စာလေ့လာဖက်
Vol. 73 Ch. 1083
သူ၏ တည်ငြိမ်လွန်းသော အဆင့်က ဆရာမဖန်၏ အာရုံကို ဆွဲဆောင်လိမ့်မည်ဟု ဝမ်လင်း ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။
အတန်းထဲတွင် ပျမ်းမျှအဆင့်ရလျှင် သူ့အပေါ် အာရုံစိုက်မှု လျော့နည်းသွားလိမ့်မည်ဟု အစောပိုင်းတွင် သူထင်ထားခဲ့သည်။
အဆုံးသတ်တွင် ဆရာမဖန်က သူ့ကို အာရုံစိုက်မိနေဆဲပင်။
အမှတ်(၆၀)အထက်တန်းကျောင်း၏ ရှေ့ဆောင် ဆရာတစ်ဦး အနေဖြင့် ဆရာမဖန်သည် မရေမတွက်နိုင်သော ကျောင်းသားများကို အဓိက တက္ကသိုလ်များသို့ ၀င်ရောက်နိုင်ရန်အတွက်
လမ်းညွှန်ပြသခဲ့သူဖြစ်ရာ ၀မ်လင်းက အရည်အချင်းရှိသော ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း သူမ၏ ပင်ကိုအသိစိတ်က အလိုလို သိနှင့်နေခဲ့သည်။
စင်စစ် အတန်းထဲတွင် ပျမ်းမျှအဆင့်ကို တသမတ်တည်း ရရန်မှာ မလွယ်ကူပေ။
အဓိပ္ပါယ်အားဖြင့် ၀မ်လင်းထံတွင် အရည်အချင်း ရှိသည်ဟု ဆရာမဖန်က ခံစားမိခဲ့သည်။
သို့သော် ယခင်နှစ်များတွင် မိဘများနှင့် ကျောင်းသား အများစုသည် စာလေ့လာဖက် အစီအစဥ်ကို ကန့်ကွက်ခဲ့ကြသည်။
မိဘများ ဆန့်ကျင် ကန့်ကွက်ရသည့် အကြောင်းရင်းမှာ စာလေ့လာနေချိန်အတွင်း မိန်းကလေးနှင့် ယောကျ်ားလေးချင်း
ခံစားချက်များ ပေါ်ပေါက်လာတတ်သောကြောင့် ဖြစ်သည်။
ကျောင်းသားများ ကန့်ကွက်ရသည့် အကြောင်းရင်းများမှာမူ စာလုပ်ရန် ပျင်းသောကြောင့် ဖြစ်၏။
တကယ်တမ်းတွင် စာလေ့လာဖက် အစီအစဥ်သည် ကျောင်းသားများ၏ အရည်အချင်းကို များစွာ တိုးတက်စေနိုင်သော အစီအစဥ် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စ၏ ကောင်းကျိုး ဆိုးကျိုးများကို အကျယ်တ၀င့် ထည့်သွင်း စဥ်းစားပြီးနောက်တွင် ဆရာမဖန်သည် ၀မ်လင်းနှင့် စံနမူနာပြရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ရလဒ်များ ကောင်းမွန်ခဲ့လျှင် စာလေ့လာဖက် အစီအစဥ်ကို ပိုမို ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည် မဟုတ်ပါလား။
ဥပမာ ကျောင်းသားAသည် ကျောင်းသားB၏ အဆင့်များ တိုးတက်လာစေရန် အတွက် ကူညီပေးရမည် ဖြစ်သည်။
ကျောင်းသားA၏ တာ၀န် ပြီးဆုံးသွားသောအခါတွင် ထိုတာ၀န်က ကျောင်းသားB ထံသို့ ရောက်ရှိသွားပြီး ကျောင်းသားC၏ အဆင့်များကို တိုးတက်စေရန် ကူညီပေးရမည် ဖြစ်သည်။
ဤနည်းဖြင့် ကျောင်းသားများသည် ပညာရပ်များကို ပို၍ သင်ယူနိုင်ရုံသာမက အခြားသူများကို ကူညီပေးခြင်းဖြင့်လည်း ၄င်းတို့ ၏ ကိုယ်ပိုင်အသိပညာကို စုစည်းနိုင်ပြီ ဖြစ်သည်။
ထို့နောက်တွင် မေးစရာ မေးခွန်းတစ်ခု ရှိလာသည်။
ယင်းမှာ ၀မ်လင်းကို စာလေ့လာရာတွင် မည်သူက သင်ပေးသင့်လဲ ဟူသည့် မေးခွန်းပင် ဖြစ်သည်။
"ဒီထဲမှာ ကျောင်းသား ၀မ်လင်းကို သင်ပြပေးမဲ့သူ ရှိလား"
"..........."
ကျန်းရွမ် နှင့် ကူရွှင်းကျစ်တို့က တိတ်ဆိတ်သွားသည်။
[၀မ်လင်းကို သင်ပြရမှာလား.. ငါတို့က သူ့ကို ဘာတွေ သင်ပေးနိုင်မှာလဲ.. ဒါက မိကျောင်းမင်းကို ရေကင်းပြနေတာနဲ့
တူမနေဘူးလား]
မည်သူမျှ မတုံ့ပြန်သောအခါတွင် ဆရာမဖန် အကြည့်သည် အတန်း ကော်မတီ၀င်များကို လွှမ်းခြုံသွားခဲ့သည်။
၄င်းတို့သည် ပျမ်းမျှအဆင့်များထက် သာလွန်ကြသူများ ဖြစ်ပြီး ကျောင်း၀င်ခွင့် စာမေးပွဲတွင် အမှတ်အကောင်းဆုံး ကျောင်းသား နှစ်ဦးလည်း ရှိသည်။
သို့သော် ထိုကျောင်းသားနှစ်ဦးက အမှတ်(၆၀) အထက်တန်းကျောင်းကို ယခုမှ စတက်သည်ကို ဆရာမဖန် စဥ်းစားမိခဲ့သည်။
၀မ်လင်းကို သင်ပြရန် ထိုနှစ်ဦးကို ရွေးချယ်ခဲ့လျှင်အမှတ်(၆၀) အထက်တန်းကျောင်းက အသင်အပြ သိပ်မကောင်းဟု အဓိပ္ပါယ်ရသွားမည် မဟုတ်ပါလော။
ထို့အပြင် ၀မ်လင်းကို သင်ပြရန် ဆန္ဒမရှိသည်ကို ၄င်းတို့၏ အမူအရာမှ တဆင့် ဆရာမဖန် အကဲခတ်မိခဲ့သည်။
ထို့နောက် ဆရာမဖန်က အခြေအနေကို ခြုံငုံသုံးသပ်ပြီးနောက်တွင် အဆုံးသတ် ဆုံးဖြတ်ချက်ကို ချခဲ့သည်။
"ကျောင်းသူ စွန်းရုံ.. ကျောင်းသား ၀မ်လင်းကို သင်ပြပေးဖို့ တာ၀န်ပေးမယ်.. ကန့်ကွက်စရာ ရှိလား"
ဆရာမဖန်၏ စကားဆုံးသည်နှင့် အားလုံး၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
သူတို့က စွန်းရုံရဲ့ မျက်နှာ ရဲတက်သွားသည်ကို သတိပြုမိလိုက်သည်။
စိတ်၀ိညာဥ်ဓား ဖလှယ်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် ဤစုံတွဲနှင့် ပက်သက်သည့် ကောလဟာလများ အားလုံးသည် တဖြည်းဖြည်း လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။
ဆရာမဖန်တွင် ၄င်းတို့ကို စာလေ့လာဖက် အဖြစ် သတ်မှတ်ပေးရသည့် ကိုယ်ပိုင် အကြောင်းပြချက် ရှိသည်။
၀မ်လင်းနှင့် စွန်းရုံတို့က တစ်ယောက်ကို တစ်ယောက်သဘောကျကာ ချိန်းတွေ့ခဲ့ကြကြောင်း ကျောင်းတွင် ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။
သို့သော် ဤသတင်းသည် နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။
အဆုံးသတ်တွင် ဆရာမဖန်သည် ၀မ်လင်း၏ အေးစက်စက်နိုင်သော စိတ်နေစိတ်ထားကြောင့် ကွဲကွာသွားကြောင်း ပြန်လည် ကြားသိခဲ့ရသည်။
"အေးလေ ကောင်းလေပဲ"
ပြောရလျှင် တစ်ဖက်က အေးနေသ၍ ခံစားချက်
များ ပေါက်ဖွားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ၀မ်လင်း တို့ကို တွဲဖက်ပေးလိုက်ခြင်းက ပြဿနာ တစ်စုံတရာ မရှိဟု ဆရာမဖန် ခံစားမိခဲ့သည်။
၀မ်လင်း"........"
[ချီးမို့ ပြသနာမရှိ]
အတန်းကော်မတီနှင့် ဆွေးနွေးပြီး သိပ်မကြာမီမှာပင် တစ်တန်းလုံးသည် ဆရာမဖန်နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သိရှိသွားခဲ့သည်။
၄င်းတို့က ကာယအတန်းချိန် ၃၃ ကြိမ် ဆုံးရှုံးသွားခြင်းကို မကျေမနပ်ဖြစ်ကာ ဆွေးနွေးခဲ့ကြသည်။
"ဘာလို့ မင်းတို့တွေက ဒီအဆိုကို အချေအတင် တိုက်ပွဲ မ၀င်ခဲ့ကြတာလဲ"
တစ်စုံတစ်ယောက်က အပြစ်တင်သည့် လေသံဖြင့်
ပြောလိုက်သည်။
"တိုက်ပွဲ ၀င်ချင်သေးတယ် ဟုတ်လား.. ဆရာမဖန်ရဲ့ အကြောင်းကို မင်းတို့တွေ မသိတာလည်း မဟုတ်ဘူး"
ချန်းချောင်က ပုခုံးတွန့်ကာ ကူကယ်မဲ့ရာစွာဖြင့် ပြောလိုက်သည်။
အားကစား ကော်မတီ၀င်အဖြစ် သူ့ရာထူးက အသုံးမ၀င် ဖြစ်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
တကယ်တမ်းတွင် သူတို့သည် ကျန်ရှိသည့် ကာယအချိန် ၃၃ ချိန်လုံးပင် အပြည့်အ၀ ရမည် မဟုတ်တော့ပေ။
ကာယဆရာများသည် သုတေသန ခရီးထွက်ခြင်း သို့မဟုတ် နာမကျန်းဖြစ်ခြင်း စသည့် လျှို့၀ှက်ဆန်းကြယ်သော အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်လေ့ ရှိကြသည်။
ထို့ကြောင့် ဒုတိယ စာသင်နှစ်၀က်တွင် ကာယအတန်းချိန် ၂၀ ရှိခဲ့လျှင်ပင် အံ့သြစရာ ဖြစ်နေပြီ ဖြစ်၏။
ဒုတိယနှစ်ဝက်၏ ပထမနေ့မှာပင် ဤကဲ့သို့ ဗြောင်းဆန်နေပြီဖြစ်သောကြောင့် လူတိုင်းသည် ဒုတိယနှစ် နှင့် တတိယနှစ်များတွင် ကြုံတွေရမည့် ၄င်းတို့၏ နေ့ရက်များကို စိတ်ပူစ ပြုလာကြသည်။
ဤအတိုင်းဆိုလျှင် တတိယနှစ်သို့ ရောက်သည်နှင့် ကာယ အတန်းချိန်များကို လုံးလုံးမေ့လျော့ကာ စာကို အပတ်တကုတ် ကြိုးစားရတော့မည် ဖြစ်၏။
ဆရာမဖန်တွင် ၀မ်လင်းနှင့် စွန်းရုံတို့ကို စာလေ့လာဖက် အဖြစ် သတ်မှတ်သည့် ကိုယ်ပိုင်အတွေးမျိုး ရှိသကဲ့သို့ စွန်းရုံတွင်လည်း ကိုယ်ပိုင် အတွေးရှိသည်။
စိတိ၀ိညာဥ်ဓား ဖလှယ်ပွဲ ပြီးဆုံးသွားပြီး နောက်တွင် သူမတို့၏ ဆက်ဆံရေးက တိုးတတ်လာလိမ့်မည်ဟု အစပထမတွင် သူမ တွေးခဲ့သည်။
"အတင်းအကျပ် ခွဲစားရသည့် ဖရဲသီးက ချိုမြိန်မှုမရှိ"ဟူသော သဘောတရားကို စွန်းရုံက ကောင်းစွာ သိသည်။
မည်သို့ပင် ဆိုစေကာမူ ၀မ်လင်း၏ စာသင်ဖက် ဖြစ်ခွင့်ရခြင်းသည် သူမအတွက် အလွန်ရှားပါးသော အခွင့်အရေး တစ်ခုပင် ဖြစ်၏။
ပထမစာသင်နှစ်၀က် တစ်လျှောက်လုံးတွင် ၀မ်လင်းရဲ့ အာရုံကို ဖမ်းစာနိုင်စေရန်အတွက် သူမ၏ ဦးနှောက်ကို စုစည်းထားခဲ့သော်လည်း အဆုံးသတ်တွင် ၀မ်လင်း လုပ်သမျှအားလုံးသည် လက်တစ်ဖက်ပေါ် ခေါင်းတင်ကာ ပြတင်းပေါက်ကနေ အပြင်ဘက်သို့ ငေးကြည့်နေခြင်းသာ ဖြစ်၏။
စွန်းရုံက နှလုံးသားထဲတွင် အချိန်အတော်ကြာ ဖုံးကွယ်ထားသည့် ခံစားချက်များကို ထုတ်ဖော်ဖို့ အချိန်တန်ပြီဟု ခံစားမိသည်။
တစ်ဖက်တွင် ၀မ်လင်းသည်လည်း စိတ်ထဲတွင် တစ်စုံတရာ တွေးတောနေပုံရ၏။
ကျောင်းဆင်းသောအခါ အားလုံးသည် စာသင်ခန်းထဲမှ ထွက်သွားကြသည်။
၀မ်လင်း နှင့် စွန်းရုံတို့ကမူ စားပွဲတစ်လုံးတွင် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
စွန်းရုံက စာအုပ်ထဲရှိ ၀မ်လင်း၏ အမှားများကို လှန်လှော၍ စစ်ဆေးကြည့်နေခဲ့သည်။
အဆုံးသတ်တွင် သူမ၏ အဓိကတာ၀န်မှာ ၀မ်လင်း၏ စာလေ့လာမှုကို ကူညီရန်နှင့် အဆင့်များ တိုးတက်လာစေရန် မဟုတ်ပါလော။
ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက်မူ စာလေ့လာပြီးမှသာ ပြောသင့်သည်ဟု သူမ တွေးမိသည်။
သူမက ၀မ်လင်း၏ အမှားတစ်ခုစီတိုင်းကို စေ့စေ့စပ်စပ် စစ်ဆေးခဲ့ပြီး နောက်တွင် အဆုံးသတ်၌ လုံး၀ အံ့သြသွားခဲ့သည်။
"အတန်းဖော် ၀မ်လင်း"
"???"
"နင်က ဘယ်လိုတွေတောင် မှားနေရတာလဲ"
"........"
စွန်းရုံက ၀မ်လင်း၏ အမှားများကို အသေအချာစစ်ဆေးပြီးနောက်တွင် ၀မ်လင်း လုပ်ခဲ့သော အမှားများစွာကို သတိထားမိခဲ့သည်။
၀မ်လင်း၏ အမှားများမှာ ယူနစ် နှင့် သင်္ကေတများ ကျန်ရစ်ခြင်း၊ ပုစ္ဆာတပုဒ်ကို ဖြေရှင်းရာတွင် နောက်ဆုံးအဆင့်တွင်မှ မှားယွင်းခြင်း စသည့် အသေးအမွှား အမှားများသာ ဖြစ်သည်။
ထို့အပြင် ၀မ်လင်း၏ အဖြေများသည် အဖြေမှန်နှင့်
အလွန် နီးစပ်မှုရှိ၏။
တကယ်တမ်းတွင် ဤအရာအားလုံးသည် ရမှတ်ကို ကျဆင်းစေရန်အတွက် ၀မ်လင်း အသုံးပြုလေ့ရှိသော လှည့်ကွက်များပင် ဖြစ်သည်။
အကယ်၍ သူသာ အတိုင်းအတာ ယူနစ်များကို ရေးထားခဲ့လျှင် သေချာပေါက် အမှတ်များ ဆုံးရှုံးမည် မဟုတ်ပေ။
ဆိုရလျှင် ထိုနည်းလမ်းသည် သူ၏ ရမှတ်များကို လျော့ချရန် နည်းလမ်း တစ်ခုမျှသာ ဖြစ်သည်။
ထို့နောက်တွင် စွန်းရုံသည် မေးခွန်းများစွာကို ဗလာစာအုပ်ထဲတွင် ကူးယူခဲ့သည်။
သို့သော် သူမသည် မေးခွန်းကို အတိအကျ ကူးယူခြင်း
မဟုတ်ပဲ ကိန်းဂဏန်း အချို့ကို ပြောင်းလဲထားခဲ့
သည်။
ထို့နောက် စွန်းရုံက သူမ ကူးယူထားသော စာအုပ်ကို ၀မ်လင်းရှေ့သို့ တွန်းပို့လိုက်သည်။
"အတန်းဖော် ၀မ်လင်း.. ဒါတွေက နင်မှားခဲ့တဲ့ မေးခွန်းတွေပဲ အဲဒါတွေကို နောက်တစ်ကြိမ် ဖြေပေးနိုင်မလား"
၀မ်လင်းက လေ့ကျင့်ခန်း စာအုပ်ကို ကြည့်ရင်း နှုတ်ဆိတ်သွားခဲ့သည်။
အပိုင်း(၁၀၈၃) ပြီး၏