ကျောပေါ်မှ အနီရောင်ဖယောင်းတိုင်
Vol. 97 Ch. 1500
နတ်ဘုရားအခွင့်အာဏာများအပေါ် ရွှီချင်း၏ နားလည်မှုက အကန့်အသတ်ရှိသော်လည်း သူ့ကိုယ်သူဖြစ်စေ သို့မဟုတ် တခြားနတ်ဘုရားများအပေါ်မှာဖြစ်စေ သူက နတ်ဘုရားအခွင့်အာဏာတချို့ကို မြင်ခဲ့ဖူးသည်။ ထို့ပြင် နတ်ဘုရားအခွင့်အာဏာများအပေါ် သူ့ဘာသာ သုတေသနပြုလုပ်ခဲ့သည်။
နတ်ဘုရားအခွင့်အာဏာက မူလစွမ်းအင်နှင့် ကွဲပြားခြားနားကြောင်း သူသိသည်။ ယင်းက အလွန်ရှေးကျပြီး နတ်ဘုရားမျိုးဆက်၏ မူပိုင်စွမ်းအား ဖြစ်သည်။
ယင်းက အရာအားလုံးနှင့် သက်ရှိအားလုံးအပေါ်မှာ လွှမ်းမိုးခြယ်လှယ်နိုင်သည်။ ယင်းက ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးအပေါ် သက်ရောက်မှုရှိသည်။
အဘယ့်ကြောင့်ဆိုသော် ဤစကြာဝဠာက နတ်ဘုရားများအပိုင် ဖြစ်သည်။
နတ်ဘုရားအခွင့်အာဏာကို အဆင့်နှစ်ဆင့် ခွဲခြားထားသည်။ ပထမတစ်ဆင့်သည် နတ်ဘုရားအခွင့်အာဏာကို အသုံးပြုရန် အရည်အချင်းပြည့်မီသော အဆင့်ဖြစ်သည်။ ဒုတိယတစ်ဆင့်သည် နတ်ဘုရားအခွင့်အာဏာကို တစ်ဦးတည်းမူပိုင် အသုံးပြုနိုင်သော အဆင့်ဖြစ်သည်။
ပထမတစ်ဆင့်တွင် နတ်ဘုရားအများကြီးက နတ်ဘုရားအခွင့်အာဏာတစ်ခုကို အတူတကွ အသုံးပြုကြရသည်။ ထိုအဆင့်တွင် ၎င်းတို့က တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ကြရလိမ့်မည်။
၎င်းတို့က နတ်ဘုရားအခွင့်အာဏာတူညီသော တခြားနတ်ဘုရားများကို ဝါးမျိုခြင်း၊ လုယက်ခြင်းဖြင့်သာ ဒုတိယအဆင့်ကို တတ်လှမ်းနိုင်လိမ့်မည်။
ဒုတိယအဆင့်သို့ ရောက်သွားမှသာ ၎င်းတို့က ထိုနတ်ဘုရားအခွင့်အာဏာကို တစ်ဦးတည်းမူပိုင် ထိန်းချုပ်နိုင်သွားလိမ့်မည်။
ရွှီချင်း၏ နားလည်ထားမှုအရ ဒုတိယအဆင့်သို့ ရောက်ရှိနိုင်သော တည်ရှိမှုသည် အနည်းဆုံး အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်ရမည်။
နတ်ဘုရားအခွင့်အာဏာများနှင့်ပတ်သက်ပြီး ရွှီချင်း၏ ယခင်နားလည်ထားမှုများအရ ယင်းတို့မှာ စွမ်းအင်ခွဲခြားမှု မရှိဟန်ရသည်။ နတ်ဘုရားအခွင့်အာဏာတစ်ခု၏ စွမ်းအားကို နတ်ဘုရားအခွင့်အာဏာအား ထိန်းချုပ်နိုင်သော အတိုင်းအတာနှင့် အကွာအဝေးပေါ်မှာ မူတည်၍ အဆုံးအဖြတ်ပေးလိမ့်မည်။
အကွာအဝေးသည် နတ်ဘုရားအခွင့်အာဏာ၏ အဓိကသော့ချက် ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်း၏ ယခင်နားလည်ထားမှုများက လှိုင်းထသွားသည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားအမျှင်တန်းသုံးမျှင်၏ ယှက်ထွေမှုမှ ထွက်ပေါ်လာသော အထူးနတ်ဘုရားအခွင့်အာဏာ၏ အရှိန်အဝါက အလွန်ကြောက်စရာကောင်းသောကြောင့် ဖြစ်သည်။ ယင်းက အရာအားလုံးထက် သာလွန်သည်။
ယင်းက အလွန်လွှမ်းမိုးဖိနှိပ်လေရာ ယင်းနှင့် တခြားနတ်ဘုရားအခွင့်အာဏာများကြားမှ ခြားနားမှုကို ရှင်းရှင်းလင်းလင်း သူအာရုံခံနိုင်သည်။
ထိုနတ်ဘုရားအခွင့်အာဏာက မည်သည့်အရာဖြစ်ကြောင်း ရွှီချင်းမသိပေ။ ကံကောင်းခြင်း၊ ကံကြမ္မာဆိုးနှင့် ခရမ်းလနတ်ဘုရားအခွင့်အာဏာ၏ ဝိသေသလက္ခဏာများအပေါ် အခြေခံပြီး အကြမ်းဖျဉ်းသာ သူခန့်မှန်းနိုင်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ယင်းကို စူးစမ်းလေ့လာရန် သူ့မှာ အချိန်မရှိပေ။ ဖယောင်းတိုင်မီး၏ တစ်ဟုန်ထိုး တောက်လောင်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်က အောက်သို့ ချက်ချင်း ဆင်းသက်သွားပြီး ဖယောင်းတိုင်၏ မီးစာပေါ်သို့ ကျဆင်းသွားသည်။ သူက ခန္ဓာကိုယ်ကို အသုံးပြု၍ အနီရောင်ဖယောင်းတိုင်ကို ငြိမ်းသတ်ပစ်ချင်သည်။
ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲတွင် အနီရောင်ဖယောင်းတိုင်မှ မီးတောက်၏ တန်ပြန်တိုက်ခိုက်မှုက အတော်လေး ကြောက်စရာကောင်းလာသည်။ မီးတောက်များက အရူးအမူး လောင်ကျွမ်းလာကြသည်။
ထိုမီးတောက်သည် နတ်ဘုရားအမျှင်တန်းသုံးမျှင်ကို လောင်ကျွမ်းပစ်ရန်မှတပါး တခြားရွေးချယ်စရာမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ရွှီချင်း၏ ဝိညာဉ်ကို နတ်ဘုရားအမျှင်တန်းသုံးမျှင်၏ ယှက်ထွေမှုမှ ဖြစ်ပေါ်လာသော ထူးဆန်းသည့် နတ်ဘုရားအခွင့်အာဏာက ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။
ယင်းက ဖယောင်းတိုင်မီးကို ခုခံတားဆီးနေသည်။
သို့တိုင်အောင် မီးတောက်များမှ အကြွင်းအကျန် အပူဓာတ်က ရွှီချင်း၏ ဝိညာဉ်ကို ဆက်လက် လောင်ကျွမ်းပစ်နေဆဲပင်။
ဝိညာဉ်ချည်မျှင်များက အလျှင်အမြန် ကုန်ဆုံးသွားပြီး ယခု အရေအတွက် တစ်သောင်းအောက်သာ ကျန်ရှိတော့သည်။
အပြင်လောကတွင် သူက အဝတ်အစားအားလုံးကို ဆုံးရှုံးသွားသည်။ ထိုအခါ ဖယောင်းတိုင်၏ မီးစာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော သူ၏ အနီရောင်ခန္ဓာကိုယ်က ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။
ဗုန်း…
သူက အောက်သို့ ကျဆင်းသွားသည့်အခိုက် ကျယ်လောင်သော မြည်သံက လောကဇစ်မြစ်လျှို့ဝှက်နယ်မြေတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။
ဖယောင်းတိုင်မီးက ငြိမ်းသတ်သွားသည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲမှ မီးတောက်များက ချက်ချင်း ပျောက်ကွယ်သွားကြသည်။ သူ၏ ဗလာနတ္ထိကုန်းမြေသည်တော့ ဇကာပေါက်သဖွယ် အပေါက်များဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် ဗလာနတ္ထိကုန်းမြေပေါ်မှာ နတ်ဘုရားအမျှင်တန်းသုံးမျှင်၏ အတူတကွ ယှက်ထွေမှုမှ ဖြစ်ပေါ်လာသော ထူးဆန်းသည့် နတ်ဘုရားအခွင့်အာဏာသည်လည်း ကြီးမားသော အပြောင်းအလဲဖြင့် တွေ့ကြုံသွားသည်။
အစက အတူတကွ မပေါင်းစပ်နိုင်သော အခြေအနေမှ ယခု ယင်းတို့က (၁၀)ရာခိုင်နှုန်း ပေါင်းစပ်သွားကြသည်။
အလွန်ကျယ်ပြောသော နတ်ဘုရားအခွင့်အာဏာအရှိန်အဝါသည် ယင်းတို့ထံမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ အသိစိတ်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အပြင်လောကတွင်တော့ ဖယောင်းတိုင်က ငြိမ်းသတ်သွားသည့်အခိုက် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ဖယောင်းတိုင်ထံမှ မီးအလင်းရောင်က ပျောက်ကွယ်သွားသည်နှင့် ကြယ်ဂြိုလ်အားလုံးက လွင့်ပြယ်သွားကြသည်။ သာမန်မျက်စိဖြင့် မြင်နိုင်သော ကြယ်ဂြိုလ်များဖြစ်စေ သို့မဟုတ် အရိပ်မျက်လုံးဖြင့် မြင်နိုင်သော ပန်းချီကားကြယ်ဂြိုလ်များဖြစ်စေ ဤအခိုက်အတန့်မှာ ယင်းတို့အားလုံးက ဖယ်ရှားခံလိုက်ရကြသည်။
အရိပ်များသည်လည်း မီးငြိမ်းသတ်သွားသည်နှင့် ပျောက်ကွယ်သွားကြသည်။
ဤသည်မှာ ဖယောင်းတိုင်၏ မီးအလင်းရောင်မရှိတော့သဖြင့် ပုံရိပ်ယောင်အားလုံးက ပျောက်ကွယ်သွားကြသည့်အလားပင်။
လောကတစ်ခုလုံး အမှောင်ထုထဲသို့ ကျရောက်သွားသည်။
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေသည်ပင် ဤအခိုက်အတန့်မှာ ပျောက်ကွယ်သွားနေဟန် ရ၏။
အချိန်အတော်ကြာပြီးနောက် တင်ပျဉ်ခွေလျက် တရားထိုင်နေသော ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက မောပန်းနေပြီး သူ၏ မျက်လုံးက သွေးရောင်လွှမ်းနေသည်။
သူ၏ ဝိညာဉ်က အလွန်အားနည်းနေလေရာ သူ၏ စိတ်အာရုံက ဝေဝါးလာသည်။
သူ၏ ဘေးပတ်ပတ်လည်မှာ အနက်ရောင်ချည်းသာ ရှိသည်။ သူက မည်သည့်အရာကိုမှ မမြင်နိုင်ပေ။ အလင်းရောင်ကင်းမဲ့သွားသော ဤလောကသည် ဗလာနတ္ထိမြင်ကွင်းတစ်ခုမျှသာ ဖြစ်သည်။ သူက နတ်ဘုရားမျက်စိဖြင့် ကြည့်လိုက်သည့်တိုင် ဘာမှမပြောင်းလဲသွားချေ။
သူ၏ အောက်ဘက်မှ ဖယောင်းတိုင်ကိုပင် သူမမြင်နိုင်ပေ။
ကပ်ဘေးဒုက္ခမှ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သော ခံစားမှုက ရွှီချင်း၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ ဖယောင်းတိုင်မီးက ငြိမ်းသတ်သွားတော့ မှတ်တမ်းက ပျောက်ကွယ်သွားတယ်… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ပြီး မျက်နှာဖုံးကို ထိတွေ့လိုက်သည်။ မျက်နှာဖုံးက ဆက်ရှိနေသေးကြောင်း အတည်ပြုပြီးနောက် သူက စိတ်သက်သာရာရသွားသည်။
ရွှီချင်းက ဤနေရာမှာ အချိန်အကြာကြီး မနေချင်ပေ။ ဖယောင်းတိုင်မီးက နောက်တစ်ကြိမ် ထွက်ပေါ်လာဦးမည်လော သို့မဟုတ် မကြာခင်မှာ ဤလျှို့ဝှက်နယ်မြေထဲမှ အရာအားလုံးက ပြန်လည်ထွက်ပေါ်လာဦးမည်လော သူမသေချာပေ။
ထို့ကြောင့် သူက လျှို့ဝှက်နယ်မြေ၏ တုံကင်ကို အမြန်ထုတ်လိုက်ပြီး အသက်သွင်းရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဆတ်ခနဲ အနောက်လှည့်လိုက်သည်။
သူ၏ အနောက်တွင် အမှောင်ထုမှလွဲ၍ ဘာမှမရှိပေ။
သို့သော်လည်း ရွှီချင်းက သတိကြီးစွာထားလိုက်သည်။ အစောနက သူသည် ပျောက်ကွယ်သွားသော ဖယောင်းတိုင်က နောက်တစ်ကြိမ် ထွက်ပေါ်လာသည်ဟု မသဲမကွဲ ခံစားမိသွားသည်။
“ မဟုတ်သေးဘူး ”
ရွှီချင်းက ညာလက်ကို အမြန်မြှောက်လိုက်ပြီး အဝတ်အစားကင်းမဲ့နေသော သူ၏ နောက်ကျောပေါ်သို့ ဖိချလိုက်သည်။ သူက ကျောပေါ်သို့ ဖိချလိုက်သည်နှင့်ချက်ချင်း အရေပြားမဟုတ်သော အထိအတွေ့တစ်ခုက သူ၏ လက်ဖဝါးမှတဆင့် သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည်။ ယင်းက သူ၏ နှလုံးကို လှိုင်းထသွားစေသည်။
အမှန်မှာ အနီရောင်ဖယောင်းတိုင်က မပျောက်ကွယ်သွားခဲ့ပေ။
အကြောင်းအရင်းတချို့ကြောင့် ယင်းက ရွှီချင်း၏ ကျောပေါ်မှာ တံဆိပ်ခတ်သွားသည်။ ရွှီချင်း၏ အာရုံခံစားမှုအရ ယင်းက သူ၏ ကျောတစ်ပြင်လုံးမှာ ဆေးမင်ကြောင်တစ်ခုသဖွယ် တည်ရှိနေသည်။
ကံကောင်းစွာဖြင့် သူ၏ ကျောပေါ်မှ အနီရောင်ဖယောင်းတိုင်သည် မီးငြိမ်းသတ်နေသော အခြေအနေမှာဖြစ်ကြောင်း ရွှီချင်း နားလည်သွားသည်။
သူက မျက်မှောင်ကြုတ်လိုက်သည်နှင့် အတွေးများစွာက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူက တုံကင်ကို ဖိလိုက်သည်။
သို့သော်လည်း တုံကင်က မည်သည့်တုံ့ပြန်မှုမှ မပြချေ။
တစ်ခုသိထားရမည်မှာ တုံကင်သည် ယခင်က တုံ့ပြန်မှုရှိခဲ့သည်။ သို့သော်လည်း အနီရောင်ဖယောင်းတိုင်မှ မီးအလင်းရောင်က တုံကင်၏ အကျိုးသက်ရောက်မှုကို ကြားဝင်နှောင့်ယှက်ခဲ့သည်။
သို့သော်လည်း ယခု တုံကင်က လောကဇစ်မြစ်လျှို့ဝှက်နယ်မြေနှင့် လုံးဝအဆက်အသွယ်ပြတ်တောက်သွားသည့်အလား အသုံးမဝင်သော ပစ္စည်းတစ်ခု ဖြစ်လာသည်။
“ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေ… ”
ရွှီချင်းက နှလုံးတုန်သွားသည်။ သူက တုံကင်ကို နောက်တစ်ကြိမ် ဖိလိုက်ပြီး ထပ်မံ ကြိုးစားကြည့်လိုက်သည်။
တစ်ချိန်တည်းမှာ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်တွင် ဖယောင်းတိုင်က မီးငြိမ်းသွားသည်နှင့်ချက်ချင်း အံ့ဩထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။
ပထမဆုံး ပြောင်းလဲသွားသည်မှာ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေတည်ရှိသော ဧရာမကျောက်စိမ်းပြား ဖြစ်သည်။ ကျောက်စိမ်းပြားသည် ယခင်က အထွတ်အမြတ် ရတနာတစ်ခုကဲ့သို့ ခမ်းနားထည်ဝါစွာ ထွန်းလင်းတောက်ပခဲ့သော်လည်း ယခု အရောင်မှေးမှိန်သွားသည်။
ကျောက်စိမ်းပြားက အရောင်မှေးမှိန်သွားသည်နှင့်ချက်ချင်း ၎င်း၏ ဘေးပတ်ဝန်းကျင်မှ မြေပြင်က အာဟာရဓာတ်ကို ဆုံးရှုံးသွားသည့်အလား စိမ်းလန်းစိုပြည်ခြင်းမရှိတော့ဘဲ ခြောက်သွေ့သွားပြီး အက်ကွဲသွားသည်။
အက်ကွဲကြောင်းများက မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။ အနီးနားမှ တောင်ကုန်းများသည်ပင် ပြိုကျပျက်စီးသွားကြသည်။
ဤသည်မှာ ဤဧရိယာတစ်ဝိုက်မှ ဝိညာဉ်စွမ်းအင်က ခမ်းခြောက်သွားသည့်အလားပင်။
ရလဒ်အနေဖြင့် ကျောက်စိမ်းပြားတည်ရှိသော ဧရိယာအတွင်းမှ ချိပ်တံဆိပ်များက ပျောက်ကွယ်သွားကြသည်။ သို့ဖြစ်၍ အပြင်လောကမှ ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေ၏ တုံကင်ကို မကိုင်ဆောင်ထားလျှင်ပင် ကျောက်စိမ်းပြားကို ရှင်းလင်းစွာ မြင်နိုင်သွားကြသည်။
သို့ဖြစ်၍ ဤနေရာတစ်ဝိုက်၌ ကျင့်ကြံနေကြသော မိစ္ဆာငှက်မွှေးကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအင် ရုတ်တရက် ခမ်းခြောက်သွားမှုကြောင့် အံ့ဩထိတ်လန့်သွားကြသည်။ သူတို့က မျက်လုံးဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ စိတ်ရှုပ်ထွေးမှုနှင့် ချောက်ချားမှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ ဒီနေရာက ဝိညာဉ်စွမ်းအင်က ပျောက်ကွယ်သွားတယ်… ”
“ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေရဲ့ ချိပ်တံဆိပ်လည်းပဲ ပျောက်ကွယ်သွားတယ်… ”
“ ဘာဖြစ်သွားတာလဲ ”
လူတိုင်း၏ စိတ်ခံစားချက်များက ပရမ်းပတာဖြစ်သွားစဉ် ဒသမအုပ်ချုပ်သူတောင်ပေါ်မှ အဓိကခန်းမဆောင်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော လုလင်းဇီက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
သူက နတ်ဘုရားစိတ်အာရုံကို တိတ်တဆိတ် ဖြန့်ကြက်လိုက်ပြီး လောကဇစ်မြစ်လျှို့ဝှက်နယ်မြေကို တိုက်ရိုက် ဖုံးလွှမ်းလိုက်သည်။
ချက်ချင်းဆိုသလို လောကဇစ်မြစ်လျှို့ဝှက်နယ်မြေ၏ ဘေးပတ်ဝန်းကျင်မှာ အကာအကွယ်အလွှာတစ်ခု ထွက်ပေါ်လာပြီး ယင်းကို အပြင်လောကနှင့် သီးခြားကွဲထွက်သွားစေသည်။
သူ၏ နတ်ဘုရားစိတ်အာရုံက ကျောက်စိမ်းပြားထဲသို့ မြန်ဆန်စွာ ပေါင်းစပ်သွားသည်။ သူက အထဲသို့ ဝင်ရောက်သွားသည့်အခိုက် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးဖြစ်သည့် ဧကရီသည်ပင် စိတ်ရှုပ်ထွေးမှုကို ခံစားမိသွားသည်။
ထုံးစံအားဖြင့် သူက လောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲသို့ ရောက်ဖူးပြီး အထဲမှ အရာများကို သိထားသည်။
သို့သော်လည်း ယခု သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည့်အခါ ဤနေရာက လုံးဝမည်းမှောင်နေကြောင်း သူမြင်တွေ့သွားသည်။
အနီရောင်ဖယောင်းတိုင်က ပျောက်ကွယ်သွားပြီး ကြယ်ဂြိုလ်များသည်လည်း မရှိကြတော့ပေ။ ဤနေရာက အမှန်တကယ် ဗလာနတ္ထိဖြစ်လာသည်။
ရွှီချင်းတစ်ယောက်သာလျှင် ယခင်က အနီရောင်ဖယောင်းတိုင်ရှိခဲ့သော နေရာမှာ တင်ပျဉ်ခွေထိုင်နေသည်။ တစ်ဖက်လူက သူပေးခဲ့သော လျှို့ဝှက်နယ်မြေတုံကင်ကို ဆုပ်ကိုင်ထားပြီး ယင်းကို အသက်သွင်းရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေသည်။
ထိုမြင်ကွင်းက ဧကရီကို နှုတ်ဆိတ်သွားစေသည်။
အချိန်အတော်ကြာပြီးနောက် သူ၏ အသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ နင်ဘာလုပ်နေတာလဲ ”
ရွှီချင်းက ရပ်တန့်သွားပြီး အံ့အားသင့်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အဝေးမှ ဗလာနတ္ထိဟင်းလင်းပြင်ကို ကြည့်လိုက်သည်။
“ နှုတ်ဆက်ပါတယ် အရှင်မ ”
“ ဒီနေရာမှာ မူမမှန်မှုတချို့ ရှိပါတယ်… အစကတော့ ဒီတုံကင်နဲ့အတူ ဒီကနေ ထွက်သွားဖို့ ကျွန်တော် လုပ်ဆောင်ခဲ့ပါတယ်… ဒါပေမဲ့ ဒီတုံကင်က… အကျိုးသက်ရောက်မှုမရှိတော့ပါဘူး ”
ရွှီချင်းက မတ်တတ်ရပ်လိုက်ပြီး လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။ ဧကရီက ဤနေရာသို့ ရောက်လာမှတော့ ဤနေရာမှ သူထွက်သွားနိုင်ပြီဖြစ်ကြောင်း ရွှီချင်း နားလည်သွားသည်။
သို့သော်လည်း ဧကရီသည် ရွှီချင်း၏ စကားကို ကြားသောအခါ ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ ရွှီချင်းက ယင်းကို တွေးတောနေစဉ် တိုးညင်းသော သက်ပြင်းချသံကို ဝေဝေဝါးဝါး သူကြားလိုက်ရသည်။
ထို့နောက် ဧကရီက ပြောသည်။
“ နင်က ငါ့စကားကို လုံးဝနားမထောင်ဘူးပဲ… ”
“ ဒီကနေ နင်ထွက်သွားပြီးရင် ငါ့ကို အမြန်လာတွေ့ပါ ”
ထိုစကားနှစ်ခွန်းကို ပြောလိုက်သည်နှင့်ချက်ချင်း အလွန်ကျယ်ပြောသော စွမ်းအားက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။ နောက်အခိုက်အတန့်မှာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဧရာမဝဲကတော့တစ်ခုက ထွက်ပေါ်လာသည်။
အသက်တစ်ခါရှူချိန်အတွင်းမှာ ဝဲကတော့က ရွှီချင်းကို စုပ်ယူသွားပြီး ပျောက်ကွယ်သွားသည်။
ရွှီချင်းကို အပြင်ပို့ဆောင်ပြီးနောက် ဧကရီ၏ ဝေဝါးသော ပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ဤနေရာတွင် ထွက်ပေါ်လာသည်မှာ သူ၏ နတ်ဘုရားစိတ်အာရုံမှ ဖွဲ့စည်းသွားသော ခန္ဓာကိုယ်တစ်ခုမျှသာ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းခါလိုက်သည်။
“ အစကတော့ သူ့ရဲ့ စီနီယာအကိုကြီးကိုပဲ စိုးရိမ်ရလိမ့်မယ်လို့ ငါထင်ထားခဲ့တာ… ဒါပေမဲ့ သူလည်းပဲ အတူတူဖြစ်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”
ဧကရီသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဟင်းလင်းပြင်ထဲမှ ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ အပြင်လောကမှ ကျောက်စိမ်းပြားပေါ်သို့ ရောက်ရှိသွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဖိချလိုက်သည်။ ချက်ချင်းဆိုသလို ဧရာမကျောက်စိမ်းပြားက အရောင်ပြန်လည်တောက်ပလာသည်။
ဘေးပတ်ဝန်းကျင်တွင် ချိပ်တံဆိပ်က နောက်တစ်ကြိမ် ဖွဲ့စည်းသွားသည်။
အရာအားလုံးက ယခင်ကနှင့် ဘာမှမခြားနားပုံပေါ်သည်။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် အထဲမှ လောကဇစ်မြစ်လျှို့ဝှက်နယ်မြေက ပျောက်ကွယ်သွားကြောင်း ရှာတွေ့သွားလိမ့်မည်။
သို့သော်လည်း ဧကရီက ထိုသို့အဖြစ်ခံလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ မကြာမီ အမိန့်တော်တစ်ခုက ဒသမအုပ်ချုပ်သူတောင်မှ ထွက်ပေါ်လာသည်။
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေသည် ဝိညာဉ်စွမ်းအင် ခမ်းခြောက်သွားသောကြောင့် ပြန်လည်အားဖြည့်ရန် နှစ်တစ်ရာကြာမြင့်လိမ့်မည်။ ဤအတောအတွင်း ယင်းကို အပြင်လောက၌ ဖွင့်လှစ်လိမ့်မည် မဟုတ်ချေ။
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေသည် လောလောဆယ်တွင် ဒသမအုပ်ချုပ်သူတောင်၏ လက်အောက်မှာ တည်ရှိသည်။ သို့ဖြစ်၍ လုလင်းဇီ၏ အမိန့်တော်က အကျိုးသက်ရောက်မှုရှိသည်။
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေသည် စစ်ပွဲကာလအတွင်းမှာ စစ်ရေးဗျူဟာအရ အသုံးဝင်သော်လည်း လုလင်းဇီက အုပ်ချုပ်သူအဖြစ် အဆင့်တတ်သွားသောကြောင့် မည်သူမှ သူ့ကို မဆန့်ကျင်ကြပေ။
အုပ်ချုပ်သူတစ်ပါးအနေဖြင့် သူ့မှာ ထိုသို့ဩဇာအာဏာရှိသည်။
မှန်ပေသည်။ အကယ်၍ ဧကရီက လောကဇစ်မြစ်လျှို့ဝှက်နယ်မြေ၏ ကိစ္စကို အပြည့်အဝ ဖုံးကွယ်ချင်သည်ဆိုလျှင် အသေးစိတ် ဆောင်ရွက်ရလိမ့်မည်။
ဤအခိုက်အတန့်မှာ ရွှီချင်းက လောကဇစ်မြစ်လျှို့ဝှက်နယ်မြေနှင့် ငါးဆယ်ကီလိုမီတာဝေးကွာသော လွင်ပြင်တစ်ခုမှာ ထွက်ပေါ်လာသည်။
သူက ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှယ်ချန်းဇီအသွင် ပြောင်းလဲလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး လောကဇစ်မြစ်လျှို့ဝှက်နယ်မြေဆီသို့ ကြည့်လိုက်လေရာ ထိုနေရာက နောက်တစ်ကြိမ် ချိပ်ပိတ်ခံလိုက်ရကြောင်း မြင်တွေ့သွားသည်။ သူက တုံ့ဆိုင်းသွားသည်။
ဤခရီးစဉ်တွင် သူ၏ ရိတ်သိမ်းမှုက မည်သည့်အရာဖြစ်ကြောင်း သူမပြောနိုင်ပေ။ သူက မျက်နှာဖုံးကို ရရှိခဲ့သော်လည်း အနီရောင်ဖယောင်းတိုင်က သူ၏ ကျောပေါ်မှာ တံဆိပ်ခတ်သွားသည်။
တစ်ချိန်တည်းမှာ ရွှီချင်းသည် သူ၏ ပြဿနာရှာမှုအတွက် ဧကရီအပေါ် တောင်းပန်စိတ်ကို ခံစားမိသွားသည်။ သူ၏ အကျင့်စရိုက်က ထိုသို့ဖြစ်သည်။ သူက ကျေးဇူးတရားနှင့် ရန်ငြိုးကို ရှင်းလင်းစွာ ခွဲခြားထားသည်။ ထို့ပြင် သူက သူတစ်ပါးအပေါ် အကြွေးတင်ခြင်းကို မကြိုက်ပေ။
အချိန်အတော်ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ ဧကရီရဲ့ အစီအစဉ် အောင်မြင်အောင်လို့ ငါကူညီပေးမယ် ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်ပြီး ဒသမအုပ်ချုပ်သူတောင်ဆီသို့ ဦးတည်သွားသည်။
လမ်းတစ်လျှောက်တွင် သူက သူ၏ ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော နတ်ဘုရားအခွင့်အာဏာကို အာရုံစိုက်ထားလိုက်သည်။
ထိုထဲမှာ ကံကောင်းခြင်းနှင့် ကံကြမ္မာဆိုးက ပါဝင်နေသည်။
ခရမ်းလနတ်ဘုရားအခွင့်အာဏာသည်တော့ ယင်းက သက်ရှိအားလုံးအပေါ် အလင်းရောင်ပေးစွမ်းနိုင်ပြီး ဘဝ၏ ပြစ်ချက်များကို ရှာဖွေနိုင်သည်။ ပြစ်ချက်များကို ရှာတွေ့သွားသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူက တားမြစ်အဆိပ်၏ ကျူးကျော်ဝင်ရောက်ခြင်းကို ခံစားသွားရလိမ့်မည်။
“ ကံကောင်းခြင်း၊ ကံကြမ္မာဆိုးနဲ့ ဘဝရဲ့ ပြစ်ချက်တွေကို ငါဖမ်းဆုပ်မိခဲ့တယ် ”
“ ဒီနတ်ဘုရားအခွင့်အာဏာက အဲ့ဒါတွေအားလုံးကို ပေါင်းစပ်ပြီးတဲ့နောက် ဖြစ်ပေါ်လာတာပဲ… ”
ထိုစဉ် ရွှီချင်း၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။ လေထဲတွင် သူ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာပြီး သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ စကားလုံးတစ်လုံးက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ … ကံကြမ္မာလား ”