အင်ပါယာအမိန့်တော်ကြောင့် မောက်မာထောင်လွှားခြင်း(က)
Vol. 97 Ch. 1502
ရွှီချင်း၏ အသံက ဒသမအုပ်ချုပ်သူတောင်၏ အဓိကခန်းမထဲမှာ ပဲ့တင်ထပ်သွားသည်။
ဧကရီ၏ အကြည့်က ရွှီချင်းပေါ်သို့ ကျရောက်သွားသည်။
“ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာက အထွတ်အမြတ် နတ်ဘုရားအခွင့်အာဏာတစ်ခုပဲ… အထူးသဖြင့် ကံကောင်းခြင်းကဏ္ဍပဲ… အဲ့ဒါကို ငါတောင်မှ ထွင်းဖောက်မမြင်နိုင်ဘူး ”
“ ငါနင့်ကို ပြောပြနိုင်တာတစ်ခုက နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ နတ်ဘုရားအခွင့်အာဏာက ကံကြမ္မာပဲ ”
“ နင်နဲ့ ကျစ်လွီဆဲ့မှာ တစ်ယောက်က နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ အသွေးအသားကနေ ဖြစ်ပေါ်လာတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်… တခြားတစ်ယောက်ကတော့ နတ်ဘုရားမျက်နှာပျက်ကြီးရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ ပြန်လည်မွေးဖွားလာခဲ့တယ် ”
“ ဒါ့အပြင် အတိတ်မှာ နင့်ဆရာရဲ့ ဆေဘာဓားချက်က ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ ကမ္မကို နှစ်ပိုင်းကွဲသွားစေပြီး တစ်ဝက်ကို နင့်ဆီ လွှဲပြောင်းပေးခဲ့တယ်… အဲ့ဒါက ကျစ်လွီဆဲ့တိုင်းပြည်ရဲ့ ပြန်ရောက်လာမှုကို မပြည့်မစုံဖြစ်စေတယ် ”
“ ပြီးတော့ နင်က ကျစ်လွီဆဲ့ရဲ့ ဒီဘဝမှာ တစ်ဦးတည်းသော ဆွေမျိုးသားချင်းလည်း ဖြစ်တယ် ”
“ အဲ့ဒါက ကံကြမ္မာရဲ့ အရှုပ်အထွေးတွေနဲ့ ဆင်တူတယ်… အဲ့ဒါတွေက အနာဂတ်မှာ သေချာပေါက် စုစည်းသွားလိမ့်မယ် ”
“ ဒီဟာက ကိန်းသေနဲ့ ကိန်းရှင်ကြားက ပြိုင်ဆိုင်မှု… ကံတရားနဲ့ ကံကောင်းခြင်းကြားက အားပြိုင်မှုဖြစ်သလို နင်နဲ့ ကျစ်လွီဆဲ့ကြားက ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲလည်း ဖြစ်တယ် ”
ဧကရီသည် ရွှီချင်းထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး အဝေးမှ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ အလင်းတန်းတစ်ခုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားဟန် ရ၏။ ဤသည်မှာ သူက ထိုနေ့ကို ကြိုမြင်နေသည့်အလားပင်။
ထို့နောက် အလင်းရောင်က မှေးမှိန်သွားသည်။
ရွှီချင်းက နှုတ်ဆိတ်သွားသည်။
ဧကရီ၏ မျက်လုံးထဲမှ အလင်းရောင်က မှေးမှိန်သွားကြောင်း သူမြင်လိုက်သော်လည်း ရွှီချင်းက ဘာမှမမေးပေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက မည်သည့်အရာကို မြင်လိုက်ပါစေ ယင်းက ကြိုတင်သတ်မှတ်ထားပြီးသား လမ်းကြောင်းများအနက် တစ်ခုသာ ဖြစ်လိမ့်မည်။
ကိန်းရှင်များကိုတော့ မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ယခု သူက ကံကြမ္မာကို ထိန်းချုပ်နိုင်သွားမှတော့ အနာဂတ်မှာ ဤဓားမြှောင်နှင့်အတူ သူ့ကိုယ်ပိုင်ကံကြမ္မာကို သူကိုယ်တိုင် ရေးထွင်းလိမ့်မည်။
သူက တခြားလူများ၏ ကံကြမ္မာကို ရေးထွင်းရုံသာမက သူ့ကိုယ်ပိုင်ဘဝကိုလည်း ရေးထွင်းလိမ့်မည်။
ထို့ကြောင့် ရွှီချင်းက အေးဆေးတည်ငြိမ်သည်။ သူက ဧကရီကို ကြည့်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ ကျွန်တော့်ရဲ့ သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မ… မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထဲမှာ ကျွန်တော်ရှိနေတဲ့ အတောအတွင်း အရှင်မကို ကူညီပေးနိုင်မယ့် ကိစ္စတစ်ခုခုများ ရှိပါသလား ”
“ တကယ်လို့ ရှိတယ်ဆိုရင် ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ဆောင်ရွက်ပေးပါ့မယ် ”
ယင်းကို ဧကရီကြားသောအခါ သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ အစကတော့ မရှိဘူး ”
ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သဖြင့် ရွှီချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။
“ ဒါပေမဲ့ နင်က ပြဿနာနည်းနည်း ရှာထားတယ်ဆိုတော့ အခုကစပြီး ငါ့နောက်ကို လိုက်ခဲ့ရမယ် ”
“ နောက်သုံးရက်ကြာရင် အနောက်ပိုင်းမိစ္ဆာငှက်မွှေးဆီ ငါခရီးသွားမယ်… လုလင်းဇီရဲ့ သရုပ်နဲ့အတူ ဒီမျိုးဆက်ရဲ့ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးဆီ ငါသွားရောက်ပြီး မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံတဲ့ သီးသန့်နေရာကို ဖွင့်လှစ်ဖို့အတွက် သူနဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးမယ် ”
“ အဲ့ဒီအချိန်ကျရင် နင် ငါ့နောက်ကို လိုက်ခဲ့ရမယ် ”
“ အခုတော့ ခန်းမအပြင်ဘက်မှာ အနားယူပြီး နင့်ရဲ့ အားနည်းနေတဲ့ ဝိညာဉ်ကို ပြန်လည်အားဖြည့်လိုက်ပါ ”
ဧကရီက လက်ဝှေ့ယမ်းလိုက်သည့်အခါ ကျောက်စိမ်းပုလင်းတစ်လုံးနှင့် ကျောက်စိမ်းပြားတစ်ခုက ရွှီချင်းဆီသို့ ပျံသန်းသွားသည်။
ရွှီချင်းက ယင်းတို့ကို ဖမ်းဆုပ်လိုက်သည်။ ကျောက်စိမ်းပုလင်းထဲတွင် ဝိညာဉ်အားဖြည့်ဆေးလုံးတစ်လုံး ရှိသည်။ ကျောက်စိမ်းပြားထံမှာလည်း ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော အာနိသင်ရှိသည်။ ကျေးဇူးတင်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ခန်းမထဲမှ မထွက်သွားခင် နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။
ခန်းမအပြင်ဘက်တွင် ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူက ဝိညာဉ်အားဖြည့်ဆေးလုံးကို မျိုချလိုက်သည်။
ဆေးလုံးက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက် မြန်ဆန်စွာ အရည်ပျော်သွားပြီး ဝိညာဉ်အားဖြည့်ပေးသော စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် စွမ်းအင်လှိုင်းများက သူ၏ အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။
ဤသည်မှာ ခြောက်ကပ်နေသော မြေပြင်ပေါ်သို့ မိုးရွာသွန်းလိုက်သည့်အလားပင်။ ရွှီချင်း၏ ဗလာနတ္ထိကုန်းမြေက ပြန်လည်အသက်ဝင်လာပြီး မှေးမှိန်နေသော သူ၏ ဝိညာဉ်က မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။
သုံးရက်ကုန်ဆုံးသွားသည်။
ဆေးလုံး၏ အာနိသင်ကြောင့် ရွှီချင်း၏ ဝိညာဉ်က တစ်ဝက်နီးပါး ပြန်သက်သာသွားသည်။
သူက အပြည့်အဝ ပြန်မကောင်းမွန်သေးသော်လည်း ယင်းက သူ၏ တိုက်ပွဲစွမ်းအားအပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိပေ။ နောက်သူလုပ်ရမည်မှာ ယင်းကို အချိန်ပေးပြီး ပျိုးထောင်ရလိမ့်မည်။ ဤအခိုက်အတန့်မှာ ကျောက်စိမ်းပြား၏ အာနိသင်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ သူ၏ ဝိညာဉ်က အထွတ်အထိပ်သို့ ပြန်ရောက်သွားရန် အများဆုံး တစ်လအချိန်ယူရမည်ဟု ရွှီချင်း ခံစားမိသည်။
နေဝင်ရီတရောအချိန်တွင် ဧကရီက ခန်းမထဲမှ ထွက်လျှောက်လာပြီး ကောင်းကင်ပေါ်မှာ ရပ်လိုက်သည်။
ရွှီချင်းက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး အနောက်မှ လိုက်သွားသည်။
ဒသမအုပ်ချုပ်သူတောင်၏ တောင်ခြေရှိ အရေအတွက်များပြားသော မိစ္ဆာငှက်မွှေးကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်တွေ့သွားသောအခါ လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။
အုပ်ချုပ်သူက နောက်ဆုံးမှာတော့ အပြင်ထွက်လာခဲ့သည်။
ဤသည်မှာ လုလင်းဇီက အုပ်ချုပ်သူတောင်ကို တည်ဆောက်ပြီးနောက် ပထမဆုံးအကြိမ် လူအများရှေ့၌ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အုပ်ချုပ်သူ၏ အနောက်မှ လိုက်ပါလာသော ရွှီချင်းသည်လည်း လူအများအပြား၏ အာရုံစိုက်မှုကို ရရှိသွားသည်။
သူတို့ထဲမှ လူအနည်းငယ်သာလျှင် ရွှယ်ချန်းဇီကို သိကြသည်။ သို့သော်လည်း မကြာသေးခင်က ရွှီချင်းက အုပ်ချုပ်တောင်ဆီသို့ လာရောက်အရိုအသေပေးခဲ့ကြောင်း သူတို့အများစုက ကိုယ်တိုင်မြင်တွေ့ခဲ့ကြသည်။ ထို့ပြင် ရွှီချင်းက အုပ်ချုပ်သူတောင်ဆီသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သူတို့မြင်လိုက်ရသည့်အခါ အံ့ဩသွားခဲ့ကြသည်။
ယခု ရွှီချင်းကို အုပ်ချုပ်သူ၏ အနောက်မှာ သူတို့မြင်လိုက်ရသည့်အခါ ထိုအဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားကြသည်။
သူက ဒသမအုပ်ချုပ်သူ၏ နောက်လိုက်တစ်ယောက် ဖြစ်လာသည်။
ယခုအချိန်မှစ၍ သူ၏ သရုပ်နှင့် အဆင့်အတန်းသည် ယခင်ကနှင့် လုံးဝကွာခြားသွားလိမ့်မည်။ အကယ်၍ သူက တောင်အောက်သို့ တစ်ယောက်တည်း ဆင်းသွားမည်ဆိုလျှင်ပင် တောင်ခြေမှာ စုဝေးနေကြသော ကျင့်ကြံသူများက သူ့ကို ရိုသေလေးစားစွာ ဦးညွတ်ကြရလိမ့်မည်။
စိတ်ရှုပ်ထွေးမှုနှင့် ဆန္ဒမရှိမှုက လူအများအပြား၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ သူတို့က ထိုစိတ်ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်ထားကြပြီး အပြင်မှာ မထုတ်ဖော်ဝံ့ကြပေ။ သူတို့က ရိုသေလေးစားမှုကိုသာ ထုတ်ဖော်နိုင်ကြသည်။
လူတိုင်း၏ အရိုအသေပေးမှုအောက်မှာ ရွှီချင်းက ကောင်းကင်ပေါ်သို့ ပျံသန်းသွားသော ဧကရီ၏ အနောက်သို့ လိုက်သွားသည်။ ဧကရီသည် မမြန်ပေ။ သို့သော်လည်း သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း လောကက ဝေဝါးသွားလိမ့်မည်။ အုပ်ချုပ်သူအရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေသည်။
ဧကရီ၏ ထွက်ပေါ်လာမှုက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးထဲမှ တခြားအုပ်ချုပ်သူများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။ အကြည့်များစွာက အဝေးမှ ရောက်ရှိလာကြပြီး သူ့ကို စိုက်ကြည့်လိုက်ကြသည်။
ရွှီချင်းက သူ၏ အရှိန်အဝါကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း ဧကရီ၏ အေးဆေးတည်ငြိမ်ပုံကို မြင်တွေ့သွားသောအခါ သူသည်လည်း အနည်းငယ် ယုံကြည်မှုရှိသွားသည်။
မည်သို့ဖြစ်ပါစေ ယင်းက နတ်ဘုရားယဇ်ပလ္လင်၏ အထွတ်အထိပ်ဖြစ်သည်။ သူက မဟာဧကရာဇ်မိစ္ဆာငှက်မွှေးဖြင့် တွေ့ဆုံရန် စီစဉ်ထားဝံ့မှတော့ ဧကရီက ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုရှိထားရမည်။
ထိုသို့ဆိုမှတော့ သူက အများကြီး စဉ်းစားမနေဘဲ တစ်ဖက်လူ၏ အနောက်သို့ အေးဆေးတည်ငြိမ်စွာ လိုက်သွားသင့်သည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းက ခေါင်းပြန်မော့လိုက်သည်။
ထိုသို့ဖြင့် အရှေ့ပိုင်းမိစ္ဆာငှက်မွှေးမှ တခြားအုပ်ချုပ်သူများ၏ အကြည့်အောက်မှာ ဧကရီက ရွှီချင်းကို ခေါ်ဆောင်သွားပြီး အဝေးမှ ကောင်းကင်ဆီသို့ လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူတို့က အရှေ့ပိုင်းမိစ္ဆာငှက်မွှေးထဲမှ ထွက်သွားပြီး အနောက်ပိုင်းမိစ္ဆာငှက်မွှေးထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့ထွက်ပေါ်လာသည်နှင့်ချက်ချင်း ပိုမိုများပြားသော အုပ်ချုပ်သူများ၏ အကြည့်က သူတို့အပေါ်သို့ ကျရောက်လာကြသည်။
ချက်ချင်းဆိုသလို မြေပြင်က တုန်ယင်သွားပြီး ဟင်းလင်းပြင်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဥပဒေသများနှင့် နိယာမများက အရပ်မျက်နှာအဘက်ဘက်တွင် ထွန်းလင်းတောက်ပသွားကြသည်။ လွှမ်းမိုးဖိနှိပ်သော နတ်ဘုရားစိတ်အာရုံများသည်လည်း ထွက်ပေါ်လာကြသည်။
ယင်းတို့က မကြိုဆိုသော စိတ်သဘောထားနှင့်အတူ ဧကရီပေါ်သို့ ကျရောက်လာကြသည်။
သို့သော်လည်း ဧကရီသည် အမူအရာကင်းမဲ့စွာ အရှေ့သို့ ဆက်လျှောက်သွားသည်။