အဖြေမှန်ရွေးပါ မေးခွန်းများကြောင့် ဖြစ်ပေါ်လာသော ကြေကွဲစရာ
Vol. 73 Ch. 1084
၀မ်လင်းသည် ဤမေးခွန်းများကို ဖြေဆိုနိုင်သည်။
သို့သော် သူ ယခုကြုံတွေ့နေရသော ပြဿနာမှာ ကျိုးကြောင်း ဆီလျော်သော အမှားများကို မည်သို့ပြုလုပ်ရမည် ဆိုသော အချက်ပင်။
သူ့အနေဖြင့် လုပ်ရိုးလုပ်စဥ်အတိုင်း ဆက်လုပ်သင့်သလော သို့မဟုတ် စွန်းရုံထံ အကြံဥာဏ် တောင်းသင့်ပါသလော။
၀မ်လင်းက တွေးတောနေမိသည်။
စွန်းရုံက ၀မ်လင်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ကာ ပို၍ပင် ပဟေဠိ ဖြစ်သွား၏။
ဤပုစ္ဆာသဘ် ယခင်က သူမှားခဲ့သော မေးခွန်းတစ်ခုသာ ဖြစ်သည်။
ဤမျှအထိ စိုးရိမ်နေစရာ လိုအပ်ပါသလော။
လူတစ်ချို့က စိတ်လှုပ်ရှားသော အခါမျိုးတွင် ကိုယ့်ကိုကို သံသယဖြစ်လာပြီး တွက်ချက်ထားသော အဖြေများကို ထပ်ခါတလဲလဲ ပြောင်းလဲတတ်ကြသည်။
"အတန်းဖော် ၀မ်လင်း.. အသက် ခပ်ပြင်းပြင်းရှုလိုက်ပါ.. ဒီပုစ္ဆာ အတွက် အရမ်းကြီး ခေါင်းစားနေစရာမလိုပါဘူး.. နည်းနည်းလောက် အာရုံစိုက်လိုက်ရင် သေချာပေါက် ဖြေရှင်းနိုင်မှာပါ"
စွန်းရုံက အားပေးစကား ပြောကြားခဲ့သည်။
တခြား ယောကျာ်းလေးများက သူမထံမှ ဤကဲ့သို့ ဆက်ဆံမှုမျိုး မရရှိသည်မှာ သေချာသည်။
စွန်းရုံ၏ အားပေးမှုကို ရရှိပြီးနောက်တွင် ၀မ်လင်းသည် ပတ်၀န်းကျင်၌ မငြိမ်မသက် ဖြစ်နေသည်ကို သတိပြုမိခဲ့သည်။
အပေါ်ယံတွင် စာသင်ခန်းထဲ၌ သူနဲ့ စွန်းရုံသာ ရှိပုံရသော်လည်း ထိုသို့ မဟုတ်ခဲ့ပေ။
စာသင်ခန်း၏ အပေါ်ထပ်မှ မရေမတွက်နိုင်သည့် မျက်လုံးများ နှင့် နားများသည် သူတို့ကို အာရုံစိုက်နေခဲ့သည်။
၀မ်လင်းက အမှန်တကယ်ပင် ဒုက္ခတွေ့နေသည်။
တကယ်တမ်း ကြောက်စရာ ကောင်းသည်မှာ စွန်းရုံ၏ ပုစ္ဆာမဟုတ်ပေ။
ထိုထက် ကြောက်စရာအကောင်းဆုံးမှာ စွန်းရုံ၏ ယောကျာ်းလေးများကို မွေးရာပါ ဆွဲဆောင်နိုင်မှု ဖြစ်သည်။
စွန်းရုံက ၀မ်လင်းကို ဂရုတစိုက် အားပေးနေသဖြင့် သူမကို လျှို့၀ှက်စောင့်ကြည့်နေသည့် ယောကျာ်းလေးအချို့သည် မနာလိုစိတ်များ ထကြွလာကြသည်။
ယောကျာ်းလေး ဆယ်ယောက်ကျော်သည် စာသင်ခန်း၏ ထပ်ခိုးတွင် လဲလျောင်းနေကြပြီး စွန်းရုံ နှင့် ၀မ်လင်းတို့ ပြောဆိုနေသော အကြောင်းအရာများကို ခိုးနားထောင်ရန်အတွက် မြေပြင်စောင့်ကြည့်ရေး မှော်စွမ်းရည်ကို အသုံးပြုထားကြသည်။
ထိုခဏတွင် စွန်းရုံ၏ ချိုမြိန်သော အသံကို ကြားလိုက်သော ကောင်လေးတစ်ယောက်သည် အသဲယားလာပြီး ကြမ်းပြင်ကို ခြေထောက်ဖြင့် ကန်မိရာ ကြမ်းပြင်က အက်ကြောင်းလေး တစ်ခု ဖြစ်လာခဲ့သည်။
"ဒါက ဘာအသံလဲ"
စွန်းရုံက သံသယဖြင့် အပေါ်သို့ မော့ကြည့်လိုက်သည်။
သို့ရာတွင် အပေါ်ထပ်က ထပ်ခိုးဖြစ်ပြီး မည်သူမျှ ရှိမနေသည့် အထပ်ဖြစ်သည်။
သို့ဆိုလျှင် သူမ၏ ကိုယ်ရံတော်များ လက်ချက် ဖြစ်နိုင်ပါသလော။
အရိပ်အဖွဲ့အစည်းနှင့် ပြဿနာတက်ပြီး နောက်ပိုင်းတွင် သူမ၏ ကိုယ်ရံတော်များသည် သူမကို အရိပ်သဖွယ်
စောင့်ရှောက်ခဲ့ကြသည်။
ကိုယ်ရံတော်များ လက်ချက်ဖြင့် အမှတ်မထင် ဆူညံသွားသည့် အခိုက်အတန့်များလည်း ရှိခဲ့ဖူး၏။
"ထားလိုက်ပါ.. အခုအရေးကြီးတာက အတန်းဖော်၀မ်လင်းကို သင်ပြပေးဖို့ပဲ"
စွန်းရုံက အတွေးထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း အဆုံးသတ်တွင် ၀မ်လင်းကိုသာ ပြန်လည် အာရုံစိုက်လိုက်သည်။
မိနစ်အနည်းငယ် ကြာအောင် စောင့်ပြီးသည်အထိ ၀မ်လင်းက မလှုပ်မယှက် ဖြစ်နေကြောင်း သတိပြုမိလျှင် စွန်းရုံသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး လေ့ကျင့်ခန်းစာအုပ်ကို ပိတ်ကာ တစ်ဖက်တွင် ချထားလိုက်သည်။
ထိုအစား အဖြေမှန်ရွေးခိုင်းသည့် မေးခွန်းမျိုးစုံနှင့် ပြည့်နေသည့် စာမေးပွဲ စာရွက်ကို ထုတ်လိုက်၏။
"အတန်းဖော် ၀မ်လင်း.. တွက်ချက်တဲ့သင်ခန်းစာတွေကို ခဏလောက် မေ့ထားလိုက်ရအောင် ငါတို့ အဖြေမှန် ရွေးတဲ့ သင်ခန်းစာကို လုပ်ကြည့်ကြမယ်.. နင်က အခုအချိန်မှာ စိတ်ရှုပ်နေတဲ့အတွက် အမှားလုပ်မိဖို့ အတွက် အရမ်း
လွယ်ကူတယ်.. နင့်စိတ်ကို ဖြေလျော့ဖို့အတွက် အဖြေမှန်ရွေးတဲ့ မေးခွန်း တစ်ချို့ကို အရင်လုပ်ကြည့်လိုက်ရအောင်"
စွန်းရုံရဲ့ အသံက အလွန်ပင် နူးညံ့ညင်သာလွန်း၍
အပေါ်ထပ် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ကောင်လေးများသည် နှလုံးသားထဲတွင် မခံမရပ်နိုင်သည်အထိ ယားကျိကျိ ခံစားလိုက်ရသည်။
အဆုံးသတ်တွင် သူတို့သည် ခိုးနားထောင်းရင်း မနာလို ဖြစ်နေခဲ့ကြသည်။
"မအေပေး အယုတ်တမာကောင်.. ဒီလောက် အခွင့်အရေး ရနေတာတောင် ရိုးသားချင်ယောင် ဆောင်နေတုန်းပဲ.. ငါ့ရဲ့ နတ်သမီးလေးနဲ့ စကားပြောနေတာတောင် နတ်သမီးလေးကို လျစ်လျူရှုထားတယ်.. သူ့နေရာမှာ ငါသာဆိုရင် ပွဲက ပြတ်သွားပြီ"
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကောင်လေးများ၏ မျက်နှာပေါ်တွင် မနာလိုသော အမူအရာများ ရှိနေခဲ့သည်။
သို့သော်လည်း မကြာမီမှာပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူတို့ သိရှိလိုက်ကြသည်။
ပုံမှန်အားဖြင့် ဆယ်ကျော်သက်များသည် အခြားသူများ၏ အချစ်ဇာတ်လမ်းကို ထူးထူးခြားခြား အာရုံခံစားနိုင်ကြသည်။
ဟိုးအရင်ကတည်းကပင် စွန်းရုံနှင့် အတန်းဖော်၀မ်လင်းသည် ချိန်းတွေ့ ခဲ့ကြသည်ဟူသော ကောလဟာလ တစ်ခု ရှိခဲ့သည်။
ယခုတစ်ကြိမ်တွင်လည်း စာလေ့လာဖက်အဖြစ် ၎င်းတို့ နှစ်ယောက်ကို တွေ့မြင်ခဲ့ရာ သူတို့၏ စိတ်ထဲတွင် အတွေးမျိုးစုံက ပြည့်နှက်လာခဲ့သည်။
"၀မ်လင်း နဲ့ စွန်းရုံက အရင်က ချိန်းတွေ့ခဲ့ကြတယ်လို့ ကောလဟာလ ထွက်ဖူးတယ်.. ၀မ်လင်း နှုတ်ဆိတ်နေရတဲ့ အကြောင်းအရင်းက စွန်းရုံဆီမှာ ဘယ်လို ဖွင့်ဟဝန်ခံရမလဲ ဆိုတာ တွေးနေတာရော မဖြစ်နိုင်ဘူးလား"
ကောင်လေးများက ထိုသို့ စဥ်းစားမိပြီး နောက်တွင် အခြေအနေ မူမမှန်သလို ခံစားခဲ့ရသည်။
သူတို့က စိတ်လှုပ်ရှားနေခဲ့ပြီး အေးစက်သောချွေးများပင်ထွက်လာခဲ့ကြသည်။
အချိန်အတော်ကြာ နှုတ်ဆိတ်နေသော ကောင်လေး တစ်ယောက်သည် သူ၏ ချစ်ခြင်းတရားကို ၀န်ခံရာတွင် အသုံးပြုရမည့် စကားလုံးများအား ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည် မဟုတ်ပါလော။
စင်စစ် ဤကောင်လေးများသည် အတန်းကြီးများ ဖြစ်၍ ၀မ်လင်း၏ ပင်ကိုစရိုက် ကို သိပ်မသိကြပေ။
စွန်းရုံနှင့် ၀မ်လင်း ချိန်းတွေခဲ့ဖူးသည်ဆိုသော ကောလဟာလကို ကြားရသောအခါတွင် စွန်းရုံကို အပြင်ထွက်ရန် ချိန်းဆိုခဲ့သူက ၀မ်လင်း ဖြစ်သည်ဟု တညီတညွတ်တည်း ယုံကြည်ခဲ့ကြသည်။
"ဒီကောင် ဒီလောက်တောင် အကြံကြီးလိမ့်မယ်လို့ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး"
ကောင်လေးများက ရုတ်တရက် ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိခဲ့သောကြောင့် ထိတ်လန့်သွားကြသည်။
ဤဝမ်လင်းဆိုသောကောင်က ထိုရက်က ၀န်ခံရန် အခွင့်အရေး မရရှိခဲ့၍ စွန်းရုံက သူ့ကို သင်ပြပေးရန်အတွက် စာမေးပွဲတွင် တမင်တကာ ဆိုး၀ါးစွာ လုပ်ဆောင်ခဲခြင်း ဖြစ်နိုင်ပါသလော။
"ဒီကောင်က အတွေ့အကြုံရှိတဲ့ သားရဲပဲ.. ဒါက ကြီးကျယ် ခမ်းနားတဲ့ အစီအစဥ်ပဲဟ"
ကြမ်းပြင်နှင့် ကပ်၍ လဲလျောင်းနေသော ကောင်လေးများသည် လက်သီးများကို တိတ်တဆိတ် ဆုပ်ထားခဲ့ကြသည်။
တစ်ဖက်တွင်လည်း ၀မ်လင်း၏ စိတ်ဖိစီးမှုကို ဖြေလျော့ရန်အတွက် စွန်းရုံသည် ၀မ်လင်း ယခင်က မှားခဲ့ဖူးသော မေးခွန်းများစွာကို ရွေးချယ်ခဲ့သည်။
သို့မှသာ အဖြေမှန်ကို ၀မ်လင်းက လွယ်လွယ်ကူကူ ရွေးချယ်နိုင်ပြီး စိတ်လက် ပေါ့ပါးသွားမည် ဖြစ်၏။
ဟုတ်ပါသည်။ ၀မ်လင်းက ဤမေးခွန်းများအတွက် အဖြေမှန်ကို ကောင်းစွာ သိထားခဲ့သည်။
အဖြေမှန်ရွေးချယ်ခြင်း၏ ကဏ္ဍသည် အမှတ်များကို ထိန်းချုပ်ရန်အတွက် ၀မ်လင်း မကြာခဏ အသုံးပြုလေ့ ရှိသော လှည့်ကွက်တစ်ခုလည်း ဖြစ်သည်။
အဖြေမှန်ရွေးချယ်ခြင်းကဏ္ဍတွင် ၀မ်လင်းအကြိုက်ဆုံး မေးခွန်းမှာ အဖြေတစ်ခုထက် ပိုပေးထားသော မေးခွန်းများ ဖြစ်သည်။
စည်းကမ်းအရ အဖြေမှန်ကို ရွေးချယ်မိသ၍ အမှတ်များကို ပေးမည် ဖြစ်၏။
ဤနည်းအားဖြင့် ၀မ်လင်းသည် အမှားလုပ်မိမည်ကို အလေးအနက်ထားရန် မလိုအပ်တော့ပေ။
ယခုအခါတွင် စွန်းရုံသည် အဖြေမှန် ရွေးချယ်ရန်အတွက် ၀မ်လင်းကို မေးခွန်းတစ်ခု ရွေးချယ်ပေးထားသည်။
"ကြီးမြတ်သော တိုက်ပွဲ တစ်ခုအတွင်း အမျိုးသမီးကျင့်ကြံသူက ဒဏ်ရာပြင်းထန်စွာရရှိခဲ့၍ အမျိုးသား ကျင့်ကြံသူသည် အမျိုးသမီးကျင့်ကြံသူကို တွဲကာ လှိုဏ်ဂူတစ်ခု ထဲသို့ ၀င်လာခဲ့သည်။ သူမ၏ ဒဏ်ရာများကို စစ်ဆေးပြီး နောက်တွင် ဒဏ်ရာနှစ်ခု ဖြစ်ကြောင်း အမျိုးသားကျင့်ကြံသူက ဆုံးဖြတ်ခဲ့သည်။ တစ်မျိုးမှာ သံစားသားရဲကြောင့် ရရှိသည့် ပြင်ပဒဏ်ရာ ဖြစ်သည်။ နောက်တစ်မျိုးမှာ အမျိုးအမည် မသိသော ဆူးများဖြင့် ခြစ်ခံရခြင်း ဖြစ်၏။ နှစ်မျိုးလုံးတွင် အဆိပ်ရှိသော်လည်း အမျိုးသမီးကျင့်ကြံသူသည် မသေသေးပေ။ ဤကဲ့သို့သောအခြေအနေမျိုးတွင် ဒဏ်ရာကို မည်သို့ ကုသရမည်နည်း"
A. ကျင့်ကြံသူအမျိုးသမီး၏ ဒဏ်ရာများထဲမှ အဆိပ်ကို စုပ်ထုတ်ပြီး ဆေးလိမ်းကာ ကျပ်စည်းပေးခြင်း၊
B. အဆိပ်ရှိသော သွေးများကို ဖယ်ရှားရန်နှင့် ခန္ဓာကိုယ်အတွင်း သန့်ရှင်းသော သွေးအသစ်များသွင်းရန် အတွက် သွေးလှည့်လည်သည့် မှော်စွမ်းရည်ကို အသုံးပြုခြင်း၊
C. သွေးသန့်စင်သည့် မှော်အတတ်ကို အသုံးပြုခြင်း၊
D. ချွေးပေါက်များမှ တဆင့် အဆိပ်များကို ဖယ်ရှားရန် အမျိုးသမီးကျင့်ကြံသူနှင့် တူနှစ်ကိုယ် ကျင့်ကြံခြင်း၊
ဤမေးခွန်းက အပေါ်ယံတွင် အလွန်ရှုပ်ထွေးပုံ ပေါက်သော်လည်း တကယ်တမ်း အလွန်လွယ်ကူသည်။
၀မ်လင်းက ထိုမေးခွန်းကို မြင်သည်နှင့် အဖြေကို သိနှင့်နေပြီးသား ဖြစ်၏။
အမျိုးသမီးကျင့်ကြံသူ မသေသေးသည့် အကြီးမားဆုံး အကြောင်းရင်းမှာ အဆိပ်ကို အဆိပ်နှင့်တိုက်ရသည် ဟူသော ဆိုရိုးစကားအတိုင်း ပြင်းအား တူညီသော အဆိပ်နှစ်ခုက အချင်းချင်း တိုက်ခိုက်နေသောကြောင့် ဖြစ်သည်။
အမည်မသိ ဆူးနှင့် သံစားသားရဲတို့၏ အဆိပ်များသည် သေစေလောက်သော အဆိပ်များ ဖြစ်သော်လည်း ထိုအဆိပ်များသည် တစ်ခုနှင့် တစ်ခုဆန့်ကျင်ဘက် ဖြစ်ကာ ခန္ဓာကိုယ်အတွင်း၌ အပြန်အလှန် တည်ရှိနေခဲ့သည်။
ထို့ကြောင့် အမျိုးသမီးကျင့်ကြံသူ၏ ဒဏ်ရာများကို မကုသပင်လျှင် သူမ အနေဖြင့် သေဆုံးနိုင်ဖွယ် မရှိပေ။
သို့သော် သူမ၏ ၀ိညာဥ်အရင်းအမြစ်ကမူ ညစ်ညမ်း သွားမည် ဖြစ်ပြီး သူမ ကျင့်ကြံထားသည့် ကျင့်ကြံမှုများစွာကိုလည်း ဆုံးရှုံးသွားမည် ဖြစ်၏။
ထို့ကြောင့် ရွေးချယ်မှု A က လုပ်ဆောင်နိုင်ပုံ ပေါက်သော်လည်း အမှန်တကယ်တွင် အသက် အန္တရာယ်ရှိသည်။
ဒဏ်ရာများသည် မတူညီသော နေရာနှစ်ခုတွင် ရှိနေသောကြောင့် အဆိပ်တစ်မျိုးကို စုပ်ထုတ်လိုက်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဟန်ချက်မညီခြင်း ဖြစ်စေနိုင်၏။
ဆိုရလျှင် ဤရွေးချယ်မှုသည် မှားယွင်းသော ရွေးချယ်မှု ဖြစ်သည်။
ဒုတိယ ရွေးချယ်မှု B မှာလည်း မမှန်ကန်ပေ။
သွေးလှည့်လည်ခြင်း မှော်စွမ်းရည်နှင့် သွေးသန့်စင်ခြင်း မှော်စွမ်းရည်သည် အပျော့စား အဆိပ်သင့်သည် ကိစ္စရပ်များတွင်သာ အသုံးပြုရန် ဖြစ်နိုင်ပြီး သေစေလောက်သော ကိစ္စများတွင် အသုံးမပြုနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် ဤမှော်စွမ်းရည်နှစ်မျိုးကို အသုံးပြုရန် အချိန်အတော် ယူရ၍ ဖြစ်သည်။
ဆိုရလျှင် အမျိုးသားကျင့်ကြံသူ တစ်ဦးတည်းဖြင့် ထိုကိစ္စကို ပြီးမြောက်ရန် အလွန်ခဲယဥ်းမည် ဖြစ်၏။
လူနှစ်ယောက် ရှိလျှင် အကောင်းဆုံး ဖြစ်သည်။
ယင်းမှာ တစ်ယောက်က သွေးထုတ်ပြီး တစ်ယောက်က သွေးသွင်းသည့် နည်းလမ်းဖြစ်သည်။
ယင်းက အချိန်မကုန်စေသည့် အသင့်တော်ဆုံးနည်းလမ်းဆိုလည်း မမှားပေ။
A နှင့် B ကို စေ့စေ့စပ်စပ် သုံးသပ်ပြီးနောက်တွင် C နှင့် D သာ ကျန်ရှိတော့သည်။
တကယ်တမ်းတွင် C သည်လည်း မှားယွင်းသော ရွေးချယ်မှု ဖြစ်သည်။
သွေးသန့်စင်သည့် မှော်အတတ်ကို သေစေလောက်သော အဆိပ်အား ကုသရာတွင် အမှန်တကယ် အသုံးပြုနိုင်သော်လည်း ကျင့်ကြံသူနှစ်ဦး ထိပ်တိုက်တွေ့ရသော ရန်သူမှာ မှော်အတတ်များကို ၀ါးမြို နိုင်သည့် သံစားသားရဲ ဖြစ်သည်။
ထို့ကြောင့် ဤနည်းဖြင့် ကုသလျှင် ၄င်းတို့ နှစ်ဦး၏ မှော်အတတ်များ ပျက်စီး သွားဖွယ်ရှိ၏။
ယင်းအတွက်ကြောင့် C သည်လည်း အဖြေမှန်လုံး၀ မဖြစ်နိုင်ပေ။
အဆုံးသတ်တွင် ၀မ်လင်းသည် D ကိုသာ ရွေးချယ်စရာ ရှိတော့သည်။
"တူနှစ်ကိုယ် ကျင့်ကြံခြင်း"
၀မ်လင်းက ရေရွတ်လိုက်သည်။
စွန်းရုံက ချက်ခြင်းပင် ခေါင်းညိမ့်လိုက်သည်။
အဖြေမှန်သည့်အတွက် ၀မ်လင်းကို ချီးကျူးဂုဏ်ပြုရန် ပြင်လိုက်သည့်ခဏတွင် ရုတ်တရက်အပေါ်ထပ်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းက အတန်းဖော်စွန်းရုံ နဲ့ တူနှစ်ကိုယ် ကျင့်ကြံချင်နေတာလား.. မေဘေး ၀မ်လင်း.. သေခြင်းတရားကို ရင်ဆိုင်ရဲရင် အခုထွက်လာခဲ့"
ကောင်လေးများက ထပ်ခိုး ကြမ်းပြင်ကို ဖောက်ထွင်းကာ မျက်နှာကျက်ကနေ အတူတကွ ဆင်းသက်ရန် လုပ်ဆောင်ခဲ့ကြသည်။
အပိုင်း(၁၀၈၄) ပြီး၏