ကိုယ့်နေရာကိုယ်သိရမယ်
Vol. 73 Ch. 1085
၀မ်လင်းက မှားယွင်းသော ရွေးချယ်မှုများကို တမင် ရွေးချယ်နိုင်သော်လည်း အဖြေမှန်ကိုသာ ရွေးချယ်ခဲ့သည်။
ယင်းသို့ ရွေးချယ်လျှင် ထပ်ခိုးမှ ဖွံ့ကြောင်သည့်ကောင်များ တောင့်ခံနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းမိခဲ့သည်။
မျက်နှာကျက် ပြိုကျလာမှုနှင့်အတူ ၀မ်လင်းနှင့် စွန်းရုံတို့၏ စာလေ့လာမှုသည်လည်း ရပ်တန့်သွားခဲ့သည်။
ချက်ချင်းပင် စာသင်ခန်းထဲသို့ ဟွာကောရေတံခွန် လုပ်ငန်းစုမှ သက်တော်စောင့်များနှင့် အဖိုးကြီးလီ ဦးဆောင်သော ကျောင်းလုံခြုံရေး အစောင့်အကြပ်များက ၀င်ရောက်လာခဲ့သည်။
အခန်းက တစ်ခဏအတွင်းမှာပင် လူများနှင့် ပြည့်ကျပ်သွား၍ ၀မ်လင်းနှင့် စွန်းရုံတို့သည် လူစုလူဝေး၏ အလယ်ဗဟိုတွင် ညှပ်နေခဲ့ပြီး တစ်လက်မမျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။
ဆယ်မိနစ်ခန့်အကြာတွင် အရာအားလုံးသည် ငြိမ်သက်သွားခဲ့သည်။
အပြစ်ကျူးလွန်သော စီနီယာအတန်းမှ ကျောင်းသားများသည် ရုံးခန်းသို့ ရောက်ရှိသွားခဲ့သည်။
ရုံးခန်းထဲတွင် ရှေးဟောင်းစာအုပ်ကြီးသည် ကျောင်းပိုင်ဆိုင်မှုကို ထိခိုက်စေသည့် အတွက် ထိုကောင်လေးများကို ပြင်းပြင်းထန်ထန်ပင် ဆုံးမခဲ့သည်။
"ပြသနာကောင်တွေ"
ရှေးဟောင်းစာအုပ်ကြီးက ကောင်လေးများကို စိုက်
ကြည့်၍ ပြောလိုက်သည်။
၄င်းတို့က တတိယတန်းမှ ကျောင်းသားများ ဖြစ်ပြီး ၀မ်လင်းနှင့် စွန်းရုံတို့၏ စီနီယာများ ဆိုလည်းမမှားပေ။
ထို့ကြောင့် သူတို့ အသုံးပြုထားသည့် မှော်စွမ်းရည်များ၏ အနှစ်သာရသည် ပို၍သန့်စင်သည့်အပြင် ပို၍ ဖျက်ဆီးစေနိုင်စွမ်းလည်း ရှိသည်။
အမှတ်(၆၀) အထက်တန်းကျောင်းသည် ယခုအချိန်တွင် အဓိကမြို့ပြ အထက်တန်းကျောင်း မဟုတ်သေးသော်လည်း ကျောင်းတွင် တက်ရောက်နေသော ကျောင်းသားများသည် အရည်အချင်းများ ရှိကြသည်။
ရှေးဟောင်းစာအုပ်ကြီးသည် ထိုကောင်လေးထဲမှ တစ်ချို့ကို ကောင်းစွာသိသည်။
ထိုထဲမှ ကျောင်းသားတစ်ယောက်သည် ကျောင်းသားသမဂ္ဂ အဖွဲ့၀င် တစ်ဦး ဖြစ်၏။
သို့သော် ၄င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုကို ရှေးဟောင်းစာအုပ်ကြီးသည် ဘက်မလိုက်ပဲ တိတိကျကျ ကိုင်တွယ်မည် ဖြစ်၏။
ကျောင်းသား သမဂ္ဂအဖွဲ့၀င် ဖြစ်ပြီး အမှားကို ကျူးလွန်မိလျှင် များသောအားဖြင့် ပြင်းထန်သော ပြစ်ဒဏ်ကို ခံရလေ့ ရှိသည်။
ရှေးဟောင်းစာအုပ်ကြီးက ကောင်လေးများကို
စိုက်ကြည့်ရင်း သူ့အသံကို တမင်တကာပင် နှိမ့်ချလိုက်သည်။
"ကလေးတို့.. မင်းတို့ရဲ့ အပြုအမူက ဘယ်လောက်တောင် အန္တရာယ်များလဲ သိလား.. ဆရာတစ်ယောက်ရဲ့ ညွှန်ပြချက်မပါဘဲ ကျောင်းအဆောက်အဦးမှာ မှော်ပညာကို အသုံးပြုခွင့်မရှိဘူး.. ဒီစည်းကမ်းကို အထက်တန်း ကျောင်းသား လက်စွဲစာအုပ်မှာ ရေးထားတာ မင်းတို့ မေ့နေပြီလား.. မင်းတို့တွေ ကျောင်းစတက်တုန်းက စည်းကမ်းတွေကို အလွတ်မကျက်ခဲ့ဘူးလား.. ကျောင်းအဆောက်အဦးက အထူးဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက် သာမန်ဆိုရင် လုံး၀ပျက်စီးမှာ မဟုတ်ဘူး.. မှော်အတတ်မပါသရွေ့တော့ ကျောင်းအဆောက်အဦးရဲ့ နံရံတွေနဲ့ကြမ်းပြင်တွေက အခြေခံအားဖြင့် ပျက်စီးဖို့ မဖြစ်နိုင်ဘူး"
ဤကောင်လေးများက မှော်စွမ်းရည် တစ်မျိုးမျိုးကို အသုံးပြုခဲ့ကြောင်း ရှေးဟောင်းစာအုပ်ကြီး အတတ်ပြောနိုင်သည်။
ထိုခဏတွင် ကောင်လေးတစ်ယောက်က ရှေ့ကို တိုးလာခဲ့သည်။
"ဆရာ၀မ်.. ကျွန်တော်တို့ ခွန်အားစုဆောင်းခြင်း မှော်စွမ်းရည်ကို အသုံးပြုလိုက်မိတယ်"
"ဒါဆို မင်းတို့ အသုံးပြုခဲ့တဲ့ မှော်စွမ်းရည်က ခွန်အားစုဆောင်းခြင်း မှော်စွမ်းရည်ပေါ့"
ရှေးဟောင်းစာအုပ်ကြီးက တုန်လှုပ်ခြောက်ခြားနေသော ကျောင်းသားကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"မနက်ဖြန်ကျရင် ဒီဖြစ်ရပ်အတွက် စကားလုံး ငါးထောင်ရေးပြီး ကိုယ့်ကိုကို ပြန်လည် သုံးသပ်ပါ"
"ကွိုင်ပဲဟ"
ဆရာ၀မ်၏ အပြစ်ပေးသည့် ဆုံးဖြတ်ချက်က အနည်းငယ် မမျှတသလို ကောင်လေးက ခံစားခဲ့ရသည်။
"ကျွန်တော်တို့က ခွန်အားစုဆောင်းခြင်း မှော်စွမ်းရည်ကို အသုံးမပြုရဘူးဆိုရင် အတန်းဖော်၀မ်လင်း နဲ့ စွန်းရုံ တို့ကိုတော့ ဘာလို့ တူနှစ်ကိုယ်ကျင့်ကြံဖို့ ခွင့်ပြုထားတာလဲ"
"စကားလုံး ငါးထောင် မဟုတ်တော့ဘူး.. တစ်သောင်းဖြစ်သွားပြီ"
ထိုကျောင်းသားကို စိုက်ကြည့်ရင်း ရှေးဟောင်းစာအုပ်ကြီးက ပြောလိုက်သည်။
"ဘာလို့လဲ"
နောက်ထပ် ကောင်လေးတစ်ယောက်က ထိုဆုံးဖြတ်ချက်ကို လက်မခံနိုင်၍ ဆရာ၀မ်ကို မေးခွန်းထုတ်လိုက်သည်။
"အကြောင်းရင်းက ညစ်ပတ်တဲ့ မင်းတို့ရဲ့ အတွေးတွေကြောင့်ပဲ.. တကယ်တော့ သူတို့က ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုတွေကို ရိုးရိုးသားသား လုပ်နေခဲ့ကြတာပါ"
ထိုအခါမှပင် ကျောင်းသားများက သူတို့၏ အပြစ်ကို သတိပြုမိခဲ့သည်။
သူတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံမှတပါး တခြား ဘာမှ မတတ်နိုင်ပေ။
သူတို့၏ အတွေးသည် အမှန်တကယ်ပင် ညစ်ညမ်းနေခဲ့သည် မဟုတ်ပါလော။
"သူတို့နှစ်ယောက်က အခန်းဖော်တွေ ဖြစ်တဲ့အတွက် စာလေ့လာဖက် ဖြစ်လာတာက ပုံမှန်ပါပဲ.. မင်းတို့အားလုံးက တတိယနှစ်တောင် ရောက်နေပြီ.. မင်းတို့ရဲ့ စွမ်းအင်တွေကို စာလေ့လာမှုမှာပဲ အာရုံစိုက်ထားသင့်တယ်"
ထို့နောက်တွင် ရှေးဟောင်းစာအုပ်ကြီးသည် ကောင်လေးများကို စိုက်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"ကျောင်းသားတွေ အနေနဲ့ မင်းတို့တွေ ကိုယ့်နေရာကိုယ် သိသင့်တယ်"
တတိယနှစ်ကျောင်းသား"......."
"မင်းတို့ မှားသလား မှန်သလား ငါ ဂရုမစိုက်ဘူး.. ဘာပဲဖြစ်ဖြစ် မင်းတို့က အခုအချိန်မှာ အပြစ်ရှိတာတော့ အမှန်ပဲ.. မှားနေပြီ ဆိုမှတော့ မင်းတို့တွေ အမှန်ကိုပြောင်းလဲရမယ် ဘယ်လိုပြောင်းလဲရမလဲ ဆိုတာကတော့ မင်းတို့ရဲ့ ပြဿနာပဲ .. မင်းတို့ ဘာမှားခဲ့သလဲဆိုတာ သုံးသပ်ပြီးရင် ငါ့ကိုတင်ပြပါ"
ရှေးဟောင်းစာအုပ်ကြီး၏ စကားကို ကြားပြီးနောက်တွင် ပြစ်မှုမှ မလွတ်မြောက်နိုင်တော့မှန်း သိ၍ ကျောင်းသားများသည် လက်နက်ချခဲ့ကြသည်။
"ဆရာ ကျွန်တော်တို့ မှားခဲ့ပါတယ်"
"ထပ်ခိုးပေါ်တက်ပြီး ခိုးနားထောင်တာက မဖြစ်သင့်တဲ့ အပြုအမူပဲ"
ရှေးဟောင်း စာအုပ်ကြီးက ခေါင်းညိမ့်လိုက်သည်။
"ဒါနဲ့ မင်းတို့ ထပ်ခိုးမှာ ဘာမှော်စွမ်းရည်ကို အသုံးပြုခဲ့တာလဲ"
"မြေပြင်စောင့်ကြည့်ရေး မှော်စွမ်းရည်နဲ့ ခွန်အား စုစည်ခြင်း မှော်စွမ်းရည်ပါ"
"ဒီမှော်စွမ်းရည် နှစ်မျိုးမှာ မင်းတို့တွေ ဘယ်အဆင့်ထိ ရောက်နေကြပြီလဲ"
"ဒါတွေက မသင်မနေရ မှော်စွမ်းရည် ဖြစ်တဲ့အတွက်ကျွန်တော်တို့တွေ အတူတူ လေ့ကျင့်လေ့ရှိတယ်ဆရာ.. သိပ််ကြာခင်မှာ အဆင့်ခြောက်ကို ရောက်ရှိလိမ့်မယ်လို့ မျှော်လင့်ထားတယ်"
"အိုး.. မင်းတို့တွေ မှော်စွမ်းအင်နှစ်မျိုးအတွက် စွမ်းအင်သုံးစွဲမှုက နည်းမှာ မဟုတ်ဘူး.. မင်းတို့တွေ မပင်ပန်းဘူးလား"
"မပင်ပနပါဘူး ဆရာ.. ကျွန်တော်တို့အတွက် စဥ်းစားပေးလို့ ကျေးဇူးတင်ပါတယ်.. ကျွန်တော်တို့က တတိယနှစ်ကိုတောင် ရောက်နေပြီလေ.. ဒီလောက်တော့ ခံနိုင်ရည် ရှိရမှာပေါ့.. ဒါပေမဲ့ ကိုယ်ပွားဖန်တီးခြင်းလိုမျိုး ကိစ္စတွေကိုတော့
၀ိညာဥ်စွမ်းအင် အလုံအလောက် မရှိတဲ့အတွက် ကျွန်တော်တို့ ရှောင်ပါတယ်"
တတိယနှစ်မှ ကျောင်းသားက လေးလံစွာ ပြန်ဖြေလိုက်သည်။
သူက ကျိုးနွံသော အမူအရာဖြင့် အလွန်နှိမ့်ချစွာ ပြောဆိုခဲ့သည်။
ထိုသို့ ပြုမူခဲ့လျှင် ရှေးဟောင်းစာအုပ်ကြီး၏ အပြစ်ပေးခံရခြင်းမှ ကင်းဝေးနိုင်မည်ဟု တွေးထင်ထားခဲ့သည်။
သို့သော် ရှေးဟောင်းစာအုပ်ကြီးသည် ၄င်း၏ လှည့်ကွက်ထဲသို့ မကျရောက်ခဲ့ပေ။
စာသင်ချိန်အတွင်း ခိုးနားထောင်ခြင်းသည် အသေးစားပြသနာသာ ဖြစ်သော်လည်း ကျောင်းပိုင်ဆိုင်မှုကို ထိခိုက်စေသည်မှာ ပြဿနာကြီး ဖြစ်သည်။
"ကောင်းပြီလေ.. အစောပိုင်းက ငါမေးတာ မင်းတို့တွေ မပင်ပန်းဘူး ဆိုမှတော့ မင်းတို့ တစ်ယောက်ချင်းဆီက ပြန်လည်သုံးသပ်တဲ့ စာတွေကို စာလုံး နှစ်သောင်းဆီ ရေးရမယ်.. မနက်ဖြန်အမီ ငါလိုချင်တယ်"
"........"
တစ်ဖက်တွင်လည်း ၀မ်လင်းသည် စာသင်ခန်း၏ မျက်နှာကျက် ပြိုကျမှုကနေ လွတ်မြောက်ခဲ့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျောင်းသားအများစုသည် မနက်ဖြန် ကျောင်းတတ်ဖို့ မလိုအပ်ဘူးဟု ထင်တတ်ကြသည်။
အမှန်တကယ်တွင် ယင်းမှာ အလွန်မိုက်မဲပြီး နုံအသည့် အယူအဆတစ်ခု ဖြစ်၏။
ကျောင်းအဆောက်အဦးကို ရွှံ့စေးဖြင့် ပြုလုပ်ထား၍ ပြိုကျနေသော မျက်နှာကျက်ကို မှော်အတတ် အကူအညီဖြင့် အလွယ်တကူ ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်သည်။
စာသင်ခန်းကို သန့်ရှင်းရေး လုပ်ရသည်က အနည်းငယ် အခက်အခဲရှိသော်လည်း ဤအလုပ်ကို စည်းကမ်းဖောက်ဖျက်သည့် တတိယနှစ်ကျောင်းသားများအား ပေးအပ်လိုက်ရုံပင်။
ထိုအချိန်တွင် ၀မ်လင်းသည် လက်နှစ်ဖက်ကို အိပ်ကပ်ထဲ ထည့်ကာ ကျောင်းတံခါးဆီသို့ လျှောက်သွားခဲ့သည်။
စွန်းရုံက ၀မ်လင်း၏အနောက်သို့ လိုက်သွားခဲ့ပြီး သူမ ပြောချင်သည့် စကားများကို ပြောဆိုရန် တုံ့ဆိုင်းနေခဲ့သည်။
သို့သော်လည်း ဤအချိန်တွင် မည်သူမျှ အနားမှာ မရှိသောကြောင့် အခွင့်အရေးကောင်း တစ်ခုဟု စွန်းရုံ ခံစားခဲ့ရသည်။
"အတန်းဖော်၀မ်လင်း.. ငါ.."
အဆုံးသတ်တွင် သူမသည် ပါးစပ်ကို ဖွင့်လိုက်သည်။
၀မ်လင်းက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူမဘက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏ လက်ကမူ အိပ်ကပ်ထဲ ရှိနေဆဲပင်။
စွန်းရုံ၏ မျက်နှာက နီရဲနေ၏။
သူမ ပြောချင်သော စကားလုံးများက လျှာဖျားတွင် ထင်ထင်ရှားရှား ရှိနေသော်လည်း သူမတွင် သတ္တိမရှိခဲ့ပေ။
ယင်းအတွက် အကြောင်းအရင်းတစ်ခုမှာ သူမ၏ ကိုယ်ရည်ကိုယ်သွေးနှင့် သက်ဆိုင်နေသည်။
သူမသည် ငယ်စဥ်ကတည်းကပင် ဖူးဖူးမှုတ် အလိုလိုက်ခြင်းကို ခံခဲ့ရပြီး မရေမတွက်နိုင်သော ပုရိသ ယောကျာ်းများကို အေးစက်စက် ငြင်းပယ်ခဲ့သူ ဖြစ်သည်။
သို့သော် ငြင်းပယ်ခံရခြင်း၏ ခံစားချက်ကို နားလည်နိုင်မည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။
ထိုအချိန်တွင် စွန်းရုံသည် အချစ်နွံထဲသို့ သက်ဆင်းမိသလို ခံစားလိုက်ရသည်။
ဤသည်က အချစ်ဆိုတာလား သူမ သေချာ မသိသော်လည်းတစ်စုံတစ်ယောက်ကို သဘောကျနေသလို ခံစားရသည်ကတော့ သေချာသည်။
"စွန်းရုံ နင်လုပ်နိုင်တယ်.. နင်ပြောစရာရှိတာပြော.. အသံကျယ်ကျယ်နဲ့သာ ပြောချလိုက်.. နင့်ရင်ထဲမှာ ခံစားနေရသမျှကို နင့်ရှေ့က လူငယ်လေးကို ဖွင့်ချလိုက်"
"အတန်းဖော် ၀မ်လင်း"
စွန်းရုံက သတ္တိမွေး၍ ပြောလိုက်သည်။
"ငါ"
၀မ်လင်း "???"
"ငါ......."
"........"
"ငါ.. ခေါက်ဆွဲခြောက် အရသာက အရမ်းကောင်းတယ်လို့ ငါထင်တယ်"
"အင်း"
၀မ်လင်းက ခေါင်းညိမ့်လိုက်ပီး ကျောင်းပေါက်၀သို့ တည့်တည့်မှတ်မှတ် လျှောက်သွားခဲ့သည်။
ထိုခဏတွင် စွန်းရုံ၏ နှလုံးသားသည် ကြေမွသွားခဲ့သည်။
"ဖုတ်"
သူမ၏ လွယ်အိတ်က မြေပေါ်သို့ ကျသွားသည်။
သူမ ပြောဆိုလိုက်သော စကားများက နှလုံးသားထဲတွင် ရှိနေသော အရာနှင့် အဘယ်ကြောင့် ခြားနားနေရပါသနည်း။
[ချီးပဲဟာ]
အပိုင်း(၁၀၈၅) ပြီး၏