ဆင်းရဲသောကျောင်းသားလေးဝမ်လင်း
Vol. 74 Ch. 1098
ဆရာလီ၏ စကားကြောင့် ၀မ်လင်းက တုန်လှုပ်ခြောက်ခြားကာ ကြောချမ်းသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ၀မ်လင်းသည် ဒေါက်တာ ရှန်းရိယွင်ကိုလည်း သူသတိထားရမည့် စာရင်းတွင် ထည့်သွင်းသင့်သလားဟု တွေးနေမိသည်။
ထိုအချိန်တွင် ရှန်းရိယွင်သည် ၀မ်လင်းထံမှ တစ်စုံတရာကို သတိပြုမိပြီး ကောက်ကျစ်စွာ ပြုံးလိုက်ကာ အတွေးထဲတွင်နစ်မြုပ်သွားခဲ့သည်။
စင်စစ် ၀မ်လင်းက သေချင်ယောင်ဆောင်နေသည်ကို သူသိသဖြင့် ဤဇာတ်ကွက်ကို တမင်ရည်ရွယ်ပြီး စီစဥ်ခဲ့ခြင်းပင်။
ယင်းမှာ ၀မ်လင်း၏ သရုပ်ဆောင် ပေါ့လျော့မှုကြောင့် မဟုတ်ပေ။
ရှန်းရိယွင်က သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများကို အခြေခံ၍ မှန်းဆခဲ့ခြင်းသာ ဖြစ်သည်။
ရှန်းရိယွင်က ၀မ်လင်း၏ အခြေအနေကို ထပ်မံ စစ်ဆေးပြီးနောက် ပတ်၀န်းကျင်ရှိ ဆရာများကို အတည်ပြု ပြောကြားခဲ့သည်။
"စိတ်ဖိစီးမှုတွေကြောင့် သတိလစ်သွားတာပါ.. လူငယ်တွေက ကျန်းမာသန်စွမ်းတဲ့ အတွက် ခဏနေကျရင် သူ့ဘာသာသူ သတိရလာပါလိမ့်မယ်"
"ကျောင်းသား၀မ်လင်း အဆင်ပြေသွားတယ်ဆိုတော့ တော်သေးတာပေါ့"
ပတ်၀န်းကျင်ရှိ ဆရာများက စိတ်အေးလက်အေး ဖြစ်သွားကြသည်။
ရှေးဦးသူနာပြုစုနည်းကို အသုံးပြုရန် အဆင့်သင့် ဖြစ်နေသော ဆရာလီသာလျှင် မှုန်ကုပ်ကုပ် ဖြစ်နေခဲ့သည်။
"ဘာဖြစ်လို့လဲ ဆရာလီ"
"ငါသိချင်တာ တစ်ခုရှိတယ်.. လေမှုတ်ထည့်တဲ့အခါ လျှာကို ကပ်ထားသင့်လား ကျောင်းသား၀မ်လင်းက သတိမရသေးဘူးဆိုတော့ ငါတို့ လက်တွေ့လေ့လာမှုတစ်ခု လုပ်လိုက်ရင် မကောင်းဘူးလား"
လူတိုင်း နှင့် ၀မ်လင်း "........"
"ဟာသဆိုရင်တောင် အကန့်အသတ်ဆိုတာ ရှိရတယ် ဆရာလီ.. ၀မ်လင်းက ငါ့တပည့်ဖြစ်တဲ့အတွက် ၀မ်လင်းကို ငါပြန်ခေါ်သွားမယ်.. ဆရာလီ ဒီလောက်တောင် ဂရုစိုက်ချင်နေတယ်ဆိုရင် ရှားမင်ကိုပဲ ဂရုစိုက်ပေးလိုက်ပါ"
ဆရာလီက နောက်ပြောင်နေမှန်း ဆရာမဖန် ကောင်းစွာသိသည်။
ဤဆရာ လီရမ်ယုံထံတွင် ဆိုးရွားသော အချိန်များ၌ ဟာသလုပ်တတ်သည့် အကျင့်ဆိုးတစ်ခု ရှိသည်။
ဆရာမဖန်သည် သူမ၏ အကာအကွယ်အောက်မှာပင် ၀မ်လင်းကို ရုံးခန်းသို့ ပြန်ခေါ်လာခဲ့သည်။
"၀မ်လင်း ဟန်ဆောင်မနေနဲ့တော့ မင်းသတိရနေပြီဆိုတာ ငါသိတယ်"
ထိုစကားကို ကြားလျှင် ၀မ်လင်းက မျက်ခုံးကိုဖွင့်၍ ဆရာမဖန်ကို ကြည့်လိုက်သည်။
ထိုခဏတွင် ဆရာမဖန်သည် အံဆွဲထဲမှာ ဖောင်တစ်ခုကို ထုတ်ကာ ၀မ်လင်းကို ပေးလိုက်၏။
ထိုလျှောက်လွှာ၏ အပေါ်ဆုံးထပ်တွင် ရှိသော ခေါင်းစဥ်မှာ အိမ်တွင်းအကြမ်းဖက်မှု မေးခွန်းလွှာ ဖြစ်သည်။
"မင်းခံစားခဲ့ရသမျှကို ဒီလျှောက်လွှာစာရွက်ထဲမှာ စာစီစာကုံးလိုမျိုး ချရေးလိုက်ပါ"
၀မ်လင်း "........."
"ကျောင်းသား၀မ်လင်း ဒီတခေါက်ဖြစ်ရပ်မှာ မင်းရဲ့မိဘတွေကို ကျောင်းကိုလာဖို့ ငါပြောခဲ့တယ်.. ဒါပေမဲ့ သူတို့က မင်းကို လုံး၀ စိတ်ပူတဲ့ပုံ မပေါ်ဘူး"
ဆရာမဖန်က ထိုစကားကို ပြောပြီးနောက် သက်ပြင်းကိုချကာ ၀မ်လင်းကို ကရုဏာသက်စွာ ကြည့်လိုက်သည်။
"ငါ့ကို အမှန်အတိုင်းပဲပြောပါ.. မင်းမိဘတွေက မင်းကို အိမ်မှာ ရက်ရက်စက်စက်ပြုမူလေ့ ရှိလား"
၀မ်လင်း "........."
ဆရာမဖန် "မကြောက်ပါနဲ့ ၀မ်လင်း.. ငါတစ်ယောက်လုံး ဒီမှာရှိပါတယ်.. မင်းအိမ်က တစ်ယောက်ယောက်က မင်းကို နာကျင်အောင် လုပ်ခဲ့ရင် ငါ့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုလို့ရတယ်"
ထိုစကားကိုကြားလျှင် ၀မ်လင်းက ငိုချင်သော်လည်း မျက်ရည်မကျခဲ့ပေ။
"........"
ယင်းက အကြမ်းဖက်မှု လုံး၀မဟုတ်ပေ။
ဖေဖေ၀မ်နှင့်မေမေ၀မ်သည် သူ့ကို ငယ်စဥ်ကတည်းကပင် ဂရုစိုက်ပြီး ပိုးမွေးသလို မွေးမြူခဲ့သည်။
အပြန်အလှန်အားဖြင့် သူ့မိဘများ၏ ဂရုစိုက်မှုကြောင့် အားနာနေရသူမှာ ၀မ်လင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမွေးဖွားပြီး မကြာမီမှာပင် သူတို့မိသားစုတစ်စုလုံးသည် အိမ်နီးနားချင်းများကို ဒုက္ခမဖြစ်စေရန် အတွက် ဝေးလံခေါင်သီသော ဆင်ခြေဖုံးရပ်ကွက် တစ်ခုသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။
အချိန်မရွေး ထပေါက်ကွဲနိုင်သည့် နျူကလီးယားဗုံးနှင့် အတူ နေ့စဥ်အတူ ရှိနေရသည်က မည်မျှပင် စိတ်ပင်ပန်းမည်ကို စိတ်ကူးကြည့်လျှင် သိနိုင်ပေသည်။
၀မ်လင်းက ခေါင်းခါရမ်းလိုက်သည်။
ဘယ်တုန်းကမှ ဖြစ်မလာသည့် အရာတစ်ခုကို ၀န်ခံဖို့ဆိုသည်မှာ မဖြစ််နိုင်ပေ။
ဖေဖေ၀မ် နှင့် မေမေ၀မ်က သူ့အပေါ်တွင် အလွန်ကောင်းခဲ့သည်။
ဖေဖေ၀မ်က သူ့ကို မုန့်ဖိုးမဖြတ်လျှင် ပိုတောင် ကောင်းလိမ့်မည် ဖြစ်၏။
ဤဖြစ်ရပ်တွင် နားလည်မှုလွဲမှားခြင်း ရှိသည်မှာ ထင်ရှားနေသော်လည်း ဒုတိယစာသင်နှစ်၀က် စစချင်းမှာပင် ဆရာမဖန်က သူ့ကို ဤမျှအထိ ဂရုစိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤသည်မှာကောင်းသော အရာတစ်ခု ဖြစ်သည်။
အနည်းဆုံးတော့ ဆရာမဖန်သည် ဆရာတစ်ယောက် အနေဖြင့် တာ၀န်သိစိတ်ရှိသည်ကို သက်သေပြနေခဲ့သည်။
၀မ်လင်းအတွက်မူ ဤကဲ့သို့ အလွန်အကျွံ ဂရုစိုက်ခံရမှုသည် ဒုက္ခတစ်ခု ဖြစ်သည်။
သူက သာမန် အထက်တန်းကျောင်းသား တစ်ယောက်
အနေဖြင့် သူ၏ ကျောင်းသားဘ၀ကို အေးအေးချမ်းချမ်းသာ ပြီးမြောက်ချင်ခဲ့သည်။
"ကျောင်းသား ၀မ်လင်း ဘာမှမကြောက်နဲ့..စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကလည်း အကြမ်းဖက်မှုမြောက်တယ်"
ဆရာမဖန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
၀မ်လင်း"........"
၀မ်လင်းက ခေါင်းညိမ့်လိုက်ပြီး လျှောက်လွှာစာရွက်တွင် စတင် ရေးသားလိုက်သည်။
သူက စာမေးပွဲတွင် ဖေဖေ၀မ်နှင့် မေမေ၀မ်တို့၏ အလေးအနက် ဂရုစိုက်မှုအား ဖော်ပြထားသော စာစီစာကုံးကို ရေးခဲ့ဖူးသည်။
စာမေးပွဲများတွင် အကြောင်းအရာ တစ်ခုခုနှင့် ပတ်သက်၍ စာစီစာကုံး မေးလေ့ရှိသည်။
၀မ်လင်းက စိတ်ခံစားမှု၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ချစ်ခြင်းမေတ္တာ အလေးပေးမှု သို့်မဟုတ် လက်တွေ့ဘ၀နှင့် နီးစပ်သော အချက်အလက် စသည့် အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာပြီး သူနှစ်သက်သလို ရေးသားလေ့ ရှိသည်။
ဤကိစ္စတွင်မူ ၀မ်လင်းသည် ဆရာမဖန် ပိုမို စိတ်လှုပ်ရှားမှုကို မြင်လိုကြောင်း ခံစားမိသောကြောင့် ခွန်အားဖြည့် စာစီစာကုံးကို ရေးသားရန် ဆုံးဖြတ်ခဲ့သည်။
ရလဒ်အနေဖြင့် ၀မ်လင်း၏ စာစီစာကုံးတစ်လျှောက် လှပသော စကားလုံးများ ထွက်ပေါ်လာခဲ့သည်။
1.ကျနော့် မိဘတွေက နွေးထွေးပြီး အလင်းပေးမဲ့ ဖယောင်းတိုင်လိုပဲ.. အဲဒါက ကျနော့်ရဲ့ မျှော်လင့်ချက်နဲ့ နွေးထွေးမှုကို ပြသမဲ့ ဖယောင်းတိုင်လေးတွေနဲ့ တူတယ်.. ဒါပေမဲ့လည်း မီးစသေးသေးလေးက တစ်ခါတရံ မတော်တဆ လွင့်ထွက်နိုင်တယ်(သူ့အဖေမုန့်ဖိုးလျှော့ချတာကို ရည်ညွှန်းသည်)
2.ကျနော့် အဖေရဲ့ချစ်ခြင်းမေတ္တာက မြင့်မိုရ်တောင်ပေါ်မှာ ပေါက်နေတဲ့ သစ်ပင်ကြီးနဲ့တူတယ်.. ကျနော့်ကို လေနဲ့မိုးတွေ ရန်ကနေ ကာကွယ်ပေးတယ်.. ကျနော်က သစ်ပင်ပေါ်က ငှက်ကလေးတစ်ကောင် ဖြစ်ပေမဲ့လည်း သစ်ကိုင်းသစ်ခက်တွေက တခါတရံတော့ အမွေးကို ခြစ်မိတယ်(သူ့အဖေ မုန့်ဖိုးလျှော့ချတာကို ရည်ညွှန်းသည်)
3.ကျနော်တို့ မိသားစုက ရတနာသုံးပါးနဲ့တူတယ်.. တခဏတောင် ခွဲထားလို့ မရဘူး.. အဖေရဲ့ အချစ်တွေမှာ တင်းမာနေတဲ့ အချိန်တွေ ရှိပေမဲ့ သခင်လောင်ဇီရဲ့ အင်မော်တယ်ကြိုးနဲ့ ကျနော့်ကို လမ်းမှားမရောက်အောင် ချည်နှောင်ထားသလိုမျိုးပါ (သူ့အဖေ မုန့်ဖိုးလျှော့ချတာကို ရည်ညွှန်းသည်)
ဤစာစီစာကုံးကို ဖတ်ပြီးနောက်တွင် ဆရာမဖန်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲသွားခဲ့သည်။
"ကျောင်းသား၀မ်လင်း.. ဆရာမ နားလည်ပါပြီ.. မင်း အေးအေးဆေးဆေး ဖြစ်တယ် ဆိုရင်လည်း ပြီးတာပါပဲ.. နောက်ကျနေပြီ အိမ်ကို မြန်မြန်ပြန်တော့"
သူဆိုလိုချင်သည့် အဓိပ္ပါယ်ကို ဆရာမဖန် နားလည်မလည် သူ မသိပေ။
သို့သော်လည်း စိတ်ခံစားမှုအရသာ ရေးသားထားခြင်းဖြစ်၍ ပြဿနာတစ်စုံတရာ မဖြစ်လောက်ဟု သူ ယုံကြည်ခဲ့သည်။
ထို့်အပြင် ဤစာစီစာကုံး၌ ဖေဖေ၀မ်က သူ၏ မုန့်ဖိုးများကို လျှော့ချကြောင်း လျှို့၀ှက်စွာ တိုင်ကြားခဲ့သည်။
၀မ်လင်း အိမ်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် ဆရာမဖန်သည် စာစီစာကုံးကို ဓာတ်ပုံရိုက်ယူပြီး အမှတ်(၆၀) အထက်တန်းကျောင်း၏ ဆရာများဂရုတွင် တင်လိုက်သည်။
ဆရာမဖန် "ငါတို့အတန်းထဲက ၀မ်လင်းလေးက ဒီစာစီစာကုံးကို ရေးသားခဲ့တယ် အားလုံးပဲ ကြည့်ကြပါဦး"
ကာယဆရာယဲ့ဟန် "ဆရာမဖန်.. ကျောင်းသား၀မ်လင်းက အိမ်တွင်းအကြမ်းဖက်မှု ခံရတယ်လို့ သံသယ ရှိနေလို့လား"
"ဟုတ်တယ်.. ဒါကြောင့် သူ့ကို စာစီစာကုံး ရေးခိုင်းလိုက်တာပဲ ဒါပေမဲ့ ကျောင်းသား၀မ်လင်းရဲ့ စာစီစာကုံးက ငါ့ကို ငိုလောက်တဲ့အထိ ဖြစ်စေခဲ့တယ်.. သူ့မိဘတွေက သူ့ကို အနိုင်ကျင့်ပေမဲ့ ဒီကလေးက အတော်လေး ကျေးဇူးသိတတ်တယ်.. ဒီလိုသိတတ်မှုက အရမ်းရှားပါးတယ်.. ဒါက သီးသန့် စုံစမ်းမေးမြန်းမှုတစ်ခု ဖြစ်တဲ့အတွက် ဒီစာစီစာကုံးကို လျှို့၀ှက်ထားရမှာ စိတ်မကောင်းစရာပဲ.. မဟုတ်ရင် ဒီစာစီစာကုံးကို လူသိရှင်ကြား ဝေမျှပါတယ်"
ကာယဆရာယဲ့ဟန် "ဖတ်ပြီးသွားပြီ.. ရေးထားတာ အတော်ကောင်းတာပဲ"
ဆရာ၀မ် "မဆိုးဘူး.. ၀မ်လင်းက တကယ်မဆိုးဘူး.. ဒီကလေးက မြင့်မားတဲ့နားလည်မှုနဲ့ တွေးခေါ်နိုင်စွမ်းရှိတဲ့ ကလေးကောင်း တစ်ယောက်ပဲ.. သူက အတန်းထဲမှာလည်း အမြဲတမ်း လိမ္မာရေးခြားရှိတယ်.. ကျောင်းသူစွန်းရုံက သူ့ကို ကြိုက်တာလည်း အံ့သြစရာတော့ မရှိပါဘူး"
ကျောင်းဒေါက်တာ ရှင်းရိယွင် "ငါ့မှာတော့ မတူညီတဲ့ အမြင်တစ်ခုရှိတယ်.. ကျောင်းသား၀မ်လင်းက စာစီစာကုံးထဲမှာ တစ်စုံတခုကို အရိပ်အမြွက် ပြခဲ့တယ်လို့ ငါထင်တယ်"
ဆရာများအားလုံး " ? ? ? "
ကျောင်းဒေါက်တာ ရှင်းရိယွင် "ကြည့်လေ သူက သူ့မိဘတွေကို ဖယောင်းတိုင်နဲ့ ခိုင်းနှိုင်းပြီး သူ့အဖေကို သစ်ကိုင်းနဲ့ ခိုင်းနှိုင်းထားတယ် အဆုံးသတ်မှာတော့ အင်မော်တယ်ကြိုးကိုပါ ထည့်သွင်းရေးစပ်ထားတယ်"
ထိုစာကို မြင်လျှင် ကာယဆရာယဲ့ဟန်က ခပ်သွက်သွက် ဝင်ပြောလိုက်သည်။
"ဒါက ဖယောင်းစက်ချတာ၊ ကြာပွတ်နဲ့ရိုက်နှက်တာ၊ အနှောင်အဖွဲ့ပြုလုပ်တာ အဲဒီအဓိပ္ပါယ်ကို ဆိုလိုတာများလား"
ကျောင်းဒေါက်တာ ရှင်းရိယွင် "ငါက နောက်ပြောင်ရုံပါ"
ထိုခဏမှာပင် ဆရာမဖန်၏ စိတ်အေးလက်အေး အမူအရာသည် နောက်တစ်ကြိမ် တင်းမာလာခဲ့သည်။
"၀မ်လင်းက င့ါကို အရိပ်အမြွက်ပေးခဲ့တာများလား"
ထိုသို့ ဖြစ်နိုင်သည်ဟု ဆရာမဖန်က တွေးမိခဲ့သည်။
အပိုင်း(၁၀၉၈) ပြီး၏