← Chapters

ဝမ်လင်း.. ကျောင်းဆင်းရင်ထွက်မပြေးနဲ့

Vol. 73 Ch. 1092

ဝမ်လင်း.. ကျောင်းဆင်းရင်ထွက်မပြေးနဲ့

Vol. 73 Ch. 1092

မျှော်လင့်မထားသော ဖြစ်ရပ်ကြောင့် ၀မ်လင်းက ဖရဲသီး တစ်လုတ်ကို အန်ထုတ်မိလိုက်သည်။

သူ၏ အေးစက်စက် မျက်နှာထားသည် ထိုအခိုက်အတန့်တွင် အလွန်အံ့သြသည့် အမူအရာ ဖြစ်သွားခဲ့သည်။

မမျှော်လင့်ထားသည့် ဇာတ်ကွက် အလှည့်အပြောင်းကြောင့် လူတိုင်းက စကားမပြောနိုင်ဘဲ မှင်သက်နေခဲ့ကြ၏။

"စွန်းရုံက တကယ်ပဲ ၀မ်လင်းကို နှစ်သက်ခဲ့တာလား"

လူအတော်အများက ထိုရလဒ်ကို မမျှော်လင့်ထားသော်လည်း အသေအချာ တွေးကြည့်လျှင် ယင်းက ဖြစ်နိုင်ချေရှိသည်။

နှစ်စတွင် ၀မ်လင်းနှင့် စွန်းရုံတို့သည် ရှောင်မိသားစုခြံ၀န်း၌ ချိန်းတွေ့ခဲ့ကြဖူးပြီး အရိပ်အဖွဲ့၏ လုပ်ကြံမှုကိုပင် ခံခဲ့ရသော်လည်း ထိုနှစ်ယောက်သည် ထိုဘေးဒုက္ခကို ရှောင်ရှားနိုင်ခဲ့ကြသည်။

ထိုနောက်ပိုင်းတွင်မူ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ပို၍ မတိုးတက်လာခဲ့ပေ။

ဟုတ်ပါသည်၊ အကြောင်းပြချက်မှာ စာရေးသူကိုယ်တိုင်က ရေးဖို့ စိတ်မ၀င်စား၍လည်း ဖြစ်နိုင်၏။

၀မ်လင်းက တစ်သျှူးတစ်ရွက်ကို ယူ၍ ပါးစပ်ထောင့်တွင် ပေနေသော အရာများကို သုတ်လိုက်သည်။

ယခုဖြစ်ရပ်ကို စောင့်ကြည့်နေသူများသည် အလွန်ပင် များပြားလှ၏။

ထို့အပြင် စာသင်ခန်းနှင့် စင်္ကြန်များတွင် CCTV များလည်း တပ်ဆင်ထားသောကြောင့် ၄င်းတို့၏ မှတ်ဥာဏ်များကို ဖျက်ပစ်ရန် မှော်အတတ်ကို အသုံးပြုရန်မှာ လက်တွေ့မကျပေ။

CCTVကြောင့် သဲလွန်စများက သေချာပေါက် ကျန်ရစ်သွားလိမ့်မည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ အဖြစ်အပျက်အားလုံးသည် သူ၏ ပယောဂမကင်းဟု ၀မ်လင်း ခံစားမိနေဆဲပင်။

စင်ဂယ်လ်ကျိန်စာကို ဖန်တီးရာတွင် လူတစ်ဦးပြောသောစကားသည် ၄င်းတို့ခံစားရသည့် အရာနှင့် လုံး၀ဆန့်ကျင်ဘက်ဖြစ်အောင် သူဖန်တီးခဲ့သည်။

သို့သော်လည်း အားနည်းချက်မှာ ဆန့်ကျင်ဘက်အားဖြင့် တစ်စုံတစ်ဦးမှ ဖွင့်ဟ၀န်ခံရာတွင်လည်း အသုံးပြုနိုင်သည်။

စွန်းရုံ၏ ကျယ်လောင်စွာ ဖွင့်ဟ၀န်ခံမှုကြောင့် ပတ်၀န်းကျင် တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ထို့နောက်တွင်မှ အားလုံးက လက်ခုပ်တီး၍ အားပေးလိုက်ကြသည်။

"၀မ်လင်း .. ၀မ်လင်း .. ၀မ်လင်း .. "

"စွန်းရုံ .. စွန်းရုံ .. စွန်းရုံ .."

"........"

၀မ်လင်းက သိုသိုသိပ်သိပ် နေထိုင်ကာမှ အလင်းထဲသို့ နောက်တစ်ကြိမ် တွန်းပို့ခံရမည်ဟု ဘယ်တုန်းကမျှ ထင်မထားခဲ့ချေ။

ပထမတွင် ရှားမင်သည် လူအုပ်ထဲ၌ ထောက်ခံသူ အများအပြား ရှိခဲ့သည်။

ထိုထောက်ခံသူ အများအပြားသည် ယခုအခါတွင် ၀မ်လင်းဘက်သို့ ပြောင်း၍ အားပေးခဲ့ကြသည်။

"တော်လောက်ပြီး"

အဆုံးသတ်တွင် ရှားမင်သည် ဒေါသအိုး ပေါက်ကွဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယခုအခါတွင် သူ၏စိတ်သည် ရှုပ်ထွေးနေခဲ့သည်။

ဇာတ်ကွက်များက ရိုလာကိုစတာလို ဖြစ်နေသောကြောင့် သူ၏ အာရုံကြောများက အတော်လေး ပင်ပန်းနေပြီ ဖြစ်သည်။

"၀မ်လင်း"

ရှားမင်က ၀မ်လင်းကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

ဒေါသကြောင့် သူ၏ တစ်ကိုယ်လုံးက တုန်ရီနေခဲ့သည်။

"ငါတို့ ပြိုင်ကြစို့.. မင်းသတ္တိရှိတယ်ဆို ကျောင်းဆင်းရင် ထွက်မပြေးနဲ့"

၀မ်လင်း "............."

ဤသို့ဖြင့် ထိုနေ့မှာပင် သူတို့နှစ်ဦးကြားရှိ ရန်ပွဲသည် တရား၀င် ဖြစ်သွားခဲ့သည်။

ဤအကြောင်းက ဆရာများကြားမှာပင် ပျံ့နှံ့သွားခဲ့သည်။

ဆရာမဖန် ကဲ့သို့ ဆရာအချို့မှလွဲ၍ ဆရာအများစုသည် ကျောင်းသားများ၏ ချစ်မှုရေးရာ ကိစ္စနှင့် ပတ်သက်လျှင် လျစ်လျူရှုလေ့ ရှိကြသည်။

စည်းမကျော်သ၍ ယောကျာ်းလေးနဲ့ မိန်းကလေးကြားမှ ခံစားချက်များသည် ပုံမှန်သာ ဖြစ်၏။

ဆရာများသည် ရုံးခန်းထဲတွင် ထိုအကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။

တခြားကျောင်းသား တစ်ယောက်ယောက်သာ ဆိုလျှင် သူတို့အနေဖြင့် ကိစ္စသိပ်မရှိသော်လည်း စွန်းရုံ ပါ၀င်နေခြင်းသည် အခြေအနေကို အနည်းငယ် ရှုပ်ထွေးစေခဲ့သည်။

"ကျောင်းသူ စွန်းရုံက အမြဲတန်း တသီးတသန့် နေတတ်တယ်.. ဒီတစ်ခါမှ သူမက ဘာလို့ ပြတ်ပြတ်သားသားကြီး ဖွင့်ပြောချလိုက်ရတာလဲ"

"စွန်းရုံက တကယ်ကြိုက်လို့ ဖြစ်မှာပေ့ါ.. ဒါက အခုခေတ် လူငယ်တွေရဲ့ စရိုက်ပဲလေ"

ရှေးဟောင်းစာအုပ်ကြီးက ရယ်မော၍ ပြောလိုက်သည်။

"ဒါပေမဲ့ ရှားမင် ဆိုတဲ့ကလေးက ၀မ်လင်းကို စစ်ကြေငြာရဲတဲ့အထိ သတ္တိရှိလိမ့်မယ်လို့ ငါတကယ် ထင်မထားမိဘူး.. ပုံမှန်ဆိုရင် ဒီကလေးက အရမ်းရှက်တတ်တယ်.. ကျောင်းသူစွန်းရုံရဲ့ ၀မ်လင်းအပေါ် ၀န်ခံမှုက သူ့ကို အတော်လေး အရှက်ရစေခဲ့ပုံပဲ.. ဒါနဲ့ ကျောင်းသား ၀မ်လင်းရဲ့ သဘောထားကရော ဘယ်လိုလဲ"

ဆရာမ တစ်ယောက်က ရှေးဟောင်းစာအုပ်ကြီးကို မေးလိုက်သည်။

"၀မ်လင်းက ဘယ်လို သဘောထားမျိုး ရှိနိုင်မှာလဲ.. ထုံးစံအတိုင်း သူက အေးတိအေးစက် အမူအရာနဲ့ပဲပေါ့.. ဒီကလေးနဲ့ ရင်းနှီးတဲ့ဆရာတွေက ဒီကလေး ဘယ်လိုလူစားလဲဆိုတာ သိကြပါတယ်.. ကလေးက အရမ်း အလယ်အလတ် ကြိုက်တဲ့ကလေးပဲ.. အဆင့်ဇယားမှာတောင် အလယ်အလတ်မှာပဲ အမြဲရှိနေခဲ့တယ်.. သူက ပုံမှန်အားဖြင့် ဒေါသထွက်ခဲပြီး တစ်နေ့ကို စကားဆယ်လုံးထက်တောင် ပိုမပြောတတ်ဘူး.. စွန်းရုံလို ထင်ရှားကျော်ကြားတဲ့ ကောင်မလေးက ဒီ​ကလေးကို နှစ်သက်တာ တကယ်ကို ခပ်ဆန်းဆန်းပဲ.. ၀မ်လင်းနဲ့တော့ ဘာမှ ဖြစ်လာမယ်မထင်ဘူး.. စွန်းရုံသာ အာညောင်းသွားလိမ့်မယ်"

ဆရာမဖန်သည် သူမ၏ ရွှေကိုင်းမျက်မှန်ကို ပင့်တင်ကာ ရုတ်တရက် ၀င်ပြောလိုက်သည်။

စွန်းရုံ၏ သကာရည်လောင်းထားသော ကျည်ဆံကို ခုခံနိုင်သည့် ယောကျာ်းလေးများ အလွန်ပင် နည်းပါးသော်လည်း ဆရာမဖန်သည် ၀မ်လင်းအကြောင်းကို ကောင်းစွာသိသည်။

စင်စစ် ၀မ်လင်း၏ နှလုံးသားကို ဆွဲဆောင်ရန်မှာ လွယ်ကူသော အရာတစ်ခု မဟုတ်ပေ။

"ငါတို့ ဘာလုပ်သင့်လဲ.. ရန်ပွဲကို တားလိုက်သင့်လား"

ရှေးဟောင်းစာအုပ်ကြီးက ကော်ဖီကို တစ်ငုံသောက်ရင်း မေးလိုက်သည်။

"ဘာမှ မဟန့်တားနဲ့.. သူတို့ အမှားတစ်ခုခု လုပ်မိရင်သာ ကျောင်းစည်းကမ်းနဲ့ အညီ အပြစ်ပေးချလိုက်"

ဆရာမဖန်၏ စကားကိုကြားလျှင် ရုံးခန်းအတွင်းရှိ ဆရာများအားလုံး နှုတ်ဆိတ်သွားကြပြီး ဘာစကားမှ မပြောကြတော့ပေ။

မိနစ်အနည်းငယ်အကြာတွင် ဆရာမဖန်သည် စာရွက်အများအပြားကို ပွေ့ဖက်ကာ ရုံးခန်းအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ထိုအခါမှပင် ရုံးခန်းသည် ပြန်လည် အသက်၀င်လာခဲ့သည်။

"ဆရာ၀မ်"

ဆရာမတစ်ဦးက ရှေးဟောင်းစာအုပ်ကြီးကို ခေါ်လိုက်သည်။

" ? ? ? "

"ဆရာ၀မ်မှာ ဘာမုန့်တွေရှိလဲ"

ရှေးဟောင်းစာအုပ်ကြီးက အံဆွဲကို ဖွင့်၍ ပြလိုက်သည်။

"မင်းလိုချင်တာ မှန်သမျှ ဒီထဲမှာ အကုန်ရှိတယ်"

"ဒါဆို ပွဲသွားကြည့်ဖို့ အတွက် ပေါက်ပေါက်ဆုပ် အထုပ်ကြီးတစ်ထုပ် ၀ယ်ချင်တယ်"

ဆရာမက​ ပြောလိုက်သည်။

ရှေးဟောင်းစာအုပ်ကြီး "........"

ထိုခဏမှာပင် ရုံးခန်းအတွင်းရှိ ဆရာများ အားလုံးသည် ဆရာ၀မ်ထံ၌ မုန့်များကို အလုအယက် ၀ယ်ယူခဲ့ကြသည်။

"ကျွန်မအတွက်က ပေါက်ပေါက်ဆုပ် အထုပ်ကြီး နှစ်ထုပ်"

"ကျွန်မအတွက်က သုံးထုပ်"

"ငါက ရှားမင် အနိုင်ရမှာ ယုံကြည်လို့ ရှားမင်ဘက်ကို HNY 200 လောင်းထားတယ်"

"ငါလည်း ရှားမင်ဘက်ကပဲ လောင်းထားတာ"

"ရှားမင်က ဘာသာရပ်တိုင်းမှာ အမှတ်ကောင်းကောင်းရတယ်.. အထူးသဖြင့်ခန္ဓာကိုယ်နည်းစနစ်ဘက်မှာ ရမှတ်တွေက အရမ်းကောင်းတယ်.. ဒါကြောင့် ငါသူ့ဘက်ကနေ တစ်ထောင်တောင်လောင်းထားတယ်"

"မင်းတို့အားလုံး ရှားမင်ဘက်နေ လောင်းထားကြတာလား"

ရှေးဟောင်းစာအုပ်ကြီးက မယုံကြည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

မိနစ်အနည်းငယ် အတွင်းမှာပင် ရှားမင်၏ အလေးသာမှုသည် တစ်ရာလေး တစ်လေး ဖြစ်နေခဲ့ပြီ ဖြစ်၏။

အပိုင်း(၁၀၉၂) ပြီး၏

All Chapters