← Chapters

အလျော့မပေးသော စိတ်ဓာတ်

Vol. 97 Ch. 1498

အလျော့မပေးသော စိတ်ဓာတ်

Vol. 97 Ch. 1498

“ မင်းက ငါ့ကို ထွက်သွားခွင့်မပေးဘူးလား ”

ရွှီချင်းသည် အဝေးမှ အနီရောင်ဖယောင်းတိုင်ကို ကြည့်လိုက်ပြီး အနည်းငယ် အနောက်ဆုတ်သွားသည်။ သူက မီးတောက်များ၏ သက်ရောက်မှုဧရိယာအတွင်းမှ ရှောင်ရှားလိုက်သည်။

နောက်အခိုက်အတန့်မှာ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဒုတိယအလွှာဆီသို့ ဦးတည်သွားသော လေဟာနယ်အက်ကွဲကြောင်းဆီသို့ ပျံသန်းသွားသည်။

တစ်ခဏကြာပြီးနောက် သူက အနားသို့ ချဉ်းကပ်သွားသည့်အခါ လေဟာနယ်အက်ကွဲကြောင်းက ပျောက်ကွယ်သွားသည်။

“ ဒီနေရာကနေ ငါထွက်သွားမှာကို တားဆီးရုံတင်မကဘူး ဒုတိယအလွှာဆီ ဦးတည်သွားတဲ့ လေဟာနယ်အက်ကွဲကြောင်းကတောင် ပျောက်သွားတယ် ”

“ အဲ့လိုဖြစ်ရတဲ့ အကြောင်းအရင်းက… ”

ရွှီချင်း၏ အမူအရာက မည်းမှောင်သွားသည်။

သူက အမြန်သုံးသပ်လိုက်ပြီး နောက်ဆုံးမှာတော့ ဖြစ်နိုင်ခြေရှိသော အချက်သုံးချက်ကို ရှာတွေ့သွားသည်။

“ ပထမတစ်ချက်က မျက်နှာဖုံးရဲ့ ကမ္မသက်ရောက်မှုပဲ… မျက်နှာဖုံးက ဒီနေရာကနေ ထွက်မသွားနိုင်တာ ဖြစ်နိုင်တယ်… ဒါမှမဟုတ် မျက်နှာဖုံးရဲ့ အစွမ်းက ဒီကနေ ငါ့ကို ထွက်မသွားနိုင်အောင်လို့ တားဆီးထားတာ ဖြစ်နိုင်တယ်… အဲ့ဒါက ဆန္ဒတစ်ခုကို ငါမပြုမချင်း ဒီကနေ ငါမထွက်နိုင်အောင်လို့ တားဆီးထားလိမ့်မယ် ”

“ ဒုတိယတစ်ချက်က အနီရောင်ဖယောင်းတိုင်ပဲ… ငါ့ရဲ့ ခန္ဓာကိုယ်က ထူးခြားတာကြောင့် အဲ့ဒါက ငါ့ကို ထွက်သွားခွင့်မပေးဘဲ ဒီနေရာမှာ အမြစ်ဖြတ်သုတ်သင်ပစ်ချင်တာ ဖြစ်နိုင်တယ် ”

“ တတိယတစ်ချက်ကတော့ ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာပဲ… ငါက ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာကို ဖမ်းဆုပ်ထားပေမဲ့ အဲ့ဒါက မပြည့်စုံတဲ့ အရာပဲ… ဒါကြောင့် အဲ့ဒါကို အသုံးပြုတာက ဆိုးကျိုးတချို့ကို ဖြစ်ပေါ်စေနိုင်တယ်… ဥပမာ ကံကောင်းပြီးနောက် ကံဆိုးခြင်းက ကျရောက်လာလိမ့်မယ် ”

ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာကို အာရုံခံလိုက်သည်။ ယင်းက ပုံမှန်ထက် ပိုပြီးသက်ဝင်လှုပ်ရှားနေကြောင်း သူပြောနိုင်သည်။

သို့သော်လည်း ထိုအချက်တစ်ခုတည်းဖြင့် သူမသေချာပေ။

“ အဲ့ဒီအချက်သုံးခုစလုံးက တစ်ပြိုင်နက်တည်း သက်ရောက်မှုရှိလာတာလည်း ဖြစ်နိုင်တယ် ”

“ ဒါဆိုရင် ဖြေရှင်းနည်းက… ”

ရွှီချင်းက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှာ အမြန်စဉ်းစားလိုက်သည်။ ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ အအေးဓာတ်က ရုတ်ချည်း အားကောင်းလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းက အနောက်ဆုတ်သွားသည်။

အက်ကွဲသံများနှင့်အတူ အစောနက သူရှိနေခဲ့သော ဟင်းလင်းပြင်က ချက်ချင်း အေးခဲသွားသည်။

ရွှီချင်းက အရိပ်လေးနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ မျက်လုံးက အနက်ရောင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော အရိပ်များက အရပ်မျက်နှာအဘက်ဘက်မှ ရွေ့လျားလာနေကြောင်း ချက်ချင်း သူမြင်တွေ့သွားသည်။ ၎င်းတို့က ထိန်းချုပ်ခံလိုက်ရဟန်ရပြီး ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒနှင့်အတူ သူ့ဆီသို့ ဦးတည်လာနေကြသည်။

နောက်အခိုက်အတန့်မှာ နေလုံးက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာပြီး မရေမတွက်နိုင်သော အင်မော်တယ်အလင်းတန်းများကို ဖွဲ့စည်းလိုက်သည်။ အလင်းတန်းများ ဖြတ်သန်းသွားသည့်နေရာတိုင်း ရေခဲလောကက အက်ကွဲသွားပြီး အရေအတွက်များပြားသော အရိပ်များက အော်ဟစ်ညည်းတွားလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်း၏ ဘေးပတ်ပတ်လည်မှ အရိပ်အများစုက ပျောက်ကွယ်သွားကြသည်။

သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ရွေ့လျားသွားသည်။

သို့သော်လည်း အရိပ်အများအပြားက အရပ်မျက်နှာအသီးသီးမှ ပျံသန်းလာနေကြဆဲပင်။ ၎င်းတို့အားလုံးက ရွှီချင်းဆီသို့ ဦးတည်သွားနေကြသည်။

“ အဲ့လောက်တောင် များတာလား ”

ရွှီချင်းက ပျံသန်းသွားနေရင်း အင်မော်တယ်အလင်းကို ဖြန့်ကြက်ထားသည်။ သို့သော်လည်း ယင်းက လောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲ၌ ပိုမိုများပြားသော အရိပ်များကို ဆွဲဆောင်သွားသည်။ ထို့ပြင် အနီရောင်ဖယောင်းတိုင်၏ အလင်းက မြန်ဆန်စွာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ဖယောင်းတိုင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါတိုင်း ဤနေရာမှ ကြယ်ဂြိုလ်များက ပိုပြီးမြန်ဆန်စွာ ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။

တစ်ချိန်တည်းမှာ ဖယောင်းတိုင်အလင်းက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ သူ၏ ဝိညာဉ်က လောင်ကျွမ်းသော စိတ်ခံစားမှုကို ခံစားမိသွားသည်။

“ အဲ့ဒီအရိပ်တွေက ဒီနေရာမှာ သေဆုံးသွားခဲ့ကြတဲ့ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက ကျင့်ကြံသူတွေချည်းပဲ မဟုတ်ဘူး ”

“ ဒီလောကဇစ်မြစ်လျှို့ဝှက်နယ်မြေက သူတော်စင်ကုန်းမြေတွေထက် ပိုပြီးရှေးကျတယ်… ဝမ်ကူးကုန်းမြေဆီ မဆင်းသက်လာခင်မှာ အဲ့ဒါက တခြားလောကတွေဆီမှာလည်း သေချာပေါက် တည်ရှိခဲ့ရလိမ့်မယ်… ဒါကြောင့် နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် အရိပ်တွေအများကြီး ဖြစ်တည်လာတာပဲ ”

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်သည် ထိုအရိပ်များကို မြင်တွေ့သွားပြီးမှသာ သတ်ပစ်နိုင်လိမ့်မည်။ ယခု သူက အရိပ်လေး၏ အကူအညီဖြင့် ၎င်းတို့ကို မြင်တွေ့သွားမှတော့ အင်မော်တယ်အလင်းသာမက တခြားနည်းလမ်းများဖြင့်လည်း ၎င်းတို့ကို သတ်ပစ်နိုင်လိမ့်မည်။

မကြာမီ ဝုန်းခနဲ မြည်သံက ပဲ့တင်ထပ်သွားသည့်အခိုက် အရေအတွက်များပြားသော ဝိညာဉ်ချည်မျှင်များက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ဒလဟော ထွက်ပေါ်လာကြသည်။ ၎င်းတို့က နတ်ဘုရားအခွင့်အာဏာများကို သယ်ဆောင်လျက် အရိပ်များကို တိုက်ခိုက်လိုက်ကြသည်။

၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အရိပ်များက အစုလိုက်အပြုံလိုက် ပြိုကွဲပျက်စီးသွားလိမ့်မည်။

သို့သော်လည်း အန္တရာယ်ခံစားမှုက မလျော့ကျသွားသည့်အပြင် ပိုပြီးအားကောင်းလာကြောင်း ရွှီချင်း ခံစားမိသည်။

အဘယ့်ကြောင့်ဆိုသော် အနီရောင်ဖယောင်းတိုင်၏ မီးအလင်းရောင်အောက်မှာ သူ့ဝိညာဉ်၏ လောင်ကျွမ်းမှုက ပိုပြီးပြင်းထန်လာနေသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲတွင် ပန်းချီကားအသွင်ပြောင်းလဲသွားသော ကြယ်ဂြိုလ်များက စတင်ပြောင်းလဲသွားကြသည်။ ဤသည်မှာ ၎င်းတို့က ပန်းချီဆွဲထားသော ဧရာမမျက်လုံးများသဖွယ် ရွှီချင်းကို စူးစိုက်ကြည့်နေကြသည်။ အဆုံးမဲ့သော လောဘစိတ်ဆန္ဒက ၎င်းတို့ထံမှ ထွက်ပေါ်လာသည်။

ထိုအကြည့်များကို အာရုံခံမိသွားသောအခါ ရွှီချင်းက ပြင်းထန်သော အန္တရာယ်ကို ခံစားမိသွားသည်။

သူ၏ ဝိညာဉ်က လောင်ကျွမ်းသည့် စိတ်ခံစားမှုအပြင် ဆုတ်ဖြဲခံနေရသော လက္ခဏာများကိုလည်း ဖော်ပြလာသည်။ ဤသည်မှာ ထိုကြယ်ဂြိုလ်မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်း၏ ဝိညာဉ်ကို စုပ်ယူချင်နေသည့်အလားပင်။

ထိုမျှသာ မဟုတ်ပေ။ ရွှီချင်းကို ပိုပြီးနှလုံးတုန်သွားစေသည်မှာ ဒြပ်မဲ့ဖြစ်သော သူ၏ ဝိညာဉ်က မြန်ဆန်စွာ ဒြပ်ထည်ရှိလာနေခြင်း ဖြစ်သည်။

ဒြပ်ထည်သည် ပန်းချီကားတစ်ချပ်ဖြစ်သည်။

သူက ပန်းချီကားအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားနေသည်။

“ အရိပ်လေးနဲ့ ပေါင်းစပ်ထားတဲ့ ဒီအခြေအနေမှာဆိုရင် အရိပ်တွေကို ငါမြင်နိုင်ပြီး သတ်ပစ်နိုင်လိမ့်မယ်… ဒါပေမဲ့… ”

“ အရာအားလုံးမှာ အသွားအပြန်ရှိတယ်… ဒီအခြေအနေမှာ ငါက သူတို့ကို မြင်နိုင်သလို အနီရောင်ဖယောင်းတိုင်ကလည်း ငါ့ကို မြင်နိုင်သွားလိမ့်မယ်… ဒါကြောင့်မို့လို့ အမြစ်ဖြတ်သုတ်သင်ခြင်းက ပိုပြီးအရှိန်မြှင့်သွားတာပဲ ”

“ ဒါပေမဲ့ ဒီအခြေအနေကို ငါဖယ်ရှားလိုက်မယ်ဆိုရင် အရိပ်တွေကို ငါမြင်နိုင်တော့မှာ မဟုတ်ဘူး… အဲ့ဒီတော့ သူတို့ကို ငါသတ်နိုင်တော့မှာ မဟုတ်ဘူး ”

အရာအားလုံးမှာ အကောင်းအဆိုးက ဒွန်တွဲနေသည်။ ယင်းက လောကနိယာမ ဖြစ်သည်။

ရွှီချင်း၏ အမူအရာက အရုပ်ဆိုးသွားသည်။ သို့သော်လည်း သူက အရိပ်လေးနှင့် ပေါင်းစပ်မှုကို ဖယ်ရှားလိုက်ဆဲပင်။ အရိပ်လေးက ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးက အနက်ရောင်မဟုတ်တော့သည်နှင့်ချက်ချင်း သူ၏ ဝိညာဉ် ပန်းချီဆွဲခံနေရသော ခံစားမှုက ပျောက်ကွယ်သွားသည်။

သို့သော်လည်း ရွှီချင်းသည် အရပ်မျက်နှာအဘက်ဘက်မှ ပျံသန်းလာနေကြသော အရိပ်များကို မမြင်နိုင်တော့ပေ။ သို့ဖြစ်၍ ၎င်းတို့ကို သူမသတ်နိုင်တော့ပေ။

ထို့ကြောင့် သူက ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရန်သာ အရှိန်မြှင့်တင်လိုက်သည်။

သို့သော်လည်း အနီရောင်ဖယောင်းတိုင်၏ တည်ရှိမှုကြောင့် ရွှီချင်း၏ ကြိုးစားမှုအားလုံးက ကျရှုံးသွားခဲ့သည်။

သူက တုံကင်ကို အသက်သွင်းလိုက်တိုင်း အနီရောင်ဖယောင်းတိုင်က ကြားဝင်နှောင့်ယှက်လိမ့်မည်။

ထို့ပြင် သူက အရိပ်လေးဖြင့် မပေါင်းစပ်တော့သည့်တိုင်အောင် အနီရောင်ဖယောင်းတိုင်မှ အလင်းရောင်က ရွှီချင်းကို အမြစ်ဖြတ်သုတ်သင်နေဆဲပင်။

သူ၏ ရုပ်ခန္ဓာကိုယ်က ဘာမှမပြောင်းလဲသွားသော်လည်း သူ၏ ဝိညာဉ်က တဖြည်းဖြည်း နှေးကွေးလေးကန်လာသည်။ သူ၏ အတွေးများသည်ပင် သက်ရောက်ခံလိုက်ရသည်။ ဤသည်မှာ သူ၏ အသိစိတ်က စတင်သံချေးတတ်လာသည့်အလားပင်။

ထိုမျှသာ မဟုတ်ပေ။ ရွှီချင်းက ရွှယ်ချန်းဇီအသွင် ပြောင်းလဲထားခဲ့သော ကမ္မအမှတ်အသားများသည်ပင် ဖယောင်းတိုင်အလင်းအောက်မှာ စတင်အရည်ပျော်လာသည်။

သူက ရွှယ်ချန်းဇီအသွင် ဆက်ပြီး ရုပ်မဖျက်နိုင်တော့ပေ။ သူ၏ ဖုံးကွယ်မှုအားလုံးနှင့် ကမ္မဆက်နွယ်မှုအားလုံးက လွင့်ပြယ်သွားကြသည်။

တစ်ချိန်တည်းမှာ " ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ "ဟူသော စကားပုံက အမှန်တကယ် ဖြစ်လာသည်။ ဖြစ်နိုင်သည်မှာ အစောနက ရွှီချင်းသုံးသပ်ခဲ့သော တတိယအချက်က ဤအခိုက်အတန့်မှာ အသက်ဝင်လာဟန် ရ၏။ ကံကောင်းခြင်းကို အသုံးပြုပြီးနောက် သူရင်းနှီးကျွမ်းဝင်သော ကံကြမ္မာဆိုးက သူ့အပေါ်သို့ ကျရောက်လာသည်။

အကြောင်းအရင်းမှာ ကျင့်ကြံသူတစ်ယောက်က သူ့အရှေ့မှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဤသည်မှာ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေဆီသို့ ရွှီချင်းဝင်ရောက်လာပြီးနောက် သက်ရှိလူသားတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်လိုက်ခြင်း ဖြစ်သည်။

ထိုလူက မဟာလောကသုံးခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်သည်။ သူက ဤနေရာသို့ ဝင်ရောက်လာသည်မှာ မကြာသေးဟန်ရပြီး အစတွင် သူက ဥပဒေသများနှင့် နိယာမများကို ဆင်ခြင်နားလည်နေခဲ့သည်။

သို့သော်လည်း သူက ဤနေရာမှ ကြီးမားသော အပြောင်းအလဲများကို သတိထားမိသွားသောအခါ ဆင်ခြင်နားလည်ခြင်းမှ ထွက်လာခဲ့သည်။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးနေစဉ် ရွှီချင်းကို အမှတ်မထင် မြင်တွေ့သွားသည်။

ရွှီချင်းကို မြင်တွေ့သွားသည်နှင့်ချက်ချင်း မိစ္ဆာငှက်မွှေးကျင့်ကြံသူက ဆွံ့အသွားသည်။ ထို့နောက် မယုံကြည်နိုင်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီး သူက အလန့်တကြား အော်ပြောလိုက်သည်။

“ ရွှီချင်းလား ”

သူ၏ ဖုံးကွယ်မှုများက လွင့်ပြယ်သွားသည့်အပြင် လူသားမျိုးနွယ်အတွင်းမှာ ရွှီချင်း၏ ဂုဏ်သတင်းက အလွန်ကျော်ကြားသောကြောင့် တစ်ဖက်လူက သူ့ကို ချက်ချင်း မှတ်မိသွားသည်မှာ မထူးဆန်းပေ။ ရွှီချင်းကို မှတ်မိသွားပြီးနောက် ထိုကျင့်ကြံသူက လုံးဝမတုံ့ဆိုင်းနေပေ။ သူက တုံကင်တစ်ခုကို တိုက်ရိုက် ထုတ်လိုက်ပြီး ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။

တုံကင်ကို ဖိလိုက်သည့်အခါ ဝဲကတော့တစ်ခုက သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။

တစ်ဖက်လူက ထွက်သွားတော့မည်ကို မြင်သောအခါ အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်လူ၏ အနောက်မှ ဝဲကတော့ကို သတိထားမိသွားသောအခါ သူ၏ အလျင်က တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာသည်။

ဗုန်းဟူသော ပေါက်ကွဲသံနှင့်အတူ သူက အမြန်ချဉ်းကပ်သွားသည်။

သူက အနားသို့ ချဉ်းကပ်သွားသည်နှင့်ချက်ချင်း အနီရောင်ဖယောင်းတိုင်က ရုတ်တရက် ထွန်းလင်းတောက်ပလာပြီး ထိုကျင့်ကြံသူ၏ အနောက်မှ ဝဲကတော့ကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။ မိစ္ဆာငှက်မွှေးကျင့်ကြံသူ၏ တည်နေရာပြောင်းရွှေ့မှုက ကြားဖြတ်နှောင့်ယှက်ခံလိုက်ရသည်။

ထို့ကြောင့် ရွှီချင်းသည်လည်း တစ်ဖက်လူ၏ ဝဲကတော့ကို အသုံးပြု၍ ဤနေရာမှ မထွက်သွားနိုင်တော့ပေ။

ရွှီချင်း၏ ကံဆိုးမှုက တစ်ဖက်လူကို ကူးစပ်သွားခြင်းလော သို့မဟုတ် သူတို့နှစ်ယောက်စလုံးက ကံဆိုးနေခြင်းလော မသေချာပေ။

မည်သို့ဖြစ်ပါစေ ရွှီချင်းက ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ အကြောင်းအရင်းအမှန်ကို စူးစမ်းလေ့လာရန် ရွှီချင်းမှာ အချိန်မရှိပေ။ တစ်ဖက်လူ၏ တည်နေရာပြောင်းရွှေ့မှုက ကျရှုံးသွားကြောင်း မြင်သောအခါ ရွှီချင်း၏ အမူအရာက အရုပ်ဆိုးသွားသည်။

မိစ္ဆာငှက်မွှေးကျင့်ကြံသူသည်တော့ ကြောက်လန့်သွားပြီး အမြန်အနောက်ဆုတ်သွားသည်။

သို့သော်လည်း သူက ပေတစ်ရာအကွာသို့ ဆုတ်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ထိန်းချုပ်ခံလိုက်ရသည့်အလားပင်။ သူက ရုတ်တရက် ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ပြင်းထန်သော လောဘစိတ်က ထွက်ပေါ်လာသည်။

နောက်အခိုက်အတန့်မှာ သူက ဆက်ပြီး ထွက်မပြေးတော့ဘဲ ရွှီချင်းဆီသို့ ဦးတည်သွားကာ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်သည်။

ဝုန်းခနဲ မြည်သံက ချက်ချင်း ပဲ့တင်ထပ်သွားသည်။

တစ်ခဏကြာပြီးနောက် ရွှီချင်းက ထိုဧရိယာမှ ထွက်သွားသည်။

မဟာလောကသုံးခု ဝိညာဉ်စုစည်းခြင်းအဆင့်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုက သူ၏ ရုပ်ခန္ဓာကိုယ်အပေါ် လုံးဝသက်ရောက်မှုမရှိပေ။ သို့သော်လည်း တဖြည်းဖြည်း အမြစ်ဖြတ်သုတ်သင်ခံနေရသော သူ့အတွက်တော့ သူ၏ ဝိညာဉ်က အနည်းငယ် တုန်ယင်သွားဆဲပင်။

ကံကောင်းစွာဖြင့် ရွှီချင်းက ဤလျှို့ဝှက်နယ်မြေထဲမှာ နောက်ထပ် ကျင့်ကြံသူများဖြင့် မတွေ့ဆုံခဲ့ပေ။

မည်သို့ဖြစ်ပါစေ တစ်စုံတစ်ယောက်က ဤလောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ချင်လျှင် ပမာဏများပြားသော စစ်ပွဲအကျိုးဆောင်မှုအမှတ်များကို စုဆောင်းရလိမ့်မည်။ ထို့ကြောင့် ဤလျှို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံသူအများကြီး မရှိနိုင်ပေ။

သို့သော်လည်း ရွှီချင်းက ဤနေရာမှ ထွက်သွားနိုင်မည့် နည်းလမ်းတစ်ခုကို ယခုထိ မစဉ်းစားနိုင်သေးပေ။

သူ့နောက်သို့ လိုက်ဖမ်းနေသော အရိပ်များက တဖြည်းဖြည်း များပြားလာကြသည်။

အမြစ်ဖြတ်သုတ်သင်ခြင်းသည်လည်း ပိုပြီးအားကောင်းလာသည်။

နောက်ဆုံးမှာတော့ ရွှီချင်းသည် လျှို့ဝှက်နယ်မြေတစ်ခုလုံးထံမှ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒကို အာရုံခံမိသွားသည်။ သူ့အရှေ့မှ လမ်းကြောင်းရှိ ကြယ်ဂြိုလ်များနှင့် ကမ္ဘာငယ်များသည်ပင် အနီရောင်အလင်းအောက်မှာ ချက်ချင်း ပြိုကွဲပျက်စီးသွားကြသည်။

ထို့ပြင် ဗလာဟင်းလင်းပြင်ထဲမှာ ကြယ်ဂြိုလ်များက ရုတ်တရက် စတင်မွေးဖွားလာကြသည်။

ယင်းတို့ထံမှ အဖျက်စွမ်းအားက ရွှီချင်းအတွက် ခုခံကာကွယ်ရန် အခက်တွေ့စေသည်။

ထို့ပြင် ပိုပြီးကြောက်စရာကောင်းသည်မှာ အနီရောင်ဖယောင်းတိုင်၏ သည်းခံနိုင်စွမ်းက ကုန်ဆုံးသွားဟန် ရ၏။ ထို့ကြောင့် ဖယောင်းတိုင်သည် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေမည့်အစား တစ်ဟုန်ထိုး တောက်လောင်လာသည်။

ဤသည်မှာ မီးတောင်တစ်ခုက ပေါက်ကွဲသွားသည့်အလားပင်။ အလင်းရောင်က ပိုပြီးထွန်းလင်းတောက်ပလာပြီး ဤလောကဇစ်မြစ်လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာ အပူလှိုင်းများက အရာအားလုံးကို အရည်ပျော်သွားစေသည်။

မျက်စိတစ်ဆုံးမြင်နိုင်သည်မှာ လျှို့ဝှက်နယ်မြေထဲမှ အရာအားလုံးက စတင်အရည်ပျော်နေသည်။

ကြယ်ဂြိုလ်များဖြစ်စေ ကမ္ဘာငယ်များဖြစ်စေ သို့မဟုတ် ဖုန်များဖြစ်စေ ယင်းတို့အားလုံးက ဖယောင်းတိုင်အလင်း၏ သက်ရောက်ခံလိုက်ရသည်။

အနီရောင်ဖယောင်းတိုင်မှလွဲ၍ အရာအားလုံးက လောင်ကျွမ်းနေသည်။ ဖယောင်းတိုင်သည်တော့ အနည်းငယ် လွင့်ပြယ်သွားသည်။

“ အဲ့ဒါက ငါ့ကို လုံးဝဖျက်ဆီးချင်နေတာပဲ… အသက်ရှင်ဖို့ လုံးဝ အခွင့်အရေးမပေးဘူး ”

“ ဧကရီက ဒီနေရာက မူမမှန်မှုကို အာရုံခံမိသွားတဲ့အချိန် ဒါမှမဟုတ် ဖယောင်းတိုင်က ကုန်ဆုံးသွားတဲ့အချိန်မှပဲ ငါထွက်ခွာနိုင်လိမ့်မယ် ”

“ ပထမတစ်ချက်ကို သုံးသပ်ကြည့်ရင် ဧကရီက ဘယ်တော့မှ ဒီဟာကို အာရုံခံမိမလဲဆိုတာ ငါမပြောနိုင်ဘူး… ဒုတိယတစ်ချက်ကျတော့ ဖယောင်းတိုင်က အရည်ပျော်သွားပြီး ပျောက်ကွယ်သွားရင်တောင် နောက်တစ်တိုင် ထွက်ပေါ်လာဦးမလားဆိုတာ ငါမသေချာဘူး… ဘာပဲဖြစ်ဖြစ် အဲ့ဒါက မျက်နှာဖုံးကြောင့် ဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ် ”

“ အရေးကြီးဆုံးကတော့ ဒီနေရာမှာ အချိန်အကြာကြီး ငါမနေနိုင်ဘူး ”

ရွှီချင်းက ထွက်ပြေးနေရင်း ဤနေရာမှ လွတ်မြောက်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း သူ၏ နည်းလမ်းအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။ သို့ဖြစ်၍ ယခု သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထွက်ပေါ်လာသည်။ ယခု သူ့မှာ နည်းလမ်းတစ်ခုသာ ရွေးချယ်ရန် ကျန်ရှိတော့သည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်က ရပ်တန့်သွားသည်။ သူက အဝေးမှ ဖယောင်းတိုင်ကို စိုက်ကြည့်လိုက်သည့်အခါ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေလျှင် သူသေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ရွှီချင်း သိသည်။

“ မင်းက ငါ့ကို ထွက်သွားခွင့်မပေးဘဲ အမြစ်ဖြတ်သုတ်သင်ချင်နေမှတော့… ”

ရူးသွပ်မှုနှင့် အကြင်နာမဲ့မှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဤလောကဇစ်မြစ်လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုမှ အနီရောင်ဖယောင်းတိုင်ဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားရန် စိတ်ဆုံးဖြတ်လိုက်သည်။

ယင်းက အလွန်အန္တရာယ်များကြောင်း သူသိသည်။ သို့သော်လည်း အကယ်၍ ဤနည်းလမ်းက အောင်မြင်သွားမည်ဆိုလျှင် သူစဉ်းစားမိသော အကြောင်းအရင်းသုံးမျိုးက ချက်ချင်း ပြေလည်သွားလိမ့်မည်။

မျက်နှာဖုံး၏ ကမ္မက ဖယောင်းတိုင်အပေါ် သက်ရောက်မှုရှိပြီး သူ့အား ထွက်မသွားနိုင်စေရန် တားဆီးပိတ်ပင်ထားသည်။

ဖယောင်းတိုင်ကိုယ်တိုင်ကလည်း လောဘကြီးပြီး သူ့ကို အမြစ်ဖြတ်သုတ်သင်ချင်နေသည်။

ကံကောင်းခြင်းနတ်ဘုရားအခွင့်အာဏာကို အသုံးပြုပြီးနောက် ကံကြမ္မာဆိုးက ဆင်းသက်လာလိမ့်မည်။

“ ဒီလိုဆိုမှတော့ မင်းကို ငါအမြစ်ဖြတ်သုတ်သင်ပစ်မယ် ”

ရွှီချင်း၏ မျက်လုံးက သွေးရောင်လွှမ်းသွားသည်။ တဟုန်းဟုန်း တောက်လောင်နေသော အနီရောင်ဖယောင်းတိုင်၏ အရှေ့တွင် မရေမတွက်နိုင်သော အရိပ်များက စုဝေးရှိနေကြသည်။ သို့သော်လည်း သူက တုံ့ဆိုင်းခြင်းလုံးဝမရှိဘဲ ဥက္ကာပျံတစ်စင်းနှယ် သို့မဟုတ် ပိုးဖလံတစ်ကောင်နှယ် ဖယောင်းတိုင်ဆီသို့ အရှုံးမပေးသော စိတ်ဓာတ်နှင့်အတူ ပျံသန်းသွားသည်။

All Chapters