စွန်းရိယွမ် စစ်ဆေးခြင်း
Vol. 74 Ch. 1101
အမျိုးသမီး ဇာတ်ဆောင်ဖြစ်သည့် စွန်းရုံသည် ယနေ့အထိ ကျောင်းမလာသေးပေ။
ထိုအစား ကျောင်းသို့ အမှန်တကယ်လာခဲ့သည်မှာ သူမ၏ အဘိုး ဖြစ်သည်။
ဟွာကောရေတံခွန်လုပ်ငန်းစု၏ ဥက္ကဌသည် သွားလေရာနေရာတိုင်းတွင် လှိုင်းလုံးကြီးများကို ဖန်တီးလေ့ရှိသည်။
ယခုအခါတွင်မူ အဘိုးအိုစွန်းသည် အမှတ်၆၀ အထက်တန်းကျောင်းသို့ မမျှော်လင့်ပဲ ရောက်ရှိလာခဲ့သည်။
သို့မဟုတ်လျှင် အဘိုးအိုစွန်း ရောက်လာသည်နှင့် သတင်းထောက်များသည် ကျောင်းတံခါး၀၌ စုပြုံ၍ ရောက်ရှိနေမည် ဖြစ်သည်။
အဘိုးအိုစွန်းသည် အားယားနေ၍ ဤနေရာသို့ ရောက်လာခြင်းတော့ မဟုတ်ပေ။
သူက အမှတ်၆၀ အထက်တန်းကျောင်း၏ ဒေါက်တိုင်
တစ်ဦးဖြစ်ပြီး ကျောင်းတွင်းပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ စတင်တော့မည် ဖြစ်၍ ကျောင်းပတ်၀န်းကျင်ကို
ကြည့်ရှုစစ်ဆေးရန် ဤနေရာတွင် ရှိနေခြင်းလည်း ဖြစ်သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ပြုပြင်မွမ်းမံသောလုပ်ငန်းများ အတွက် အဘိုးအိုစွန်းလို ပုဂ္ဂိုလ်သည်ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာရန် မလိုအပ်ပေ။
ဤကဲ့သို့သော ကိစ္စအသေးအဖွဲလေးသည် လက်အောက်ရှိ အင်ဂျင်နီယာများနှင့်ပင် လက်လွှဲ၍ရပေသည်။
ထို့ကြောင့် ကျောင်းရှိလူတိုင်းသည် အဘိုးအိုစွန်း ဤနေရာသို့ ရောက်ရှိလာရသည့် ရည်ရွယ်ချက်ကို အနည်းနဲ့ အများ ရိပ်စားမိခဲ့ကြသည်။
အဘိုးအိုစွန်းကို အဝေးကနေ လှမ်းကြည့်ရင်း ချန်းချောင်က ရုတ်တရက် ပြောလိုက်သည်။
"၀မ်လင်း.. ဟွာကောရေတံခွန်လုပ်ငန်းစုရဲ့ ဥက္ကဌက မြေးသမက်လေးကို စစ်ဆေးဖို့ ရောက်လာပြီ"
ထိုစကားကို ကြားလျှင် ၀မ်လင်းသည် ချောကလက်နို့ကို ပါးစပ်ထဲမှ ထွေးထုတ်လုနီးပါး ဖြစ်သွားခဲ့သည်။
စင်စစ် ၀မ်လင်းသည် ထိုကဲ့သို့ ကိစ္စမျိုးကို တွေးတောလေ့ မရှိပေ။
ပြတင်းပေါက်ကနေ လှမ်းကြည့်၍ ၀မ်လင်းက စိတ်ထဲကနေ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
ဟွာကောရေတံခွန် လုပ်ငန်းစု၏ ကိုယ်ရံတော်များသည် အမှတ်၆၀ အထက်တန်းကျောင်း ဧရိယာရှိ လမ်းမများကို ပိတ်ဆို့ထားခဲ့သည်။
ဟုတ်ပါသည်၊ ယင်းမှာ မီဒီယာ သတင်းထောက်များကိုသာ ပစ်မှတ်ထားခြင်းဖြစ်ပြီး သာမန်လူများ၏ လှုပ်ရှားသွားလာမှုများကို ထိခိုက်စေလိုသော ဆန္ဒမရှိပေ။
စွန်းရိယွမ်က ကျောင်းတံခါး၀တွင် ရောက်ရှိနေကြောင်းသိလျှင် ကျောင်းအုပ်ကြီးချန်းနှင့် ဒါရိုက်တာရှီးတို့သည် ဆရာများ ရုံးခန်းသို့ ချက်ခြင်း သွားရောက်ခဲ့ပြီး ဆရာအချို့ကို ခေါ်ဆောင်ကာ ကျောင်းဂိတ်တံခါး၀သို့ ကြိုဆိုရန်သွားခဲ့သည်။
"မစ္စတာစွန်း ကိုယ်တိုင် ကြွလာတော့ ငါတို့ကျောင်းအတွက် ဂုဏ်ရှိတာပေါ့"
ကျောင်း၏ ဂိတ်တံခါး၀တွင် ကျောင်းအုပ်ကြီးချန်းသည် ရှေ့သို့တိုးကာ အဘိုးအိုစွန်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်သည့်ပုံကို ဆရာတစ်ယောက်က ဓာတ်ပုံ ရိုက်ပေးခဲ့သည်။
ဤမြင်ကွင်းကို ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း
ထိုဓာတ်ပုံသည် တနေ့နေ့တွင် အမှတ်၆၀ အထက်တန်း ကျောင်း၏ ကျောင်းသမိုင်းပြခန်းသို့ ရောက်ရှိဖွယ်ရှိသည်ဟု ၀မ်လင်း ယူဆခဲ့သည်။
အမှတ်၆၀ အထက်တန်းကျောင်းကို အဓိကမြို့ပြ အထက်တန်း ကျောင်းအဖြစ် အတည်ပြု မထုတ်ပြန်ရသေးသော်လည်း အခြားသော ကျောင်းတိုင်းသည် အမှတ်၆၀ အထက်တန်းကျောင်း၏ ထင်ရှားသော သမိုင်းကြောင်းကိုအသိအမှတ်ပြုခဲ့ကြသည်။
ဆိုရလျှင် ဤကျောင်းသည် နှစ်ပေါင်းတစ်ထောင် နီးပါး သမိုင်းကြောင်း ရှိသော ကျောင်းတစ်ကျောင်း ဖြစ်သည်။
သမိုင်းကြောင်းချင်း နှိုင်းယှဥ်မည်ဆိုလျှင် ဖေးယန်ခရိုင်ရှိ ကျောင်းတစ်ဒါဇင်ခန့်သာ အမှတ်၆၀ အထက်တန်း ကျောင်းနှင့် နှိုင်းယှဥ်နိုင်မည် ဖြစ်သည်။
"ကလေးငယ်လေးတွေရဲ့ သင်ကြာရေးပတ်၀န်းကျင်နဲ့ ပတ်သက်ပြီး ငါအမြဲတမ်း ပူပန်နေခဲ့ရတယ်.. ဒီတစ်ခေါက် ရောက်လာတော့ အမှတ်၆၀ အထက်တန်း ကျောင်းက ငါမျှော်လင့်ထားတာထက် အများကြီး ပိုမို ကောင်းမွန်နေတာကို တွေ့ခဲ့ရတယ်.. ကျောင်းတံခါးကို ဖြတ်ကျော်ခဲ့တဲ့ အခိုက်အတန့်မှာ ပြင်းထန်တဲ့ ပညာရပ်ဆိုင်ရာ အငွေ့အသက်ကို ခံစားခဲ့ရတယ်.. ဘယ်လောက်တောင် လွမ်းဆွတ်ဖို့ ကောင်းလိုက်လဲ"
အဘိုးအိုစွန်းက သူ့အတွေးများကို ထုတ်ဖော်ပြောဆိိုလိုက်သည်။
သူ့လက်အောက်ရှိ အစေခံတစ်ယောက်က အဘိုးအိုစွန်း၏ စကားများကို မှတ်စုစာအုပ်ငယ်လေး ထဲတွင် မှတ်တမ်းတင်နေခဲ့သည်။
အဘိုးအိုစွန်းကို နှုတ်ဆက်ရန် ထွက်ကြိုခဲ့သော ဆရာများ၏ မျက်နှာများတွင် အပြုံးပန်းများ ဝေဆာနေခဲ့သည်။
ဟွာကော ရေတံခွန်လုပ်ငန်းစု၏ ဥက္ကဌအနေဖြင့် စွန်းရိယွမ်သည် အလွန်ပင် အတွေ့အကြုံ ကြွယ်၀သူ တစ်ဦး ဖြစ်သည်။
ထို့ကြောင့် သူ၏ နှုတ်ထွက်စကားများသည် နားထောင်ရသူကို အလွန်ပင် သက်သောင့်သက်သာ ရှိစေပြီး စိတ်ခွန်အားတက်ကြွစေခဲ့သည်။
သို့ရာတွင် ထိုစကားလုံးများသည် ထုံးတမ်းစဥ်လာအရသာ ဖြစ်ကြောင်း ကျောင်းအုပ်ကြီးချန်းက သိထားသောကြောင့် ချဲ့ကားသည့် စကားများဖြင့် မတုံ့ပြန်ခဲ့ပေ။
"မစ္စတာစွန်း.. ငါ့ရုံးခန်းကို သွားကြရအောင်"
ကျောင်းအုပ်ကြီးချန်းက ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည်။
ကျောင်းအုပ်ကြီး ရုံးခန်းသို့ ရောက်လျှင် ကျောင်းအုပ်ကြီးချန်းသည် အဘိုးအိုစွန်းအတွက် အကြမ်းရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
ထိုအကြမ်းရည်ထဲတွင် အသုံးပြုထားသော လက်ဖက် ခြောက်မှာ သူ လက်လှမ်းမီသမျှထဲတွင် အကောင်းဆုံး လက်ဖက်ခြောက် ဖြစ်သည်။
အဘိုးအိုစွန်းက ရေနွေးကြမ်းကို တစ်ချက်ရှုရှိုက်ပြီးမှ တစ်ငုံ မော့သောက်လိုက်သည်။
ထို့နောက်တွင် အဘိုးအိုစွန်းသည် ကျောင်းအုပ်ကြီးချန်းကို ပြောလိုက်သည်။
"ရုံရုံက ပိုကောင်းတဲ့ကျောင်းကို သွားနိုင်ခဲ့ပေမဲ့ အမှတ်၆၀ အထက်တန်းကျောင်းကို သူကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာဆိုတော့ ငါလည်း သူ့ကို မတားနိုင်ခဲ့ဘူး"
ကျောင်းအုပ်ကြီးချန်းက ခေါင်းညိမ့်လိုက်သည်။
"စွန်းရုံမှာ အထူးကောင်းမွန်တဲ့ အရည်အချင်းတွေ ရှိတယ် .. သူမက ငါတို့ အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ သမိုင်းတစ်လျှောက် ထိပ်တန်းဆယ်ဦး စာရင်းမှာလည်း ရပ်တည်နေတယ်"
"စွန်းရုံက ငါ့မြေးလေ.. ဒီစံနှုန်းကို လိုက်မီဖို့က သာမန်ပါပဲ"
အဘိုးအိုစွန်းက ပြုံး၍ ပြောလိုက်သည်။
"တကယ်တော့ အမှတ်၆၀ အထက်တန်းကျောင်းနဲ့ ငါတို့ ဟွာကောရေတံခွန် လုပ်ငန်းစု ကြားမှာ အလွန်နက်ရှိုင်းတဲ့ ပတ်သက်ဆက်နွယ်မှု ရှိခဲ့တယ်"
ကျောင်းအုပ်ကြီးချန်း " ? ? ? "
အဘိုးအိုစွန်း "အရင်တုန်းက ဒီနေရာမှာ ပူဆွေးမြစ်လို့ အမည်ရတဲ့ မြစ်တစင်းရှိတယ်"
ထိုစကားကို ကြားလျှင် ကျောင်းအုပ်ကြီးချန်းသည် ချက်ချင်းပင် သဘောပေါက်လိုက်သည်။
"အမှတ်၆၀ အထက်တန်းကျောင်း မတည်ထောင်ခင်က ဒီနေရာမှာ မြစ်တစင်း အမှန်တကယ် ရှိခဲ့တယ်.. ဒါပေမဲ့ ရာသီဥတု အပြောင်းအလဲကြောင့် မြစ်ရေက ခန်းခြောက်လာပြီး အဆုံးသတ်မှာ မြေသားထုထည်အဖြစ် ပြောင်းလဲသွားခဲ့တယ်.. ကနဦးတုန်းကတော့ ဂူဗိမ္မာန်တစ်ခုကို တည်ဆောက်ခဲ့တယ်.. နောက်ပိုင်းမှာ ကျောင်းနဲ့ အစားထိုးခဲ့တယ်.. ပြောရရင် အဲဒီအချိန်က ငါတို့ဘိုးဘေးတွေ ပူဆွေးမြစ်က မြစ်ရေကို အသုံးပြုပြီး ပထမဆုံးသော ဆေး၀ါးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ကြတယ်.. ဒါကြောင့် ငါတို့နဲ့ အမှတ်၆၀ အထက်တန်းကျောင်းက ပတ်သက်ဆက်နွယ်မှု ရှိတယ်လို့ ငါပြောခဲ့တာပဲ"
ထိုစကားကြောင့် ကျောင်းအုပ်ကြီးချန်းက မှင်တက်သွားခဲ့သည်။
"ငါ့ဘိုးဘေးတွေက ဒီက မြစ်ရေကို အသုံးပြုပြီး ပထမဆုံး ဆေး၀ါးကို သန့်စင်ခဲ့တယ်.. ဒီမြေက ဂူဗိမ္မာန်နဲ့ စာသင်ကျောင်း အတွက် သုံးလို့ရတယ် ဆိုမှတော့ ဒီနေရာရဲ့ ဖုန်းရွှေ အကြောင်းကတော့ ပြောနေစရာတောင် မလိုဘူးပေါ့.. နှစ်ပေါင်းရာချီ ကြာပြီးတဲ့နောက်မှာ ဒီမြေကို ပြန်လည်ကျေးဇူးဆပ်ဖို့ အတွက် အမှတ်၆၀ အထက်တန်းကျောင်းရဲ့ ပြန်လည် တည်ဆောက်ရေးမှာ ကူညီပေးဖို့ ဒီကို ပြန်လာခဲ့တာပဲ "
အဘိုးအိုစွန်းက ရှင်းလင်း ပြောကြားခဲ့သည်။
ကျောင်းအုပ်ကြီးချန်းနှင့် အဘိုးအိုစွန်းသည် ခဏကြာစကားစမည် ပြောဆိုပြီးနောက်တွင် တဖြည်းဖြည်းချင်း ရင်းနှီးလာခဲ့သည်။
သူတို့နှစ်ယောက်က နယ်ပယ်အသီးသီးမှ အကြောင်းအရာ မျိုးစုံကို ပြောဆိုခဲ့ကြသည်။
တကယ်တမ်းတွင် အဘိုးအိုစွန်းသည် ကျောင်းထဲ ၀င်ကတည်းကပင် ရှားမင်နှင့် ၀မ်လင်း အကြောင်းကို မေးချင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က အနီးအနား ပတ်၀န်းကျင်တွင် လူအများအပြား ရှိနေ၍ ထိုအကြောင်းကို တိုက်ရိုက် မေးခွန်းထုတ်ရန်မှာ အနည်းငယ် ရှက်စရာ ဖြစ်နေခဲ့သည်။
ယခုအခါတွင် စကားစမည်လည်း ပြောဆိုပြီးပြီ ဖြစ်သောကြောင့် မေးခွန်းထုတ်ရန် အချိန်တန်ပြီဟု သူဆုံးဖြတ်လိုက်သည်။
"ဒါနဲ့ ကျောင်းအုပ်ကြီးချန်း.. ကျောင်းသားရှား နဲ့ ကျောင်း သား၀မ်နဲ့ ပက်သက်ပြီး မင်းရဲ့ အမြင်က ဘယ်လိုရှိလဲ "
နောက်ဆုံးတွင် အဘိုးအိုစွန်းသည် သူမေးလိုသော အကြောင်းအရာကို ကျောင်းအုပ်ကြီးချန်းအား တင်ပြလိုက်သည်။
ကျောင်းအုပ်ကြီးချန်းက အဘိုးအိုစွန်း သူ့ကို ဤမေးခွန်း မေးလာမည် ဆိုသည်ကို အစကတည်းပင် သိထားခဲ့၍ အဖြေကို ကြိုတင် စဥ်းစားထားခဲ့ပြီးပြီ ဖြစ်၏။
"မစ္စတာစွန်း စိတ်ချပါ.. ငါတို့ကျောင်းက ဒီကိစ္စကို တရားမျှတစွာ ကိုင်တွယ် ဖြေရှင်းသွားမှာပါ ကျောင်းသားရှားနဲ့ ကျောင်းသား၀မ် တို့ကို မိမိစိတ်ကို မိမိကိုယ်တိုင် ဘယ်လိုထိန်းချုပ်ရမလဲ ဆိုတာကို အသေအချာ သင်ကြားပေးသွားပါမယ်.. သူတို့လေးတွေက ငယ်ရွယ်တာကြောင့် စိတ်အားထက်သန်တာကတော့ ပုံမှန်ဖြစ်ရပ်ပါပဲ.. ကျောင်းသားရှားနဲ့ ကျောင်းသူစွန်း တို့က စိတ်ထဲမှာရှိတဲ့ အတိုင်းကို ပြောဆိုတတ်တဲ့ သူတွေ ဖြစ်တာကြောင့် ဒီလိုကိစ္စတွေက ဖြစ်ပေါ်လာရတာပါ.. ကျောင်းသား၀မ်ကတော့ သူတို့ထက် ပိုပြီး သူ့ကိုယ်သူ ထိန်းသိမ်းနိုင်တဲ့ ကလေးတစ်ယောက်ပဲ.. သူက ပုံမှန်အားဖြင့်တော့ တစ်သီးတသန့် နေလေ့ရှိတယ်"
"သူက တစ်သီးတသန့် နေတတ်တယ်ဆိုတော့ မိဘမဲ့လား"
အဘိုးအိုစွန်းက ၀မ်လင်း၏ အကြောင်းကို ရုတ်တရက် စိတ်၀င်စားလာခဲ့သည်။
"အဲဒီလိုတော့ မဟုတ်ပါဘူး.. သူ့မှာ မိဘနှစ်ပါးလုံးရှိပါတယ်.. သူကြီးပြင်းလာတဲ့ ပတ်၀န်းကျင်က ကျောင်းသား၀မ်ရဲ့ ကလေးစရိုက်အပေါ် လွှမ်းမိုးခဲ့တာ ဖြစ်နိုင်တယ်.. ဒါပေမဲ့ သူ့အဆင့်တွေကတော့ အရမ်းကို တည်ငြိမ်မှုရှိတယ် "
ကျောင်းအုပ်ကြီးချန်းက ထိုအကြောင်းကို ပြောရင်း ၀မ်လင်း၏ အဆင့်များသည် အလယ်အလတ်တွင်သာ အစဥ်အမြဲ ရှိနေသည်ကို အမှတ်ရမိသည်။
ထို့ကြောင့် သူက အလွန်တော်သည်ဟု ဖော်ပြခဲ့လျှင်အနည်းငယ် ချဲ့ကားရာကျနေမည် ဆိုးသောကြောင့် တည်ငြိမ်သည်ဟုသာ သုံးနှုန်းခဲ့သည်။
သို့သော် ကျောင်းအုပ်ကြီးချန်းသည် ထိုစကားကို ပြောပြီးသည်နှင့် အနည်းငယ် နောင်တရသွားခဲ့သည်။
တကယ်တမ်းတွင် အလယ်အလတ်အဆင့်သာ အစဥ်အမြဲ ရရှိနေသော ကျောင်းသားတစ်ဦးကို တည်ငြိမ်သည်ဟု ညွှန်းဆိုခြင်းသည် ချီးကျူးနေသလို ဖြစ်နေသည်။
သူ့အနေဖြင့် ကျောင်းသား၀မ်ကို တည်ငြိမ်သည်ဟု ဖော်ပြခြင်းထက် အသင့်အတင့်ဟုသာ ညွှန်းဆိုခြင်းက ပို၍ သင့်လျော်လိမ့်မည် ဖြစ်၏။
အပိုင်း(၁၁၀၁) ပြီး၏