← Chapters

ဝမ်လင်းက အရမ်းတော်တယ်

Vol. 74 Ch. 1102

ဝမ်လင်းက အရမ်းတော်တယ်

Vol. 74 Ch. 1102

ကျောင်းအုပ်ကြီးချန်းသည် ရိုးသားသူဖြစ်ပြီး လူ့အဖွဲ့ အစည်းအတွင်း ကျိုးကျိုးနွံနွံ နေထိုင်တတ်ကာ ကျောင်းသားများကို အမြဲတစေ ဂရုတစိုက် စောင့်ကြည့်တတ်သူ တစ်ဦး ဖြစ်သည်။

တကယ်တမ်းတွင် ကျောင်းအုပ်ကြီးချန်း၏ နှလုံးသားထဲ၌ ၀မ်လင်းသည် တကယ့်ကို ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်သည်။

သို့ရာတွင် သူက ဝမ်လင်းကို မချီးမွမ်းရဲပေ။

အကြောင်းရင်းမှာ အဘိုးအိုစွန်းက သူ၏ ကျောင်းသားကို ပစ်မှတ်ထားလာမည်အား စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် ၀မ်လင်း၏ ချို့ယွင်းချက်များကိုသာ ထောက်ပြရမည် မဟုတ်ပါလော။

ကျောင်းအုပ်ကြီးချန်းက အချိန်အတော်ကြာအောင် အသေအ ချာ စဥ်းစားခဲ့သည်။

၀မ်လင်းတွင် အလယ်အလတ် အဆင့်သို့ အမြဲရောက်နေသည့် ပြစ်ချက်သာ ရှိသည်။

စင်စစ် ထိုအရာကလည်း ချို့ယွင်းချက် မဟုတ်၍ ၀မ်လင်းကို အပြစ်ရှာ၍ မရပေ။

အမှတ် ၆၀ အထက်တန်းကျောင်းကို တည်ထောင်ခဲ့သည့် နှစ် တစ်လျှောက်လုံးတွင် ၀မ်လင်းသည် အလယ်အလတ် အကျဆုံး ကျောင်းသား ဖြစ်သည်ဟု ကျောင်းအုပ်ကြီးချန်း ခံစားခဲ့ရသည်။

၎င်းက စာမေးပွဲတွင်လည်း ပျမ်းမျှအမှတ်များသာ ရရှိခဲ့ပြီး အဆင့်ဇယားတွင်လည်း အလယ်အလတ်တွင်သာ ရပ်တည်ခဲ့သည်။

အသင်းလိုက်ပြိုင်ပွဲ အားလုံးတွင်လည်း အဆင့်သတ် မှတ်ချက်နှင့် ပတ်သက်လျှင် သူက အလယ်အလတ်တွင်သာ ရှိသည်။

"ကျောင်းအုပ်ကြီးချန်းရဲ့ စကားအရ ကျောင်းသား ၀မ်လင်းက တသီးတသန့် နေထိုင်တတ်တဲ့သူ ဆိုတော့ သူ့မှာ သူငယ်ချင်းတွေရော ရှိရဲ့လား"

အဘိုးအိုစွန်းက မေးခွန်းထုတ်လိုက်သည်။

"ရှိပါတယ်"

ကျောင်းအုပ်ကြီးချန်းက ပြန်ဖြေလိုက်သည်။

ကျောင်းအုပ်ကြီးချန်းသည် ကျောင်းသားတိုင်း၏ လူမှုပတ်၀န်းကျင် အသိုင်းအ၀ိုင်းကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။

အကြောင်းရင်းမှာ ပတ်၀န်းကျင်နှင့် အံ၀င်ခွင်ကျ မနေနိုင်ဘဲ တစ်သီးတသန့် နေထိုင်တတ်သော ကျောင်းသားများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

တစ်သီးတသန့် နေထိုင်တတ်သော ကလေးများသည် ရုပ်ပိုင်းဆိုင်ရာအရ ကျောင်းတွင်း အကြမ်းဖက်မှုကို ပိုမို၍ ခံနိုင်ရည် ရှိတတ်ကြသည်။

စင်စစ် စိတ်ကို အကြမ်းဖက်မှုသည်လည်း ကျောင်းတွင်း အကြမ်းဖက်မှု အမျိုးစားတစ်ခု ဖြစ်၏။

ကျောင်းအုပ်ကြီးတစ်ဦး အနေဖြင့် ကျောင်းအုပ်ကြီးချန်းသည် ကျောင်းတွင်း အကြမ်းဖက်မှုကို အဆုံးသတ်ရန်မှာ သူ၏ မဖြစ်မနေ တာ၀န်ဖြစ်သည်ဟု ခံစားခဲ့ရသည်။

ဆရာများအနေဖြင့် ​ကျောင်းသားများကို အသိပညာကို သင်ကြားပေးရုံသာမက စိတ်ဓာတ်ကိုပါ ပြုစုပျိုးထောင် ပေးရမည် ဖြစ်၏။

ကျောင်းအုပ်ကြီးချန်းသည် အမှတ်၆၀ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူတိုင်းကို အထက်တန်း သုံးနှစ် အတွက် အမှတ်တရကောင်းများ ထားခဲ့နိုင်စေရန် ဦးစားပေး ဆောင်ရွက်လေ့ ရှိသည်။

ထို့ပြင် ၄င်းတို့၏ နှလုံးသားထဲ၌ ကျောင်းတွင်းအကြမ်းဖက်မှု ဟူသည့် အရိပ်မဲကြီး ပါမသွားစေရန်လည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

"သူငယ်ချင်းတွေ ရှိနေတာက ၀မ်လင်းဆီမှာ ကိုယ်ပိုင်အရည်အချင်း ရှိတယ်ဆိုတာ သက်သေပြနေတာပဲ"

အဘိုးအိုစွန်းက ရယ်မော၍ ပြောလိုက်သည်။

ကျောင်းအုပ်ကြီးချန်းက ဘာပြန်ပြောရမှန်း မသိ၍ ပြုံးရုံသာ ပြုံးနေလိုက်သည်။

"ကျွန်တော်တို့ ကျောင်းမှာ နတ်ဆိုးဘုရင်ရဲ့ ရှေးဦး၀ိညာဥ် အကြွင်းအကျန်ကို အသုံးပြုပြီး ၀င်ခွင့်စာမေးပွဲကို ဖြေဆိုခိုင်းခဲ့ဖူးတယ်.. စာသင်နှစ်စမှာတုန်းက အဲဒီ နတ်ဆိုးဘုရင်ရဲ့ ၀ိညာဥ်က မမျှော်လင့်ဘဲ လွတ်မြောက်သွားခဲ့တယ်.. ကံကောင်းထောက်မစွာပဲ ငါတို့ကျောင်းရဲ့ ဆရာတစ်ယောက်က အဲဒီ၀ိညာဥ်ကို ခွေးအရိုးစုနဲ့ ပေါင်းစည်းနိုင်ခဲ့တယ်.. အဲဒီနောက်မှာတော့ နတ်ဆိုးဘုရင်ရဲ့အကြွင်းအကျန် ၀ိညာဥ်က အစိမ်းရောင်အမွေးတွေ ရှိတဲ့ ရောကျော်ခွေး တစ်ကောင် အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်"

"အိုး.. ဒီလိုမျိုး ဖြစ်ရပ်လည်း ရှိခဲ့တယ်လား"

အဘိုးအိုစွန်းက တအံ့တသြ ရေရွတ်လိုက်သည်။

"ဟုတ်ပါတယ် မစ္စတာစွန်း.. လက်ရှိမှာတော့ ဒီခွေး​လေးကို ၀မ်လင်းရဲ့ အိမ်မှာပဲ မွေးမြူထားပါတယ်.. အဲဒီအချိိန်တုန်းက ကျောင်းသား တော်တော်များများက အိမ်မှာ ခွေးမွေးလို့ မရဘူးလို့ ပြောခဲ့ကြတယ်.. ဒါပေမဲ့လည်း ၀မ်လင်းကတော့ သူတို့အိမ်မှာ နေရာလွတ်တွေ အတော်များတဲ့ အတွက် ခွေးမွေးဖို့ လက်ခံခဲ့တယ်.. ခွေးလေးကို သူ့ဆီမှာ ပြုစုပျိုးထောင်ခိုင်းလိုက်တာက တစ်သီးတသန့် နေထိုင်တတ်တဲ့ ကလေးကို တခြားကျောင်းသားတွေနဲ့ ပိုမို ရင်းနှီးလာစေရာမှာ အထောက်အကူ ဖြစ်လာစေမယ်လို့ တွေးခဲ့လို့ပဲ"

ကျောင်းအုပ်ကြီးချန်းက ပြောလိုက်သည်။

ဒီစကားကို ပြောရသည့် သူ၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။

သူဆိုလိုသည်မှာ ၀မ်လင်းသည် ကျောင်း၏ ပေါ်လစီနှင့် ဆုံးဖြတ်ချက်ချခြင်း အပိုင်းထက် အရည်အချင်း နည်းပါး သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော် အဘိုးအိုစွန်းကမူ ထိုကဲ့သို့ မတွေးခဲ့ပေ။

ထိုစကားများကို ကြားပြီးနောက်တွင် သူက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။

"၀မ်လင်းက တစ်သီးတသန့် နေထိုင်တတ်တဲ့သူ ဆိုပေမဲ့သူငယ်ချင်းဖွဲ့နိုင်ရုံတင် မကဘူး.. ခွေးကလည်း သူ့အိမ်မှာ နေဖို့ ဆန္ဒရှိနေတယ်.. ဒါက တကယ်မလွယ်တဲ့ ကိစ္စပဲ"

ကျောင်းအုပ်ကြီးချန်း "........"

"ဒါပေမဲ့ ဒီခွေးမှာ နတ်ဆိုးဘုရင်ရဲ့ ၀ိညာဥ်ရှိနေတယ် မဟုတ်လား.."

"ဟုတ်ပါတယ်"

"နတ်ဆိုးဘုရင် တစ်ယောက်အနေနဲ့ ဒီခွေးက နာခံမှုကော ရှိရဲ့လား"

"အရမ်းရှိပါတယ်.. သူက ၀မ်လင်းနဲ့ရင်းနှီးပြီး ၀မ်လင်းရဲ့စကားကိုလည်း နားထောင်တယ်.. အရိပ်အဖွဲ့အစည်းက ကျောင်းကို ကျူးကျော်လာတဲ့ အခါတုန်းကဆိုရင် ဒီခွေးက သူတို့ထဲက တစ်ယောက်ကိုတောင် သတ်ပစ်ဖို့ ကူညီပေးခဲ့သေးတယ်"

"ကျောင်းသား၀မ်လင်းရဲ့ မိသားစုက ခွေးကိုတောင် ဒီလောက်ထိ ပြုစုပျိုးထောင်နိုင်တယ် ဆိုတော့ ၀မ်လင်း ကြီးပြင်းလာတဲ့ မိသားစုက အရမ်းကို ကောင်းမွန်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ.. သူတို့က နတ်ဆိုးဘုရင်ကိုတောင် နာခံမှုရှိစေတယ်.. ဒီလိုဆိုးယုတ်တဲ့ နတ်ဆိုးဘုရင်ကို ပြုပြင်ပြောင်းလဲစေနိုင်တဲ့ အတွက် သူတို့ဆီမှာ နည်းလမ်းတစ်ခုခု ရှိမယ်လို့ မထင်ဘူးလား"

ထိုစကားကိုကြားလျှင် ကျောင်းအုပ်ကြီးချန်းသည် ပြောစရာစကား ချက်ချင်းပင် ပျောက်ရှသွားခဲ့သည်။

အဘိုးအိုစွန်း၏ ခွဲခြမ်းစိတ်ဖြာမှုသည် မယုံနိုင်လောက်အောင် ယုတ္တိရှိပြီး လက်တွေ့လည်း အလွန်ကျသည်။

ကျောင်းအုပ်ကြီးချန်းက ပြန်လည် ချေပလိုသော်လည်း ဘာမျှမတတ်နိုင်ခဲ့ပေ။

အစောပိုင်းတွင် သူသည် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်မဖြစ် သိရှိနိုင်ရန် ၀မ်လင်း၏ မိသားစုနှင့် ဆွေးနွေးရန် သင့်မသင့် တွေးမိခဲ့သည်။

သို့သော် ယခုအချိန်တွင် အဘိုးအိုစွန်း၏ စကားကိုကြားပြီးနောက် ကျောင်းအုပ်ကြီးချန်းသည် ထိုအရာက မလိုအပ်တော့ဟု ခံစားမိခဲ့သည်။

ဤအိမ်သည် နတ်ဆိုးဘုရင်ကိုပင် ပြုပြင် ပြောင်းလဲနိုင်သော အိမ် ဖြစ်သည်။

ထိုကဲ့သို့သော အိမ်သည် ကျောင်းသား၀မ်လင်းကို မည်ကဲ့သို့ အကြမ်းဖက်နိုင်ပါမည်နည်း။

အကယ်၍ ဝမ်လင်းတို့ မိသားစုထဲတွင် အိမ်တွင်းအကြမ်းဖက်မှု အမှန်တကယ် ရှိခဲ့လျှင် ထွင်ထျန်းဟာသည် ထိုအကြောင်းများကို တခြားကျောင်းသားများအား အချိန်အတော်ကြာကတည်းကပင် ပြောပြလိမ့်မည်သာ ဖြစ်သည်။

"ကျောင်းသား ၀မ်လင်းနှင့် ပက်သက်ပြီး နောက်ထပ် ဘာတွေရှိသေးလဲ"

အဘိုးအိုစွန်းက ၀မ်လင်းကို ပိုပိုပြီး စိတ်၀င်စားလာခဲ့သည်။

ကျောင်းအုပ်ကြီးချန်းကမူ သူ၏ ချွေးများကို သုတ်လိုက်သည်။

သူက ၀မ်လင်းအကြောင်းကို စကားဆက်ရန် အနည်းငယ် ၀န်လေးနေသဖြင့် ခေါင်းစဥ်ပြောင်းရန် ကြိုးစားလိုက်သည်။

"ကျောင်းသားရှားမင်နဲ့ ပက်သက်ပြီးရော မသိချင်ဘူးလား"

"အိုး.. ကျောင်းသားရှားမင်လား.. ငါစိတ်မ၀င်စားဘူး.. ငါတို့ ကုမ္ပဏီရဲ့ ၀န်ထမ်းတွေထဲမှာလည်း နတ်မျိုးနွယ်စုက ဆင်းသက်လာတဲ့သူတွေ ရှိသားပဲ.. ဒီ၀န်ထမ်းတွေက ဘာမှ သုံးစားလို့လည်း မရဘူး"

အဘိုးအိုစွန်းက သူ၏ တုတ်ကောက်ထိပ်ကို ပွတ်သပ်ကာ ပြောလိုက်သည်။

သူ၏ မျက်နှာသည် ရှေးဟောင်းရေတွင်းတစ်ခုလို တည်ငြိမ်နေခဲ့သည်။

"လူအတော်အများက ရှေးဟောင်းနတ်မျိုးနွယ်စုရဲ့ ၀ိညာဥ်အရင်းအမြစ် အားသာချက်ကို အရမ်း အထင်ကြီးတတ်ကြတယ်.. နတ်မျိုးစုနွယ်၀င်အနေနဲ့ ကျင့်ကြံမှုမှာ အဆင့်မတက်ဘဲ အချိန်အတော်ကြာ ရပ်တန့်နေရင် ဒီအားသာချက်က ဘာမှ အသုံး၀င်လာမှာ မဟုတ်ဘူး.. ဒါ့အပြင် ဘွဲ့ရပြီးရင် တခြားလူတွေလို အလုပ်လုပ်ရသေးတာပဲလေ"

လုပ်ငန်းစုကြီး တစ်ခု၏ ဥက္ကဌအနေဖြင့် အဘိုးအိုစွန်းသည်အရာအားလုံးကို အနည်းနဲ့အများ ဆိုသလို မြင်တွေ့ခဲ့ဖူးသောကြောင့် ရှေးဟောင်းနတ်မျိုးစုမှ ရှားမင်ကို အထင်ကြီးခြင်း မရှိခဲ့ပေ။

ထို့အပြင် ရှားမင်သည် အမှတ်၆၀ အထက်တန်းကျောင်းသို့

စတင် ၀င်ရောက်စဥ်အခါက အမှတ်၆၀ အထက်တန်းကျောင်းသည် အဓိကမြို့ပြ အထက်တန်းကျောင်း ကိုယ်စားလှယ် မဟုတ်သေးဘဲ အဆင့်မြင့် ကျောင်းတစ်ကျောင်းသာ ဖြစ်သည်။

အဘိုးအိုစွန်း၏ အမြင်အရ ရှေးဟောင်းနတ်မျိုးစုမှ ကလေး တစ်ဦးအတွက် ဤကဲ့သို့သော ကျောင်းတွင် တက်ရောက် ပညာသင်ကြားရခြင်းသည် အလွန်အမင်း ထူးချွန်သူ မဟုတ်ဟု ဆိုလိုနေပေသည်။

"ကျောင်းအုပ်ကြီးချန်း.. ကျောင်းသာ၀မ်လင်း အကြောင်းပဲ ဆက်ပြောရအောင်"

၀မ်လင်း၏ အကြောင်းကို မေးလိုက်သောခဏတွင် အဘိုးအိုစွန်း၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။

ကျောင်းအုပ်ကြီးချန်း"ကျောင်းသား၀မ်လင်းရဲ့ အဆင့်တွေက အမြဲ အလယ် အလတ်ရှိပေမဲ့ သူ့ရဲ့မျက်လုံးတွေက နည်းနည်းထူးခြားတယ်လို့ ကျွန်တော် တွေးမိတယ်"

"အင်း.. မင်းဆိုလိုတာကို ငါနားလည်ပြီ"

"ပထမတော့ ငါလည်း အဲဒီ မျက်လုံးတွေကို သဘောမကျလို့ မျက်ခွံနှစ်ထပ် ခွဲစိတ်ကုသမှုကို စပွန်စာ ပေးရမလားလို့ တွေးမိခဲ့သေးတယ်.. ဒါပေမဲ့ ငါ့လက်ထောက် ပြောပုံအရတော့ ရုံရုံက အဲဒီမျက်လုံးတွေကို သဘောကျတယ်လို့ သိရတယ်.. ဒီမျက်လုံးက အသက်ကင်းမဲ့ပုံ ပေါက်ပေမဲ့ တကယ်တမ်းတော့ အရမ်းကို ကြောက်စရာကောင်းပြီး လူတစ်ယောက်ကို လုံခြုံမှုပေးစွမ်းနိုင်တယ်လို့ ငါထင်တယ်"

အဘိုးအိုစွန်းက တွေးတွေးဆဆ ပြောလိုက်သည်။

ကျောင်းအုပ်ကြီးချန်း "ကျွန်တော်သိသလောက်တော့ ၀မ်လင်းက သရေစာ ခေါက်ဆွဲခြောက်လိုမျိုး အစားအစာတွေကို အခုအချိန်ထိ ကြိုက်နှစ်သက်တုန်းပဲ"

"သရေစာ ခေါက်ဆွဲခြောက်ကြော်လား"

အဘိုးအိုစွန်းက ခေါင်းညိမ့်လိုက်သည်။

"သရေစာ ခေါက်ဆွဲခြောက်က စားလို့ ကောင်းပါတယ်.. သရေစာ စားသုံးတာက ကလေးတစ်ယောက်လို အပြစ်ကင်းစင်တယ်လို့ ဖော်ပြနေတာပဲ.. ဒါ့အပြင် ခေါက်ဆွဲခြောက် စာသုံးရာကနေ ကတ်တွေကိုလည်း စုဆောင်းနိုင်သေးတယ်.. ကျောင်းသား၀မ်လင်းက ကတ်တွေကို စုဆောင်းနေတာ ဘာမှ သံသယဖြစ်စရာ မရှိပါဘူး.. ဒါကိုကြည့်ခြင်းအားဖြင့် သူ့မှာငွေကြေးခန့်ခွဲမှု အယူအဆ အတော်လေး ကောင်းမွန်ကြောင်း သက်သေပြနေတယ်.. သူက စည်းစိမ်ဥစ္စာတွေကို စုဆောင်းနိုင်လိမ့်မယ်"

"..........."

ခဏအကြာတွင် အဘိုးအိုစွန်းသည် ဝမ်လင်းနှင့် ပတ်သက်သည့် အရာအားလုံးကို ချီးမွမ်းခန်းအဖြစ် ပြောင်းလဲနေ၍ ကျောင်းအုပ်ကြီးချန်းသည် စကားပင် ဆက်မပြောနိုင်တော့ပေ။

အပိုင်း(၁၁၀၂) ပြီး၏

All Chapters