ရှားမင် ဖွင့်ဟဝန်ခံခြင်း
Vol. 73 Ch. 1090
ရှားမင်သည် သူရဲကောင်းတစ်ဦးအဖြစ် လေးစားခံခဲ့ရသော်လည်း တကယ်တမ်းတွင် ပြင်းပြင်းထန်ထန် ခံစားနေရသည်။
သူက သူ၏ ခံစားချက်ကို ဖွင့်ဟ၀န်ခံရန်အတွက် စာသင်နှစ်တစ်လျှောက်လုံးတွင် ခွန်အားများကို စုဆောင်းခဲ့ရသည်။
သို့ရာတွင် အရေးကြီးသော အခိုက်အတန့်၌ ဆန့်ကျင်ဘက်စကားများကို ပြောဆိုခဲ့မိသည်။
သူပြောချင်သည့် စကားလုံးများက အဘယ်ကြောင့်ပေါက်ကရ စကားများ ဖြစ်သွားမှန်း သူနားမလည်တော့ပေ။
ယခုအခါတွင် ရှားမင်သည် အကျပ်ရိုက်နေခဲ့ပြီ ဖြစ်သည်။
သူက စစ်သည်တော်အဖွဲ့၏ သူရဲကောင်း မဖြစ်ချင်ခဲ့ပေ။
ဆိုရလျှင် သူသည် စွန်းရုံကို လက်ရှိအချိန်ထိ အလွန်ပင် နှစ်သက်နေဆဲ ဖြစ်၏။
ယခုအခါတွင် ကျောင်းရှိ စစ်သည်တော်အဖွဲ့သည် သူ့ကို သူရဲကောင်းတစ်ဦးအဖြစ် လေးစားနေခဲ့သည်။
သူ၏ ခံစားချက်အစစ်အမှန်ကို လက်ရှိအချိန်တွင် ထုတ်ဖော်ခဲ့လျှင် စစ်သည်တော် အဖွဲ့မှ လူများသည် သူ့ကို လက်တုံ့ပြန်နိုင်ချေ ရှိပေသည်။
စွန်းရုံကို မုန်းတီးကြောင်း ပြောဆိုပြီးနောက်တွင် ရှားမင်သည် စာသင်ခန်းထဲတွင် တနေ့တာလုံး စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။
အကယ်၍ အမှတ်{၆၀)အထက်တန်းကျောင်း၌ ထိပ်တန်းရှာဖွေမှု စာရင်းရှိခဲ့လျှင် ရှားမင်သည် ထိပ်ဆုံးနေရာတွင် သေချာပေါက် ရှိနေလောက်ပေသည်။
ရှားမင်သည် အားလပ်ချိန်တွင် အခန်းသုံးမှ ဖြတ်သွားရင်း စွန်းရုံ၏ လွတ်နေသော ထိုင်ခုံကို ငေးကြည့်လိုက်သည်။
စွန်းရုံက ဒေါသထွက်လွန်း၍ ယနေ့တွင် ကျောင်းမလာဟု အစောပိုင်းက သူကြားမိသည်။
ထိုစကားကို သူက မယုံချင်ခဲ့သော်လည်း စာသင်ခန်းမှ ဖြတ်သွား၍ ငေးကြည့်လိုက်သောအခါတွင် အမှန်ပင်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ဟုတ်ပါသည်၊ သူက စွန်းရုံကို ရှာဖွေရန် အခန်းသုံးကို လာခဲ့ခြင်း မဟုတ်ပေ။
အားလပ်ချိန်အတွင်း အခန်းသုံးသို့ လူတစ်ယောက်ရုတ်တရက် ရောက်လာသဖြင့် ကျောင်းသားအားလုံးက အံ့သြသွားကြသည်။
"ဒါက ရှားမင် မဟုတ်လား.. ဒါဆို မနေ့က လူတိုင်းပြောနေကျတဲ့ သူရဲကောင်းရှားမင်ဆိုတာ သူပေါ့"
အတန်းထဲရှိ လူတော်တော်များများသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
"မနေ့က ကိစ္စအတွက် ငါအမှန်တကယ် တောင်းပန်ပါတယ်"
ရှားမင်က စတိတ်စင်ပေါ်သို့ လျှောက်သွားပြီး အတန်းထဲရှိ လူအားလုံးကို ဦးညွတ်ကာ ပြောလိုက်သည်။
အခန်းသုံးတွင် စွန်းရုံ၏ အဆင့်အတန်းကို သူကောင်းစွာ သိသည်။
အခြေခံအားဖြင့် လူတိုင်းသည် စွန်းရုံကို သဘောကျကြ၏။
ထို့ကြောင့် ယမန်နေ့က သူ၏ မဆင်မခြင် လုပ်ရပ်သည် ဤတစ်တန်းလုံးကို ဒေါသတကြီး ဖြစ်စေမည်မှာ သေချာသလောက်ပင်။
သူက ဤကဲ့သို့ တောင်းပန်ရန် သတ္တိကို အတော်လေး မွေးခဲ့ရသည်။
သူ၏ တောင်းပန်မှုသည် ပထမနှစ် အခန်းသုံးမှ ကျောင်းသားများ၏ လက်ခုပ်သြဘာကို ချက်ချင်းဆိုသလို ရရှိခဲ့၏။
ရှားမင်က အားလုံးကို ဦးညွတ်ပြီးနောက် သူ၏ခေါင်းကို မော့လိုက်သည်။
ထိုခဏမှာပင် ချန်းချောင်သည် ရှားမင်၏ အနားသို့ ရောက်လာပြီး ပုခုံးကို လက်ဖြင့် ဖက်လိုက်သည်။
"သားကြီး.. ရိုးရိုးသာသား၀န်ခံရရင် မနေ့က မင်းရဲ့အကွက်တွေက အရမ်းမိုက်တယ်.. လုပ်စမ်းပါဦး.. ရည်းစားစကား ပြောနည်း မင်းကို ဘယ်သူသင်ပေး လိုက်တာလဲ"
ရှားမင် "???"
"အတန်းဖော်စွန်းရုံကို ဒီလောက်ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ဘယ်သူကမှ မလုပ်နိုင်ခဲ့ဘူး"
ချန်းချောင်က ရယ်မော၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. စွန်းရုံ ဒေါသ ထွက်မထွက် ငါ သေချာမေးထားပြီးပြီ.. စွန်းရုံသာ တကယ်စိတ်ဆိုးရင် သူ့ရဲ့ ကိုယ်ရံတော်တွေက လမ်းမှာကတည်းက မင်းကို အစဖျောက်ပြီးသွားပြီပေါ့"
၀မ်လင်း "............."
ချန်းချောင် ပြောခဲ့သော စကားများက အမှန်များ ဖြစ်၏။
စွန်းရုံသာ အမှန်တကယ် ဒေါသထွက်ခဲ့လျှင် သူမအနေဖြင့် စကားတစ်ခွန်းမျှပင် ပြောစရာမလိုပေ။
ဟွာကော ရေတံခွန် လုပ်ငန်းစု၏ အနေအထားအရ ကျောင်းသားတစ်ဦးသည် အခြားကျောင်းသို့ ပြောင်းရွှေ့ရန် အချိန်ယူ၍ စီစဥ်စရာ မလိုအပ်ချေ။
ယခု ချန်းချောင်၏ ကောင်းချီးပေးသောပါးစပ်က ထုတ်ပြောလိုက်သောကြောင့် စွန်းရုံက အမှန်တကယ် စိတ်မဆိုးကြောင်း ပိုမို သေချာသွားခဲ့ပြီ ဖြစ်သည်။
"မင်း ဘယ်လိုလုပ် ဒီလောက်တောင် သေချာသိနေရတာလဲ"
ကော်ဟောက်က မယုံနိုင်သော အမူအရာဖြင့် မေးလိုက်သည်။
ထိုခဏတွင် အတန်းထဲရှိ လူတိုင်းသည် ချန်းချောင်ထံမှ ရှင်းပြချက်ကို သိချင်နေခဲ့ကြသည်။
"ဒီလိုပါ.. စွန်းရုံရဲ့ ငယ်သူငယ်ချင်းက ငါ့အဖေရဲ့သိုင်းသင်တန်း ခန်းမမှာ လေ့ကျင့်နေတယ်လေ.. ငါ့မှာ သူမရဲ့ (Wechat) အကောင့် ရှိတော့ စွန်းရုံ အကြောင်းကို မေးဖြစ်ခဲ့တယ်.. စွန်းရုံ သူ့ငယ်သူငယ်ချင်းကို ဖြစ်ရပ်အားလုံး ပြောပြထားမယ်လို့ ငါလည်း တကယ် မထင်ခဲ့မိဘူး"
ချန်းချောင်က ရှင်းပြလိုက်၏။
"စွန်းရုံအိမ်ပြန်ရောက်ပြီးနောက်မှာ တစ်ချိန်လုံး နှုတ်ဆိတ်နေတဲ့အတွက် စွန်းရုံရဲ့ သက်တော်စောင့်တွေက အကြောင်းအရင်းကို သိရဖို့ စွန်းရုံရဲ့ ငယ်သူငယ်ချင်းကို အကူအညီတောင်းခဲ့တယ်.. နှစ်နာရီခန့် စကားပြောပြီးနောက်မှာ စွန်းရုံက အမှန်တကယ် စိတ်မဆိုးကြောင်း သူမရဲ့ ငယ်သူငယ်ချင်းက သိလိုက်ရတယ်လေ"
ချန်းချောင်က မေးစေ့ကို ပွတ်သပ်၍ ပြောလိုက်သည်။
"ဒါပေမဲ့ အသေးစိတ်ကိုတော့ သူမ ငါ့ကို မပြောပြခဲ့ပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သေချာပေါက် သိနိုင်တာ တစ်ခုက အတန်းဖော်စွန်းရုံက ရှားမင်ကို နည်းနည်းလေးတော့ သဘောကျပုံရတယ်.. မှန်ပါတယ် ဒါပေမဲ့ အဲ့ဒါက ချစ်တယ်ဆိုတဲ့ သဘောတော့ မဟုတ်ဘူး ဒါက ရှားမင်အပေါ်မှာ ကောင်းမွန်တဲ့အမြင် ရှိတာမျိုး ဖြစ်နိုင်ပါတယ်"
၀မ်လင်း "???"
ရှားမင် "???"
အားလုံး"???"
ချန်းချောင်၏ စကားဆုံးသည်နှင့် တစ်တန်းလုံးသည် ရှားမင် မနေ့က လုပ်ခဲ့သည့် လုပ်ရပ်ကို လျှပ်တပြက်အတွင်း နားလည်သွားကြသည်။
တကယ်တမ်းတွင် ရှားမင်သည် စွန်းရုံ၏ စိတ်နှလုံးကို သိမ်းကြုံးရယူရန်အတွက် ဆန့်ကျင်ဘက်စကားကို တမင်ပြောဆို၍ ဖွင့်ဟ၀န်ခံလိုက်ခြင်း ဖြစ်နိုင်၏။
ဆိုရလျှင် ထိုနည်းလမ်းသည် တစ်စုံတစ်ဦး အပေါ် ခံစားချက်ကို ဖော်ပြသည့် ဆန့်ကျင်ဘက် နည်းလမ်းတမျိုးလည်း ဖြစ်သည်။
ရှားမင်၏ ရည်ရွယ်ချက် အစစ်အမှန်ကို သိလျှင် လူတိုင်းက အံ့အားသင့်သွားကြသည်။
ထိုသို့ အံ့အားသင့်သော သူများမှာ အခန်းသုံးမျှသာ မဟုတ်ပေ။
သူရဲကောင်း ရှားမင်ကို စိတ်၀င်တစား လာရောက်ကြည့်ရှုသော စင်္ကြန်ရှိ ကျောင်းသားများသည်လည်း အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"လခွမ်း.. ဒါက ဘယ်လိုတောင် အဆင့်မြင့်တဲ့ ဗျူဟာလဲဟ"
လူတိုင်းက လုံး၀ကို အံ့သြထိတ်လန့်သွားကြသည်။
ရှားမင်၏ အဆင့်မြင့်ဗျူဟာအကြောင်းကို နားလည်သွားပြီး နောက်တွင် အမှတ်(၆၀) အထက်တန်းကျောင်းသည် တဖန် ပေါက်ကွဲသွားပြန်သည်။
ဤကဲ့သို့ ၀န်ခံချက်မျိုးသည် ၀တ္ထုများတွင်သာ တွေ့ရ
တတ်ပြီး လက်တွေ့ဘ၀တွင် ဖြစ်ပေါ်လာရန်မှာ သာမန်အားဖြင့် အလွန်ပင် ခဲယဥ်းပေသည်။
ဤသို့ဖြင့် ရှားမင်သည် စွန်းရုံကို အမှန်တကယ် သဘောကျနေကြောင်း တစ်ကျောင်းလုံးက သိရှိသွားခဲ့သည်။
ရှားမင်က သူ၏ သဘောထားအစစ်အမှန်ကို ၀န်ခံပြီး နောက်တွင် စစ်သည်တော်အဖွဲ့ကသူ့ကို လက်တုံ့ပြန်လောက်သည်ဟု တွေးထားခဲ့သည်။
သို့သော်လည်း အမှန်တရားကို သိရှိပြီးနောက်တွင် စစ်သည်တော်အဖွဲ့မှ ကျောင်းသားများ အားလုံးသည် သူ့ကို လေးစားသော အကြည့်များဖြင့် ကြည့်ရှုခဲ့ကြသည်။
တခဏချင်းမှာပင် ရှားမင်သည် အမှတ်(၆၀) အထက်တန်းကျောင်း၏ အချစ်ဆရာကြီး ဖြစ်လာခဲ့သည်။
နေ့လည်ခင်း အားလပ်ချိန်တွင် ကျောင်းသားများသည် သူတို့၏ ခံစားချက်များကို ဖွင့်ဟ ၀န်ခံခြင်းနှင့် ပက်သက်၍ အကြံဥာဏ်များ ရယူရန်အတွက် ရှားမင်ထံ ရောက်လာခဲ့ကြသည်။
"ဆရာကြီး ရှားမင် ကျေးဇူးပြုပီး ကောင်မလေးတွေကို ဘယ်လိုလိုက်ရမလဲဆိုတာ သင်ပေးပါဦး.. မင်းလောက် ငါတို့က ဗျူဟာမကြွယ်လို့ပါကွာ"
အခြားအတန်းမှ ကျောင်းသားတစ်ယောက်က လေးစားကိုးကွယ်သည့် အမူအရာဖြင့် ရှားမင်၏အနားသို့ ချဥ်းကပ်လာသည်။
"ငါက အခု တခြားကျောင်းက ကောင်မလေး တစ်ယောက်ကို လိုက်နေတယ်.. သူမက အရမ်းလှတယ်လို့ မဆိုနိုင်ပေမဲ့လည်း သဘောကောင်းတဲ့ ကောင်မလေးတစ်ယောက်ပဲ.. ဆရာကြီး ရှားမင်.. ကျေးဇူးပြုပြီး ငါရဲ့ခံစားချက်တွေကို ဖွင့်ဟ၀န်ခံဖို့ နည်းလမ်းကို သင်ပေးပါ.. ကောင်မလေးဆီက အငြင်းမခံရအောင် ဘယ်လို ဖွင့်ဟ ၀န်ခံရမလဲ ဆရာကြီး ရှားမင်"
"ဘာမှ မလိုဘူး.. မင်းမှာ သတ္တိရှိရင် ရပြီ"
ရှားမင်က မည်ကဲ့သို့ တုန့်ပြန်ရမည်ကို မသိသော်လည်း ခပ်တည်တည် ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် နောက်ထပ် ကျောင်းသားတစ်ယောက်က ရှားမင်ကို အကြံဥာဏ် တောင်းလိုက်သည်။
"ဆရာရှား.. ငါ့မှာ နှစ်ရှည်လများ ကြိုက်ခဲ့ရတဲ့ အမကြီး တစ်ယောက်ရှိတယ်.. သူမက အရမ်းကို နူးညံ့သိမ်မွေ့တယ်.. ဒါ့အပြင် သူမက မန်ဂါ ဖတ်ရတာနဲ့ အဲဒီထဲက ဇာတ်ကောင် အ၀တ်အစား ၀တ်ရတာကို နှစ်သက်တယ်.. သူမ ငါ့ကိုသဘောကျအောင် ငါဘယ်လိုလုပ်သင့်လဲ"
"ဘာမှ မလိုဘူး မင်းသတ္တိရှိရင် ရပြီ"
ရှားမင်က ပြောလိုက်သည်။
ထို့နောက်တွင် သူ့ကို တတိယတစ်ယောက်က အကြံဥာဏ် တောင်းလိုက်ပြန်သည်။
"ဆရာရှား.. ငါ့မှာ ချစ်ရတဲ့ ညီမလေး တစ်ယောက်ရှိတယ်.. မှန်ပါတယ် အဲ့ညီမလေးကို ငါ့ရဲ့မိဘတွေက သူ ငယ်စဥ်ကတည်းက မွေးစားခဲ့တာပါ.. ပြောရရင် ငါတို့တွေက သွေးသားတော့ မတော်စပ်ပါဘူး.. ငါတစ်ခုလောက် မေးချင်ပါတယ်.. ငါရော သတ္တိရှိရမှာလား"
"ဘာ မင်းက သတ္တိရှိချင်တာလား.. သတ္တိရှိချင်လည်း ရတယ်လေ.. ပြီးရင်တော့ ငါတို့နိုင်ငံရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတွေကို လေ့လာလိုက်ပေါ့"
ရှားမင်က ပြောလိုက်သည်။
"........"
အပိုင်း(၁၀၉၀) ပြီး၏