မဟာဒေတာမှော်စွမ်းရည်
Vol. 74 Ch. 1096
ဤသို့ဖြင့်ပင် ရှားမင်သည် ညာဘက်ပါးပြင်ကို ထိုးမိခဲ့သည်။
သို့သော်လည်း သူ့ကို ထိုးခဲ့သည့်လူမှာ ၀မ်လင်းမဟုတ်ဘဲ သူကိုယ်တိုင်ပင် ဖြစ်၏။
ကျင့်ကြံသူအများစု၏ လက်သီးချက်များသည် ပြင်းထန်လေ့ရှိသည်။
အကြောင်းရင်းမှာ လက်သီးချက် ထုတ်ဖော်သောအခါတွင် လက်သီးပေါ်ရှိ ၀ိညာဥ်စွမ်းအင် မော်လီကျူးများသည် လေထုနှင့် ပွတ်တိုက်မှုဖြစ်ပြီး လက်သီးတစ်၀ိုက်တွင် မမြင်နိုင်သော စွမ်းအားတစ်ခု အဖြစ် ပေါင်းစပ်သွားသောကြောင့် ဖြစ်သည်။
ထိုစွမ်းအားက ပြင်းမပြင်း ဆိုသည်မှာ ကျင့်ကြံသူ၏ ၀ိညာဥ်စွမ်းအင် ထိန်းချုပ်နိုင်မှုအပေါ်တွင် အဓိကမူတည်၏။
ရှားမင်က လက်သီးချက်ကို ထုတ်ဖော်လိုက်သောအခါတွင် ၀မ်လင်းသည် လက်သီးလမ်းကြောင်းကို မသိမသာ လမ်းကြောင်း ပြောင်းပေးခဲ့သည်။
ထို့ကြောင့် ရှားမင်သည် သူ၏ လက်သီးချက်ကို ထိန်းချုပ်နိုင်ခြင်း မရှိဘဲ သူ့မျက်နှာကို သူ့ဘာသာသူ ပြန်ထိုးမိခြင်း ဖြစ်၏။
၀မ်လင်း ထုတ်ဖော်ခဲ့သည့် အလွန်လှည့်စားနိုင်စွမ်း ရှိသော လှုပ်ရှားမှုသည် လက်သိုင်းများကို ပြင်းထန်စွာ ချေဖျက်နိုင်သည့် ထိုက်ကျိ လက်သိုင်းမှ လွဲ၍ တခြားမဟုတ်ပေ။
စင်စစ် ဤခန္ဓာကိုယ် လှုပ်ရှားမှုမျိုးသည် နတ်ဘုရားဆန်သော လှုပ်ရှားမှုမျိုး ဖြစ်သည်။
ကူရွှင်းကျစ်တို့ လူစု၏ အမြင်တွင် ၀မ်လင်း၏ခန္ဓာကိုယ် လှုပ်ရှားပုံ နည်းစနစ်သည် နတ်ဘုရားဆန်သော လှုပ်ရှားမှုဖြစ်သော်လည်း သာမန်လူများ၏ အမြင်တွင်မူ ကြက်ကန်းဆန်အိုးတိုးကာ ထိတ်လန့်တကြား ရှောင်ရှားလိုက်သည့် လှုပ်ရှားမှုမျိုးသာ ဖြစ်နေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ဤနေရာရှိ လူအများစုသည် ၀မ်လင်း၏ ကံကောင်းခြင်းကြောင့်သာ ဖြစ်သည်ဟု ယူဆခဲ့ကြသည်။
"ငါတို့ကျောင်းရဲ့ လာဘ်ကောင်လေးက ထင်ထားတဲ့အတိုင်းပဲ.. သူက အရမ်းကို ကံကောင်းလွန်းတယ်"
"ဟုတ်တယ် ရှားမင်ရဲ့ ရေစီးကြမ်း လက်သီးနည်းစနစ်က အပြောင်းအလဲ မြန်ဆန်တဲ့နေရာမှာ အတော်လေး နာမည်ကြီးတယ်.. ဒီနည်းစနစ်နဲ့ပတ်သက်ပြီး ငါကြားဖူးတဲ့ အချက်တစ်ချက် ရှိတယ်.. အဲဒါက ဒီနည်းစနည်ကို အမြင့်ဆုံးအဆင့်ထိ မကျင့်ကြံနိုင်သေးရင် တစ်ဖက်သားကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးရလေ့ ရှိတယ်"
သူ့ပတ်၀န်းကျင်မှ ဆွေးနွေးနေသည်များကို ကြားလျှင် ရှားမင်သည် နှုတ်ဆိတ်၍ မနေနိုင်တော့ပေ။
"လခွမ်း ငါက ဘာကို စတေးရမှာလဲဟ"
ကူရွှင်းကျစ်နှင့် တခြားသူများသည် ၀မ်လင်း၏ လျှို့၀ှက်ဆန်းကြယ်သော ခန္ဓာကိုယ်လှုပ်ရှားမှုကို မြင်ဖူးကြသော်လည်း ကိုယ်တွေ့ မခံစားဖူးပေ။
ဆိုရလျှင် ရှားမင် တစ်ယောက်တည်းသာ ၀မ်လင်း၏ ထူးဆန်းသော ခန္ဓာကိုယ် လှုပ်ရှားမှုကို ကိုယ်တွေ့ခံစားဖူး၏။
ရှားမင်က အလယ်အလတ် အဆင့်တွင်သာ အမြဲရှိနေသည့် လူတစ်ဦးထံမှ အမှန်တကယ် ရိုက်နှက်ခံရကြောင်း ၀န်မခံချင်ခဲ့ပေ။
သူက သွားများကို အံကြိတ်ကာ ၀မ်လင်းကို စူးစိုက်ကြည့်လိုက်သည်။
တကယ်တမ်းတွင် ရှားမင်သည် ဤတိုက်ပွဲက အဖြေထွက်ပြီးသား ဖြစ်သည်ဟု ခံစားခဲ့ရသည်။
စင်စစ် ၀မ်လင်း၏ ခန္ဓာကိုယ်လှုပ်ရှားမှုသည် အလွန်ပင် ထူးဆန်းလွန်း၏။
ထိုခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ရင်ဆိုင်ရသောအခါတွင် သူ၏ လက်သီးချက်များသည် လွတ်လွတ်လပ်လပ် အသုံးမပြုနိုင်ခဲ့ပေ။
ထို့အပြင် ၀မ်လင်းက ထိုက်ကျိလက်သိုင်းဖြင့် ပြိုင်ဘက် ရှားမင်၏ လက်သီးလမ်းကြောင်း လွဲအောင် လုပ်ဆောင်နေသောကြောင့် ရှားမင်သည် သူ၏ လက်သီးချက်များဖြင့် သူ့ဘာသာသူ မကြာခဏ ထိုးမိခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် ရှားမင်သည် သူ၏ လက်သီးချက်ဖြင့် သူ့ဘာသာသူ ပျံသန်းစေခဲ့သည်။
ဤသည်မှာ ဆယ်ကြိမ်မြောက် ပျံသန်းခြင်း ဖြစ်၏။
ပထမတွင် ရှားမင်သည် သူ၏ လက်သီးနည်းစနစ်တွင် တစ်စုံတရာ လွဲမှားနေသည်ဟု ထင်ခဲ့ပြီး ၀မ်လင်းကို တိုက်ခိုက်ရာတွင် အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။
အဆုံးသတ်တွင်မူ သူ၏နည်းစနစ်နှင့် မည်သို့မျှ မသက်ဆိုင်မှန်း အဖြေထွက်လာခဲ့သည်။
ရှားမင်က ဒေါသအိုး ပေါက်ကွဲလာပြီး လက်သီးနည်းစနစ်ကိုပင် အသုံးပြုခြင်း မရှိတော့ဘဲ ၀မ်လင်းဆီသို့ လက်သီးချက်များကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။
သူပုံစံက သားကောင်ကို တစ်စစီခြွေရန် အစာငတ်နေသော ကျားနှင့်ပင် ဆင်တူနေ၏။
ကျောင်းအုပ်ကြီးရုံးခန်းတွင် ကျောင်းအုပ်ကြီးချန်း၊ ဒါရိုက်တာရှီးနှင့် ကာယဆရာများစွာ တို့သည် တိုက်ပွဲကို စောင့်ကြည့်နေခဲ့ကြသည်။
"ကျောင်းအုပ်ကြီး.. ဒါက ဘယ်လို လက်သီးနည်းစနစ်မျိုးလဲ"
ကာယဆရာတစ်ဦးက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"လိပ်လက်သီး"
ကျောင်းအုပ်ကြီးချန်းက ပြန်ဖြေလိုက်သည်။
"လိပ်လက်သီး ဟုတ်လား.. အဲဒါက ဘယ်လိုမျိုးလဲ"
"မင်းကိုယ်ခံပညာကို မသင်ကြားရသေးတဲ့ အရွယ်တုန်းက ရန်ဖြစ်ခဲ့ဖူးလား"
"ဟုတ်ကဲ့ ကျွန်တော် ဖြစ်ခဲ့ဖူးပါတယ်"
"ဒါဆိုမင်း လိပ်လက်သီးကို အသုံးပြုခဲ့ဖူးတာပဲ"
"........"
"လိပ်လက်သီးဆိုတာ တကယ်တော့ ကျပန်းတိုက်ခိုက်ခြင်းတမျိုးပဲ.. ဆိုရိုးစကား ရှိတယ်မဟုတ်လား.. ကျပန်းတိုက်ခိုက်တာက အရှင်သခင် တစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ် ဆိုသလိုပေါ့"
ကျောင်းအုပ်ကြီးကချန်းက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
"ဒါဆို ကျောင်းသား ၀မ်လင်းရဲ့ ခန္ဓာကိုယ်နည်းစနစ်ကရော ဘယ်လိုခေါ်လဲ ကျောင်းအုပ်ကြီး"
"ဒါက လိပ်ကိုယ်ထည် လှုပ်ရှားမှုနည်းစနစ်ပဲ.. ဒီလှုပ်ရှားမှုက ကံတရားကို အားပြုပြီး ရှောင်တိမ်းရတဲ့ လှုပ်ရှားမှုပဲ.. ကြည့်ရတာ ငါတို့ကျောင်းရဲ့ လာဘ်ကောင်လေးက လိပ်ကိုယ်ထည် လှုပ်ရှားမှုမှာ အမြင့်ဆုံးနယ်ပယ်ကို ရောက်နေတဲ့ပုံပဲ"
ကျောင်းအုပ်ကြီးချန်းက ၀မ်လင်း၏ ကံကောင်းခြင်း
အတွက် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ဆရာများအားလုံး "......."
ကျောင်းအုပ်ကြီးချန်း ပြောသည့်အတိုင်းပင် ရှားမင် အသုံးပြုသည့် လိပ်လက်သီးတွင် နည်းစနစ်ဘာမျှ မရှိပေ။
တကယ်တမ်းတွင် ဤလက်သီးချက်များသည် ရမ်းသမ်းထိုးနှက်ခြင်းထက် ဘာမှမပိုပေ။
လက်သီးချက် အမြောက်အများကို ထုတ်ဖော်ပြီးနောက်တွင် ရှားမင်သည် သူ၏ ခံနိုင်ရည် အကန့်အသတ်သို့ ရောက်ရှိနေပြီဟု ခံစားမိခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ ပြိုင်ဘက်ကမူ ခန္ဓာကိုယ်လှုပ်ရှားမှုကို ယခုအချိန်ထိ ပေါ့ပေ့ါပါးပါးသာ အသုံးပြုနေခဲ့သည်။
ရှားမင်၏ ခံစားချက်များကို ရိပ်စားမိခဲ့သော ၀မ်လင်းသည် ထိုအခိုက်တွင် သရုပ်ဆောင်စွမ်းရည်၏ အရေးပါမှုကို သိရှိလာခဲ့သည်။
တကယ်တမ်းတွင် သူ၏သရုပ်ဆောင်မှုသည် အနည်းငယ် သဘာ၀မကျပေ။
အချိန်အတော်ကြာ တိုက်ပွဲ၀င်ပြီးနောက်တွင် သူ၏
မျက်နှာသည် အနည်းငယ် အသက်ရှုမ၀သကဲ့သို့ နီမြန်းနေသင့်ပေသည်။
ထို့ကြောင့် ၀မ်လင်းသည် သူ့မျက်နှာကို အနည်းငယ်
နီစေရန်အတွက် အသားအရောင်ကို ကိုယ်တိုင် ထိန်းညှိရင်း ပြုပြင်ခဲ့သည်။
သူက ချွေးပေါက်များကို ကိုယ်တိုင်ဖွင့်ပြီး ချွေးစက်အနည်းငယ်ကို ညှစ်ထုတ်ကာ ပါးပြင်ပေါ်သို့ လှိမ့်ဆင်းစေပြီး အလွန် ပင်ပန်းနေသည့်ဟန် ပေါ်အောင် ပြုလုပ်လိုက်သည်။
စင်စစ် ၀မ်လင်းသည် နှစ်ပေါင်းရာနှင့်ချီ တက္ကသိုလ်၀င်ခဲ့လျှင်ပင် ပင်ပန်းသည်ဟု ခံစားရမည် မဟုတ်ပေ။
သို့သော် ရှားမင်ကမူ ၀မ်လင်းနှင့် ယှဥ်လျှင် ခံနိုင်ရည်စွမ်း အကန့်အသတ် ရှိနေခဲ့သည်။
သူ၏ ၀ိညာဥ်အရင်းအမြစ်က သူ့ကို အားသာချက်တစ်ခု ပေးခဲ့သော်လည်း ကန့်သတ်ချက်များလည်း ရှိခဲ့သည်။
၀မ်လင်းက ဘုရင်မျက်လုံးကို ဖွင့်လိုက်ပြီး ရှားမင်၏ စွမ်းအင်ဘားကို စစ်ဆေးကြည့်လိုက်သည်။
ယင်းက ၀မ်လင်း၏ မဟာဒေတာ တာအိုမှော်စွမ်းရည် ဖြစ်သည်။
ထိုမှော်စွမ်းရည်ဖြင့် ၀မ်လင်းသည် ရှားမင်၏ ချီ၊စွမ်းအား၊သက်လုံ စသည့် အရာများကို အလျားလိုက် ဘားဇယား ပုံစံဖြင့် ကြည့်ရှုနိုင်ပေသည်။
ယခုအခါတွင် ရှားမင်၏ ခန္ဓာကိုယ်သည် ကန့်သတ်ချက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
၀မ်လင်းက အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး ရှားမင်၏ လက်သီးချက် လမ်းကြောင်းကို တွက်ဆလိုက်သည်။
သူက ရှားမင်၏ အရှိန်အဟုန်ကို အတိအကျ တွက်ချက်ပြီး ပြိုလဲမည့် အခိုက်အတန့်ကိုပါ တွက်ချက်ခဲ့သည်။
ဤနောက်ဆုံးလက်သီးချက်အတွက် ၀မ်လင်းသည်
ရှားမင်၏ လက်သီးလမ်းကြောင်းကို လမ်းလွဲအောင်ပြုလုပ်ရန် အစီအစဥ် မရှိခဲ့ပေ။
ရှားမင်က သူ့ဘာသာသူ အကြိမ်ပေါင်းများစွာ ထိုးမိခဲ့သဖြင့် အတော်ပင် သနားစရာ ကောင်းနေခဲ့သည်။
သူ၏ပါးပြင်က သစ်ကြားသီးကဲ့သို့ ရောင်ကိုင်းနေပြီး နှာခေါင်းများတွင်လည်း သွေးများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး လူတိုင်းသည် သက်ပြင်းပင် မချနိုင်ခဲ့ပေ။
ဆရာများကလည်း တစ်ဖက်ဖက်က သွေးထွက်သံယို ထပ်ဖြစ်သည်နှင့် တိုက်ပွဲကို ရပ်တန့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့ရာတွင် ရှားမင်၏ ဒဏ်ရာများသည် ၀မ်လင်းကြောင့် မဟုတ်ဘဲ သူ့ဘာသာသူ ထိုးမိခဲ့ခြင်းသာ ဖြစ်သည်။
ရှားမင်က နောက်ဆုံးလက်သီးချက်ကို ထုတ်လွှတ်လိုက်သောအခါတွင် ၀မ်လင်းသည် ထိုလက်သီးချက်က သူ့ကို ထိမိသွားသကဲ့သို့ လူတိုင်းကို လှည့်စားလိုက်သည်။
လက်သီးချက်ကို ထုတ်ဖော်ပြီးနောက်တွင် ရှားမင်သည် အဆုံးသတ်၌ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဆိုရလျှင် သူ၏ ခံနိုင်ရည်စွမ်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
၀မ်လင်းကလည်း အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ရှားမင်ကဲ့သို့ပင် မြေပြင်ပေါ်သို့ လှဲချလိုက်သည်။
ထိုခဏတွင် ဖေးယန်ခရိုင်ရှိ သက်ကြီးရွယ်အိုများ အနေဖြင့် ပန်စီကို ကျူးလွန်ရန် မည်မျှခက်ခဲသည်ကို သူ ရုတ်တရက် နားလည်သွားခဲ့သည်။
စင်စစ် ပန်စီသည် သရုပ်ဆောင်စွမ်းရည်ကို အလေး
ထားသည့် အနုပညာတစ်ခု ဖြစ်သည် မဟုတ်ပါလော။
(ပန်စီ=လိမ်လည်လှည့်ဖြားပြီး ငွေညှစ်တာမျိုးကို ဆိုလိုသည်၊ဥပမာ-စက်ဘီးကို သူ့ဘာသာဝင်တိုက်ပြီး အတိုက်ခံရသည်ဟုဆိုကာ လျော်ကြေးတောင်းတာမျိုး)
အပိုင်း(၁၀၉၆) ပြီး၏