ပထမနှစ်ရဲ့ ဒုတိယစာသင်နှစ်ဝက်
Vol. 73 Ch. 1081
ဒုတိယစာသင်နှစ်၀က်တွင် အလုပ်တာ၀န်များ ပိုမိူများပြားလာ၍ နွေရာသီအားလပ်ရက် အပြီး၌ ကျောင်းအုပ်ချုပ်ရေး ဘုတ်အဖွဲ့သည် ဆရာများ အစည်းအဝေးပွဲကို ပြုလုပ်ခဲ့သည်။
သူတို့၏ အဓိကတာ၀န်မှာ နွေရာသီအားလပ်ရက်တွင် အပန်းဖြေ အနားယူပြီးသော ကျောင်းသားများကို သင်ခန်းစာများအား အလျင်အမြန် ပြန်လည်အာရုံစိုက်ပြီး ကောလိပ်၀င်ခွင့်စာမေးပွဲအတွက် မောင်းနှင်ပေးရန် ဖြစ်သည်။
စင်စစ် ပထမနှစ်၏ ဒုတိယနှစ်၀က်သည် မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော် ကျောင်းအများစုသည် ဤကာလအတွင်း ကျောင်းသားများအား ဒုတိယနှစ် သင်ခန်းစာများကို သင်ယူစေ၍ ဖြစ်သည်။
ဒုတိယနှစ်တွင်လည်း ထို့အတူပင်။
တတိယနှစ်မှ သင်ခန်းစာများကို ပြီးဆုံးသည်အထိ ကြိုတင် သင်ကြားထားမည် ဖြစ်၏။
တတိယနှစ်သို့ ရောက်လျှင်လည်း အနားမရပေ။
သေလုမြောပါး ဖြစ်လောက်သည်အထိ လေ့ကျင့်ခန်းများကို ထပ်ခါတလဲလဲ ဆက်လက် လုပ်ဆောင်သွားကြရမည် ဖြစ်သည်။
ကျင့်ကြံခြင်းကျောင်းများမှ ကျောင်းသားများသည် လေ့ကျင့်ခန်း မေးခွန်းများအပြင် စိတ်၀ိညာဥ်ဓား ထိန်းချုပ်ရေး စာမေးပွဲ၊မှော်ရတနာ စာမေးပွဲ၊ဆေးလုံး သန့်စင်ရေး စာမေးပွဲ၊အစီအရင် ရေးဆွဲခြင်း စာမေးပွဲ စသည့် စာမေးပွဲများကိုပါ တချိန်တည်းတွင် ဖြေဆိုရမည် ဖြစ်၏။
ဆရာမဖန် ဟောပြောပွဲ ပြီးသောအခါတွင် မြေပဲလေးသည် ရုံးခန်းမှ ယူလာသော စာအုပ်များကို အတန်းထဲ၌ ဝေငှပေးလိုက်သည်။
"အဲဒါက ဘာလဲ"
တစ်စုံတစ်ယောက်က မေးခွန်း ထုတ်လိုက်သည်။
"ကျင့်ကြံခြင်း ကောလိပ်တွေအတွက် မနှစ်က သတ်မှတ်ထားတဲ့ ၀င်ခွင့်အမှတ်စာရင်း"
မြေပဲလေးက ပြန်ဖြေလိုက်သည်။
"ဘာလို့ ဒါကို ငါတို့ဆီ ဝေရတာလဲ.. ဆရာမဖန်က ထိပ်တန်းကျင့်ကြံခြင်း ကောလိပ်တွေရဲ့ ၀င်ခွင့်အမှတ်စာရင်းကို မင်းတို့တွေကို ကြည့်စေချင်လို့ပဲ"
မြေပဲလေးက ပြန်ဖြေလိုက်သည်။
၀မ်လင်းက ပထမစာမျက်နှာကို လှန်ကြည့်လိုက်ရာ အသေးစိတ် ရေးဆွဲထားသော ဇယားတစ်ခုက သူ၏ မျက်လုံးအကြည့်ကို ဆွဲဆောင်သွားခဲ့သည်။
ဤဇယားတွင် ကောလိပ်၀င်ခွင့်အတွက် သတ်မှတ်ရမှတ်များနှင့်သက်ဆိုင်ရာကောလိပ်များကို တွဲ၍ ဖော်ပြထားသည်။
လက်ရှိ နံပါတ်တစ် ကျင့်ကြံခြင်း ကောလိပ်မှာ ကျင့်ဟွာ ကြယ်ခုနစ်ပွင့် ကောလိပ်ဖြစ်သည်။
ထိုတက္ကသိုလ်၏ အနိမ့်ဆုံး ၀င်ခွင့်ရမှတ်မှာ 209300 ဖြစ်၏။
ဒုတိယနေရာတွင် ကျင့်ဟွာဓားအင်မော်တယ် ကြယ်ပွင့်ကောလိပ် ရှိနေသည်။
ထိုတက္ကသိုလ်၏ အနိမ့်ဆုံး၀င်ခွင့်ရမှတ်မှာ 199670 ဖြစ်သည်။
တတိယနေရာတွင် မြောက်ပိုင်း၀ါးမျိုကောလိပ် ဖြစ်သည်။
ထိုကောလိပ်၏ အနိမ့်ဆုံး၀င်ခွင့်ရမှတ်မှာ 199400 ဖြစ်သည်။
ထိပ်တန်းကောလိပ်သုံးခု၏ အနိမ့်ဆုံး ၀င်ခွင့်ရမှတ်မှာ ၂သိန်း ၀န်းကျင်ရှိ၍ ထိုတက္ကသိုလ်များသို့ တက်ရောက်ချင်လျှင် မည်သူမဆို အလွန်ခက်ခဲစွာ ကြိုးစားရလိမ့်မည် ဖြစ်၏။
သူ့အနေဖြင့် သင်ခန်းစာများကို ပုံမှန်အတိုင်း လုပ်ဆောင်ပြီး ရမှတ်များကို ကမောက်က လျှောက်မလုပ်ခဲ့လျှင် ဤကောလိပ်သုံးခုကို အလွယ်တကူ ၀င်ရောက်နိုင်လိမ့်မည်ဟု ၀မ်လင်း တွေးမိခဲ့သည်။
သို့သော် ထိုသို့လုပ်ခဲ့လျှင် ၀မ်မိသားစု၏ စည်းမျဥ်းများကို ချိုးဖောက်ရာ ကျသွားပေလိမ့်မည်။
အခြားတစ်ဖက်တွင်လည်း ချန်းချောင်နှင့် ကော်ဟောက်တို့ လူစုသည် ၀င်ခွင့်အမှတ်စာရင်းနှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။
တရုတ်၊သင်္ချာ၊အင်္ဂလိပ်၊ဓာတုဗေဒ၊ရူပဗေဒ၊အထွေထွေ
၀ိဇ္ဇာနှင့် အထွေထွေသိပ္ပံတို့ ပါ၀င်သော ဘာသာရပ်တစ်ခုစီသည် အမှတ်နှစ်သောင်းစီ တန်ပြီး ထိုဘာသာရပ်များမှ စုစုပေါင်း ရနိုင်မည့်အမှတ်သည် တစ်သိန်း လေးသောင်း ဖြစ်သည်။
မှော်ရတနာ၊ဓါးနည်းစနစ်၊အစီအရင်၊ဆေး၀ါး၊ကျင့်ကြံခြင်း သမိုင်းသီအိုရီတို့ ပါ၀င်သော ကျင့်ကြံခြင်းဘာသာရပ်များ၏ စုစုပေါင်းအမှတ်သည် တစ်သိန်းနှစ်သောင်းတန်၏။
ထို့ကြောင့် ဘာသာရပ်အားလုံး၏အမှတ်ပြည့်သည် နှစ်သိန်းခြောက်ထောင် ဖြစ်သည်။
"ငါတို့အနေနဲ့ ရမှတ် ဘယ်လောက်ထိ ရနိုင်မယ်လို့ ထင်လဲ"
ကော်ဟောက်က သူ့လက်ထဲမှ ကောလိပ်၀င်ခွင့်ကို ဆုံးဖြတ်
သည့် အမှတ်စာရင်းကို ကြည့်ရင်း စိုးရိမ်စိတ်နှင့်အတူ ကူကယ်ရာမဲ့စွာဖြင့် အတွေးထဲတွင် နစ်မြောသွားခဲ့သည်။
"ငါ့ရဲ့လက်ရှိ အခြေအနေနဲ့ ဆိုရင်တော့ အများဆုံး အမှတ်တစ်သိန်းခွဲတော့ ရနိုင်တယ်.. ဒါက ဒုတိယတန်းစား ကောလိပ်အတွက်တော့ လုံလောက်နေပါပြီ.. ဒါပေမဲ့ ငါတတ်ရောက်ချင်တဲ့ တက္ကသိုလ်အတွက်တော့ အခုထက်ပိုပြီး ကြိုးစားဖို့ လိုအပ်သေးတယ်"
ချန်းချောင်က သက်ပြင်းချ၍ ပြောလိုက်သည်။
တကယ်တမ်းတွင် စာသင်နှစ်စတည်းက ကြယ်ခုနှစ်ပွင့် ကျင့်ကြံခြင်းကောလိပ်သို့ ၀င်ရောက်လိုသည့် သူ၏ ရည်မှန်းချက်ကို ထုတ်ပြောခဲ့ပြီးသား ဖြစ်၏။
ထို့ကြောင့် လိုအပ်သော အမှတ်ငါးသောင်းကို လိုက်မီရန်အတွက် ယဥ်ကျေးမှု ဘာသာရပ်များနှင့် ကျင့်ကြံခြင်းဘာသာရပ်များမှ ရမှတ်များကို တတ်နိုင်သလောက် ရရှိအောင်ကြိုးစားရမည် ဖြစ်သည်။
ကျင့်ကြံခြင်းဘာသာရပ်များတွင် အမှတ်တစ်သိန်းမှ တစ်သိန်းနှစ်သောင်းအထိ ရရန်မှာ သိပ်မခက်ခဲပေ။
"ဒါနဲ့ ဘောနပ်စ် အမှတ်တွေ ရှိသေးတယ် မဟုတ်လား.. ဘောနပ်စ် အမှတ်တွေ ရှိပေမဲ့ လိုအပ်ချက်တွေက အရမ်းတင်းကြပ်တယ်.. အသေးစိတ် သိချင်ရင် စာအုပ်အနောက်ကိုသာ လှန်ကြည့်လိုက်တော့"
မြေပဲလေးက ပြောလိုက်ရာ လူတိုင်းက စာအုပ်အနောက်သို့ လှန်ကြည့်လိုက်ကြသည်။
အမှန်တကယ်ပင် ဘောနပ်စ်အမှတ်များ ရရှိမည့်အခြေအနေများကို ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။
"ပထမအခြေအနေ"
အထက်တန်းကျောင်း တက်နေစဥ် တရားဥပဒေ စိုးမိုးရေးကို အထောက်အကူ ဖြစ်စေရန် အတွက် ကျင့်ကြံခြင်း ရဲဗျူရို သို့မဟုတ် အင်မော်တယ် ကင်းလှည့် တပ်ဖွဲ့ကို အကူအညီ ပေးပြီး ဂုဏ်ထူးဆောင် ကျင့်ကြံသူ ဆုတံဆိပ်ကို ရရှိထားသူသည် ဘောနပ်စ်အမှတ်များကို ရရှိနိုင်သည်။
တတိယအဆင့် ဆုတံဆိပ်သည် ရမှတ် တစ်ထောင်၊ ဒုတိယအဆင့် ဆုတံဆိပ်သည် ရမှတ် သုံးထောင် နှင့် ပထမအဆင့် ဆုတံဆိပ်သည် ရမှတ် ငါးထောင်တန်၏။ လူတစ်ဦးသည် တစ်ကြိမ်တွင် အများဆုံးဆုတံဆိပ် ငါးခုကိုသာ တင်ပြနိုင်သည်။
"ဒီပထမ အခြေအနေကို ငါသိတယ်.. ဘာဖြစ်လို့လည်းဆိုတော့ ငါ့အဖေက ဘောနပ်စ် အမှတ်တစ်ထောင်ကို ရခဲ့ဖူးလို့ပဲ"
ချန်းချောင်က ပြောလိုက်သည်။
"မင်းအဖေက ဘာလုပ်ခဲ့လို့လဲ"
"သူက ကုန်ခြောက်ဆိုင်မှာ စျေး၀ယ်နေတုန်း ၀ရမ်းပြေး ရာဇ၀တ်ကောင် တစ်ကောင်ကို ဖမ်းမိပြီး တတိယအဆင့် ဆုတံဆိပ်ကို ရရှိခဲ့တယ်လေ"
ချန်းချောင်က ရယ်မော၍ ပြောလိုက်သည်။
"တကယ်တော့ ငါ့အဖေက ကံကောင်းသွားတာပါ.. ဒီရာဇ၀တ်ကောင်က သူ့နောက်က လိုက်ဖမ်းတဲ့လူတွေလက်ကနေ ထွက်ပြေးလာရင်း ငါ့အဖေ ရှိနေတဲ့ ကုန်ခြောက်ဆိုင်ကို တည့်တည့်မတ်မတ်ကြီး ပြေး၀င်လာခဲ့တာလေ.. ဒါကြောင့်ပဲ ငါ့အဖေက လွယ်လွယ်ကူကူနဲ့ ဖမ်းဆီးနိုင်ခဲ့တာပေါ့"
"ကဲ မင်းအဖေအကြောင်း မပြောနဲ့တော့.. ဆက်ဖတ်ကြည့်ရအောင်"
ကော်ဟောက်က ပြောလိုက်သည်။
"ဒုတိယအခြေအနေ"
အထက်တန်းကျောင်း တက်နေစဥ် အထူး နိုင်ငံတော် ဂုဏ်ပြုဆု လက်မှတ် ရရှိသူသည် ဘောနပ်စ် အမှတ် တစ်သောင်း ရရှိ နိုင်သည်။
လူတိုင်း "........"
"အိုး.. ဒါကတော့ အရမ်း ခက်ခဲလွန်းတယ်ဟ"
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
နိုင်ငံတော်၏ အထူးဂုဏ်ထူးဆောင် လက်မှတ်သည် စိတ်ကူးဖြင့် ယဥ်နိုင်ရုံသာ ရှိပြီး ရရှိရန်မှာ လုံး၀ မဖြစ်နိုင်သလောက်ပင်။
ကူရွှင်းကျစ် နှင့် ကျန်းရွမ်တို့က ထိုအခြေအနေများကို ငေးကြည့်ရင်း တိတ်ဆိတ်သွားကြသည်။
ပွင့်လင်းစွာ ပြောရလျှင် သူတို့ကဲ့သို့ အသက်ကြီးရင့်သူများသည် ဤနေရာတွင် ရှိမနေသင့်ပေ။
သို့သော် အဆုံးသတ်တွင် သူတို့သည် ၀မ်လင်းထံမှ သင်ယူရန် စာသင်ခန်းထဲသို့ ရောက်လာခဲ့ကြသည်။
၀မ်လင်းက ကောလိပ်၀င်ခွင့်စာမေးပွဲ ဖြေခဲ့လျှင် သူတို့သည်လည်း ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
သို့သော် သူတို့၏ ခွန်အားကြောင့် အမှတ်ပြည့်ရရန်မှာ လုံး၀ခက်ခဲမှု မရှိချေ။
အဓိကအချက်မှာ သူတို့သည် ၀မ်လင်းနှင့် အတူတူ ကောလိပ်တက်ချင်ခဲ့ခြင်း ဖြစ်သည်။
အခုအခါတွင် သူတို့သည် သူတို့အဆင့်ထက်များစွာ နိမ့်ကျသည့် ပြသနာကို ရင်ဆိုင်နေရသည်။
အကြောင်းရင်းမှာ ပထမနှစ်မှ ဘာသာရပ်များသည် သူတို့အတွက် အမှန်တကယ် လွယ်ကူလွန်းနေ၍ ဖြစ်၏။
"စာမေးပွဲ မဖြေပဲ အောင်လက်မှတ်တွေရအောင် ဘယ်လို လုပ်သင့်လဲ.. အဲ့ဒါက အဆင့်တွေကို ထိန်းချုပ်ရတာထက် ပိုလွယ်ကူမဲ့ပုံပဲ"
ကူရွှင်းကျစ် နှင့် ကျန်းရွမ်တို့က မေးစေ့ကို လက်ဖြင့်ပွတ်သပ်ကာ တွေးတောနေခဲ့သည်။
အဆုံးသတ်တွင် လူတိုင်းသည် ဘောနပ်စ် ရရှိမည့် အခြေအနေဖြစ်သည့် တတိယ နှင့် နောက်ဆုံးအချက်အလက်များကို ကြည့်ရှုခဲ့ကြသည်။
"တတိယအခြေအနေ"
အထက်တန်းကျောင်း တက်နေစဥ် အခြေခံ တည်ထောင်ခြင်း အဆင့်မှ ရွှေအမြူတေအဆင့်သို့ ကျော်ဖြတ်နိုင်သူသည် ဘောနပ်စ် အမှတ်တစ်သောင်းကို ရရှိနိုင်သည်။
အကယ်၍ အခြေတည် စိတ်၀ိညာဥ် အဆင့်သို့ ရောက်ရှိခဲ့လျှင်မူ ကောလိပ် ၀င်ခွင့်စာမေးပွဲကို ဖြေဆိုရန် မလိုပေ။
ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေး၏ ခွင့်ပြုချက်ကို ရယူပြီး မိမိတို့ အလိုရှိသော ကောလိပ်ကို ရွေးချယ်ကာတိုက်ရိုက် တက်ရောက်နိုင်ပြီ ဖြစ်သည်။
လူတိုင်း"........"
"အထက်တန်းကျောင်း တတ်ရင်း အခြေတည် စိတ်၀ိ
ညာဥ်အဆင့်ကို ကျော်ဖြတ်ဖူးတဲ့သူ ရှိလို့လား"
အားလုံးက အံ့အားသင့်သွားကြသည်။
"မဖြစ်နိုင်ဘူးထင်တယ်.. အဲ့လောက်ထိ ပါရမီပါနေရင် ဘာလို့ အထက်တန်းကျောင်းကို လာတတ်နေမှာလဲ"
"အဲ့လိုလည်း ယတိပြတ် ပြောမရဘူး. လောကကြီးမှာ ဒီလိုလူတွေ ရှိနေတာကတော့ သေချာတယ်.. ငါတို့ရဲ့လောကအပေါ် ရှုမြင်တဲ့ အမြင်က ကျဥ်းမြောင်းသေးတဲ့အတွက် ဒီလိုပါရမီရှင်တွေကို နားမလည်သေးတာပဲ"
ထိုအချိန်တွင် ချန်းချောင်က ရုတ်တရက် ပြောလိုက်သည်။
"ငါတို့ ပတ်၀န်းကျင်မှာ ဒီလိုပါရမီရှင် တစ်စုံတစ်ယောက် ရှိနေသလားလို့ တခါတရံ ငါ တွေးမိတယ်.. ငါတို့ကျောင်းသားတွေထဲမှာ သာမန်အထောက်အထားနဲ့ပဲ သိုသိုသိပ်သိပ်နေထိုင်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိနေသလိုပဲ"
ကျန်းရွမ်"........"
ကူရွှင်းကျစ်"........"
၀မ်လင်း"........"
အပိုင်း(၁၀၈၁) ပြီး၏