အာရုံစိုက်မှုရအောင် လုပ်ဆောင်နည်း
Vol. 73 Ch. 1091
ယောကျာ်းလေးအများစုသည် ၄င်းတို့၏ ချစ်မှုရေးရာကိစ္စအများအပြားအတွက် ရှားမင်နှင့် တိုင်ပင်ရန် နေ့လည်စာ စားချိန်ကို အခွင့်ကောင်း ယူထားကြသောကြောင့် ၀မ်လင်းသည် ကန်တင်းသို့ သွားရာတွင် ပထမဆုံးအကြိမ် အဖြစ် အတားအဆီးမရှိ လမ်းလျှောက်ရသော အတွေ့အကြုံကို ခံစားခဲ့ရသည်။
ကန်တင်းတွင် ကျောင်းသားအနည်းစုသာ ရှိနေသဖြင့်အစားအသောက် ထည့်ပေးသည့် အန်တီကြီးများသည်
နေ့လည်စာ လာစားသည့် ကျောင်းသားများ အနည်းငယ်ပို၍ စားသောက်ရန် မျှော်လင့်နေခဲ့သည်။
သို့မဟုတ်ပါက စားကြွင်းစာကျန်များကို ပုံးများထဲတွင် ထည့်ကာ စုဆောင်းပြီး နဂါး၀က် မွေးမြူသူများထံ ပေးပို့ရမည် ဖြစ်၏။
"မင်းတို့ လူငယ်လေးတွေက ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲ အရွယ် ဖြစ်တဲ့အတွက် စားသောက်ဖို့ လိုအပ်တယ်.. ဒါနဲ့ အစားအသောက်တွေက ဘာလို့ အဲဒီလောက် ပိုနေရတာလဲ"
အမေကျွမ့်က ကျောင်းသားတစ်ဦးကို အကျိုးအကြောင်း မေးမြန်းလိုက်သည်။
အကျိုးအကြောင်းကို သိလိုက်ရသည့်အခါတွင် အမေကျွမ့်သည် ရှားမင် ဆီသို့ သွားကာ ကျောင်းသားများကို ပြန်လည် ခေါ်ထုတ်လာခဲ့သည်။
"ဆရာကြီး ရှားမင်ဆီက အကြံဥာဏ် ရခါနီးမှကွာ.. အမေကျွမ့်က အတော်ဇီဇာကြောင်တာပဲ.. ကြည့်ရတာ အခုထိ အိမ်ထောင် မကျသေးဘူးနဲ့ တူတယ်"
"မဟုတ်ဘူး.. အမေကျွမ့်က အိမ်ထောင်ကျဖူးတယ်.. ဒါပေမဲ့ သူ့ယောကျာ်းက အသက်မရှည်လိုက်ဘူး"
"ဘာဖြစ်လို့လဲ အမေကျွမ့်ရဲ့ အနက်ရောင်ဟင်းလျာတွေကြောင့်လား"
"အဲလိုတော့မဟုတ်ပါဘူး သူ့ဘာသာသူ ကျန်းမာရေး ညံ့ပီး အသက်မရှည်တာပါ"
"......."
လူတိုင်းက စကား ဆက်မပြောဖြစ်ခဲ့ကြပေ။
၀မ်လင်းက ပန်ကန်ပြားတစ်ချပ်ကို ယူ၍ အစားအသောက် ထည့်ပေးသည့် အဒေါ်ကြီးထံတွင် အစားအသောက်များ ထည့်ခိုင်းလိုက်သည်။
နေ့လည်စာမှာ ခရမ်းချဥ်သီးကြက်ဥကြော်၊ အညိုရောင်ဆော့စ်နှင့် အသားလုံးပြုတ်၊ ဟင်းသီးဟင်းရွက်မွှေကြော်နှင့် ၀က်နံရိုးဘူးသီးစွပ်ပြုတ် တို့ဖြစ်သည်။
၀မ်လင်းက ထမင်းစားရာတွင် ပို၍အရသာရှိစေရန် ထမင်းအပေါ် ဆော့စ်တချို့ လောင်းခိုင်းသည့် အလေ့အထ ရှိသည်။
"၀မ်လင်း.. မင်းက ဒီလောက်ကြိတ်ပေမဲ့ ဘာလို့ ကိုယ်အလေးချိန် မတက်လာရတာလဲ"
ချန်းချောင်က မနာလိုသော လေသံဖြင့် မေးလိုက်သည်။
သူက အစားအသောက်ကို ခုံမင်သူ တစ်ဦး ဖြစ်သော်လည်းအားကစားသမား တစ်ယောက် ဖြစ်၍
အစားအသောက်ကို ထိန်းထိန်းသိမ်းသိမ်း စားလေ့ရှိသည်။
ထိုသို့မဟုတ်လျှင် သူအနှစ်နှစ်အလလ ကြိုးစားခဲ့ရသည့် ခန္ဓာကိုယ်ပုံသဏ္ဍာန်က ပျက်ယွင်းသွားလိမ့်မည် ဖြစ်၏။
အထူးသဖြင့် သူကဲ့သို့ ကြွက်သားများကို သဘောကျသည့် ယောကျာ်းလေးများသည် ခန္ဓာကိုယ်တွင် အဆီများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လေ့ ရှိကြသည်။
၀မ်လင်းက အသားတုံးတစ်တုံးကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
အလွန်အကျွံ စားသုံးသ၍ ကိုယ်အလေးချိန် မတက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သော်လည်း ၀မ်လင်းကမူ ခန္ဓာကိုယ်ကို လက်ဖြင့် အသာအယာပွတ်တိုက်ရုံဖြင့် အဆီချ၍ ရသည်။
ထို့ပြင် သူဖယ်ရှားလိုက်သော အဆီသည် လုံး၀ အသုံးမ၀င်တော့သည် မဟုတ်ပေ။
ဆိုရလျှင် ထိုအဆီသည် ၀မ်လင်း၏ ခန္ဓာကိုယ်မှ အသားလည်း ဖြစ်သည်။
၀မ်လင်းက တနေ့နေ့တချိန်ချိန်တွင် ထိခိုက်ဒဏ်ရာရခဲ့လျှင် အရေးပေါ် အခြေအနေ၌ ဒဏ်ရာကို ကုသရန် သူ၏ ဘုရင်မျက်လုံးထဲမှ နေရာလွတ်အတွင်း ထိုအသားများကိုသိမ်းဆည်းထားခဲ့သည်။
သို့သော် ကံဆိုးစွာဖြင့် ၀မ်လင်းကို နာကျင်စေနိုင်သည့် သက်ရှိသတ္တ၀ါ တစ်ကောင်တစ်လေမှ စကြာ၀ဠာထဲတွင် ယခုအချိန်ထိ မတွေ့ရသေးပေ။
ဘုရင်မျက်လုံးထဲရှိ နေရာလွတ်အတွင်း နှစ်ပေါင်းများစွာ သိမ်းဆည်းထားသည့် အသားများကို စစ်တမ်းကောက်ယူပြီး နောက်တွင် ၀က်တကောင်လောက် အလေးချိန်ရှိသည့် ကီလို ၂၀၀ လောက်ရှိမည်ဟု ၀မ်လင်း ခန့်မှန်းခဲ့သည်။
နေ့လည်စာ စားသောက်နေစဥ် လျူချင်းရီ နှင့် ၀မ်ကျန်းတို့သည် သူနှင့် မနီးမဝေး စားပွဲတစ်ခုတွင် စားသောက်နေကြသည်။
ယင်းက လိုက်ဖက်ညီသော မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
သူတို့နှစ်ယောက်သည် ဝေ့ကျစ်၏ တိုက်ခန်းတွင် အမြဲလိုလို ရန်ဖြစ်ခဲ့ကြသော်လည်း ဤနေရာတွင်မူ ၀မ်လင်းရှိနေသောကြောင့် ငြိမ်သက်နေခဲ့ကြသည်။
တစ်ဖက်တွင်လည်း ကူရွှင်းကျစ်နှင့် ကျန်းရွမ်တို့သည် ၀မ်လင်း၏ ဘေးစားပွဲတွင် ထိုင်နေကြပြီး အစားအသောက်များကို စားသောက်နေကြသည်။
တကယ်တမ်းတွင် သူတို့သည် ၀မ်လင်းနှင့် စားပွဲတစ်လုံးထဲတွင် ထိုင်ချင်သော်လည်း သူတို့ထက် အရင်ဦးထားသူများ ရှိနှင့်နေခဲ့သည်။
ဆိုရလျှင် ၀မ်လင်းထိုင်သည့် နေရာတွင် အခြေခံအား
ဖြင့် ချန်းချောင်၊ ကော်ဟောက်၊ မြေပဲလေးနှင့် ဖန့်ရှင်းတို့သည် အတူထိုင်လေ့ ရှိကြသည်။
ယနေ့တွင် ထိုလေးယောက်ထဲမှ သုံးယောက်သည် ၀မ်လင်းနှင့်အတူ နေ့လည်စာ စားသောက်နေခဲ့ကြသည်။
မြေပဲလေးကမူ ရှားမင်ထံတွင် အချစ်အကြောင်း တိုင်ပင်ရန် သွားနေပုံရ၏။
ထမင်းစားပြီး တစ်၀က်လောက်အရောက်တွင် ကော်ဟောက်သည် ရုတ်တရက် စပြောလာခဲ့သည်။
"၀မ်လင်း မင်းတကယ်ရော အဆင်ပြေရဲ့လား"
၀မ်လင်း " ? ? ? "
ကော်ဟောက် "စွန်းရုံက ရှားမင်ကို တကယ်ပဲ သဘောကျတယ်ဆိုရင် မင်းအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုမျိုးကို မခံစားရဘူးလား.. စွန်းရုံက အခုအချိန်မှာ ရှားမင်ကို အကောင်းမြင်တဲ့အခြေအနေပဲ ရှိပါသေးတယ်.. မင်းအနေနဲ့ အခုချက်ချင်း လှုပ်ရှားလိုက်မယ်ဆိုရင် စွန်းရုံရဲ့ နှလုံးသားကို ပြန်အနိုင်ယူဖို့ အခွင့်အရေး ရှိပါသေးတယ်"
"........"
၀မ်လင်းက ဘာမှပြန်မဖြေဘဲ အသားလုံးကိုသာ တိတ်တဆိတ် ၀ါးနေခဲ့သည်။
အဆုံးသတ်တွင် ရှားမင်နဲ့ စွန်းရုံတို့ စုံတွဲ ဖြစ်သွားလျှင်ပင် သူစိတ်မ၀င်စားပေ။
ထိုကဲ့သို့ ဖြစ်လာလျှင် စွန်းရုံ၏ သူ့အပေါ် ကျရောက်နေသော အာရုံများသည် ရှားမင်ပေါ်သို့ ကူးပြောင်းသွားလိမ့်မည် ဖြစ်၏။
၀မ်လင်းအတွက်မူ စွန်းရုံသည် အမှန်တကယ်ပင် ထူးချွန်သော မိန်းမပျိုလေးတစ်ဦး ဖြစ်သည်။
သို့သော်လည်း သူမသည် အလွန်ထူးခြားပြီး စွဲမက်ဖွယ်ကောင်းလွန်းသောကြောင့် သူက မသက်မသာ ခံစားရလေ့ ရှိသည်။
ခံစားချက်ဆိုသည်မှာ အတင်းအကျပ် လုပ်ယူ၍ရသော အရာမဟုတ်ပေ။
လူတိုင်းသည် သူတို့ ကြိုက်နှစ်သက်သည့်အရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိ၏။
"အမဲသားလိုချင်တဲ့သူ ရှိလား.. လိုချင်ရင် ငါ့ပန်းကန်ထဲကနေ ယူကြ"
ချန်းချောင်က အစားအစာကို ထိန်းချုပ်၍ စားသောက်သောသူ ဖြစ်သောကြောင့် ပန်းကန်ပေါ်တွင် အမဲသား အများအပြား ကျန်နေခဲ့သည်။
ကော်ဟောက်က ဟန်ဆောင်မှုကင်းစွာဖြင့် ချန်းချောင်၏ ပန်းကန်မှ အမဲသားများကို ယူလိုက်သည်။
"မင်းက ဘာလို့ သိပ်မစားရတာလဲ"
ချန်းချောင်ထံမှ အသားကို ယူပြီးနောက်တွင် ကော်ဟောက်သည် ဖန့်ရှင်းကို တစ်ချက်ကြည့်၍မေးခွန်းထုတ်လိုက်သည်။
၀မ်လင်းပြီးလျှင် ဤအမှတ်(၆၀)အထက်တန်းကျောင်း၌ သူနားမလည်နိုင်ဆုံးလူမှာ အခန်းနှစ်မှ ဖန့်ရှင်း ဖြစ်သည်။
"မင်းရဲ့ အတင်းအဖျင်းစကားတွေကို နားထောင်ရတာက ငါ့ကို ဗိုက်ပြည့်စေလို့ပါ"
ဖန့်ရှင်းက ပြုံး၍ ပြောလိုက်သည်။
ထိုအချိန်တွင် ၀မ်လင်းသည် တစ်စုံတရာ လွဲမှားနေသည်ကို ခံစားလိုက်ရသည်။
စွန်းရုံနှင့် ရှားမင်တို့ကြားမှ ဆက်ဆံရေးနှင့် ပတ်သက်၍ ချန်းချောင်၏ ကောင်းချီးပေးသောနှုတ်မှ ထွက်ကျလာသည့် စကားကို သူ ပြန်အမှတ်ရမိခဲ့သည်။
ယင်းမှာ စွန်းရုံအနေဖြင့် ရှားမင်အပေါ်တွင် ကောင်းမွန်သော အမြင်သာ ရှိသည် ဟူသောစကား ဖြစ်သည်။
ကောင်းမွန်သည် ဟူသော အမြင်သည် ကြိုက်နှစ်သက်သည် ဟု အဓိပ္ပါယ်မရပေ။
ဆိုလိုသည်မှာ စွန်းရုံသည် ရှားမင််ကို ကြိုက်နှစ်သက်မည် မဟုတ်ချေ။
ချန်းချောင်၏ ကောင်းချီးပေးသောနှုတ်မှ ထွက်ကျလာသည့် စကားတွင် ရှားမင်ကို ကြိုက်နှစ်သက်ပါသည်ဟု
သော တရား၀င်ကောက်ချက်မျိုး ဘာတစ်ခုမှ ထွက်မလာခဲ့ပေ။
ထိုအကြောင်းကို တွေးမိကာ ၀မ်လင်းက ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။
နေ့လည်ခင်းတွင် စွန်းရုံသည် အဆုံးသတ်၌ ပေါ်လာခဲ့သည်။
သူမက တစ်ညလုံး ပြင်းပြင်းထန်ထန် တွေးတောပြီး နောက်တွင် သူမ၏ နှလုံးသားကို ၀န်ခံရန် ဆုံးဖြတ်လိုက်သည်။
နေ့ခင်းဘက်တွင် လူတစ်စုသည် ရှားမင်ကို စွန်းရုံနှင့် မျက်နှာချင်းဆိုင်ရန် အတွက် ပထမနှစ် အခန်းသုံးဆီသို့ တွန်းပို့လိုက်ကြသည်။
အတန်းထဲရှိ ကျောင်းသားများ သာမက အခြားအတန်းထဲရှိ ကျောင်းသားများကလည်း အခြေအနေကို ရန်ခုန်စွာ စောင့်ကြည့်နေခဲ့ကြသည်။
"ကံကောင်းပါစေ ဆရာကြီး ရှားမင်.. သားကြီးတို့ ဆရာကြီး ရှားမင်ကို ထောက်ခံကြ.. ဖိတ်ချင်းဖိတ် ကိုယ့်ဘော်ဒါအိတ်ထဲ ဖိတ်တာ အကောင်းဆုံးပဲ"
ထိုအချိန်တွင် ၀မ်လင်းသည် စာသင်ခန်း၏ ထောင့်တစ်နေရာတွင် ထိုင်ရင်း ဖရဲသီးကို စားနေခဲ့သည်။
၀မ်လင်းက ထမင်းစားပြီးတိုင်းတွင် အသီးအနှံများကို စားလေ့ရှိသည်။
ဤဖရဲသီးကို မေမေ၀မ်က သူ့အတွက် ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်၏။
သူက ထမင်းဘောက်စ် ထဲကနေ ဖရဲသီးကို ထုတ်ယူပြီးနောက် အေးခဲမှော်စွမ်းရည်ကို အသုံးချကာ ဖရဲသီး အေးအေးလေးကို ချက်ချင်းဆိုသလို စားသုံးနိုင်ခဲ့သည်။
"အတန်းဖော် စွန်းရုံ"
"အတန်းဖော် ရှားမင်"
ရှားမင်နှင့် စွန်းရုံတို့က မျက်နှာချင်းဆိုင် အနေအထား
ဖြင့် တစ်ချိန်တည်းမှာပင် ပြောဆိုလိုက်ကြသည်။
လူတိုင်း၏ အကြည့်များသည် သူတို့နှစ်ယောက်အပေါ်တွင် ရှိနေခဲ့သည်။
"မင်းအရင်ပြော"
"နင်အရင်ပြော"
သူတို့နှစ်ယောက်က တစ်ချိန်တည်း ပြောနေကြပြန်သည်။
"သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ.. သူတို့နှစ်ယောက် တွဲသွားရင်လည်း ခပ်ကောင်းကောင်းပဲ.. ငါတို့တွေ အရမ်းကြီး မကြေကွဲရတော့ဘူးပေါ့"
ထိုခဏမှာပင် စွန်းရုံက သူမ၏ အတွေးများကို ရှင်းထုတ်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"ကောင်းပြီလေ အဲဒါဆို ငါအရင်ပြောမယ်"
စွန်းရုံ၏ စကားကိုကြားလျှင် ရှားမင်၏ ခြေထောက်များသည် ညွတ်ကျလုမတတ် တုန်ယင်နေခဲ့သည်။
ယခင်က သူ့ကို ဘယ်မိန်းကလေးကမှ ၀န်မခံခဲ့ဖူးပေ။
ယခုတော့ စွန်းရုံက သူ့ကို အမှန်တကယ် နှစ်သက်ကြောင်း ကိုယ်တိုင် ၀န်ခံတော့မည် ဖြစ်၏။
"အတန်းဖော် စွန်းရုံ ပြောပါ"
ရှားမင်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး စွန်းရုံ၏
ဖွင့်ဟ၀န်ခံမှုကို နားထောင်ရန် အသင့်ပြင်လိုက်သည်။
စွန်းရုံက ရှားမင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ရှားမင်.. မနေ့က ငါ့အာရုံကို ဖမ်းစားဖို့အတွက် နင်ထူးခြားတဲ့ ချဥ်းကပ်မှုကို အသုံးပြုပြီး ကြိုးစားခဲ့တယ်.. ဒီအတွက် ငါနင့်ကို စိတ်မဆိုးပါဘူး"
ရှားမင် "နင်စိတ်မဆိုးတာ ငါသိပါတယ်"
စွန်းရုံက ပြုံးလိုက်သည်။
"ဒါကြောင့် နင်ငါ့ကို ဘာမှတောင်းပန်စရာမလိုဘူး.. တကယ်တမ်း ပြောရရင် ငါ့ကို စိတ်အားထက်သန်မှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ အတန်းဖော် ရှားမင်ကိုပဲ ငါက ပြန်ပြီးတောင် ကျေးဇူးတင်ရဦးမယ်"
ရှားမင် အံ့သြထိတ်လန့်သွားခဲ့သည်။
" ? ? ? "
စွန်းရုံက စိတ်တည်ငြိမ်မှုရှိစေရန် အသက်ကိုခပ်ပြင်းပြင်း ရှုလိုက်သည်။
ရိုးသားစွာ၀န်ခံရလျှင် ရှားမင်၏ ယမန်နေ့က ၀န်ခံချက်သည် သူမကို အမှန်တကယ်ပဲ စိတ်အားထက်သန်စေခဲ့သည်။
သူမက လူတစ်ယောက်၏ အာရုံစူးစိုက်မှုကို ရရှိအောင် ကြိုးစားခဲ့သော်လည်း ထိုလူသည် သူမကို အမြဲတမ်း
လျစ်လျူရှုခဲ့သည်။
ယမန်နေ့ညက တစ်ညလုံး အတွေးများနှင့် ဗျာများနေပြီး နောက်တွင် စွန်းရုံသည် အဆုံးသတ်၌ ရှားမင်၏ ဖွင့်ဟ၀န်ခံမှုနည်းလမ်းဖြင့် ဥာဏ်အလင်းရသွားခဲ့သည်။
အကယ်၍သာ ၀မ်လင်းကို သူမ မုန်းတီးကြောင်း လူတိုင်း၏ အရှေ့တွင် ကျယ်လောင်စွာ ကြေငြာနိုင်လျှင် ၀မ်လင်း၏ အာရုံကို ဆွဲဆောင်နိုင်မည် မဟုတ်ပါလော။
သူမက ပြောရမည့်စကားများကို ပြင်ဆင်ထားခဲ့ပြီးပြီ ဖြစ်သည်။
"အတန်းဖော် ၀မ်လင်း.. နင့်ကို မုန်းတယ်.. ငါ နင့်ကို အမုန်းဆုံးပဲ.. တောင်းပန်ပါတယ် ငါရှေ့မှာ ထပ်မပေါ်လာပါနဲ့တော့"
စွန်းရုံက ၀မ်လင်းဘက်သို့ လှည့်၍ ထိုစကားများကို ဖွင့်ထုတ်ရန် ပြင်လိုက်သည်။
ထိုခဏမှာပင် စွန်းရုံ၏ ကျယ်လောင်သော ဖွင့်ဟ၀န်ခံချက်သည် ပတ်၀န်းကျင်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
"အတန်းဖော်၀မ်လင်း နင့်ကို ချစ်တယ်.. ငါနင့်ကိုအချစ်ဆုံးပဲ ငါ့အနားမှာ ထာ၀ရ ရှိနေပေးပါလို့ မေတ္တာရပ်ခံပါတယ်"
ထိုခဏတွင် လူတိုင်း၏ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။
လူတိုင်း " ? ? ? "
"ဘာလဲဟ.. စွန်းရုံက ရှားမင်ကို ၀န်ခံရမှာ မဟုတ်ဘူးလား ဘာလို့ ၀မ်လင်းကို ၀န်ခံရတာလဲ"
စွန်းရုံ " ? ? ? "
"ဘယ်လို ဖြစ်ရတာလဲ.. ၀မ်လင်းကို မုန်းတယ်လို့ ပြောရမဲ့ စကားလုံးတွေက ဘယ်လိုဖြစ်ပြီး ပြောင်းလဲသွားရတာလဲ"
၀မ်လင်း " ? ? ? "
"ဘာလဲဟ.. ဒါက စင်ဂယ်လ် ကျိန်စာလေ.. ဘာလို့ ငါ့ကို ရုတ်တရက်ကြီး ၀န်ခံနေရတာလဲ"
၀မ်လင်းက အလွန်ထိတ်လန့်သွားသဖြင့် ဖရဲသီးတစ်လုတ်ကို ပါးစပ်ထဲမှ ချက်ခြင်းဆိုသလို ထွေးထုတ်လိုက်မိပြီး သူအသုံးပြုနေသော ခရင်းပင် လွတ်ကျသွားခဲ့သည်။
အပိုင်း(၁၀၉၁) ပြီး၏