အင်ပါယာအမိန့်တော်ကြောင့် မောက်မာထောင်လွှားခြင်း(ခ)
Vol. 97 Ch. 1503
ရွှီချင်းက တည်ငြိမ်စွာ ခေါင်းငုံ့လိုက်ပြီး အနောက်မှ လိုက်သွားသည်။
အနောက်ပိုင်းမိစ္ဆာငှက်မွှေးတွင် အုပ်ချုပ်သူတောင်(၂၁)လုံးရှိသည်။ ယင်းက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးထက် သိသိသာသာ သာလွန်သည်။
ထိုအုပ်ချုပ်သူများ၏ အကြည့်က သူ့ကို ဖြတ်ကျော်သွားကြောင်း ရွှီချင်း အာရုံခံနိုင်သည်။ သူတို့၏ အဓိကအာရုံစိုက်မှုက ဧကရီသာ ဖြစ်သည်။
ထို့ကြောင့် ရွှီချင်းက မည်သည့်ဖိအားမှ မခံစားရပေ။
သူက နောက်လိုက်ကောင်းတစ်ယောက်ပုံစံသာ ဆောင်ရွက်ပေးရလိမ့်မည်။
သို့သော်လည်း ထိုအုပ်ချုပ်သူများ၏ အကြည့်ထဲမှာ ရန်လိုသော အရိပ်အမြွက်ပါကြောင်း သူပြောနိုင်သည်။ ထို့ပြင် သတိပေးမှု၊ အထင်သေးရှုံ့ချမှုပါရှိသော နတ်ဘုရားစိတ်အာရုံတစ်ခုလည်း ရှိသေးသည်။ ယင်းက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးတွင် အသစ်ထွက်ပေါ်လာသော အုပ်ချုပ်သူလုလင်းဇီပေါ် ရည်ရွယ်သည်။
ထိုအထင်သေးရှုံ့ချမှုထဲမှာ ထုံးစံအားဖြင့် ပိုပြီးနက်နဲသော အဓိပ္ပာယ်တစ်ခု ရှိသည်။ ထို့ပြင် ယင်းက အုပ်ချုပ်သူများထံမှ မဟုတ်ပေ။
ယင်းက လက်ရှိမျိုးဆက်၏ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးထံမှ ဖြစ်သည်။
ဧကရီ၏ အလည်ရောက်လာမှုက အချည်းနှီးမဖြစ်ပေ။
ဧကရီက သူ၏ သဘောထားကို ထုတ်ဖော်လိုက်သည့်အခါ မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ တာအိုယဇ်ပလ္လင်သည် ဆင့်ခေါ်မှုတစ်ခုကို ချက်ချင်း မထုတ်ပြန်ခဲ့ပေ။ ယင်းအစား မဟာဧကရာဇ်၏ တပည့်ဖြစ်သော မကြာသေးခင်ကမှ အဆင့်တတ်သွားခဲ့သည့် သက်လတ်ပိုင်းအရွယ် အုပ်ချုပ်သူတစ်ပါးက ဆင်းသက်လာပြီး ဧကရီဆီသို့ အမိန့်ထုတ်ပြန်လိုက်သည်။
ထိုအမိန့်တော်ထဲတွင် စကားလုံးတစ်လုံးသာ ပါရှိသည်။
“ စောင့်ပါ ”
ထိုသို့ပြောပြီးနောက် ထိုအုပ်ချုပ်သူအသစ်က ဧကရီကို အကဲခတ်ကြည့်လိုက်ပြီး အေးစက်စွာ ပြောသည်။
“ လုလင်းဇီ… အတိတ်မှာ ငါတို့တိုက်ခိုက်ခဲ့တုန်းက အနိုင်အရှုံး မကွဲပြားခဲ့ဘူး… အခု မင်းလည်းပဲ အဆင့်တတ်သွားပြီဆိုတော့ ဘာလို့ ငါတို့တွေ နောက်တစ်ခေါက် မယှဉ်ပြိုင်တာလဲ ”
သူက ထိုသို့ပြောလိုက်သည်နှင့်ချက်ချင်း မိုးခြိမ်းသံက ကောင်းကင်ပေါ်မှာ မြည်ဟိန်းသွားပြီး ဖိနှိပ်သော ခံစားမှုက ရုတ်တရက် ဆင်းသက်လာသည်။
အစမှအဆုံးထိ ဧကရီ၏ အမူအရာက မပြောင်းလဲသွားပေ။ သူက မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ တပည့်ကိုပင် မကြည့်ချေ။ ယင်းအစား သူက ရွှီချင်းကို လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ရွှယ်ချန်းဇီ ”
“ ကျွန်တော်မျိုး အမှုထမ်းရန် အသင့်ရှိပါတယ် ”
ရွှီချင်းက ချက်ချင်း အရိုအသေပေးလိုက်သည်။
“ အနောက်ပိုင်းမိစ္ဆာငှက်မွှေးရဲ့ အုပ်ချုပ်သူအဆင့်အောက်က ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေအားလုံးနဲ့ သွားတိုက်ခိုက်ချေ… အရှေ့ပိုင်းမိစ္ဆာငှက်မွှေးရဲ့ ဂုဏ်သိက္ခာကို မကျဆင်းစေနဲ့ ”
ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ဤနေရာကို စိုက်ကြည့်နေကြသော အုပ်ချုပ်သူအားလုံးက ရွှီချင်းထံသို့ အကြည့်ရွှေ့ပြောင်းလိုက်ကြသည်။ မဟာဧကရာဇ်၏ အမိန့်တော်ကို ထုတ်ပြန်ပေးခဲ့သော အုပ်ချုပ်သူပင် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ဧကရီ၏ စကားထဲမှ အဓိပ္ပာယ်ကို နားလည်သည်။
ဧကရီက သူ့ကို ပွဲထုတ်နေခြင်း ဖြစ်သည်။
သို့သော်လည်း သူ၏ အဓိကလက်နက်သည် နတ်ဘုရားအခွင့်အာဏာများနှင့် အင်မော်တယ်အခွင့်အာဏာများ ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သူသာ တိုက်ခိုက်မည်ဆိုလျှင် သူ၏ သရုပ်က ပေါက်ကြားသွားနိုင်သည်။
သို့သော်လည်း ဧကရီက ထိုသို့ပြောလာမှတော့ သူက ထိုအချက်ကို မစဉ်းစားမိသည်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့ဖြစ်၍ ရွှီချင်းက တုံ့ဆိုင်းမနေပေ။ သတ်ဖြတ်ခြင်းသော စိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ သူက လေးနက်စွာ ပြောသည်။
“ အမိန့်တော်ကို ကျွန်တော်မျိုး နာခံပါတယ် ”
ထိုသို့ပြောပြီးနောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်သွားသည်။
ဧကရီက မျက်လုံးမှိတ်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။
ရွှီချင်းသည်တော့ အတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ တစ်ဖက်တွင် ဧကရီက သူ၏ တိုက်ခိုက်မှုများကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုကို အသုံးပြုပေးလိမ့်မည်ဟု သူခန့်မှန်းမိသည်။ အခြားတစ်ဖက်တွင် သူက ရွှယ်ချန်းဇီ၏ မှတ်ဉာဏ်များထဲမှ အနောက်ပိုင်းမိစ္ဆာငှက်မွှေးအကြောင်းကို ပြန်စဉ်းစားလိုက်သည်။
“ အနောက်ပိုင်းမိစ္ဆာငှက်မွှေးရဲ့ အုပ်ချုပ်သူတောင်(၂၁)လုံးထဲမှာ အသန်မာဆုံးက အမှတ်နှစ်တောင်ပဲ… ပြီးသွားရင် အမှတ်တစ်၊ အမှတ်သုံးနဲ့ အမှတ်တစ်ဆယ့်ခုနစ်ပဲ ”
“ ဧကရီက ငါ့ကို တိုက်ခိုက်ခိုင်းတယ်… ဒီလိုဆိုမှတော့ ပထမဆုံးတိုက်ပွဲအတွက် အသင့်တော်ဆုံး ပစ်မှတ်က… ”
ရွှီချင်းက မြောက်ဘက်သို့ ကြည့်လိုက်သည်။
ထိုဦးတည်ရာတွင် အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင် တည်ရှိသည်။
“ အဲ့ဒီမှာပဲ ”
“ ဧကရီက ငါ့ရဲ့ တိုက်ခိုက်မှုတွေကို ဖုံးကွယ်ပေးမယ့် နည်းလမ်းကတော့… ”
ရွှီချင်းသည် ယခင်က ဧကရီ သူ့အား ပေးခဲ့သော ကျောက်စိမ်းပြားကို ထိတွေ့လိုက်သည်။
အစက သူတွေးထားခဲ့သည်မှာ ဤကျောက်စိမ်းပြားက ဝိညာဉ်ကို အားဖြည့်ပေးရန်တွင်သာ အသုံးဝင်သည်။
သို့သော်လည်း ယခု ကြည့်ရသည်မှာ ဤပစ္စည်းက ဧကရီ သူ့အတွက် အထူးပြင်ဆင်ပေးထားသော ပစ္စည်းဖြစ်သည်။
ထိုသို့တွေးမိသောအခါ ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
သူက အလွန်မြန်ဆန်သော အလျင်ကို ထုတ်ဖော်လိုက်လေရာ အသံပေါက်ကွဲမှုက သူ့အနောက်တွင် ထွက်ပေါ်လာသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်က သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
ရွှီချင်းက အနားသို့ ချဉ်းကပ်သွားသည်နှင့် သူ၏ အသံက မိုးခြိမ်းသံပမာ မြည်ဟိန်းသွားသည်။
“ အရှေ့ပိုင်းမိစ္ဆာငှက်မွှေးက ဒသမအုပ်ချုပ်သူတောင်ရဲ့ နောက်လိုက်တစ်ယောက်ဖြစ်တဲ့ ကျုပ်ရွှယ်ချန်းဇီက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်က ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူအားလုံးကို စိန်ခေါ်ပါတယ် ”
ရွှီချင်း၏ စကားသံက ပဲ့တင်ထပ်သွားသည်နှင့်ချက်ချင်း အေးစက်စက် နှာခေါင်းရှုံ့သံက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်မှ ပျံ့လွင့်လာသည်။
“ ချန်းဖေး… အဲ့ကောင်လေးကို သွားပြီး ပညာပေးလိုက်စမ်း ”
အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှ အုပ်ချုပ်သူအားလုံးသည် အစောနက ရွှီချင်းကို ဧကရီပြောခဲ့သော စကားကို ကြားခဲ့ကြသည်။
သူတို့၏ အမြင်တွင် လုလင်းဇီက ကိုယ်တိုင်မတိုက်ခိုက်ချင်သောကြောင့် သူ၏ နောက်လိုက်တစ်ယောက်ကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုမှတော့ ထိုနောက်လိုက်ကို အရင်ဦးစွာ ဖိနှိပ်ပစ်မည်။ သို့မှသာ လုလင်းဇီက တိုက်ခိုက်ရန် ငြင်းဆန်နိုင်တော့မည် မဟုတ်ချေ။
အေးစက်စက် နှာခေါင်းရှုံ့သံနှင့်အတူ ပုံရိပ်တစ်ခုက တောင်ပေါ်မှ ပျံသန်းထွက်လာသည်။
ထိုလူက သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသည်။ အားကောင်းသော ကျင့်ကြံခြင်းအရှိန်အဝါက သူ့ထံမှ ပေါက်ကွဲထွက်နေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မဟာလောကခုနစ်ခုသည်လည်း ထွန်းလင်းတောက်ပကြသည်။
သူက ပျံသန်းထွက်လာပြီးနောက် လေထဲမှာ ရပ်လိုက်သည်။ သူက အုပ်ချုပ်သူတောင်ဆီသို့ အရင်ဦးစွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူက မည်သည့်စကားမှမပြောဘဲ ရွှီချင်းဆီသို့ ဦးတည်သွားသည်။
မဟာလောကခုနစ်ခုသည် အပြင်းအထန် လှည့်ပတ်သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဖွဲ့စည်းသွားသည်။ ရွှီချင်း၏ အမူအရာသည် တည်ငြိမ်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ပျံသန်းလာနေသော ချန်းဖေး၏ ဦးတည်ရာဆီသို့ ဖိချလိုက်သည်။ ထို့နောက် သူက လက်သီးဆုပ်လိုက်သည်။
ချက်ချင်းဆိုသလို အသံနတ်ဘုရားအခွင့်အာဏာက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
ချန်းဖေး၏ ဘေးပတ်ဝန်းကျင်မှ အသံများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားပြီး ဧရာမအသံစက်လုံးတစ်လုံးကို ဖွဲ့စည်းလိုက်သည်။ အသံစက်လုံးထဲမှ ထွက်ပေါ်လာသော အသံလှိုင်းများသည် ခမ်းနားထည်ဝါပြီး လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။
ထိုသို့နည်းလမ်းက ချန်းဖေး၏ အမူအရာကို ပြောင်းလဲသွားစေပြီး သူ၏ အသိစိတ်ကို လှုပ်ခတ်သွားစေသည်။ သို့သော်လည်း သူမြင်နေရသည်မှာ အသံစွမ်းအင်မဟုတ်ပေ။ ယင်းအစား မရေမတွက်နိုင်သော သွေးချိပ်တံဆိပ်များ ဖြစ်ကြသည်။
ချိပ်တံဆိပ်တစ်ခုစီက အလွန်ပြင်းထန်သော သွေးနံ့ကို ထုတ်လွှတ်နေပြီး ယင်းထဲမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပါရှိသည်။ ထို့ပြင် ယင်းတို့ကို ပေါင်းစည်းလိုက်သည့်အခါ လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်မျိုးက ထွက်ပေါ်လာသည်။
ယင်းက အရင်ဦးစွာ တိုက်ခိုက်မည့် သူ၏ အစီအစဉ်ကို ကျရှုံးသွားစေသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ သူ၏ မဟာလောကခုနစ်ခုက ထွန်းလင်းတောက်ပသွားကြသည်။ သူက လက်နှစ်ဖက်စလုံးဖြင့် ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ထူးဆန်းသော ရုပ်တုခုနစ်ခုက သူ၏ မဟာလောကများထဲမှ ရက်စက်ကြမ်းကြုတ်စွာ ထွက်ပေါ်လာကြသည်။
ယင်းတို့က လေထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားကြပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။ ရွှီချင်းက အမူအရာကင်းမဲ့စွာ ရှိနေဆဲပင်။ ရုပ်တုခုနစ်ခုက နီးကပ်လာသည့်အခိုက် သူက ချက်ချင်း ပျောက်ကွယ်သွားပြီး အသံထဲသို့ ပေါင်းစပ်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ သူက ချန်းဖေး၏ အနောက်မှာ ပြန်ထွက်ပေါ်လာသည်။
သူ၏ မျက်လုံးထဲမှ အခွင့်အာဏာနှစ်ခုက ချက်ချင်း ထွန်းလင်းတောက်ပသွားကြသည်။
သူက ချန်းဖေး၏ ကမ္မချည်မျှင်များကို ကြည့်လိုက်ပြီး တစ်ဖက်လူ၏ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို လှုံ့ဆော်လိုက်သည်။
သူက ကမ္မကို အသုံးပြု၍ ချန်းဖေး၏ ဘဝကို ချိပ်ပိတ်လိုက်ပြီး စိတ်ခံစားချက်များကို လှိုင်းများအဖြစ် ပြောင်းလဲသွားစေသည်။
ထို့နောက် ရွှမ်သူရိန်အင်မော်တယ်အလင်းက နေတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ အသိစိတ်ပင်လယ်ထဲမှာ မြှောက်တတ်သွားကာ အဆုံးမဲ့သော အလင်းနှင့် အပူကို ထုတ်လွှတ်လိုက်သည်။ ယင်းတို့က ချန်းဖေးကို ချက်ချင်း လွှမ်းခြုံသွားပြီး သူ့ကို အကြင်နာမဲ့စွာ ဖိနှိပ်လိုက်သည်။
ဝုန်းခနဲ မြည်သံက ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ ချန်းဖေးသည် အသံနတ်ဘုရားအခွင့်အာဏာကြောင့် အရင်ဦးစွာ တိုက်ခိုက်မည့် အခွင့်အရေးကို ဆုံးရှုံးသွားပြီး ဆက်တိုက် ဖိနှိပ်ခံလိုက်ရသည်။ ဤအခိုက်အတန့်မှာ သူက ရွှမ်သူရိန်အင်မော်တယ်အလင်းကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး အောက်သို့ ပြုတ်ကျသွားသည်။
ရွှီချင်းက သူ့နောက်သို့ ချက်ချင်း လိုက်သွားပြီး တစ်ဖက်လူ၏ ရင်ဘက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ ယင်းက သူ၏ ဒဏ်ရာများကို ပိုပြီးဆိုးဝါးသွားစေသည်။
ထိုအဖြစ်အပျက်များက ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
ရွှီချင်းက သူ၏ နတ်ဘုရားအခွင့်အာဏာကို ထုတ်လွှတ်လိုက်သည်နှင့်ချက်ချင်း ဧကရီပေးခဲ့သော ကျောက်စိမ်းပြားက သူနှင့် တိတ်တဆိတ် ပေါင်းစပ်သွားပြီး သူ၏ တိုက်ခိုက်သည့် နည်းလမ်းများကို အပြည့်အဝ ဖုံးကွယ်ပေးလိုက်သည်။
ထို့ကြောင့် အသံနတ်ဘုရားအခွင့်အာဏာက ဤတိုက်ပွဲထဲမှာ သွေးချိပ်တံဆိပ်များသို့ ပြောင်းလဲသွားပြီး အင်မော်တယ်အခွင့်အာဏာများက တာအိုအတတ်ပညာများ ဖြစ်လာကြသည်။ ရွှမ်သူရိန်အင်မော်တယ်အလင်းသည်တော့ လျှို့ဝှက်အတတ်ပညာတစ်ခု ဖြစ်လာသည်။
ဤတိုက်ပွဲက မြန်ဆန်စွာ ပြီးဆုံးသွားလေရာ ယင်းကို စောင့်ကြည့်နေကြသော ကျင့်ကြံသူများက နှလုံးတုန်သွားကြသည်။ ဤအခိုက်အတန့်မှာ တဒင်္ဂ တိတ်ဆိတ်သွားသည်။
ရွှီချင်းက ဧကရီ၏ အမိန့်ကို ပြန်စဉ်းစားမိသွားသောအခါ ချန်းဖေးကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်သည်။
“ မင်းက အရမ်းအားနည်းတာပဲ ”
သူက ထိုသို့ပြောပြီးနောက် ချန်းဖေး၏ ခန္ဓာကိုယ်ကို အုပ်ချုပ်သူတောင်ဆီသို့ ကန်ထုတ်လိုက်သည်။
ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။
“ ဘယ်ဝိညာဉ်စုစည်းခြင်းအဆင့်က တိုက်ခိုက်ချင်သေးလဲ ”
ယင်းကို ချန်းဖေးကြားသောအခါ ဆန္ဒမရှိမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူ့မှာ အသုံးမပြုရသေးသော နည်းလမ်းများစွာ ရှိသည်။ သူ၏ အမြင်တွင် သူရှုံးနိမ့်သွားရခြင်းမှာ သတိပေါ့ဆမှုကြောင့် ဖြစ်သည်။
ထို့ကြောင့် သူက တစ်စုံတစ်ခုပြောချင်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြုတ်ကျသွားသည့်အခါ ဒဏ်ရာများက ပိုမိုဆိုးဝါးလာပြီး သူက သွေးတစ်လုပ် ထပ်မံ အန်လိုက်ရသည်။ သူက စကားမပြောနိုင်တော့ပေ။
တစ်ချိန်တည်းမှာ နက်ရှိုင်းသော အသံက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်မှ ပဲ့တင်ထပ်လာသည်။
“ အစကတော့ အားနည်းတဲ့သူကို ငါအနိုင်မကျင့်ချင်ဘူး… ဒါပေမဲ့ မင်းက ဒီလောက်မောက်မာနေမှတော့… ဒီအဖိုးကြီးက မင်းကို ဆုံးမပေးမယ် ”
သူ၏ စကားသံက ပဲ့တင်ထပ်သွားသည့်အခိုက် ချန်းဖေးထက် ပိုပြီးကြောက်စရာကောင်းသော အရှိန်အဝါက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်ထံမှ ထွက်ပေါ်လာသည်။ ထို့နောက် အဖိုးအိုတစ်ယောက်က ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာသည်။
အဖိုးအို၏ ဆံပင်က အနီရောင်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ မဟာလောကကိုးခုက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မဟုတ်ဘဲ သူ၏ ကျောပေါ်မှာ တည်ရှိကြသည်။ ထိုအဖိုးအိုက နတ်ဘုရားတစ်ပါးဖြစ်လာရန် အလွန်နီးကပ်နေသော ခံစားမှုကို ပေးသည်။
သူက ရွှီချင်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။
မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်…
အလင်းတန်းတစ်ခုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှုမရှိပေ။ ထို့ကြောင့် သူက လမ်းလျှောက်လာနေသော အဖိုးအိုကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ မင်းလည်းပဲ ငါ့ပြိုင်ဘက်မဟုတ်ဘူး ”
“ ဒါပေမဲ့ မင်းက အားနည်းတဲ့သူကို အနိုင်မကျင့်ချင်ဘူးလို့ ပြောမှတော့ ဒီနေရာမှာ ငါရပ်နေပြီး မင်းကို သုံးကြိမ် တိုက်ခိုက်ခွင့်ပေးမယ်… တကယ်လို့ မင်းက ငါ့ကို ဒဏ်ရာနည်းနည်းရအောင် လုပ်နိုင်တာနဲ့ မင်းအနိုင်လို့ သတ်မှတ်နိုင်မယ် ”
ရွှီချင်းက စကားဆုံးအောင် ပြောပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။ သူက လက်နောက်ပစ်ထားလျက် အဖိုးအိုကို ကြည့်လိုက်သည်။