ကြာပန်းကာကွယ်ရေးအဖွဲ့ နှင့် စစ်သည်တော်အဖွဲ့
Vol. 73 Ch. 1089
သူအစိုးရိမ်ဆုံးအရာက အမှန်တကယ် ဖြစ်ပေါ်လာလိမ့်မည်ဟု ၀မ်လင်း ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ရုတ်တရက် ဖြစ်ပျက်သွား၍ သူပင် သတိမထား မိလိုက်ချေ။
အကြောင်းရင်းမှာ ဤစင်ဂယ်ကျိန်စာ၏ ချို့ယွင်းချက်သည် ယခင် ချို့ယွင်းချက်များကဲ့သို့ ရှုပ်ထွေးခြင်း မရှိသောကြောင့် ဖြစ်၏။
လက်ရှိအခြေအနေကို ကြည့်လျှင် ချို့ယွင်းချက်သည် နောက်ထပ် လူတစ်ယောက်ကို ဖွင့်ဟ၀န်ခံဖို့ ကူးစက်စေနိုင်သော်လည်း နောက်ဆုံးအချိန်ကဖြစ်ပေါ်ခဲ့သည့် အပြင်းထန်ဆုံး ကူးစက်မှုလောက် မဆိုးရွားခဲ့ပေ။
ကျိန်စာ၏ သဘောတရားသည် ကျောင်းသားAက စွန်းရုံကို ဖွင့်ဟ ၀န်ခံသောအခါတွင် ကျိန်စာသည် ကျောင်းသားAထံသို့ ကူးစက်သွားမည် ဖြစ်သည်။
ထို့နောက်တွင် ကျောင်းသားBက ကျောင်းသားAကို ၀န်ခံလျှင် ကျိန်စာသည် ကျောင်းသား Bထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။
ကျိန်စာကြောင့် ဖြစ်ပေါ်လာသည့် ချို့ယွင်းချက် ပြသနာကို ရှာဖွေတွေ့ရှိပြီး နောက်တွင် ၀မ်လင်း၏ ပထမဆုံး တုံ့ပြန်မှုသည် ဖွင့်ဟ၀န်ခံခဲ့သောလူ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရှုစစ်ဆေးရန် ဖြစ်၏။
တကယ်တမ်းတွင် ထိုကျောင်းသားသည် အတော်လေး ကြည့်ကောင်းသည်။
၄င်းက သန့်ရှင်း ဖြူစင်သော အသားရည်ရှိကာ မိန်းကလေးများ ကြိုက်နှစ်သက်သည့် စတိုင်လ်အမျိုးအစား ဖြစ်သည်။
တစ်နည်းဆိုရလျှင် ထိုကျောင်းသားအား အခြားသူတစ်ဦးဦးက ဖွင့်ဟ၀န်ခံရန်မှာ ဖြစ်နိုင်ချေ အတော်ရှိသည်။
ထို့သော တွေးမိပြီးနောက်တွင် ၀မ်လင်းသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
အကယ်၍ စင်ဂယ်ကျိန်စာက သာမန်ရုပ်ရည်သာရှိသည့် လူတစ်ဦးအပေါ် သက်ရောက်ခဲ့လျှင် ကျိန်စာကို အခြားသူများထံ လွှဲပြောင်းရန်မှာ အခြေခံအားဖြင့် ဖြစ်နိုင်ချေ မရှိပေ။
ဤတစ်ခေါက် ချို့ယွင်းချက်သည် တကယ်ပင် အလွန် ရိုးရှင်းသည်။
အထူးသဖြင့် ပြင်းထန်သော ထိခိုက်မှုမျိုးကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။
နောက်ထပ် သုံးရက်အတွင်း ထိုကျောင်းသားအား မည်သူမှ ၀န်ခံခြင်းမရှိသ၍ ကျိန်စာသည် ဆက်လက် ပျံ့နှံ့နေမည် မဟုတ်တော့ပေ။
သို့ရာတွင် ၀မ်လင်းသည် သတိကြီးကြီးထားပြီး ထိုကျောင်းသားကို စောင့်ကြည့်ရန် စီစဥ်ထားခဲ့သည်။
နောက်တစ်ရက်ဖြစ်သည့် နို၀င်ဘာလ ၆ရက်နေ့တွင် စွန်းရုံကို လူသိရှင်ကြား မုန်းတယ်ဟု ကြွေးကြော်ခဲ့သည့် ကျောင်းသားလေးသည် အတင်းအဖျင်း အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ထိုကျောင်းသားက သူရဲကောင်းတစ်ဦးအဖြစ် လေးစားခံရပြီး ထိုကျောင်းသား၏ အမည်သည်လည်း အတန်းတိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။
"လခွမ်း.. ဒီ ရှားမင်က တကယ်ကို သတ္တိခဲပဲ.. မနေ့က စွန်းရုံရဲ့ မျက်နှာကို တည့်တည့်ကြည့်ပီး မုန်းတယ်လို့တောင် ကြွေးကြော်လိုက်တယ်.. ကြည့်ရတာ ဒီကောင်က အမှတ်(၆၀) အထက်တန်းကျောင်းမှာ စာဆက် မသင်ချင်တော့ဘူးထင်တယ်"
"ဟေ... တကယ်ကြီးလား.. ဒါ ဘယ်တုန်းက ဖြစ်သွားတာလဲ.. ငါဘာလို့ မသိရတာလဲ"
"ဘယ်ကြားမှာလဲ မင်းက ကျောင်းဆင်းတာနဲ့ ဂိမ်းဆိုင်ကို တန်းပြေးတော့တာကိုး.. မနေ့က ဟိုကောင် ရှားမင်ကြောင့် အတန်းဖော် စွန်းရုံကဒေါသတွေ အရမ်းထွက်ပြီး မျက်နှာနီရဲသွားတယ်လို့ ငါကြားမိတယ်"
"........"
၀မ်လင်းက အတန်းထဲမှ တဆင့် ထိုကျောင်းသား၏
နာမည်ကို သိရှိခဲ့သည်။
"ရှားမင်"
ဟုတ်ပါသည်၊ မနေ့က ရှားမင်က ရိုင်းစိုင်းခဲ့သော်လည်း စွန်းရုံသည် လက်တုံ့ပြန်ရလောက်သည်အထိ စိတ်ဓာတ် မသိမ်ဖျင်းခဲ့ပေ။
အကယ်၍ ရှားမင်က လက်တုံ့ပြန်ခြင်း ခံခဲ့ရလျှင်လည်း ၀မ်လင်းက ၀င်ရောက် လှုပ်ရှားလိမ့်မည် ဖြစ်သည်။
အဆုံးသတ်တွင် ဤအရာသည် သူ့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၍ နောက်ဆက်တွဲ ပြသနာများကို ကိုင်တွယ်ဖြေရှင်းရန်မှာ သူ၏ တာ၀န်ဖြစ်သည် မဟုတ်လော။
ဤဖြစ်ရပ်၏ အခြေအနေက မည်သည့် အတိုင်းအတာ အထိ ဖြစ်လာနိုင်သည်ကို သူ စောင့်ကြည့်ရပေမည်။
ယနေ့တွင် အမှတ်(၆၀) အထက်တန်းကျောင်း၏ အတင်းအဖျင်း ဆရာကြီး ကော်ဟောက်သည် ကျောင်းသို့ ခပ်စောစော ရောက်ရှိလာခဲ့ပြီး အခြေအနေကို မေးမြန်ရန်အတွက် စွန်းရုံကို အတန်းထဲတွင် စောင့်ဆိုင်းနေခဲ့သည်။
လက်ရှိတွင် သူမ၏ အတန်းဖော်တွေ စိုးရိမ်ဆုံးအရာမှာ ရှားမင်၏ ရိုင်းစိုင်းမှုအပေါ်တွင် စွန်းရုံ၏ သဘောထား ဖြစ်သည်။
သို့သော် ကော်ဟောက် အတွက် ကံမကောင်းခဲ့ပေ။
ကျောင်းသို့ အချိန်မှီ ရောက်လာလေ့ ရှိသော အတန်းဖော်စွန်းရုံသည် ကျောင်းသို့ ရောက်မလာခဲ့ပေ။
"ဟိုကောင်တော့ သွားပြီ.. စွန်းရုံက ကျောင်းမလာဘူးဆိုတော့ အတော်လေး စိတ်ဆိုးနေပုံပဲ"
အတန်းသားများ၏ အိမ်စာများကို စုဆောင်းရင်း မြေပဲလေးက သက်ပြင်းတစ်ချက်ချကာ ရေရွတ်လိုက်သည်။
"မေဘေးက အတန်းဖော် စွန်းရုံကို စော်ကားလိုက်တာလား.. ဒီအတိုင်းဆိုရင် စွန်းရုံရဲ့ သက်တော်စောင့်တွေက ဒီကောင့်ကို ဖမ်းပြီး မြစ်ထဲ ပစ်ချလိုက်နိုင်တယ်"
ကော်ဟောက်ကလည်း မနေ့က ဖြစ်ပျက်သွားခဲ့သည့် ကိစ္စကို အသေးစိတ် သိချင်နေခဲ့သည်။
"မနေ့က စွန်းရုံရဲ့ တုန့်ပြန်မှုက ဘယ်လို အခြေအနေရှိလဲဆိုတာ တစ်ယောက်ယောက်များ ပြောပြနိုင်မလား"
"ငါက စောစော ကျောင်းဆင်းသွားတော့ မသိဘူး.. ဒါပေမဲ့ တခြားအတန်းက လူတွေရဲ့ ပြောစကားအရတော့ စွန်းရုံက ဒေါသထွက်လွန်းလို့ ပေါက်ကွဲလုမတတ်ပဲ.. သူမက
အရင်က ဒီလိုမျိုး လူမြင်ကွင်းမှာ အရှက်ခွဲ မခံရဖူးဘူးလေ သေချာတာကတော့ ရှားမင်ရဲ့လုပ်ရပ်က သူမရဲ့ မာနကို ထိပါးစေခဲ့တာပဲ"
"စွန်းရုံက ဒီကောင့်ကို ပါးမချလိုက်ဘူးလား"
"စွန်းရုံက ရှက်လွန်းလို့ မျက်နှာတစ်ပြင်လုံး နီရဲနေပြီး စကားတစ်ခွန်းမှ မပြောဘဲ လစ်ထွက်သွားခဲ့တယ်"
"ဒါဆို မေဘေး ရှားမင်ကရော"
"သူက စွန်းရုံကို ပြောပြီးတာနဲ့ နေရာမှာတင် သတိလစ်သွားခဲ့တယ်"
"သတိလစ်သွားခဲ့တယ်လား"
လူတိုင်းက ထိတ်လန့်သွားကြသည်။
"ဒါက ဘယ်လို ထူးဆန်းတဲ့ အပြုအမူမျိုးလဲဟ.. ကောင်းကင်ကို တုန်လှုပ်စေပြီး တစ္ဆေနဲ့ နတ်ဘုရားတွေကို ငိုကြွေးစေမဲ့ စကားလုံးတွေ ပြောဆိုရဲတဲ့သူက ဘယ်လိုလုပ်ပြီး သတိလစ်သွားရတာလဲ"
"အတိုချုပ်ပြောရရင် အတန်းဖော်စွန်းရုံနဲ့ မေဘေး ရှားမင်က မနေ့က အဖြစ်အပျက် အပြီးမှာ ဘယ်လိုရှင်းပြချက်မျိုးမှ မပေးသေးဘူး.. တစ်ဖက်မှာလည်း မေဘေး ရှားမင်က ထောက်ခံသူ အများအပြားကို ရရှိခဲ့တယ်.. လောလောဆယ်တော့ ကြာပန်းကာကွယ်ရေး အဖွဲ့ရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းဖြစ်တဲ့ စစ်သည်တော်အဖွဲ့အစည်းက ရှားမင်ကိုအထောက်အပံ့ ပေးထားတယ်"
မြေပဲလေးက သူသိထားသလောက် လက်ရှိအခြေအနေကို အကျဥ်းချုပ် ရှင်းပြလိုက်သည်။
ကြာပန်းကာကွယ်ရေးအဖွဲ့ နဲ့ စစ်သည်တော်အဖွဲ့..
ထိုအဖွဲ့အစည်းနှစ်ခုက အမှတ်(၆၀)အထက်တန်းကျောင်းသို့ စွန်းရုံ ၀င်လာပြီးနောက်တွင် တည်ထောင်ခဲ့သည့် ကျောင်းသား အဖွဲ့အစည်း နှစ်ခု ဖြစ်သည်။
ကြာပန်းကာကွယ်ရေးအဖွဲ့သည် စွန်းရုံကို ဖွင့်ဟ၀န်ခံရန် သတ္တိမရှိသော ယောကျ်ားလေးတစ်စုက အထူး တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
၄င်းတို့က စွန်းရုံ၏ လျှို့၀ှက်ကာကွယ်သူများနှင့် ပရိသတ်များ ဖြစ်လာရန် ဆန္ဒရှိကြသည်။
စစ်သည်တော်အဖွဲ့ကမူ ကြာပန်းကာကွယ်ရေးအဖွဲ့နှင့် လုံး၀ ဆန့်ကျင်ဘက် ဖြစ်သည်။
၎င်းတို့က စွန်းရုံကို ဖွင့်ဟ၀န်ခံပြီးနောက် ငြင်းပယ်ခံခဲ့ရ
သည့် သူများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခုဖြစ်၏။
ထို့ကြောင့် စစ်သည်တော်အဖွဲ့ကို တည်ထောင်ရခြင်း၏ အဓိက အကြောင်းရင်းသည် အငြင်းခံရခြင်းကြောင့် ဖြစ်သည်။
စွန်းရုံနှင့် ဆက်ဆံရေးရှိသော မည်သူမဆို သူတို့၏ လက်တုံ့ပြန်ခြင်းကို ခံရပေမည်။
ဥပမာအားဖြင့် ၀မ်လင်းနှင့် စွန်းရုံတို့ စာလုပ်နေသောအချိန်တွင် ထပ်ခိုးပေါ်က ချောင်းမြောင်းခဲ့သော စီနီယာကျောင်းသားများသည် စစ်သည်တော်အဖွဲ့၏ အဖွဲ့၀င်များ ဖြစ်ကြ၏။
သူတို့၏ သဘောထားက အတော်လေး ရှင်းလင်းသည်။
စွန်းရုံ၏ အချစ်ကို သူတို့မှ မရလျှင် ဘယ်သူ့ကိုမှ ပိုင်ဆိုင်ခွင့်ပေးမည် မဟုတ်ချေ။
တစ်ချိန်တည်းတွင်ပင် စွန်းရုံအပေါ် ထားရှိသည့် သူတို့၏ စိတ်သဘောထားသည် ၀ိရောဓိ ဖြစ်နေသည်။
သူတို့သည် အစပထမတွင် စွန်းရုံကို နှစ်သက်ခဲ့ကျသော်လည်း ငြင်းပယ်ခံရပြီးနောက်တွင် သူမကို မုန်းတီးခဲ့ကြသည်။
ယင်းက အချစ်နှင့် အမုန်း ရောထွေးနေသော ရှုပ်ထွေးလွန်းသည့် အရာတစ်ခုလည်း ဖြစ်သည်။
ယမန်နေ့က ရှားမင်သည် ကောင်းကင်ကိုပင် တုန်လှုပ်စေပြီး တစ္ဆေသရဲနှင့် နတ်ဘုရားများကို ငိုကြွေးစေလောက်သည့် စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်အောင်မြင်ခဲ့သည်။
ထိုလုပ်ရပ်က စစ်သည်တော်အဖွဲ့မှ အဖွဲ့၀င်များ၏ ခံစားချက်ကို ချက်ချင်းပင် နိုးကြားစေခဲ့သည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ရှားမင်သည် မကြာခင်မှာပင် စစ်သည်တော်အဖွဲ့၏ ဥက္ကဌ ဖြစ်လာတော့မည်ဟု ၀မ်လင်း ခန့်မှန်းခဲ့သည်။
ရှားမင်နှင့် ဖန့်ရှင်းတို့သည် အခန်းတူများ ဖြစ်ကြသည်။
ထို့ကြောင့် ရှားမင်၏ အခြေအနေကို သူတို့အထဲတွင် ဖန့်ရှင်းထက် မည်သူမှ ရှင်းရှင်းလင်းလင်း သိမည် မဟုတ်ပေ။
ရှားမင်သည် စာသင်နှစ်တစ်ခုလုံး ခွန်အားများ စုဆောင်းလာခဲ့ပြီး အဆုံးသတ်မှသာ စွန်းရုံအား ၀န်ခံရန်အတွက် သတ္တိကို မွေးနိုင်ခဲ့သည်။
သို့သော် သူ့နှုတ်မှ ပြောထွက်ခဲ့သော စကားများသည် သူ၏ စိတ်နှလုံးနှင့် လုံး၀ ဆန့်ကျင်ဘက် ဖြစ်နေမည်ဟု တစ်ခါမှ မထင်မှတ်ခဲ့ပေ။
ရှားမင်က နှလုံးသားတစ်ခုလုံး ကြေမွသွားသလို ခံစားခဲ့ရသည်။
ထို့ကြောင့် သူက စကားပင် လုံး၀ မပြောနိုင်တော့ဘဲ ကျောင်းပြောင်းရန်သာ စဥ်းစားနေခဲ့၏။
ဖန့်ရှင်းက အခြေအနေ တစ်ရပ်လုံးကို ကောင်းစွာ မြင်နိုင်ခဲ့သည်။
တကယ်တမ်းတွင် သူသည် ဇာတ်လမ်းတစ်ခုလုံး နီးပါးကို ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်၏။
သူက အခန်းသုံးသို့ မကြာခဏ လာခဲ့ပြီး ပြတင်းပေါက်ကနေ ၀မ်လင်း၏ တုံ့ပြန်မှုကို တိတ်တဆိတ် အကဲခတ်ခဲ့ရာ ၀မ်လင်းက ပုံမှန်အတိုင်း တည်ငြိမ်စွာ ရှိနေသည်ကို တွေ့ခဲ့ရသည်။
"၀မ်လင်းက ဒီကိစ္စကို ဘယ်လို အဆုံးသတ်မှာလဲ"
ရှားမင်၏ လက်ရှိအခြေအနေက ကျိန်စာတစ်ခုကြောင့် ဖြစ်သည်ကို ဖန့်ရှင်း ကောင်းစွာသိသည်။
ပြဿနာမှာ ဤကျိန်စာကို ဖန်တီးခဲ့သူက ၀မ်လင်းဖြစ်နေခြင်းပင်။
ဤကျိန်စာ၏ အလုပ်လုပ်ပုံကို မသိသ၍ မည်သူမှကျိန်စာအား ချေဖျက်နိုင်မည် မဟုတ်ပေ။
တကယ်တမ်းတွင် ကျိန်စာကို တိုက်ဖျက်ပစ်ဖို့ နည်းလမ်း မရှိသည်တော့ မဟုတ်ချေ။
၀မ်လင်းအနေဖြင့် ရှားမင်ထံတွင် ဖွင့်ဟ ၀န်ခံရန်သာ လိုအပ်သည်။
ယင်းမှသာ ကျိန်စာက သူ့ဆီသို့ ပြန်လည်သက်ရောက်သွားမည် ဖြစ်ပီး ဤကိစ္စကို နိဂုံးချုပ်သွားစေမည် ဖြစ်၏။
သို့သော် တွေးကြည့်ရုံဖြင့်ပင် ထိုကိစ္စက လုံး၀ ဖြစ်လာနိုင်မည် မဟုတ်ပေ။
ဆိုရလျှင် ချစ်ခြင်းမေတ္တာကို ၀န်ခံခြင်း ဟူသောစကားလုံးသည် ၀မ်လင်း၏ အဘိဓာန်တွင် မရှိခဲ့ပေ။
ထို့အပြင် ရှားမင်သည် ယောကျာ်းလေး ဖြစ်နေသည် မဟုတ်ပါလော။
အပိုင်း(၁၀၈၉) ပြီး၏