေါ်လာသည်။

သို့ဖြစ်၍ ခြားနားမှုက ထင်ရှားပေသည်။

“ မျက်နှာပုံရှိတဲ့ ကြယ်ဂြိုလ် ဒါမှမဟုတ် ကမ္ဘာငယ်က ပြိုကွဲပျက်စီးသွားတဲ့အခါမှပဲ အဖြူရောင်ဖုန်က ထွက်ပေါ်လာလိမ့်မယ် ”

“ စိတ်မကောင်းစရာက အကောင်းဆုံး ငါကြိုးစားခဲ့ပေမဲ့ ထူးဆန်းတဲ့ ဒီဖုန်က အမြန်ပျောက်ကွယ်သွားခဲ့တယ်… အဲ့ဒါကြောင့် နည်းနည်းပဲ ငါစုဆောင်းနိုင်ခဲ့တယ်… ”

ရွှီချင်းက ကျောက်စိမ်းပုလင်းကို စစ်ဆေးကြည့်လိုက်သည်။ သူက ကျောက်စိမ်းပုလင်းကို သူ၏ နတ်ဘုရားအရင်းအမြစ်များ၊ အခွင့်အာဏာများဖြင့် အားဖြည့်ပေးထားသည့်တိုင် ပုလင်းထဲမှ အဖြူရောင်ဖုန်က ပျောက်ကွယ်နေဆဲပင်။

ပျောက်ကွယ်သည့် အမြန်နှုန်းက အပြင်မှာထက် အနည်းငယ် နှေးကွေးသော်လည်း အများဆုံး တစ်ရက်အတွင်းမှာ ၎င်းတို့အားလုံး ပျောက်ကွယ်သွားလိမ့်မည်။

“ တစ်ရက်လား… ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။

တစ်ရက်က သူ့အတွက် မလုံလောက်ပေ။

သူက ထူးခြားဆန်းကြယ်သော ထိုဖုန်ကို သူ၏ ကမ္မချည်မျှင်များထဲသို့ မစုပ်ယူခင် အန္တရာယ်ရှိမရှိ အတည်ပြုရန် ၎င်းကို စူးစမ်းလေ့လာချင်သေးသည်။

“ ဒီတော့ အဓိကအချက်က အဖြူရောင်ဖုန်မဟုတ်ဘူး… အဲ့ဒီမျက်နှာပဲ… ”

ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“ ဒုတိယမျက်နှာရှိသေးလား ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ တစ်ခဏကြာပြီးနောက် သူက နတ်ဘုရားစိတ်အာရုံကို အရိပ်လေးဆီသို့ ပို့လွှတ်လိုက်သည်။ အရိပ်လေးက ရွှီချင်းနှင့် မြန်ဆန်စွာ ပေါင်းစပ်သွားပြီး ရွှီချင်း၏ မျက်လုံးက နောက်တစ်ကြိမ် မည်းနက်သွားသည်။

ဤလျှို့ဝှက်နယ်မြေထဲမှာ ဒုတိယမျက်နှာရှိသေးသလော အရိပ်မျက်လုံးဖြင့် သူရှာဖွေချင်သည်။

အရိပ်လေးနှင့် ပေါင်းစပ်ပြီးနောက် ရွှီချင်းက နောက်ထပ် အချိန်မဖြုန်းတော့ပေ။ သူက ပန်းချီကားအသွင်ပြောင်းလဲသွားသော ဤလျှို့ဝှက်နယ်မြေထဲမှာ အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။ သူက ရွေ့လျားသွားနေစဉ် ဘေးပတ်ဝန်းကျင်ကို အရိပ်မျက်လုံးဖြင့် ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။

အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။

ဤလောကဇစ်မြစ်လျှို့ဝှက်နယ်မြေက ပန်းချီကားများအဖြစ် ပြောင်းလဲသွားသော်လည်း ယင်း၏ အန္တရာယ်များက မလျော့နည်းသွားပေ။ ယင်းအစား အန္တရာယ်များ၏ အရေအတွက်က ပိုပြီးတိုးပွားလာသည်။

အရေးကြီးဆုံးမှာ အနီရောင်ဖယောင်းတိုင်က ဆက်လက် တောက်လောင်နေဆဲပင်။ သို့ဖြစ်၍ ရွှီချင်းက ဤနေရာမှာ အချိန်ကြာကြာ ပိုပြီးတည်ရှိလေ အလင်းနှင့် အပူဓာတ်က ပိုပြီးအားကောင်းလေ ဖြစ်သည်။ ထို့အတူ အမြစ်ဖြတ်သုတ်သင်ခြင်းသည်လည်း ပိုပြီးပြင်းထန်လာသည်။

နှစ်ရက်ကြာပြီးနောက် ရွှီချင်းသည် ရွေးချယ်စရာမရှိသည့်အဆုံး အနီရောင်ဖယောင်းတိုင်အလင်းနှင့် ဝေးရာသို့ ဆုတ်ခွာသွားသည်။ သူက ဖယောင်းတိုင်ကို အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ နှလုံးတုန်သွားသည်။

“ ဒီနှစ်ရက်အတွင်းမှာ ဒီဧရိယာရဲ့ (၃၀)ရာခိုင်နှုန်းကိုပဲ ငါရှာဖွေနိုင်ခဲ့တယ်… ပြီးတော့ အများစုက သာမန်ချည်းပဲ ”

“ တကယ်လို့ အဲ့ဒါတွေအားလုံးကို ငါရှာဖွေချင်တယ်ဆိုရင် ငါ့မှာ ဆယ်ရက်ပြည့်အောင်တောင် အချိန်မရှိတော့မှာ စိုးရိမ်ရတယ်… ပြီးတော့ အနီရောင်ဖယောင်းတိုင်နားကို နီးကပ်သွားတာနဲ့ အမြစ်ဖြတ်သုတ်သင်ခြင်းက ပိုပြီးအားကောင်းလာတယ် ”

“ အဲ့လိုမဖြစ်ရဘူး ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။ သူ့မှာ အသုံးမပြုရသေးသော ဝှက်ဖဲကတ်တစ်ခု ရှိသည်။

“ အဲ့ဒါဆိုရင်… ”

ရွှီချင်းက မျက်လုံးမှိတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားအရင်းအမြစ်က တုန်လှုပ်သွားသည်။ နတ်ဘုရားအရင်းအမြစ်က ဆက်လက် တုန်လှုပ်သွားနေစဉ် သူ၏ ဗလာနတ္ထိကုန်းမြေထဲမှ နတ်ဘုရားအခွင့်အာဏာသစ်စေ့က ရွှေရောင်တောက်ပလာသည်။

ရွှေရောင်အလင်းက ပိုပြီးအားကောင်းလာပြီး ဗလာနတ္ထိကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နောက်အခိုက်အတန့်မှာ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး အတူတကွ စုဝေးသွားကာ ရွှေရောင်ချည်မျှင်တစ်မျှင်ကို ဖွဲ့စည်းလိုက်သည်။

ထိုရွှေရောင်ချည်မျှင်သည် ရွှီချင်း၏ လက်ချောင်းကို ရစ်ပတ်သွားသည်။

ရွှီချင်းက ယင်းကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲတွင် မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် ထိုရွှေရောင်ချည်မျှင်သည် မြောက်ပိုင်းကံကြမ္မာတော်ဝင်မိသားစုထဲမှ လုံကြွယ်ဟု အမည်ရသည့် ကျင့်ကြံသူထံမှ သူရရှိခဲ့သော ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာ ဖြစ်သည်။

သူက လက်ချောင်းကို ကွေးညွတ်လိုက်သည့်အခါ ရွှေရောင်ချည်မျှင်က စတင်လောင်ကျွမ်းသွားသည်။

သို့သော်လည်း ဘေးပတ်ဝန်းကျင်မှ အရာအားလုံးက ပုံမှန်အတိုင်း ဆက်ရှိနေဆဲပင်။

ရွှီချင်း၏ အကြည့်က ဘေးပတ်ပတ်လည်သို့ ကျရောက်သွားသော်လည်း သူက မည်သည့်ထူးခြားမှုကိုမှ မတွေ့ပေ။ သို့သော်လည်း ဤသည်မှာ ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာကို ပထမဆုံးအကြိမ် သူအသုံးပြုဖူးခြင်း ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို သူစူးစမ်းလေ့လာရန် လိုအပ်နေဆဲပင်။

အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အနီရောင်ဖယောင်းတိုင်အလင်း၏ ဧရိယာထဲသို့ ဝင်ရောက်သွားသည်။ သူက နောက်တစ်ကြိမ် ရှာဖွေလိုက်သည်။

ဤတစ်ကြိမ်တွင် ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှီချင်းက ထူးခြားမှုတစ်စုံတစ်ရာကို ခံစားမိသွားသည်။

သူက နိယာမများနှင့် ဥပဒေသများ၏ သဲလွန်စများကို ရှာတွေ့သွားသည်။

တစ်ခုသိထားရမည်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် ဤလျှို့ဝှက်နယ်မြေ၏ အဓိကအကျိုးသက်ရောက်မှုသည် နိယာမများနှင့် အသေးစားဥပဒေသများ ဖြစ်ကြသည်။

ဤနေရာတွင် ကမ္ဘာငယ်များနှင့် ကြယ်ဂြိုလ်များသည် မရေမတွက်နိုင်အောင် များပြားလှသည်။ ၎င်းတို့က အချိန်နှင့်အမျှ ပြိုကွဲပျက်စီးသွားကြပြီး အသစ်တဖန် မွေးဖွားလာကြသည်။ ယင်းက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများအတွက် သူတို့၏ မဟာလောကအသစ်ကို ဖွဲ့စည်းရာတွင် ကြီးကြီးမားမား အထောက်အကူပေးနိုင်သည်။ ဤလျှို့ဝှက်နယ်မြေသည် သူတို့အတွက် ဥပဒေသများကို ဆင်ခြင်နားလည်ရန် အထူးသင့်တော်သည်။

သို့သော်လည်း အခြေခံအကျဆုံး နိယာမများမှလွဲ၍ ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များထံမှ နိယာမများနှင့် ဥပဒေသများသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားကြသည်။

တချို့နိယာမများသည် သူတို့အတွက် သင့်တော်သလို တချို့နိယာမများသည် သူတို့အတွက် မသင့်တော်ပေ။ ထို့ပြင် ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ်ပေါ်မူတည်၍ သူတို့လိုအပ်သော အခြေအနေများက တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားကြသည်။

အကောင်းဆုံးမှာ နိယာမတစ်ခု၏ မွေးဖွားလာမှုနှင့် ပျက်စီးသွားပုံကို အစအဆုံး မြင်တွေ့ရန် ဖြစ်သည်။

အကယ်၍ သူတို့က ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းကိုသာ မြင်လိုက်ရမည်ဆိုလျှင် ယင်းကို ဆက်ပြီး ဆင်ခြင်နားလည်ရန် တူညီသော နိယာမများကို လိုက်လံရှာဖွေရလိမ့်မည်။

ထို့ပြင် သူတို့က ဤနေရာမှာ အချိန်အကြာကြီး မနေနိုင်ကြပေ။ သို့ဖြစ်၍ နိယာမများကို ဆင်ခြင်နားလည်ခြင်းသည် ကံတရားပေါ်မှာ မူတည်သည်။

လျှို့ဝှက်နယ်မြေထဲမှ ရွှီချင်း၏ ခရီးတစ်လျှောက်တွင် သူက ဒုတိယမျက်နှာကို အဓိကထားပြီး လိုက်လံရှာဖွေနေသော်လည်း ရံဖန်ရံခါ သူက ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များထံမှ အသေးစားဥပဒေသများကို စူးစမ်းလေ့လာလိမ့်မည်။

သို့သော်လည်း သူက သာမန်ကာလျှံကာသာ ကြည့်ခြင်း ဖြစ်သည်။ ထို့ပြင် သူမြင်တွေ့ခဲ့သော နိယာမများနှင့် ဥပဒေသအများစုသည် မပြည့်စုံကြချေ။ အနည်းစုသည်သာ ပြီးပြည့်စုံလုနီးပါး ရှိကြသည်။

သို့သော်လည်း ယခု ထူးဆန်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။

ပြီးပြည့်စုံသော ဥပဒေသချည်မျှင်တစ်မျှင်က သူ၏ အရှေ့မှာ မမျှော်လင့်ဘဲ ထွက်ပေါ်လာသည်။ ၎င်းက ဆင့်ကဲပြောင်းလဲပုံအဆင့်ဆင့်ကို သူ၏ အရှေ့မှာ လာရောက်ပြသနေသည်။

ထို့ပြင် ထိုတစ်ခုတည်း မဟုတ်ပေ။

ရွှီချင်းက အရှေ့သို့ ရွေ့လျားသွားနေစဉ် တူညီသော အဖြစ်အပျက်များက မကြာခဏ ဖြစ်ပေါ်လာကြသည်။ ရွှီချင်းက အနားသို့ ချဉ်းကပ်သွားသည့်အခိုက် အရေအတွက်များပြားသော နိယာမများက ဒေါင်းအမြှီးဖြန့်သကဲ့သို့ အဆုံးမဲ့စွာ ထွက်ပေါ်လာကြသည်။

ဤသည်မှာ ၎င်းတို့က ပထမနေရာအတွက် အလုအယက် တိုက်ခိုက်နေကြသည့်အလားပင်။

အကယ်၍ အပြင်လူများက ထိုမြင်ကွင်းကို မြင်သွားမည်ဆိုလျှင် သူတို့က သေချာပေါက် မယုံကြည်နိုင်ဖြစ်သွားပြီး အံ့ဩထိတ်လန့်သွားလိမ့်မည်။

ပိုပြီးအံ့ဖွယ်ကောင်းသည့်အချက်မှာ ပျက်စီးပြိုကွဲနေသော ကြယ်ဂြိုလ်တချို့က ရွှီချင်း၏ စိုက်ကြည့်ခံလိုက်ရသည့်အခါ ၎င်းတို့၏ ပျက်စီးနေသော အမြန်နှုန်းက နှေးကွေးသွားလိမ့်မည်။ ထိုမျှသာ မဟုတ်ပေ။ ၎င်းတို့၏ နိယာမများနှင့် ဥပဒေသများသည်လည်း ထူးဆန်းသော နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ပေါ်လာကြလိမ့်မည်။

အရာအားလုံးက သူ့ကို ဆင်ခြင်နားလည်ရန် ပိုပြီးလွယ်ကူစေသည်။

ထို့ပြင် လျှို့ဝှက်နယ်မြေထဲမှ အရိပ်များသည်လည်း သက်ရောက်ခံလိုက်ရသည်။ ၎င်းတို့က ရွှီချင်းကို အာရုံခံမိသွားသည့်အခိုက် ချက်ချင်း တစ်ဟုန်ထိုး ပြေးလာကြလိမ့်မည်။ သို့သော်လည်း ၎င်းတို့က အနားသို့ ရောက်ရှိသွားသည့်အခါတိုင်း ရုတ်ချည်း တစ်စုံတစ်ခု၏ ဆွဲဆောင်ခံလိုက်ရပြီး ထွက်ခွာသွားကြလိမ့်မည်။

ပိုပြီးထူးဆန်းသည်မှာ ပြိုကွဲပျက်စီးနေသော ကြယ်ဂြိုလ်များသော်လည်းကောင်း သို့မဟုတ် ထွက်ခွာသွားကြသော အရိပ်များသော်လည်းကောင်း ၎င်းတို့က သွယ်ဝိုက်သောနည်းဖြင့် ဖယောင်းတိုင်မီးအလင်းကို ရွှီချင်းထံသို့ မကျရောက်စေရန် ကာကွယ်ပေးလိမ့်မည်။

ယင်းက ရွှီချင်း၏ ခရီးကို ဖော်မပြနိုင်အောင် အဆင်ပြေချောမွေ့စေသည်။

နာရီပေါင်းများစွာကြာပြီးနောက် ဒုတိယမျက်နှာသည်လည်း ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။

ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာ၏ အကျိုးသက်ရောက်မှုများက ရွှီချင်း၏ တည်ငြိမ်သော နှလုံးကိုပင် လှိုင်းထသွားစေသည်။ သူ၏ ခန္ဓာကိုယ်က လေဟာနယ်ထဲမှာ ရပ်တန့်သွားပြီး သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ပြိုကွဲပျက်စီးနေသော ကြယ်ဂြိုလ်တစ်လုံး ရှိသည်။

ကြယ်ဂြိုလ်ပေါ်တွင် ကုန်းမြေတစ်ခု ရှိသည်။ ကြယ်ဂြိုလ်က အပိုင်းပိုင်းအစစ အက်ကွဲနေသော်လည်း ကုန်းမြေ၏ ထက်ဝက်နီးပါးက အကောင်းတိုင်း ရှိနေဆဲပင်။

ကုန်းမြေပေါ်မှ တောင်တန်းများနှင့် ရေကန်များက မျက်နှာတစ်ခုကို ဖွဲ့စည်းထားသည်။

အစက ကြယ်ဂြိုလ်၏ ပြိုကွဲပျက်စီးမှုကြောင့် ကုန်းမြေက အကောင်းတိုင်း ဆက်လက် တည်ရှိနေရန် မည်သို့မှ မဖြစ်နိုင်ပေ။ အကယ်၍ ကုန်းမြေက အကောင်းတိုင်း ဆက်ရှိနေမည်ဆိုလျှင်ပင် ဖြတ်သန်းသွားလာသူများက မျက်နှာကို အလွယ်တကူ သတိမထားမိနိုင်ကြပေ။

သို့သော်လည်း ရွှီချင်းသည်တော့ ယင်းကို အဝေးမှပင် လှမ်းမြင်တွေ့သွားသည်။

သို့သော်လည်း သူက ယင်းကို ကြည့်လိုက်သည်နှင့်ချက်ချင်း မျက်နှာက အမှန်တကယ် ဝေဝါးသွားသည်။ နောက်အခိုက်အတန့်မှာ တောင်တန်းများနှင့် ရေကန်များက ပြိုကွဲပျက်စီးသွားကြပြီး မျက်နှာက ပျောက်ကွယ်သွားသည်။

ကြယ်ဂြိုလ်၏ ပြိုကွဲပျက်စီးမှုမှ ထွက်ပေါ်လာသော အဖျက်စွမ်းအင်မုန်တိုင်းသည်တော့ ဤအခိုက်အတန့်မှာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသည်။ လူသားမျက်နှာ၏ ပုံကြမ်းက ဝေဝေဝါးဝါး ထွက်ပေါ်လာပြီး အဝေးသို့ ထွက်ပြေးသွားသည်။

ရွှီချင်းက အရှိန်မြှင့်တင်လိုက်သည့်အခါ သူ၏ အကြည့်က အေးစက်သွားသည်။ သူက မျက်နှာနောက်သို့ လိုက်ဖမ်းသည်။

လူသားမျက်နှာ၏ အလျင်သည် အတော်လေး အံ့ဖွယ်ကောင်းသည်။ ရွှီချင်းက အရှေ့သို့ အစွမ်းကုန်သုံးပြီး ရွေ့လျားနေသော်လည်း အနည်းငယ် နှေးကွေးနေဆဲပင်။ ဆယ်မိနစ်ကြာပြီးနောက် လူသားမျက်နှာက ရုတ်တရက် ပျောက်ကွယ်သွားသည်။

အသက်သုံးခါရှူချိန်ကြာပြီးနောက် ရွှီချင်းက မျက်နှာပျောက်ကွယ်သွားခဲ့သော နေရာမှာ ထွက်ပေါ်လာသည်။ သူက ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ စစ်ဆေးကြည့်လိုက်ပြီးနောက် လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို သတိထားမိသွားသည်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက တခြားဦးတည်ရာများဆီမှာ လိုက်လံရှာဖွေနေမည့်အစား ထိုလေဟာနယ်အက်ကွဲကြောင်းကို စူးစမ်းရှာဖွေခြင်းက ပိုပြီးကောင်းလိမ့်မည်ဟု ခံစားမိသည်။ လူသားမျက်နှာက ထိုလေဟာနယ်အက်ကွဲကြောင်းထဲမှာ ပုန်းအောင်းနေရန် ပိုပြီးဖြစ်နိုင်ခြေများသည်။

သို့ဖြစ်၍ ရွှီချင်းက တုံ့ဆိုင်းမနေဘဲ လေဟာနယ်အက်ကွဲကြောင်းထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။

သူက အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည့်အခိုက် ရွှီချင်းကို အပြင်းအထန် နှလုံးတုန်သွားစေမည့် မြင်ကွင်းတစ်ခုက သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

လေဟာနယ်အက်ကွဲကြောင်းထဲ၌ ဗလာနတ္ထိသာ ရှိသည်။ ဤနေရာတွင် အနီရောင်ဖယောင်းတိုင်မရှိပေ။ သို့သော်လည်း ယင်းက နောက်ထပ်မှတ်တမ်းတစ်ခု ဖြစ်သည်။

လောကဇစ်မြစ်လျှို့ဝှက်နယ်မြေတည်ရှိသော ကျောက်စိမ်းပြားထဲတွင် အလွှာတစ်ခုတည်းရှိခြင်း မဟုတ်ပေ။ ယင်းအစား အလွှာနှစ်ခု ရှိသည်။

အနီရောင်ဖယောင်းတိုင်က ပထမအလွှာမှာ တည်ရှိသည်။ ပထမအလွှာ၏ အောက်တွင် ဒုတိယအလွှာက တည်ရှိသည်။

ယခု ဒုတိယအလွှာမှ မှတ်တမ်းက ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသော ကြယ်မြေပုံတစ်ခု ဖြစ်သည်။

ယင်းထဲမှာ အရွယ်အစားမတူညီသော ကြယ်တာရာစက်ဝန်း(၃၆)ခုက ခမ်းနားထည်ဝါသော ပန်းချီကားတစ်ချပ်ပမာ တည်ရှိနေကြသည်။

ကြယ်တာရာစက်ဝန်းတစ်ခုစီမှာ အရေအတွက်များပြားသော ကြယ်စင်စုများနှင့် မရေမတွက်နိုင်သော ကြယ်ဂြိုလ်များက စုဝေးတည်ရှိနေကြသည်။ ၎င်းတို့က အကန့်အသတ်မဲ့စွာ ကြီးမားကျယ်ပြောပြီး ထွန်းလင်းတောက်ပကြသည်။

အမှတ်တစ်ကြယ်တာရာစက်ဝန်းက ဝေဝါးနေပြီး တခြားကြယ်တာရာစက်ဝန်းများက ဖော်မပြနိုင်အောင် ရှင်းလင်းကြသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အလယ်ဗဟိုတွင် အကြီးအကဲပုံရိပ်တစ်ခုက တရားထိုင်နေသည်။

၎င်းက အမှတ်အသားတစ်ခု ဖြစ်သည်။

ထိုအကြီးအကဲက အပြင်ပိုင်းပင်လယ်တွင် သူနှင့် စီနီယာအကိုကြီးတို့ တွေ့ဆုံခဲ့သော အဖိုးအိုဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ရွှီချင်းမှတ်မိသွားသည်။

ရွှီချင်းကို အကြီးအကျယ် ထိတ်လန့်သွားစေသည်မှာ အမှတ်ကိုးကြယ်တာရာစက်ဝန်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် အမှတ်ကိုးကြယ်တာရာစက်ဝန်း၏ အလယ်တွင် မျက်နှာပျက်ကြီးတစ်ခုက အမှတ်အသားအဖြစ် တည်ရှိနေသောကြောင့် ဖြစ်သည်။

ထိုမျက်နှာပျက်ကြီးကို သူကြည့်လိုက်သည်နှင့်ချက်ချင်း နားလည်သဘောပေါက်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုမျက်နှာပျက်ကြီးသည် ဉာဏ်အလင်းပွင့်နတ်ဘုရား ရှေးဦးအပျက်အစီးမှလွဲ၍ တခြားမဟုတ်ပေ။ သို့ဆိုလျှင် ထိုနေရာသည် ဝမ်ကူးကုန်းမြေဖြစ်ရမည်။

အမှတ်ကိုးကြယ်တာရာစက်ဝန်း၌ ဝမ်ကူးကုန်းမြေ၏ ဘေးပတ်ပတ်လည်မှာ ကြောက်စရာကောင်းသော တခြားအမှတ်အသားများလည်း တည်ရှိကြသည်။

ကြယ်တာရာစက်ဝန်း၏ အရှေ့ဘက်တွင် ဧရာမသတ္တဝါကြီးတစ်ကောင်က အိပ်စက်နေသည်။

ကြယ်တာရာစက်ဝန်း၏ မြောက်ဘက်တွင် ရွှေရောင်မြစ်က စီးဆင်းနေသည်။

ကြယ်တာရာစက်ဝန်း၏ တောင်ဘက်တွင် အနက်ရောင်စေတီက ထောင်မတ်နေသည်။

ကြယ်တာရာစက်ဝန်း၏ အနောက်ဘက်တွင် ဈာပနအဆောင်စာရွက်က တင်ပျဉ်ခွေထိုင်နေသည်။

All Chapters