နောက်ထပ် မိဘဆရာအစည်းအဝေး
Vol. 73 Ch. 1082
လူသားများသည် အလွန်ထူးဆန်းသော သတ္တ၀ါများဖြစ်သည်။
ကျောင်းဖွင့်သည့်အခါ အားလပ်ရက်များကို တောင့်တကြသော်လည်း အားလပ်ရက်များတွင် ကျောင်းကို မကြာခဏ လွမ်းဆွတ်လေ့ရှိသည်။
ကျောင်းတက်သောကာလသည် လူမှုရေးနှင့် ဘ၀ဖိအား အများအပြား မရှိသောကြောင့် ဘ၀၏ အပန်းအပြေဆုံးကာလ ဖြစ်သည်ဟု လူတိုင်းက ပြောလေ့ရှိကြသည်။
ကျောင်းသားဘ၀တွင် အိမ်ထောင်ပြုခြင်း၊ကား၀ယ်ခြင်း၊အိမ်၀ယ်ခြင်း စသည်တို့ဖြင့် ခေါင်းစားနေစရာ မလိုအပ်ပေ။
တစ်ခါတရံတွင် လူတစ်ဦးသည် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်တရား၀င် အလုပ်စလုပ်သောအခါ မူလတန်းကျောင်း၊အလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းများနှင့် ပက်သက်သည့် ၄င်းတို့၏ ကျောင်းနေစဥ်ကာလကို အမှတ်ရနေတတ်သည်။
ဆိုရလျှင် လူတိုင်း၌ လှပသောအမှတ်တရ အပိုင်းအစများ ရှိကြသည်။
ထိုအမှတ်တရများက ဓာတ်ပုံများကဲ့သို့ပင် ဦးနှောက်ထဲတွင် ထာ၀စဥ် ကြာရှည်စွာ တည်ရှိနေကာ သင်စိတ်မကောင်း ဖြစ်နေချိန်တိုင်းတွင် သင့်စိတ်ထဲကို ရောင်ပြန်ဟပ်ပြီး သင်၏ စိတ်မငြိမ်မသက် ဖြစ်မှုကို သက်သာစေမည် ဖြစ်သည်။
၀မ်လင်း မှန်းဆထားသည့်အတိုင်းပင် ဆရာမဖန်သည် ကျောင်းစတတ်သည့် ပထမနေ့မှာပင် သူမ၏ အစီအစဥ်ကို အပြီးသတ်ရန် အလုပ်များနေခဲ့သည်။
နေ့လည်ခင်းတွင် ဆရာမဖန်သည် ၀မ်လမ်း၊ကော်ဟောက်၊မြေပဲလေး၊စွန်းရုံ၊ချန်းချောင်၊ကူရွှင်းကျစ် နှင့် ကျန်းရွမ်တို့ကို အတန်းကော်မတီ အစည်းအဝေအတွက် စာသင်ခန်းအလွတ်တစ်ခုသို့ ခေါ်သွားခဲ့သည်။
ကော်ဟောက်က နိုင်ငံရေးသိပ္ပံ ကိုယ်စားလှယ်ဖြစ်ပြီး ချန်းချောင်က အားကစားကော်မတီ၀င် ဖြစ်သည်။
စွန်းရုံကမူ အတန်းခေါင်းဆောင်ဖြစ်ပီး မြေပဲလေးသည် သင်ကြားရေးတာ၀န်ခံ အကူအညီပေးသူ ဖြစ်သည်။
ကူရွှင်းကျစ်နှင့် ကျန်းရွမ်တို့ကမူ ၄င်းတို့၏ ပညာရပ်ဆိုင်ရာ စွမ်းဆောင်မှုများကြောင့် ဆရာမဖန်က ရာထူးအသစ်များပေးအပ်ရန် အဆင်သင့် ဖြစ်နေပုံရသည်။
၀မ်လင်းက ဆရာမဖန် သူ့ကို အဘယ်အတွက်ကြောင့် ခေါ်လာမှန်းမသိသော်လည်း ခပ်ကုတ်ကုတ်သာ လိုက်ပါလာခဲ့ပါသည်။
အဆုံးသတ်တွင် သူက ကျောင်းသားဖြစ်နေဆဲ ဖြစ်၍ တာ၀န်ခံဆရာမကို စော်ကားသည်မှာ ကောင်းမွန်သော အပြုအမူမဟုတ်ပေ။
"အတန်းထဲက အခြေအနေတွေကို ရှင်းပြဖို့ မင်းတို့ကို ခေါ်လာတာပဲ.. မင်းတို့အားလုံးက သာမန်ထက် သာလွန်တဲ့
အဆင့်မှာ ရှိကြပြီး အခြားကျောင်းသားတွေ အတွက် စံနမူနာပြတွေပဲ.. ကျောင်းစဖွင့်နေပြီ ဖြစ်ပေမဲ့ လူတိုင်းက အားလပ်ရက်က အရှိန်တွေ မသေသေးဘူးဆိုတာ ဆရာမ နားလည်ပါတယ်"
"ဒါပေမဲ့ ကောလိပ်၀င်ခွင့် စာမေးပွဲမတိုင်ခင် ရက်ပေါင်း(၈၀၀)သာ ကျန်တော့တယ် ဆိုတာကိုတော့ မင်းတို့တွေ သိမယ်လို့ ဆရာမ မျှော်လင့်ပါတယ်.. တင်စားပြီး ပြောရရင် မျက်စိတစ်မှိတ်အတွင်းမှာ မင်းတို့တွေက စစ်မြေပြင်ရဲ့ရှေ့တန်းကို စေလွှတ်ခံရတော့မှာ ဖြစ်တယ်"
ဆရာမဖန်က ကနဦးမိန့်ခွန်းကို လှိုက်လှိုက်လှဲလှဲပင်
ပြောလိုက်သည်။
လူတိုင်း "........"
"ပထမဆုံး ပြောချင်တာက ကျောင်းသားသစ်တွေဖြစ်တဲ့ ကျောင်းသားကူနဲ့ ကျောင်းသားကျန်းတို့ပဲ.. မင်းတို့နှစ်ယောက်လုံးက ၀င်ခွင့်စာမေးပွဲမှာ ကောင်းစွာ ဖြေဆိုနိုင်ခဲ့တယ်.. မင်းတို့တွေရဲ့ ထူးချွန်မှုတွေအပေါ် မူတည်ပြီး ကျောင်းသားကျန်းကို ငါတို့အတန်းရဲ့ မှော်ရတနာဘာသာရပ် ကိုယ်စားလှယ်အဖြစ် ငါခန့်အပ်မယ်.. ကျောင်းသားကူကိုတော့ ၀ိညာဥ်ဓား ဘာသာရပ် ကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ်.. ဟုတ်ပါတယ်.. မင်းတို့နှစ်ယောက် ဆန္ဒရှိမှပဲ လက်ခံလို့ရတယ်.. မင်းတို့ရဲ့ ရွေးချယ်မှုကို ဆရာမ အပြည့်အ၀ လေးစားမှာပါ"
ဆရာမဖန်က သူတို့နှစ်ယောက်စလုံးကို စိတ်အားထက်သန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"လက်ခံပါတယ် ဆရာမဖန်"
ကူရွှင်းကျစ် နှင့် ကျန်းရွမ်တို့က တစ်ပြိုင်နက် ခေါင်းညိမ့်လိုက်ကြသည်။
ကိစ္စတွေက ဤအဆင့်ကို ရောက်နေပြီ ဖြစ်၍ သူတို့အနေဖြင့် ငြင်းစရာအကြောင်း မရှိတော့ပေ။
၀မ်လင်းကဲ့သို့ မဟာပုဂ္ဂိုလ်ကြီးသည် အဘယ်ကြောင့် ရွှေအမြူတေအဆင့် ကျင့်ကြံသူ ဖြစ်သည့် ဆရာမဖန်၏ လက်အောက်တွင် ပညာသင်ကြားနေသည်ကို ယခင်က သူတို့အနည်းငယ် အံ့သြနေခဲ့ကြသည်။
သို့သော် ယခုတော့ သူတို့ နားလည်သွားပေပြီ။
ဤဆရာမဖန်က သူတို့ထက် များစွာ အားနည်းပုံရသော်လည်း သူမတွင် အထူးကောင်းမွန်သော အမြင်မျိုး ရှိသည်။
သူတို့နှစ်ယောက်တွင် တစ်ယောက်က စကြဝဠာ အုပ်ထိန်းသူ ဖြစ်ပြီး ကျန်တစ်ယောက်က ကမ္ဘာပေါ်ရှိ ကျင့်ကြံခြင်းလောက၏ ဒဏ္ဍာရီတစ်ပါး ဖြစ်သည်။
ထို့ကြောင့် သူတို့တစ်ဦးစီတွင် အထူးကျွမ်းကျင်သည့် စကေးလ်များ ရှိကြသည်။
ဓားရတနာနှင့် မှော်ရတနာများသည် အမှန်တကယ်ပင် သူတို့၏ သက်ဆိုင်ရာ အထူးစကေးလ်များပင် ဖြစ်ကြသည်။
၀င်ခွင့်စာမေးပွဲ ဖြေရုံဖြင့် သူတို့၏ ကျွမ်းကျင်သော ဘာသာရပ်များကို ချက်ချင်းလက်ငင်း သုံးသပ်နိုင်စွမ်း ရှိသည်ကပင် ဤတာ၀န်ခံ ဆရာမက အမှန်တကယ် မရိုးရှင်းဟု တွေးဆ၍ ရပေသည်။
ဤအခိုက်အတန့်တွင် ကျန်းရွမ်တို့ နှစ်ဦးသည် ဆရာမဖန်ကို အထင်ကြီးလေးစားကာ ကျင့်ကြံခြင်းလောက၏ ဇာတ်မြုပ်နေသော ဒဏ္ဍာရီတစ်ပါးဟုပင် ထင်မြင်စ ပြုလာသည်။
၀မ်လင်း"........"
"အင်း နောက်တစ်ချက်ကတော့ ကာယ အတန်းချိန်နဲ့ ပတ်သက်တဲ့ အကြောင်းပဲ"
ဆရာဖန်၏ စကားကိုကြားလျှင် အားလုံးက မကောင်းသော ခံစားချက်ကို ချက်ချင်းဆိုသလို ခံစားခဲ့ရသည်။
"ဒီလိုပါ.. စာသင်နှစ်၀က် တစ်ခုမှာ ၂၂ပတ်ရှိပီး ၁ပတ်မှာ ကာယအတန်းချိန် ၃ ကြိမ်ရှိတယ်.. ပြောရရင် ကာယအတန်းအချိန်က စုစုပေါင်း ၆၆ ချိန် ရှိတယ်.. ဒါပေမဲ့ တခြားဆရာတွေနဲ့ အလေးအနက် ဆွေးနွေးပြီးတဲ့နောက်မှာ အတန်းချိန် ၆၆ချိန်က နည်းနည်းများလွန်းတယ်လို့ သုံးသပ်မိတယ်"
"........"
"ဒါကြောင့် ငါတို့တွေက ကာယအတန်းချိန် ၆၆ ချိန်ထဲက ၃၃ ချိန်ကို ယူဖို့ ကာယဆရာနဲ့ တိုင်ပင်ထားတယ်.. အဲဒီအချိန်တွေကို အထူးသင်ခန်းစာတွေ သင်ပေးဖို့အတွက် တခြားဆရာတွေနဲ့ အညီအမျှ ခွဲဝေယူမယ်"
"ချန်းချောင်.. မင်းက အားကစားအဖွဲ့၀င် ကော်မတီဆိုတော့ မင်းရဲ့ ထင်မြင်ချက်ကိုပြောကြည့်ပါ.. အဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပါ.. ဘာမှ မစိုးရိမ်နဲ့"
ချန်းချောင်က ချက်ချင်းပင် လက်ကို မြှောက်၍ ပြောလိုက်သည်။
"ဆရာမဖန် ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး"
လူတိုင်း"........"
"တကယ်လား"
ချန်းချောင် " တကယ်ပါ ဆရာမ "
"အတန်းကော်မတီ၀င်တွေ အနေနဲ့ မင်းတို့တွေက ဆရာတွေ ထမ်းနေရတဲ့ ၀န်ထုပ်၀န်ပိုးကို မျှဝေခံစားတတ်သားပဲ.. မင်းတို့တွေက အတန်းတွင်း စည်းလုံးညီညွတ်မှုကို အားကောင်းစေမဲ့ အင်ဂျင်လေးတွေ ဖြစ်လာမှာ သေချာတယ်"
"ကလေးတွေက အရမ်း လိမ္မာတာပဲ"
ဆရာမဖန်က အဓိပ္ပါယ်ပါသော အမူအရာဖြင့် ခေါင်းတဆက်ဆက် ညိမ့်လိုက်သည်။
လူတိုင်းက ချန်းချောင်ကို တိတ်တဆိတ် လက်ခလယ် ထောင်ပြလိုက်ကြ၏။
"အကယ်၍ အတန်းထဲက တခြား ကျောင်းသားတွေ မေးခဲ့ရင် အတန်းကော်မတီဝင်တွေရဲ့ ဆွေးနွေးမှုရလဒ်လို့ပဲ ဆရာမ ပြောလိုက်တော့မယ်.. အဆင်ပြေတယ် မဟုတ်လား"
ထိုစကားကိုကြားလျှင် လူတိုင်း၏ နှလုံးသားများက တုန်လှုပ်သွားကြသည်။
ယင်းက သူတို့ကို လူမိုက်ငှားခြင်းပင် ဖြစ်၏။
ချန်းချောင်၊ကော်ဟောက်၊စွန်းရုံ နှင့် မြေပဲလေးတို့
သည် အတန်းကော်မတီ၀င် ဖြစ်ရန်အတွက် အရွေးခံရသည်ကို ယခုအခါတွင် နောင်တရနေပြီ ဖြစ်သည်။
သူတို့အနေဖြင့် အနည်းငယ် ဂရုမစိုက်မိလျှင်ပင် တခြားကျောင်းသားတွေ ကြားထဲတွင် ပြောစရာဖြစ်လာလိမ့်မည် မဟုတ်ပါလော။
"နောက်တစ်ချက်က တတိယ နဲ့ အရေးကြီးဆုံး အချက်ပဲ"
ထိုစကားကို ပြောနေသည့် ဆရာမဖန်သည် သူမ၏ အကြည့်ကို အစည်းအဝေး တက်ရောက်လာသော ကျောင်းသားများအား လွှမ်းခြုံ၍ ကြည့်လိုက်သည်။
"ကျောင်းအုပ်ကြီးချန်းက တင်းကြပ်တဲ့ စာသင်ချိန် ဇယားအရ မိဘဆရာ အစည်းအဝေးကို ခပ်စောစောလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်.. ဒါကြောင့် ဒီအပတ်ထဲမှာပဲ ကျင်းပသွားမှာ ဖြစ်တယ်.. အစည်းအဝေးကို စောစော ကျင်းပတဲ့အတွက် မိဘတွေက ကျောင်းသားတွေရဲ့ အခြေအနေကို မြန်မြန်ဆန်ဆန် နားလည်နိုင်မှာပဲ ဖြစ်တယ်"
"နောက်တစ်ချက်အနေနဲ့ အနာဂတ်မှာ ကျောင်းသားတွေ ကြုံတွေ့ရမဲ့ စိတ်ဖိစီးမှုအချို့ကိုလည်း သက်သာစေလိမ့်မယ်.. ဒီတစ်ကြိမ် မိဘဆရာအစည်းအဝေးမှာ အဓိကပြသနာနှစ်ခုကို ဆွေးနွေးသွားမှာ ဖြစ်တယ်.. ပထမအချက်က ကျောင်းသားတွေကို နှစ်ယောက်တစ်တွဲ တွဲပေးပြီး စာလေ့လာဖက်အဖြစ် သတ်မှတ်ဖို့ပဲ.. နောက်ပိုင်းကျရင် ဘယ်သူက ဘယ်သူနဲ့တွဲဖက်ရမလဲ ဆိုတာကို ငါသတ်မှတ်ပေးမယ်"
"အမှတ်ကောင်းကောင်းကို ရရှိတဲ့ ကျောင်းသားတွေက ပျမ်းမျှအဆင့်နဲ့ အဲဒီ အဆင့်ထက် နိမ့်ကျတဲ့ ကျောင်းသားတွေကို အကူအညီ ပေးရလိမ့်မယ်"
ထို့နောက်တွင် ဆရာမဖန်က စကားကို ခေတ္တခဏ ရပ်
တန့်လိုက်ပြီး ၀မ်လင်းထံသို့ အကြည့်ရောက်သွားခဲ့သည်။
"ကျောင်းသာ ၀မ်လင်း.. ငါမင်းကို ဘာလို့ခေါ်လာခဲ့တာလဲ သိလား"
"........"
အကြောင်းအရင်းကို ၀မ်လင်းက သိနှင့်နေပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်ခြောက်လတွင် သူက အတန်းထဲတွင် ပျမ်းမျှရမှတ်များ ရနေသောကြောင့်ပင်။
သို့သော် ၀မ်လင်း မေ့လျော့သွားသည်မှာ သူ့အဆင့်တွေက ပျမ်းမျှအဆင့်ဖြစ်သော်လည်း တသမတ်တည်း တည်ငြိမ်လွန်းနေခြင်းပင်။
ထိုတည်ငြိမ်မှုကြာင့် ၀မ်လင်းက စံပြကိုယ်စားလှယ် ဖြစ်သင့်သည်ဟု ဆရာဖန် ခံစားခဲ့ရသည်။
ဆရာမဖန်က စာလေ့လာဖက်အဖြစ် နှစ်ယောက်တစ်တွဲ သတ်မှတ်ပေးရာ၌ ၀မ်လင်းကို နမူနာအဖြစ် စတင်သင့်သည်ဟု ဆုံးဖြတ်လိုက်သည်။
အပိုင်း(၁၀၈၂) ပြီး၏