← Chapters

ငါဆန္ဒပြုတယ်…

Vol. 97 Ch. 1497

ငါဆန္ဒပြုတယ်…

Vol. 97 Ch. 1497

အမှတ်တစ်ကြယ်တာရာစက်ဝန်းသည် အကြမ်းဖျဉ်းအားဖြင့် တြိဂံပုံသဏ္ဍာန်ရှိသည်။ ကြယ်တာရာစက်ဝန်း၏ အတွင်းဘက်သည်တော့ အနည်းငယ် ဝေဝါးနေသည်။ ဤသည်မှာ အထွတ်အမြတ်စွမ်းအင်တစ်ခုက တခြားလူများ မစူးစမ်းနိုင်အောင် တားဆီးပိတ်ဆို့ထားသည့်အလားပင်။

အမှတ်နှစ်ကြယ်တာရာစက်ဝန်းသည် အမှတ်တစ်ထက် အများကြီး ပိုထင်ရှားသည်။ အမှတ်နှစ်ကြယ်တာရာစက်ဝန်းထဲမှာ အမှတ်အသားများရှိသော်လည်း ယင်းတို့က ပုံကြမ်းမျှသာ ဖြစ်ကြသည်။

အမှတ်သုံးနှင့် အမှတ်လေးကြယ်တာရာစက်ဝန်းသည် အခြေခံအားဖြင့် တူညီကြသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းသည်တော့ တခြားကြယ်တာရာစက်ဝန်းများနှင့် ကွဲပြားခြားနားသည်။ ကြယ်တာရာစက်ဝန်း၏ အလယ်ဗဟိုမှ အမှတ်အသားသည် တရားထိုင်နေသော အဖိုးအိုတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။

တခြားကြယ်တာရာစက်ဝန်းများတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အမှတ်အသားများ ရှိကြသည်။ ယင်းတို့က အရွယ်အစားမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံ ရှိကြသည်။ တချို့အမှတ်အသားများက ထင်ရှားသော်လည်း တချို့အမှတ်အသားများက ပုံကြမ်းမျှသာ ရှိကြသည်။

ထိုကြယ်တာရာစက်ဝန်းများကို ကြည့်ရှုနေရင်း ရွှီချင်း၏ အသိစိတ်က ဝုန်းခနဲ လှုပ်ခတ်သွားသည်။

အတိတ်တွင် သူက ရှေးဦးအပျက်အစီး၏ အသွေးအသားများဖြင့် ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ အသိစိတ်ထဲမှာ ဝေဝါးသော သတင်းအချက်အလက်တချို့ ထွက်ပေါ်လာခဲ့သည်။ ဥပမာ ကြယ်တာရာစက်ဝန်း(၃၆)ခု ဖြစ်သည်။

ယုလျှိုချန်းနောက်သို့ လိုက်၍ အပြင်ပိုင်းပင်လယ်ဆီသို့ သူသွားရောက်ပြီးနောက် စူး၏ ဝါးမျိုခံလိုက်ရကာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်မြို့တော်မှ ရောက်လာသူဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့သော အဖိုးအိုနှင့် သူတွေ့ဆုံခဲ့သည်။

အဖိုးအို၏ စကားက ရွှီချင်း၏ အသိပညာနယ်နိမိတ်ကို ချဲ့ထွင်ပေးခဲ့သည်။ သူနေထိုင်သော စကြာဝဠာက ကြယ်တာရာစက်ဝန်း(၃၆)ခုထဲမှ တစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့သော်လည်း ထိုမျှသာ ဖြစ်သည်။

သူ့မှာ သတင်းအချက်အလက်ရှိသော်လည်း ပုံရိပ်မရှိပေ။ ထို့ပြင် သူက မည်သည့်ကြယ်တာရာစက်ဝန်းမှာ နေထိုင်ကြောင်းကိုလည်း မသိပေ။

သို့ဖြစ်၍ ကြယ်တာရာစက်ဝန်း(၃၆)ခု၏ ကြယ်မြေပုံက သူ့အရှေ့မှာ ထွက်ပေါ်လာသည့်အခါ ရွှီချင်းက ဖော်မပြနိုင်အောင် နှလုံးတုန်သွားသည်။ ကြီးမားသော လှိုင်းလုံးများက သူ၏ အသိစိတ်ပင်လယ်ထဲမှာ ထွက်ပေါ်လာကြသည်။

သူက မည်သည့်ကြယ်တာရာစက်ဝန်းမှာ နေထိုင်ကြောင်း နောက်ဆုံးမှာတော့ နားလည်သွားသည်။

ယင်းက အမှတ်ကိုးကြယ်တာရာစက်ဝန်း ဖြစ်သည်။

အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲတွင် အင်အားစု အများကြီး တည်ရှိကြသည်။ ကြယ်တာရာစက်ဝန်း၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အမှတ်အသားများ တည်ရှိကြသည်။

သို့သော်လည်း ယင်းက ပုံရိပ်ယောင်တစ်ခုလော ရွှီချင်းမသိပေ။ ဧရာမသတ္တဝါကြီးဖြစ်စေ၊ ရွှေရောင်မြစ်ဖြစ်စေ၊ အနက်ရောင်စေတီဖြစ်စေ သို့မဟုတ် ဈာပနအဆောင်စာရွက်ဖြစ်စေ ၎င်းတို့အားလုံးက မျက်နှာပျက်ကြီး၏ ဦးတည်ရာဆီသို့ ညွှန်ပြနေကြသည်။

ဤသည်မှာ ၎င်းတို့က ဆွဲဆောင်ခံထားရသည့်အလားပင်။

ထို့ပြင် ထင်ရှားမှုကို ကြည့်မည်ဆိုလျှင် မျက်နှာပျက်ကြီးက ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှာ အထင်ရှားဆုံး အမှတ်အသား ဖြစ်သည်။

မည်သည့် တခြားအမှတ်အသားမှ မျက်နှာပျက်ကြီးကဲ့သို့ မထင်ရှားပေ။

အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲမှ တခြားအမှတ်အသားများသော်လည်းကောင်း၊ အမှတ်ငါးကြယ်တာရာစက်ဝန်းမှ အဖိုးအိုအမှတ်အသားသော်လည်းကောင်း၊ တခြားကြယ်တာရာစက်ဝန်းများမှ ထင်ရှားသော အမှတ်အသားများသော်လည်းကောင်း ၎င်းတို့အားလုံးက မျက်နှာပျက်ကြီးထက် နိမ့်ကျကြသည်။

အမှတ်တစ်ကြယ်တာရာစက်ဝန်းသည်သာ ဝေဝါးနေသောကြောင့် အထဲကို ရှင်းလင်းစွာ သူမမြင်နိုင်ပေ။ ထိုကြယ်တာရာစက်ဝန်းထဲမှာ မျက်နှာပျက်ကြီးကဲ့သို့ အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုရှိသလော မသိရပေ။

သို့သော်လည်း မည်သို့ဖြစ်ပါစေ သူ့အရှေ့မှ ထူးခြားဆန်းကြယ်သော ကြယ်မြေပုံက စကြဝဠာနှင့်ပတ်သက်ပြီး ရွှီချင်း၏ နားလည်သဘောပေါက်မှုကို ချက်ချင်း တိုးချဲ့ပေးလိုက်သည်။

လောကတစ်ခုလုံးက သူ၏ အရှေ့မှာ ရှိသည်။

ကြယ်တာရာကောင်းကင်ကိုလည်း သူမြင်နေရသည်။

ကြယ်တာရာစက်ဝန်းများသည် အတိုင်းအဆမဲ့အောင် ကြီးမားကျယ်ပြောကြသည်။

ယင်းနှင့် နှိုင်းယှဉ်လျှင် ဝမ်ကူးကုန်းမြေသည် သဲသောင်ပြင်ပေါ်မှ သဲတစ်မှုန်မျှသာဖြစ်ပြီး အလွန်သေးနုတ်သည်။

သို့သော်လည်း ရှေးဦးအပျက်အစီး၏ တည်ရှိမှုကြောင့် ထိုသဲမှုန်က အလွန်ထွန်းလင်းတောက်ပသည်။

အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပရမ်းပတာ လှုပ်ခတ်နေသော သူ၏ နှလုံးကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

“ မျက်နှာပျက်ကြီးက ခြေလှမ်းဝက် ဉာဏ်အလင်းပွင့်နတ်ဘုရားဖြစ်တာကြောင့် သူ့ရဲ့ ထွန်းလင်းတောက်ပမှုက တခြားအရာအားလုံးထက် သာလွန်တယ် ”

“ ဒီလိုဆိုရင် အမှတ်ကိုးကြယ်တာရာစက်ဝန်းရဲ့ ဘေးပတ်ပတ်လည်က အမှတ်အသားတွေက ဘယ်အဆင့်မှာလဲ… နတ်အရှင်သခင်လား… ဒါမှမဟုတ် နတ်ဘုရင်လား ”

“ နတ်ဘုရင်ဖြစ်ဖို့ ပိုပြီးဖြစ်နိုင်ခြေများတယ် ”

“ ဒီလိုဆိုရင် မျက်နှာပျက်ကြီးက အမှတ်ကိုးကြယ်တာရာစက်ဝန်းမှာ မွေးဖွားလာတာလား… ဒါမှမဟုတ် သူက တခြားကြယ်တာရာစက်ဝန်းကနေ ရောက်လာတာလား ”

“ အရှေ့၊ အနောက်၊ တောင်ဘက်နဲ့ မြောက်ဘက်က တည်ရှိမှုတွေအားလုံးက မျက်နှာပျက်ကြီးရဲ့ ဆွဲဆောင်ခံထားရတယ်… ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူက ဧရာမသတ္တဝါကြီးနှင့် ရွှေရောင်မြစ်ကို မရင်းနှီးပေ။ ၎င်းတို့နှင့် တူညီသော တည်ရှိမှုများကို ယခင်က တစ်ခါမှ သူမမြင်ဖူးချေ။ သို့သော်လည်း အနက်ရောင်စေတီနှင့် ဆင်တူသော ပစ္စည်းတစ်ခုကိုတော့ သူမြင်ဖူးသည်။

“ တားမြစ်ပင်လယ်ရဲ့ ကြမ်းပြင်အောက်က စေတီအပျက်ကို ငါ့ရဲ့ မဟာအတောင်ပံထဲ ပေါင်းစပ်လိုက်ပြီး ကောင်းကင်ဘုံသူတော်စင်စေတီကို ဖန်တီးခဲ့တယ်… အဲ့ဒီစေတီအပျက်က ဒီအနက်ရောင်စေတီနဲ့ ဆက်စပ်မှုရှိနေမလား ငါသိချင်မိတယ် ”

“ ဈာပနအဆောင်စာရွက်ကတော့… ”

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဓားကိုင်ဧကရာဇ်သေဆုံးသွားခဲ့သော တိုက်ပွဲထဲမှာ ထွက်ပေါ်လာခဲ့သည့် တာအောင့်ကို သူစဉ်းစားမိသွားသည်။

“ တာအောင့်ရဲ့ နည်းလမ်းတွေက စက္ကူနဲ့ ပတ်သက်နေတယ်… သူက ဒီဈာပနအဆောင်စာရွက်နဲ့ ပတ်သက်မှုတစ်ခု ရှိရမယ် ”

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာနေသော အတွေးအမျိုးမျိုးကို ဖိနှိပ်လိုက်သည်။

ယနေ့ သူရှာတွေ့သွားသော အရာက အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။ သို့ဖြစ်၍ စိတ်တည်ငြိမ်အောင်ထားရန် အချိန်တစ်ခု သူလိုအပ်သည်။

ထို့ပြင် ဤနေရာက တွေးတောစဉ်းစားရန် မသင့်တော်ပေ။

ထို့ကြောင့် ရွှီချင်း၏ အကြည့်က ဘေးပတ်ဝန်းကျင်ဆီသို့ ကျရောက်သွားသည်။ သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက အဝေးမှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။

ဤနေရာ၌ ထွက်ပြေးသွားသော မျက်နှာကို သူမရှာဖွေနိုင်ပေ။

သို့သော်လည်း ဤကြယ်မြေပုံ၏ တန်ဖိုးက အလွန်အမင်း ကြီးမားသည်။

ထို့ကြောင့် ရွှီချင်းက ကြယ်မြေပုံကို သူ၏ စိတ်ထဲမှာ ပုံတူကူးလိုက်သည်။ ယင်းကို အပြည့်အဝ မှတ်သားပြီးနောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ပိုပြီးကျယ်ပြောသော ဧရိယာဆီသို့ ရွေ့လျားသွားသည်။

သို့သော်လည်း သူက ကြယ်မြေပုံနားသို့ မချဉ်းကပ်သွားဝံ့ပေ။

ပထမအလွှာထဲမှ ဖယောင်းတိုင်သည် ကြောက်စရာကောင်းသော အမြစ်ဖြတ်သုတ်သင်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့ဖြစ်လေရာ သူက ဒုတိယအလွှာထဲတွင် ပိုပြီးသတိထားရလိမ့်မည်။

ဤနေရာတွင်လည်း အမြစ်ဖြတ်သုတ်သင်စွမ်းအားနှင့် တူညီသော တစ်စုံတစ်ခုရှိနိုင်သည်။

ထိုသို့ဖြင့် နှစ်နာရီကုန်ဆုံးသွားသည်။

ရွှီချင်းက မျက်နှာကို လိုက်လံရှာဖွေနေစဉ် ဖော်ပြရန် ခဲယဉ်းသော အန္တရာယ်ခံစားမှုက သူ၏ နှလုံးသားထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုခံစားမှုက ပိုပြီးအားကောင်းလာသည်။

ဤအခိုက်အတန့်မှာ သူ့နှလုံးက ကြောက်ရွံ့မှုကြောင့် ခုန်ပေါက်လာသည်။

ယင်းက ရွှီချင်း၏ ယခင်ခန့်မှန်းမှုကို ပိုပြီးသေချာသွားစေသည်။

“ ဒီနေရာမှာ ကြာကြာ ငါမနေနိုင်ဘူး ”

ဤခရီးစဉ်တွင် ထိုမျက်နှာကို သူမရှာဖွေနိုင်ခြင်းက အနည်းငယ် စိတ်မကောင်းစရာပင်။ သူက ဒုတိယအလွှာမှ ထွက်သွားပြီး ဖယောင်းတိုင်ရှိသော ပထမအလွှာသို့ ပြန်သွားမည်ဆိုလျှင်ပင် ထိုမျက်နှာကို မရှာဖွေနိုင်လောက်ကြောင်း ခံစားမိသည်။ ကံတရားက တစ်ခါတစ်ရံမှာ ထိုသို့ဖြစ်ကြောင်း ကောင်းမွန်စွာ သူနားလည်သည်။

သူက မျက်နှာကို နှစ်ကြိမ်မြင်တွေ့ခဲ့ပြီး လိုက်လံရှာဖွေခဲ့သော်လည်း နှစ်ကြိမ်စလုံး ကျရှုံးသွားခဲ့သည်။

ထိုဆိုလိုရင်းမှာ မျက်နှာက ကိုယ်ပိုင်အသိစိတ်ရှိပြီး သူ့ကို ရှာမတွေ့စေလိုပေ။

“ စိတ်မကောင်းစရာပဲ… ”

ရွှီချင်းက နူးညံ့စွာ သက်ပြင်းချလိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းကို ထိတွေ့လိုက်သည်။

“ ပုလင်းထဲက အဖြူရောင်ဖုန်က ငါသုတေသနလုပ်ဖို့နဲ့ အသုံးပြုဖို့အတွက် လုံလောက်မယ်လို့ မျှော်လင့်ရတာပဲ ”

ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက ဆုံးဖြတ်ချက်ချလိုက်ပြီး ထွက်ပေါက်ဆီသို့ ဦးတည်သွားသည်။

“ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲမှာ ငါရှိနေတာ အချိန်အတော်ကြာသွားပြီ… ဘာမတော်တဆမှုမှမဖြစ်ရအောင် ဒီကနေ အမြန်ထွက်သွားတာ ကောင်းလိမ့်မယ် ”

ရွှီချင်း၏ အလျင်က အလွန်မြန်ဆန်သည်။ သူက ဟင်းလင်းပြင်ထဲမှာ မြန်ဆန်စွာ ပျံသန်းနေလေရာ သက်တံ့တစ်စင်းနှင့် မခြားပေ။ မကြာမီ သူက လေဟာနယ်အက်ကွဲကြောင်းဆီသို့ ပြန်ရောက်သွားသည်။

အစောနက သူသည် ဤနေရာမှာ သူ၏ နတ်ဘုရားစိတ်အာရုံအမျှင်တန်းတစ်ခုကို ချန်ထားခဲ့သည်။ မည်သည့်အမှားအယွင်းမှမရှိကြောင်း သေချာအတည်ပြုပြီးနောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လေဟာနယ်အက်ကွဲကြောင်းဆီသို့ ချဉ်းကပ်သွားသည်။

သူက ဖယောင်းတိုင်ရှိသော ပထမအလွှာဆီသို့ ပြန်သွားရန် စိတ်ဆုံးဖြတ်ထားသည်။

သို့သော်လည်း ရွှီချင်းက လေဟာနယ်အက်ကွဲကြောင်းကို ဖြတ်ကျော်သွားတော့မည့်အချိန် ရင်းနှီးဟန်ရသော်လည်း မရင်းနှီးသော အားလှိုင်းအတတ်အကျများက သူ့အနောက်မှ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ယင်းကို ရွှီချင်းအာရုံခံမိသွားသည့်အခါ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ကျင့်ကြံခြင်းအခြေခံကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။

သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်သည့်အခါ အခွင့်အာဏာနှစ်ခုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြသည်။ သူက အခွင့်အာဏာများကို အသုံးပြု၍ ဟင်းလင်းပြင်ကို စူးစိုက်ကြည့်လိုက်သည်။

ထိုနေရာတွင် လှိုင်းအတွန့်များက ပျံ့နှံ့နေကြသည်။

ရွှီချင်းက ကြည့်လိုက်သည်နှင့်ချက်ချင်း ပစ္စည်းတစ်ခုက လှိုင်းအတွန့်များ၏ အလယ်ဗဟိုမှာ ထွက်ပေါ်လာသည်။

ယင်းက မျက်နှာဖုံးတစ်ခု ဖြစ်သည်။

မျက်နှာဖုံး၏ အသွင်သဏ္ဍာန်သည် နှစ်ကြိမ်စလုံး ရွှီချင်းလိုက်ဖမ်းရန် ကျရှုံးသွားခဲ့သော မျက်နှာပုံစံဖြစ်သည်။

သို့သော်လည်း ယခု ထိုမျက်နှာက မျက်နှာဖုံးတစ်ခုအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ဤသည်မှာ ဤမျက်နှာဖုံးက ၎င်း၏ မူလခန္ဓာကိုယ်ဖြစ်သည့်အလားပင်။

ဤအခိုက်အတန့်မှာ မျက်နှာဖုံးက ရွှီချင်းကို မျက်နှာမူထားသည်။ ဤသည်မှာ ၎င်းက ရွှီချင်းကို စူးစမ်းလေ့လာနေသည့်အလားပင်။ တစ်ချိန်တည်းမှာ ၎င်းက ရွှီချင်းထံမှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာလျှင် ချက်ချင်း ထွက်ပြေးနိုင်ရန် အသင့်ပြင်ဆင်ထားသည်။

ရွှီချင်းသည်လည်း သတိကြီးစွာထားလိုက်ပြီး အလျင်စလို မလုပ်ဆောင်ပေ။ ယင်းအစား သူက လေဟာနယ်အက်ကွဲကြောင်း၏ အရှေ့မှာ ရပ်လိုက်ပြီး မျက်နှာဖုံးကို စူးစမ်းလေ့လာနေသည်။

‘ သူ့ကို ငါလိုက်ရှာတဲ့အခါကျတော့ သူက ငါ့ဆီကနေ ပုန်းအောင်းနေခဲ့တယ်… ဒါပေမဲ့ ငါလက်လျော့လိုက်တဲ့အခါကျတော့ သူက ငါ့ဆီကို ကိုယ်တိုင်ရောက်လာတယ် ’

ထိုသို့ဖြင့် ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသည်။

နှစ်ဖက်စလုံးက ဘာမှမလုပ်ဆောင်ဘဲ တစ်ယောက်ကိုတစ်ယောက်သာ စိုက်ကြည့်နေကြသည်။ ထို့သော်လည်း မျက်နှာဖုံးက ယခင်ကဲ့သို့ မလှုပ်ရှားတော့ပေ။ ဤသည်မှာ ရွှီချင်းက လှုပ်ရှားမှုမပြုလုပ်သောကြောင့် ၎င်းက အနည်းငယ် သတိလျော့ချလိုက်သည့်အလားပင်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိုမျက်နှာဖုံးကို လျှပ်တစ်ပြက်အတွင်း မည်သို့ဖမ်းဆီးသင့်ကြောင်း စဉ်းစားလိုက်သည်။ တစ်ချိန်တည်းမှာ မျက်နှာဖုံးက ရွှီချင်း၏ အတွေးကို အာရုံခံမိသွားသည့်အလား မြန်ဆန်စွာ ဝေဝါးလာသည်။ ဤသည်မှာ ၎င်းက ပျောက်ကွယ်သွားတော့မည့်အလားပင်။

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ခိုက်မည့်အတွေးကို ချက်ချင်း ဖယ်ရှားလိုက်သည်။ ထိုမျက်နှာဖုံးက သူမရှာဖွေသည့်အချိန်မှသာ ထွက်ပေါ်လာကြောင်း စဉ်းစားမိသွားသောအခါ ၎င်းကို ဖမ်းဆီးမည့် သူ၏ အတွေးကို လက်လျော့လိုက်သည်။

သူက ထိုအတွေးကို ဖယ်ရှားလိုက်သည်နှင့်ချက်ချင်း မျက်နှာဖုံးက နောက်တစ်ကြိမ် ကြည်လင်လာသည်။ ၎င်းက ရွှီချင်းကို တစ်ခဏကြာ စိုက်ကြည့်ပြီးနောက် လှိုင်းအတတ်အကျတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ၎င်း၏ နှုတ်ခမ်းက အနည်းငယ် ဟသွားပြီး တီးတိုးရေရွတ်သံက ရွှီချင်း၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။

“ မင်းမှာ ဘာဆန္ဒရှိလဲ ’

ရွှီချင်းက နှုတ်ဆိတ်သွားပြီး သူ၏ နှလုံးသားထဲမှ သတိထားမှုက ပိုပြီးအားကောင်းလာသည်။ ထိုမျက်နှာဖုံးက မည်သည့်အရာဖြစ်ကြောင်း သူမသိသော်လည်း ၎င်းက အမှန်တကယ် စကားပြောနိုင်သည်။

သို့သော်လည်း အတိတ်မှာ သူက ထူးခြားဆန်းကြယ်သော တည်ရှိမှုများစွာကို မြင်ခဲ့ဖူးသည်။ ထို့ကြောင့် သူက ၎င်းကို ကိုယ်တိုင်အကဲဖြတ်လိုက်သည်။ ထိုသို့တည်ရှိမှုများနှင့် တွေ့ဆုံသည့်အခါ သာမန်ကာလျှံကာ စကားမပြောသင့်ပေ။

ရွှီချင်းက ဘာမှပြန်မဖြေကြောင်း မျက်နှာဖုံးမြင်သွားသောအခါ ၎င်း၏ ခန္ဓာကိုယ်က ထပ်မံဝေဝါးသွားသည်။ ဤသည်မှာ ၎င်းက ပျောက်ကွယ်သွားတော့မည့်အလားပင်။

ယင်းကို မြင်သောအခါ ရွှီချင်း၏ မျက်လုံးက ဝင်းလက်သွားသည်။ သူက ရုတ်တရက် ပြောသည်။

“ ငါဆန္ဒပြုတယ်… ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း မျက်နှာဖုံး၏ ဝေဝါးသော အခြေအနေက ရပ်တန့်သွားပြီး ၎င်းက ထပ်မံကြည်လင်လာသည်။ ၎င်းက ရွှီချင်းကို စိုက်ကြည့်လိုက်စဉ် ရွှီချင်းက အနောက်သို့ ခြေတစ်လှမ်း ဆုတ်သွားပြီး သူ့အနောက်မှ လေဟာနယ်အက်ကွဲကြောင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

သူက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက ပြန်ပေါ်လာသည့်အခါ ကြယ်မြေပုံရှိသော အလွှာမှာ မဟုတ်တော့ဘဲ အနီရောင်ဖယောင်းတိုင်ရှိသော အလွှာဆီသို့ ရောက်ရှိသွားသည်။

ဖယောင်းတိုင်မှ အလင်းနှင့် အပူက သူ၏ စိတ်အာရုံများကို အမြစ်ဖြတ်သုတ်သင်နေသည်။

ရွှီချင်းက ယင်းကို လျစ်လျူရှုထားသည်။ ယင်းအစား သူက လေဟာနယ်အက်ကွဲကြောင်းကို အမြန်ကြည့်လိုက်သည်။ မျက်နှာဖုံးက သူ့နောက်သို့ လိုက်လာခြင်းရှိမရှိ သူသိချင်သည်။

မကြာမီ လှိုင်းဂယက်များက သူကြည့်နေသော လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာကြသည်။ မျက်နှာဖုံးသည် ရွှီချင်းနောက်သို့ အမှန်တကယ် လိုက်ပါလာသည်။

၎င်းက လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

ဤသည်မှာ ၎င်းက ရွှီချင်း၏ ဆန္ဒပြုမှုကို စောင့်ဆိုင်းနေသည့်အလားပင်။

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး အဝေးသို့ အရှိန်မြှင့်တင်လိုက်သည်။ တစ်ချိန်တည်းမှာ သူက မျက်နှာဖုံးကို အာရုံစူးစိုက်ထားသည်။

ထိုအခါ တုံ့ဆိုင်းမှုက မျက်နှာဖုံး၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သို့သော်လည်း ၎င်းက အနောက်မှ အမြန်လိုက်သွားပြီး ရွှီချင်းဆီသို့ ပျံသန်းသွားသည်။

ဤသည်မှာ ရွှီချင်း၏ အစောနက စကားက သေချာသော အကြောင်းတရားကို ဖြစ်ပေါ်စေဟန် ရသည်။

ထို့ပြင် ရွှီချင်းက သူ၏ ဆန္ဒကို ထုတ်ဖော်မပြောခဲ့ပေ။ ထို့ကြောင့် ထိုအကြောင်းတရားက သက်ရောက်မှုမရှိပေ။

သို့ဖြစ်၍ မျက်နှာဖုံးက ထွက်မသွားနိုင်တော့ဘဲ ရွှီချင်းနောက်သို့ လိုက်လာခြင်း ဖြစ်သည်။

ထိုသို့ ရှစ်မိနစ်ကြာအောင် ပျံသန်းပြီးနောက် ရွှီချင်းက အနောက်သို့ ရုတ်တရက် လှည့်လိုက်ပြီး သူ့အနောက်မှ မျက်နှာဖုံး၏ ဘေးမှာ ထွက်ပေါ်လာသည်။ သူက မျက်နှာဖုံးကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

ဤတစ်ကြိမ်တွင် မျက်နှာဖုံးက ယခင်ကဲ့သို့ မဝေဝါးသွားပေ။ ယင်းအစား ၎င်းက ရွှီချင်းကို ဖမ်းဆုပ်ခွင့်ပြုလိုက်သည်။

သူ၏ လက်ထဲတွင် မျက်နှာဖုံးက ရွှီချင်းကို စိုက်ကြည့်နေသည်။ ဤသည်မှာ ၎င်းက ရွှီချင်း၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် စောင့်ဆိုင်းနေဆဲအလားပင်။

ရွှီချင်း၏ မျက်နှာက အမူအရာကင်းမဲ့နေသည်။ သူက မျက်နှာဖုံးကို သူ၏ အဝတ်အစားထဲသို့ သာမန်ကာလျှံကာ ထည့်သွင်းလိုက်သည်။

ထိုမျက်နှာဖုံးကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းခြင်းနှင့်ပတ်သက်ပြီး ရွှီချင်းက အနည်းငယ် စိုးရိမ်သည်။ မည်သို့ဖြစ်ပါစေ ၎င်းက သက်ရှိတစ်ကောင်မဟုတ်ပါလော။

ချိပ်ပိတ်ခြင်းနည်းလမ်းများသည်တော့ ယင်းက မျက်နှာဖုံး၏ လက်ရှိစိတ်အခြေအနေကို ပျက်စီးသွားစေနိုင်သည်။

ထို့ပြင် အစောနက သူ၏ စမ်းသပ်မှုများအရ ထိုမျက်နှာဖုံးသည် သူဆန္ဒမပြုသေးသရွေ့ သူ့နောက်သို့ ဆက်ပြီးလိုက်နေရန် ရာခိုင်နှုန်းများသည်။

သို့ဖြစ်၍ ၎င်းကို သူ၏ အဝတ်အစားထဲမှာ ထည့်သိမ်းထားခြင်းက အလွန်သင့်တော်သည်။

မျက်နှာဖုံး၏ ထူးခြားချက်များနှင့် အဖြူရောင်ဖုန်၏ ကိစ္စကိုတော့ ဤလောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲမှ သူထွက်ခွာသွားပြီးမှသာ ယင်းတို့ကို စူးစမ်းလေ့လာရန် ရွှီချင်းစဉ်းစားထားသည်။

ယခု ဤနေရာသို့ ရောက်လာရသည့် သူ၏ ရည်ရွယ်ချက်က ပြီးမြောက်သွားပြီဖြစ်လေရာ ဆက်ပြီး တည်ရှိနေရန် မလိုတော့ပေ။ အကယ်၍ သူက ဤနေရာမှာ အချိန်ကြာကြာ တည်ရှိနေမည်ဆိုလျှင် အမြစ်ဖြတ်သုတ်သင်ခြင်းအန္တရာယ်ကို ရင်ဆိုင်ရလိမ့်မည်။

ထို့ကြောင့် ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက လောကဇစ်မြစ်လျှို့ဝှက်နယ်မြေ၏ တုံကင်ကို ချက်ချင်း ထုတ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း တုံကင်ကို သူဖိလိုက်သည်နှင့်ချက်ချင်း အဝေးမှ အနီရောင်ဖယောင်းတိုင်၏ မီးတောက်များက ရုတ်တရက် တစ်ဟုန်ထိုး အားကောင်းလာသည်။ မီးအလင်းရောင်က ဧရိယာအားလုံးကို လွှမ်းခြုံသွားပြီး ရွှီချင်းကို ထွန်းလင်းပေးလိုက်သည်။

ယင်းက မီးအလင်းရောင်ကြောင့်လော သူမသေချာသော်လည်း တုံကင်က ဤအခိုက်အတန့်မှာ အကျိုးသက်ရောက်မှုမရှိတော့ပေ။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး အနီရောင်ဖယောင်းတိုင်ကို ကြည့်လိုက်သည်။

“ မျက်နှာဖုံးက ငါ့ဆီမှာ ရှိနေတာကြောင့် အနီရောင်ဖယောင်းတိုင်က ငါ့ကို ဒီကနေ ထွက်သွားခွင့်မပြုတာလား ”

“ ဒါမှမဟုတ် တစ်စုံတစ်ခုက အနီရောင်ဖယောင်းတိုင်ကို ရုတ်တရက် အားကောင်းသွားစေတာလား ”

“ ဒါမှမဟုတ် ဒီဟာက တိုက်ဆိုင်မှုသက်သက်ပဲလား ”

ရွှီချင်းက နှုတ်ဆိတ်သွားပြီး တုံကင်ကို နောက်တစ်ကြိမ် ဖိလိုက်သည်။ အနီရောင်ဖယောင်းတိုင်၏ မီးတောက်များက ထပ်မံ တောက်လောင်လာပြီး တုံကင်၏ အကျိုးသက်ရောက်မှုကို နောက်တစ်ကြိမ် ဆုံးရှုံးသွားစေသည်။

ထိုမြင်ကွင်းမှ ဆိုးဝါးသော အတိတ်နိမိတ်က ရွှိချင်း၏ အမူအရာကို ပြောင်းလဲသွားစေသည်။

All Chapters