ကျောင်းဒေါက်တာ ရှန်းရိယွင်
Vol. 74 Ch. 1097
၀မ်လင်းနှင့် ရှားမင်တို့ နှစ်ယောက်လုံး မြေပြင်ပေါ်သို့ လဲကျသွားသောအခါတွင် အခင်းဖြစ်ပွားရာ နေရာရှိ ဆရာများအားလုံးသည် ရှေ့သို့ ပြေးတက်လာခဲ့ကြသည်။
၀မ်လင်းက ဒဏ်ရာလုံး၀ မရရှိသော်လည်း ဒဏ်ရာရရှိခဲ့သည်ဟု လူတိုင်းကို ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
သို့သော် ရှားမင်အတွက်မူ အတော်လေး စိတ်မကောင်းစရာပင်။
ရှေးဦးသူနာပြု ကိရိယာကို ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦးသည် အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် ရောက်ရှိလာသည်။
ထိုအမျိုးသားက အပေါက်များပါသော ဂျင်းဘောင်းဘီတစ်ထည် နှင့် အဖြူရောင် ကုတ်၀တ်စုံကို ၀တ်ဆင်ထားသည်။
ထိုအမျိုးသားသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ ကျောင်းဒေါက်တာ ဖြစ်သည့် ရှန်းရိယွင် ဖြစ်၏။
၀မ်လင်းသည် အမှတ် ၆၀ အထက်တန်းကျောင်းကို စတက်ကတည်းက ဆေးကုသဆောင်သို့ တစ်ခါမှ မရောက်ဖူးပေ။
သို့သော် ရှန်းရိယွင်သည် ၀မ်လင်းကို အထင်ကြီးနေခဲ့သည်။
တစ်အချက်မှာ ၀မ်လင်းသည် အမှတ် ၆၀ အထက်တန်းကျောင်း၏ လာဘ်ကောင်လေး ဖြစ်ခြင်းကြောင့် ဖြစ်သည်။
နောက်တစ်ချက်မှာ ကျောင်းဂိတ်တံခါး၀ရှိ အာကာပြင်အက်ကြောင်းထဲသို့ ရောက်ရှိပြီးနောက်တွင် မမျှော်လင့်ဘဲ အသက်ရှင် ကျန်ရစ်ခဲ့သောကြောင့် ဖြစ်၏။
ထိုအချိန်က ပထမနှစ် အခန်းသုံးသို့ လွမ်းသူ့ပန်းခွေ ပို့ပေးခဲ့ဖူးသည်ကိုပင် ရှန်းရိယွင် အမှတ်ရမိခဲ့သည်။
ဟွာကောရေတံခွန် လုပ်ငန်းစု၏ မမလေးက ဤကောင်လေးကို အမှန်တကယ် ကြိုက်နှစ်သက်မည်ဟု မည်သူ ထင်မိပါမည်နည်း။
ဤသည်က ၀မ်လင်း၏ ထူးခြားချက်ဖြစ်သည့် ခံစားချက်မဲ့ငါးမသာ မျက်လုံးတစ်စုံကြောင့် ဖြစ်နိုင်ပါသလော။
ရှန်းရိယွင်က ၀မ်လင်းထံမှ ခံစားချက်မဲ့ ငါးမသာမျက်လုံးတစ်စုံကို တောင်းလိုက်ရင် ကောင်းမလားဟု တွေးနေမိသည်။
"ဆရာရှန်း အခြေအနေ ဘယ်လိုလဲ.."
ထိုခဏမှာပင် ရှားမင်နှင့် ၀မ်လင်းတို့၏ တာ၀န်ခံဆရာများက ရောက်ရှိလာသည်။
၀မ်လင်း၏ တာ၀န်ခံဆရာဖြစ်သည့် ဆရာမဖန်သည် ထူးထူးခြားခြားပင် စိတ်ပူပန်နေခဲ့သည်။
၀မ်လင်းက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပုံ မပေါ်သော်လည်း ရှားမင်၏ လက်ချက်ကြောင့် တစ်စုံတရာ ထိခိုက်သွားမည်ကို သူမ စိုးရိမ်နေခဲ့သည်။
တကယ်တမ်းတွင် ရှားမင်နှင့် ၀မ်လင်း၏ ရန်ပွဲအစမှာပင် ဆရာမဖန်သည် ၀မ်မိသားစု အိမ်ငယ်လေး ဆီသို့ အကျိုးအကြောင်းကို ဖုန်းဆက် ပြောပြပြီးပြီ ဖြစ်သည်။
ဖုန်းကို ပြန်ဖြေခဲ့သူမှာ မေမေ၀မ် ဖြစ်၏။
"ကျောင်းသား၀မ်လင်းရဲ့ အမေလား.. တခြားအတန်းက ကျောင်းသားတစ်ယောက်က ကျောင်းဆင်းရင် ပြိုင်ဆိုင်ဖို့ သူ့ကို စိန်ခေါ်ခဲ့တယ်.. ကျောင်းသား ၀မ်လင်းကလည်း စိန်ခေါ်မှုကို မလွှဲမရှောင်သာ လက်ခံခဲ့ရတယ်"
"သြော်..လင်းလင်းက ရန်ဖြစ်နေတာလား.. ဒါဆို သူနဲ့ တိုက်ခိုက်နေတဲ့ ကျောင်းသားက ဒဏ်ရာရသွားပြီလား"
ဖုန်း၏ အခြားတစ်ဖက်တွင် မေမေ၀မ်သည် သိသိသာသာပင် မှုန်ကုပ်ကုပ် ဖြစ်နေသည်။
သူမက ၀မ်လင်း သတိမထားမိလျှင် တစ်ဖက်ကျောင်းသား ကံဆိုးမည်ကိုသာ စိုးရိမ်နေခဲ့သည်။
ထိုအချိန်တွင် ဆရာမဖန်သည် မေမေ၀မ်နှင့် ဖုန်းပြောရင်း ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ ၀မ်လင်း၏ ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် ရှားမင်က သူ့ဘာသာသူ သူ့လက်သီးဖြင့် ထိုးမိပြီး ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။
"၀မ်လင်းနဲ့ တိုက်ခိုက်တဲ့ ကျောင်းသားက အခုလေးတင် ပျံသန်းသွားခဲ့ပြီ"
ဆရာမဖန်က အမှန်အတိုင်းပင် ဖြေလိုက်သည်။
ဤအဖြေကြောင့် မေမေ၀မ်သည် သူမ၏ ခန္ဓာကိုယ်မှ ၀ိညာဥ်လွင့်သွားတော့မတတ် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။
သူမက ကောင်းကင်ကြီးပြိုကျသလို ခံစားခဲ့ရပြီး ခြေထောက်ပင် မတ်မတ် မရပ်နိုင်တော့ပေ။
မိနစ်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် မေမေ၀မ်က တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
"ဒါဆိုလည်း ဆရာမဖန်.. ကျေးဇူးပြုပြီး ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ဟိုကလေးရဲ့ မိဘတွေကို ဘယ်လောက်လိုချင်လဲလို့ မေးပေးပါ.. သူတို့ဘက်က ဘယ်လိုပဲ တောင်းဆို တောင်းဆို ငါတို့ သဘောတူပေးမှာပါ"
"........."
မေမေ၀မ်၏ စကားကြောင့် ဆရာမဖန်က အံ့အားသင့်သွားခဲ့သည်။
ဆရာမဖန်က တစ်ဖက်ကလေး၏ အခြေအနေ သိပ်မပြင်းထန်ကြောင်း မေမေ၀မ်ကို ရှင်းပြရန်အတွက် မိနစ်များစွာ အချိန်ယူခဲ့ရသည်။
ထို့နောက် ဆရာမဖန်က ပြတင်းပေါက်ကနေ တစ်ဖန် လှမ်းကြည့်လိုက်ရာ ၀မ်လင်းနှင့် ရှားမင်တို့သည် မြေပြင်ပေါ်သို့ လဲကျနေခဲ့ပြီ ဖြစ်သည်။
"၀မ်လင်းတို့အမေ.. အခု သူတို့ နှစ်ယောက်လုံး မြေပြင်ပေါ် လဲကျသွားခဲ့ပြီ.. ကျောင်းကို လာဦးမလား"
ဆရာမဖန်က ဆက်ပြောလိုက်သည်။
"အဲဒီကျောင်းသား ရှားမင် သေသွားပြီလား.."
"မသေသေးပါဘူး"
"ဟူး.. ဒါဆိုတော်သေးတာပေါ့"
ရလဒ်ကို ကြားလျှင် မေမေ၀မ်က စိတ်အေးလက်အေးဖြင့် ပြန်ပြောလိုက်သည်။
"တစ်ဖက်သားက အဆင်ပြေနေသ၍ အဆင်ပြေပါတယ်.. ငါတို့ လင်းလင်းအတွက် သိပ်စိတ်မပူပါနဲ့"
ထို့နောက်တွင် မေမေ၀မ်က ဖုန်းချလိုက်သည်။
မေမေဝမ်၏ စကားကြောင့် ဆရာမဖန်က ပို၍ပင် အံ့သြသွားခဲ့သည်။
ဤလောကတွင် ထိုကဲ့သို့ မိဘမျိုး ရှိသေးပါသလော။
ယင်းက မိခင်ရင်း တစ်ယောက်၏ ဒဏ္ဍာရီဆန်သော တုံ့ပြန်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုအချိန်မှာပင် ဆရာမဖန်သည် ၀မ်လင်းက အမှန်တကယ် သနားစရာကောင်းသော ကလေး ဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
၀မ်လင်းက သရေစာခေါက်ဆွဲခြောက် ကဲ့သို့သော အမှိုက်စာများကိုသာ နေ့စဥ်လိုလို စားခဲ့ရပြီး သူ့မိဘများကလည်း သူ့ကို ဂရုစိုက်ပုံမရပေ။
သူက တာ၀န်ခံဆရာဖြစ်၍ သာမန် အချိန်များတွင် ၀မ်လင်းကို ပို၍ ဂရုစိုက်သင့်သည်ဟု ဆရာမဖန် ခံစားမိခဲ့သည်။
၀မ်လင်း"........"
ရှန်းရိယွင်က ကနဦးစစ်ဆေးမှု အပြီးတွင် ရှားမင်နှင့် ၀မ်လင်း အသက်အန္တရာယ်မရှိကြောင်း အတည်ပြုပေးခဲ့သည်။
ရှားမင်၏ အခြေအနေမှာ အနည်းငယ်ပို၍ ကြေကွဲဖွယ်ကောင်း၏။
ရှန်းရိယွင်က မှတ်စုစာအုပ်ထဲတွင် ဆရာ၀န်များသာ ဖတ်နိုင်သည့် စကားလုံးအချို့ကို အလျင်အမြန် ရေးချလိုက်သည်။
"ကျောင်းသားရှား.. ငါ့ရဲ့ ကနဦး အကဲဖြတ်ချက်အရတော့ မင်းက ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိသွားပြီး ဦးခေါင်းခွံအရိုးလည်း ကျိုးသွားခဲ့တယ်.. သုံးဘက်မြင် မှော်စွမ်းရည်ကိုသုံးပြီး စစ်ဆေးမှုအရတော့ ဒီအရိုးကျိုးတာက တစ်မီလီမီတာ အရှည်ရှိတယ်လို့ ငါသုံးသပ်ထားတယ်"
"တော်သေးတာပေါ့ တစ်မီလီမီတာလောက်က မပြင်းထန်ပါဘူး"
ရှားမင်၏ တာ၀န်ခံဆရာက စိတ်သက်သာရာ ရသွားခဲ့သည်။
"ငါ့စကားမဆုံးသေးဘူး.. အလျင်စလို ကောက်ချက်မချနဲ့ဦး"
"........."
"ဒီဒဏ်ရာတွေအပြင် ရှားမင်ရဲ့ ရင်ညွှန့်ရိုးတွေကလည်း ကျိုးကြေနေတယ်.. သူက နံရိုးသုံးချောင်းလည်း ကျိုးသွားခဲ့တယ်.. ညာဘက်လက်ကလည်း အဆစ်လွဲသွားတယ်.. ကျိုးပဲ့နေတဲ့အရိုးတွေ အားလုံးကိုတော့ အထူးဆီမွှေးကို အသုံးပြုပြီး ကုသဖို့အကြံပေးချင်တယ်.. သေချာကုသလိုက်ရင်တော့ နှစ်ရက်အတွင်း ပြန်ကောင်းလာမှာပါ"
ဒေါက်တာရှန်းက ပြောဆိုလိုက်သည်။
"ဒီလောက်ပြင်းထန်မယ်လို့ မထင်ထားမိဘူး.. ကျောင်းသား၀မ်လင်းက အတော်လေး ရက်စက်တာပဲ"
ရှားမင်၏ တာ၀န်ခံဆရာက သွားများကို အံကြိတ်၍ ရေရွတ်လိုက်သည်။
"မဟုတ်ဘူး ဒါက ကျောင်းသား၀မ်လင်းနဲ့ ဘာမှမသက်ဆိုင်ဘူး.. ငါ သူ့ဒဏ်ရာက ဆဲလ်တွေကို ထုတ်ယူပြီး အသေအချာစစ်ဆေးပြီးပြီ.. ဆဲလ်တွေမှာ ရှားမင်ရဲ့ DNA ပဲ ရှိနေခဲ့တယ် တစ်နည်းပြောရရင် ဒီဒဏ်ရာတွေ အားလုံးက ရှားမင် သူ့ဘာသာသူ ထိုးမိပြီး ဖြစ်ခဲ့တဲ့ ဒဏ်ရာတွေချည်းပဲ.. ဒါက ငါရဲ့ တရားမျှတပြီး သမာသမတ်ကျတဲ့ အကဲဖြတ်ချက်ပါ.. မင်း ငါပြောတာကို မယုံရင် ဒီဒဏ်ရာတွေကို ဒီအခြေအနေ အတိုင်း ထိန်းထားပြီး အဆင့်မြင့် ဆေးရုံတစ်ခုမှာ နောက်ထပ် ဆေးစစ်မှုတွေ ပြုလုပ်လို့ရတယ်.. ဒါပေမဲ့ နှောင့်နှေးမှုဒဏ်ကိုတော့ ခံစားရမဲ့သူက ရှားမင်ပဲ.. အချိန်ဆွဲလေလေ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ဖို့ ပိုများလေလေပဲ"
"........"
ဆရာများ အားလုံးက တိတ်ဆိတ်သွားကြသည်။
ရှားမင်က သူ့ကိုယ်သူ ထိုးနှက်မှုကြောင့် အတွင်းဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
ဆိုရလျှင် ၄င်းနှင့် ပတ်သက်သည့် အရာအားလုံးသည် ရှင်းရှင်းလင်းလင်းပင် လက်တွေ့မကျပေ။
"ဒါဆို ကျောင်းသား၀မ်လင်းရဲ့ အခြေအနေကရော ဘယ်လိုလဲ.. သူ့မှာ ဒဏ်ရာလုံး၀ မရှိဘူးလို့တော့ ငါ့ကို မပြောနဲ့နော်"
ရှားမင်၏ တာ၀န်ခံဆရာက မကျေမနပ် ပြောလိုက်
သည်။
၀မ်လင်းက ခြစ်ရာတစ်ခုမျှ မရှိခဲ့ပေ။
သို့သော်လည်း တိုက်ပွဲအပြီးတွင် ရှားမင်တစ်ယောက် ဦးခေါင်းကနေ ခြေဖျားအထိ ဒဏ်ရာများ ရသွားလိမ့်မည်ဟု ၀မ်လင်း မထင်ထားခဲ့ပေ။
အပြန်အလှန်အားဖြင့် ရှားမင်၏ တာ၀န်ခံဆရာ ပြောသော စကားသည် ၀မ်လင်းအတွက် သတိပေးချက်ပင် ဖြစ်၏။
သူကိုယ်တိုင်က ဒဏ်ရာအနည်းငယ်ကို ဖန်တီးထားသင့်သည်။
သို့မဟုတ်လျှင် ဟန်ဆောင်နေမှန်း ရိပ်စားမိသွားလိမ့်မည် မဟုတ်ပါလော။
ခြုံငုံ၍ သုံးသပ်ကြည့်ပြီးနောက်တွင် ၀မ်လင်းသည် သူ၏ နှလုံးခုန်နှုန်းကို ရပ်တန့်လိုက်သည်။
ထို့ကြောင့် ဒေါက်တာရှန်းရိယွင်က ၀မ်လင်းကို ထပ်မံ စစ်ဆေးလိုက်သောအခါတွင် အထိတ်တလန့် ဖြစ်သွားခဲ့သည်။
"ဒါက.."
ကျောင်းသား၀မ်လင်းက ခုနကပဲ အသက်ရှုနေတယ်.. ဒါပေမဲ့ ရုတ်တရက်ကြီး သူ့နှလုံးခုန်နှုန်းက ရပ်သွားခဲ့တယ်"
ရှန်းရိယွင်၏ စကားကြောင့် ဆရာများအားလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"ဘာကြောင့် ဒီလိုဖြစ်ရတာလဲ"
"ရှားမင်ရဲ့ လက်သီးချက်တွေကြားမှာ ရုန်းကန်နေရခြင်းက သူရဲ့ခွန်အားကို အလွန်အကျူး ကုန်ဆုံးသွားစေလို့ပဲ.. ဒါကြောင့် သူရဲ့ ၀ိညာဥ်စွမ်းအားက သူ့ရဲ့ သွေးကြောတွေကို အလိုအလျောက် ပိတ်ဆို့သွားစေခဲ့တယ်"
ဒေါက်တာရှန်းရိယွင်က ကျိုးကြောင်းဆီလျော်သော ရှင်းပြချက် တစ်ခုကို ထုတ်ဖော်ပြီးနောက်တွင် ရှေးဦးသူနာပြုစုနည်းကို ပြုလုပ်ရန်အတွက် ၀မ်လင်း၏ ရင်ဘတ်ကို ချက်ချင်းဆိုသလို လက်ဖြင့် ဖိချလိုက်သည်။
"တစ်ယောက်လောက် ငါ့ကို အကူအညီပေးဦး.. ငါက သူ့ရဲ့ရင်ဘတ်ကို လက်နဲ့ ဖိထားတဲ့အချိန်မှာ.. တစ်ယောက်က သူ့ရဲ့ပါးစပ်ထဲကို လေမှုတ်ထည့်ပေးပါ"
၀မ်လင်း " ? ? ? "
ဒေါက်တာရှန်း၏ စကားကို ကြားလျှင် အမျိုးသား ဆရာတစ်ဦးက ချက်ချင်းပင် ရှေ့သို့ တိုးလာခဲ့သည်။
"ငါလုပ်မယ်"
"မင်းက ရှေးဦးသူနာပြုစုနည်းကို လုပ်ဖူးလို့လား"
အခြားအမျိုးသား ဆရာတစ်ဦးက မေးခွန်းထုတ်လိုက်သည်။
အမျိူးသားဆရာ "မလုပ်ဖူးဘူး.. ဒါပေမဲ့ အတွေ့အကြုံကနေ သင်ယူနိုင်တာပဲလေ.. ငါက သူ့ရဲ့ပါးစပ်ထဲကို လေမှုတ်ထည့်ဖို့ပဲ လိုတယ်မဟုတ်လား.. လျှာရော ထိုးထည့်ရဦးမလား"
ဝမ်လင်း "............"
အပိုင်း(၁၀၉၇) ပြီး၏